[ရှုံးနိမ့်သွားကြောင်း သိရှိပြီးနောက် နတ်တောင်ပံမင်းဆက်၏ဧကရာဇ်သည် အဆုံးမဲ့ မယုံကြည်နိုင်မှုများကြားမှ ဤအမှန်တရားကို နောက်ဆုံးတွင် လက်ခံလိုက်ရသည်။]
[သူ၏မင်းဆက်ထဲသို့ မင်းဆက်နှစ်ခုမှ စစ်တပ်များကို ဝင်ခွင့်ပြုခြင်းသည် အိမ်ထဲသို့ ဝံပုလွေကို ဖိတ်ခေါ်ခြင်းနှင့်တူကြောင်း သူ သိထားပေသည်။]
[အသက် ၁၅၄ နှစ်၊ နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်သည် သံတမန်နှစ်သုတ် စေလွှတ်ခဲ့သည်။ တစ်သုတ်က မဟာယွီမင်းဆက်၏ ဧကရာဇ်နှင့် တွေ့ဆုံရန်ဖြစ်ပြီး အခြားတစ်သုတ်က မဟာဝေမင်းဆက်၏ အိမ်ရှေ့မင်းသမီးနှင့် တွေ့ဆုံရန် ဖြစ်သည်။]
[မဟာယွီမင်းဆက်၏ ဧကရာဇ်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သော သံတမန်များအားလုံး ပြန်လာချိန်တွင် သက်ပြင်းချနိုင်ခဲ့ကြ၏။]
[ချန်ချန်ရွှယ်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သော နတ်တောင်ပံမင်းဆက်မှ သံတမန်များ ပြန်လာချိန်တွင်မူ သူတို့အားလုံး၏ မျက်နှာများမှာ ပြာနှမ်းနေခဲ့ချေသည်။]
[...]
"ဟွန့်... မဟာယွီမင်းဆက်ရဲ့ဧကရာဇ်ဆိုတဲ့ ဒီကောင်က တကယ်ကို ကျောရိုးမရှိတဲ့ကောင်ပဲ။" ပထမ သံတမန်အသုတ်ထံမှ သတင်းပို့ချက်ကို လက်ခံရရှိပြီးနောက် နတ်တောင်ပံဧကရာဇ်၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အမူအရာတစ်ခု ရှိနေ၏။ "ငါက သံတမန်ကို နည်းနည်းလောက် ခြောက်လှန့်ခိုင်းလိုက်ရုံရှိသေးတယ်၊ သူက ငါနဲ့ပတ်သက်တဲ့ မကျေနပ်ချက်တွေ အားလုံးကို လက်လွှတ်ဖို့ သဘောတူလိုက်ပြီတဲ့လေ။"
သို့သော် ဒုတိယသံတမန်အသုတ် ပြန်လည်ရောက်ရှိလာပြီး ချန်ချန်ရွှယ်၏ အကြောင်းပြန်စာကို ပေးလိုက်သောအခါ နတ်တောင်ပံဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ၏ရင်တွင်းရှိ ဒေါသများ တစ်ဖန် ပြန်လည်ဆူပွက်လာခဲ့ရသည်။
'သူမက ငါ့ကို တစ်ကြိမ် အကျပ်ကိုင်ခဲ့တာ မလုံလောက်သေးလို့ ဒုတိယအကြိမ် ထပ်ပြီး အကျပ်ကိုင်ချင်နေတာလား။ သူမက ငါ့ကို ဘာမှတ်နေတာလဲ။ ငါ့ကို အရာအားလုံးသည်းခံနိုင်တဲ့ သူတော်စင်လို့များ ထင်နေတာလား။'
သူ ဤစကားများကို ဟစ်အော်လုနီးပါး ဖြစ်သွား၏။
ကံကောင်းစွာဖြင့် ဒေါသကြောင့် ပြာနှမ်းနေသော မျက်နှာဖြင့်ပင် သူ ထိန်းချုပ်ထားနိုင်ခဲ့သည်။
နတ်တောင်ပံဧကရာဇ်သည် လူတစ်ယောက် ဤမျှလောက် လောဘကြီးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ၏ရှည်လျားလှသော ဘဝတစ်လျှောက်လုံးတွင် မဟာဝေမင်းဆက်၏ အိမ်ရှေ့မင်းသမီးကဲ့သို့ လောဘကြီးသောသူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
သူဟာ အလင်းတန်းတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲကာ မဟာဝေမင်းဆက်သို့ ပျံသန်းသွားပြီး မဟာဝေ၏ အိမ်ရှေ့မင်းသမီးကို လက်ဝါးတစ်ချက်တည်းနှင့် ရိုက်သတ်ပစ်လိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေ၏။
