[အသက် ၁၅၆ နှစ်၊ မဟာယွီမင်းဆက်၏ဧကရာဇ်သည်လည်း မဟာဝေမင်းဆက်၏ဧကရာဇ် ချန်ဖုန်းရင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုရန် လက်ဆောင်ကြီးတစ်ခုနှင့်အတူ သံတမန်တစ်ဦးကို စေလွှတ်ခဲ့သည်။ ဤလက်ဆောင်ကို လက်ခံရရှိပြီးနောက် ချန်ဖုန်းရင် အတော်လေး အံ့အားသင့်သွားခဲ့ရ၏။]
[ဤသည်မှာ ဤအချိန်တွင် မဟာယွီမင်းဆက်သည် မဟာဝေမင်းဆက်ကို အမှန်တကယ် အညံ့ခံလိုက်ပြီဖြစ်ကြောင်း ဆိုလိုနေသည်။ မင်းဆက်နှစ်ခုကြားရှိ ဆက်ဆံရေးသည်လည်း မဟာဝေက အဓိက အင်အားစုဖြစ်လာပြီး မဟာယွီကအရန်အင်အားစု ဖြစ်လာခဲ့လေသည်။]
[အသက် ၁၅၈ နှစ်၊ ဖူရွှမ်နီသည် အခြေတည်အဆင့် ကိုးလွှာသို့ ထိုးဖောက်ဝင်ရောက်ရန် အခွင့်အရေးရှိနေပြီဟု ခံစားလိုက်ရသည်။ သူမသည် နောက်တစ်ကြိမ် တံခါးပိတ်ကျင့်ကြံခြင်းသို့ စတင်ဝင်ရောက်ခဲ့၏။]
[အသက် ၁၆၀ နှစ်၊ နှစ်နှစ်ကြာ တံခါးပိတ်ကျင့်ကြံပြီးနောက် ဖူရွှမ်နီသည် အခြေတည်အဆင့် ကိုးလွှာသို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။]
[အသက် ၁၆၃ နှစ်၊ ချန်ချန်ရွှယ်သည် ခက်ခဲကြမ်းတမ်းသော ကျင့်ကြံခြင်းကာလတစ်ခုကို ဖြတ်သန်းခဲ့ရသည်။ လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံး၏အကူအညီနှင့် သူမ၏ ထူးချွန်ပြောင်မြောက်သော ကျင့်ကြံခြင်းအခြေခံအုတ်မြစ်တို့ ပေါင်းစပ်သွားမှုကြောင့် သူမသည် ရွှေအမြုတေအဆင့် လေးလွှာသို့ ခြေတစ်ဖက် လှမ်းဝင်နေပြီ ဖြစ်သည်။]
[အသက် ၁၆၆ နှစ်၊ ချန်ချန်ရွှယ်သည် ရွှေအမြုတေအဆင့် လေးလွှာသို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့လေပြီ။ သူမ အသက် ၂၀၀မပြည့်မီမှာပင် ရွှေအမြုတေအဆင့် လေးလွှာသို့ ထိုးဖောက်နိုင်ခဲ့ခြင်းက ဧကရာဇ်နန်းတော်ရှိ လူအများအပြားကို တုန်လှုပ်သွားစေခဲ့သည်။]
[အသက် ၁၆၇ နှစ်၊ မဟာဝေမင်းဆက်သည် အထူးဧည့်သည်တစ်ဦးကို ရုတ်တရက် ကြိုဆိုခဲ့ရသည်။ ချန်ချန်ရွှယ်သည် ထိုသို့လုပ်ဆောင်သူမှာ ချန်ဖုန်းရင်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့၏။ သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ပထမအလွှာတွင် ရှိနေသူဖြစ်သလို မဟာဝေမင်းဆက်၏ ဧကရာဇ်လည်း ဖြစ်ပေသည်။ သို့တိုင် သူကိုယ်တိုင် ဤအထူးဧည့်သည်ကို ကြိုဆိုရန် ညစာစားပွဲတစ်ခုကို စီစဉ်ပေးခဲ့လေသည်။]
[ဤအထူးဧည့်သည်သည် မဟာဝေဧကရာဇ် စီစဉ်ပေးသော ညစာစားပွဲကို လက်ခံခဲ့ပြီး ဧကရာဇ်နန်းတော်အတွင်း၌ လဝက်ခန့် နေထိုင်ပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့သည်။]
[နောက်တစ်နေ့တွင် ချန်ဖုန်းရင်က ချန်ချန်ရွှယ်ကို ခေါ်လိုက်လေသည်။]
ဧကရာဇ်နန်းတော်၏ နောက်ဘက်ခန်းမဆောင်အတွင်း။
ကျင့်ကြံခြင်းသရုပ်ဖော်စနစ်ထဲမှ သားအဖဖြစ်ကြသော ချန်ဖုန်းရင်နှင့် ချန်ချန်ရွှယ်တို့သည် မျက်နှာချင်းဆိုင် ကုလားထိုင်နှစ်လုံးပေါ်တွင် ထိုင်နေခဲ့ကြ၏။
ချန်ဖုန်းရင်က တည်ငြိမ်နေပုံရသော ချန်ချန်ရွှယ်ကို ကြည့်ကာ အံ့အားသင့်စွာဖြင့် မမေးဘဲ မနေနိုင်ခဲ့ချေ။ "ချန်နင်၊ ဒီအချိန်ကြီး ငါက မင်းကို နောက်ဘက်ခန်းမဆောင်ဆီ ဘာလို့ခေါ်လိုက်လဲဆိုတာ မင်း သိချင်စိတ်မဖြစ်မိဘူးလား။"
ချန်ချန်ရွှယ်က ခေါင်းညိတ်ပြလိုက်သည်။ "သိချင်ပါတယ်။"
သူမ တကယ်ကို သိချင်နေခဲ့ခြင်းဖြစ်ပြီး လိမ်မပြောခဲ့ပေ။
သို့သော် သူမ၏ ရင်တွင်းမှ သိချင်စိတ်ကို မျက်နှာပေါ်တွင် ထုတ်ဖော်ပြသခဲ့ခြင်း မရှိချေ။
"ငါ မင်းအရွယ်တုန်းကသာ မင်းလောက် ထက်မြက်ခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပဲ။" ချန်ဖုန်းရင်သည် အားရပါးရ ရယ်မောလိုက်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် သူက အဓိကကိစ္စဆီသို့ ရောက်သွား၏။ "လွန်ခဲ့တဲ့ လဝက်က ဧကရာဇ်နန်းတော်ကို ရောက်လာခဲ့တဲ့သူ ဘယ်ကလာသလဲဆိုတာ မင်း သိလား။"
"သမီး မသိပါဘူး။" ချန်ချန်ရွှယ်က ခေါင်းခါလိုက်သည်။ "ဒါပေမဲ့ တစ်ဖက်