သူ့အပေါ် အနက်ရှိုင်းဆုံး အထင်အမြင်ကို ချန်ရစ်ထားနိုင်ခဲ့သူမှာ မိန်းမတစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် ၎င်းကမျိုးဆက်သစ်တစ်ယောက် ဖြစ်နေခဲ့သည်။
"ချန်-ချန်-ရွှယ်" သူ အံကြိတ်ကာ ဤစာလုံးသုံးလုံးကို တစ်လုံးချင်းစီ ရေရွတ်လိုက်လေသည်။
ဤစာလုံးသုံးလုံးသည် ပြီးခဲ့သော ဆယ်နှစ်ကျော်ကာလအတွင်း သူ့အတွက် အိပ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။
သူတို့သည် သူ့ကို အထူးတလည် တန်ပြန်နှိမ်နင်းရန်အတွက် ကောင်းကင်ဘုံက စေလွှတ်လိုက်သော ကံကြမ္မာရန်သူတော်များအလားပင်။
သူ၏ ရင်ထဲရှိ ဒေါသများကို ခွန်အားအဖြစ် ပြောင်းလဲ၍မရခြင်းကတော့ နှမြောစရာပင်။ နတ်တောင်ပံမင်းဆက်အနေဖြင့် မင်းဆက်နှစ်ခုနှင့် တစ်ပြိုင်နက် စစ်ပွဲစတင်ရန် နည်းလမ်းမရှိကြောင်း နတ်တောင်ပံဧကရာဇ် ကောင်းကောင်း သိထားပေသည်။ ထိုသို့လုပ်ခြင်းက သေလမ်းကို ရှာခြင်းသာဖြစ်မည်မှာ သေချာလှ၏။
မှန်ပေသည်။ သူ၏အမြင်တွင် မဟာယွီမင်းဆက်သည် မဟာဝေမင်းဆက်၏ လက်အောက်ခံနိုင်ငံတစ်ခုနှင့် တူညီနေပြီဖြစ်သည်။
ဘာပဲဖြစ်ဖြစ် မင်းဆက်တစ်ခုက အခြားမင်းဆက်တစ်ခုကို ထိုကဲ့သို့ တောင်းပန်တိုးလျှိုးသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့သလို မင်းဆက်တစ်ခုက အခြားမင်းဆက်တစ်ခုကို ထိုကဲ့သို့ ကူညီပေးသည်ကိုလည်း တစ်ခါမှ မမြင်ဖူးခဲ့ချေ။
"ကျက်သရေမရှိလိုက်တာ" မစင်စားထားရသည့်အလား မျက်နှာအမူအရာ ဖြစ်နေသော နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်သည် အံကြိတ်ကာ ကြီးမားသော လျော်ကြေးငွေများကို ထုတ်ပေးလိုက်ရလေသည်။ ထို့အပြင် သိုလှောင်အိတ်ရာပေါင်းများစွာကို မဟာဝေမင်းဆက်သို့ သယ်ယူသွားရန် သံတမန်အား စေခိုင်းလိုက်ရ၏။
သူ တစ်ဖန်ခေါင်းငုံ့ခံရန် ဤဆုံးဖြတ်ချက်ကို ချလိုက်ချိန်တွင်ပင် တုန်လှုပ်ချောက်ချားဖွယ် သတင်းတစ်ပုဒ်သည် ဟာရီကိန်းမုန်တိုင်းတစ်ခုအလား ကျင့်ကြံခြင်းလောကတစ်ခုလုံးကို တိုက်ခတ်သွားလေသည်။
မဟာဝေမင်းဆက်၏ဧကရာဇ်သည် နောက်ဆုံးတွင် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာပြီ ဖြစ်သည်။
ချန်ဖုန်းယင်သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ပထမအလွှာသို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
"... ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်တောင်လား။" ဤသတင်းကို ကြားပြီးနောက် နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်သည် နက်ရှိုင်းသော အတွေးများထဲသို့ မကျဆင်းဘဲ မနေနိုင်ခဲ့ချေ။
အံကြိတ်ကာ ခေါင်းငုံ့ခံခဲ့ရခြင်းမှာ မလွှဲမရှောင်သာဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွား၏။
၎င်းက မှန်ကန်သော ရွေးချယ်မှုတစ်ခု ဖြစ်ပုံရပေသည်။
ထို့အပြင် ၎င်းသည် ဉာဏ်ပညာရှိသော ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ခဲ့သည်။
...
မဟာဝေမင်းဆက်။
တောရိုင်းတောင်တန်း။
ဖူရွှမ်နီသည်လည်း သဘာဝကျကျပင် ဤသတင်းကို ကြားခဲ့ရသည်။ သို့သော် အစွမ်းအထက်ဆုံးဖြစ်သော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဆိုသည်မှာ လက်ရှိသူမနှင့် များစွာ ကွာဝေးလွန်းနေဆဲဖြစ်သည်။ သူမသည် အခြေတည်အဆင့် ကိုးလွှာသို့ပင် မထိုးဖောက်နိုင်သေးကြောင်း သိထားရမည်ဖြစ်သည်။
"အရာရာက ကောင်းမွန်တဲ့ ဦးတည်ချက်ဆီကို တိုးတက်နေတာပဲ။" ဖူရွှမ်နီက သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်သည်။ "ဒီမသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်က ပြီးခဲ့တဲ့အကြိမ်ကထက် အဆပေါင်းများစွာ ပိုကောင်းတယ်။ ထင်ထားတဲ့အတိုင်းပဲ တစ်ယောက်တည်းရဲ့ ခွန်အားဆိုတာ ကန့်သတ်ချက် ရှိနေတာပဲ။"
"ချန်ချန်ရွှယ်၊ ချင်းကျောက်တို့နဲ့ ဒီပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကိုသာ ထိန်းသိမ်းထားနိုင်သရွေ့ ငါက အံ့ဖွယ်အမှုမျိုးစုံကို ဖန်တီးနိုင်မှာပဲ။"
"ဒါပေမဲ့..."
သူမ ခါးသီးစွာ ပြုံးလိုက်သည်။ "ငါနဲ့ပတ်သက်နေတဲ့ အံ့ဖွယ်အမှုအများစုက ငါနဲ့ သိပ်ပြီး သက်ဆိုင်ပုံမပေါ်ဘူးပဲ။"
အဆုံးတွင် မွေးရာပါ ပါရမီကောင်းတစ်ခုကို သူမ မရွေးချယ်နိုင်ခဲ့ခြင်းက သူမ၏ကံဆိုးမှုပင်ဖြစ်သည်။ ထိုအရာက အခြားသူများထက် သူမကို များစွာ နောက်ကျမှ စတင်နိုင်စေခဲ့၏။
ဖူရွှမ်နီက သူမအနေဖြင့် ကျင့်ကြံရန်အတွက် သရုပ်ဖော်စနစ်ထဲသို့ ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့ထက် စောပြီး ဝင်ရောက်ခဲ့လျှင်တောင်မှ သူမ၏ ပါရမီက အားနည်းလွန်းသောကြောင့် သူတို့က သူမကို အလွယ်တကူ မှီသွားလိမ့်မည်ဟု ခံစားမိသည်။
သူမ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့ပြီး မည်သို့ပင် ကြိုးစားစေကာမူ ထိုအတွေးကို ဖယ်ရှားပစ်၍ မရနိုင်ခဲ့ချေ။
'နောက်တစ်ကြိမ်ကျရင် ပြန်စကြည့်ရမလား။ အစစ်အမှန် အစပျိုးမှုမျိုးပေါ့။'
ရိုးရိုးသားသားပြောရလျှင် ဖူရွှမ်းနီသည် တစ်ခါမှ အမှန်တကယ် အစက ပြန်မစခဲ့ဖူးပေ။
ပထမဆုံးအကြိမ် မသေမျိုးကျင့်ကြံခြင်းကို သရုပ်ဖော်ခဲ့စဉ်က သူမသည် လမင်းကျီးကန်းမိစ္ဆာသားရဲတစ်ကောင် ဖြစ်ခဲ့သည်။
ဖူရွှမ်နီသည် လုံးဝ ကွဲပြားခြားနားသော ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ရကြောင်း ချန်ချန်ရွှယ် ပြောသည်ကို တစ်ကြိမ် ကြားဖူးခဲ့၏။
ချင်းကျောက်သည်လည်း ကွဲပြားသော ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ရကြောင်း ဖူရွှမ်နီ မှတ်မိနေသည်။
'တစ်ခါတလေ မသေမျိုးကျင့်ကြံခြင်းကို နောက်တစ်ကြိမ် သရုပ်ဖော်တဲ့အခါ ပြောင်းလဲရမယ့်အချိန် ရောက်လာနိုင်တယ်။'
သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး ဤဆုံးဖြတ်ချက်ကို ချလိုက်လေသည်။
မဟာဝေ ဧကရာဇ်မြို့တော်။
ဧကရာဇ်နန်းတော်အတွင်း။
မဟာဝေဧကရာဇ် ချန်ဖုန်းယင်သည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ စွမ်းအားကြီးမားသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ပထမအလွှာ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပြီးနောက် သူသည် သူ၏ကျင့်ကြံမှုကို သိပ်ပြီး ဂရုမစိုက်တော့ချေ။ သူ၏ မင်းဆက်ကိုသာ ပို၍ ဂရုစိုက်လေသည်။ ဤနှစ် ၂၀ အတွင်း အတိအကျ ဘာတွေဖြစ်ခဲ့သနည်း။
ယခုအချိန်တွင် မိန်းမစိုးတစ်ဦးက ဤနှစ် ၂၀ အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ့အား အသေးစိတ် ပြောပြနေ၏။
ထိုအထဲတွင် ဤမိန်းမစိုးက ချန်ချန်ရွှယ်နှင့် ပတ်သက်သည့် အဖြစ်အပျက်ကို အလွန်အသေးစိတ် ပြောပြခဲ့သည်။ ၎င်းမှာ ချန်ဖုန်းယင်ကိုယ်တိုင် အသေးစိတ် ပြောပြရန် သူ့ကို တောင်းဆိုထားခဲ့ခြင်းကြောင့်ပင်။
ချန်ဖုန်းယင် နားထောင်နေရင်းနှင့် သူ၏ မျက်နှာအမူအရာမှာ ပိုမို ထူးဆန်းလာလေသည်။
သူ၏ အငယ်ဆုံးသမီးသည် နှစ်ပေါင်း ၂၀ အတွင်း၌ ကမ္ဘာမြေကို တုန်လှုပ်သွားစေမည့် အရာများကို အမှန်တကယ် လုပ်ဆောင်ခဲ့ကြောင်း သိလိုက်ရသဖြင့် သူ အလွန်အမင်း တုန်လှုပ်သွားခဲ့ရသည်။
"ချန်နင်... နိုင်ငံတော်ကို ကြီးကြပ်ရတာက တကယ်ပဲ သူမအတွက် ပထမဆုံးအကြိမ် ဟုတ်ရဲ့လား။ ဒီမတိုင်ခင်ကရော သူမမှာ အတွေ့အကြုံ တစ်ခုမှ တကယ်မရှိခဲ့ဘူးလား။"
ချန်ဖုန်းယင်က အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။ သူက ချန်နင်ကို ကောင်းကောင်းသိထားပြီဟု ထင်ခဲ့ခြင်းဖြစ်သည်။
အဆုံးတွင် သူသည် သူ၏သမီးအကြောင်း လုံလုံလောက်လောက် မသိသေးကြောင်း အမှန်တကယ် သဘောပေါက်သွားခဲ့လေသည်။
***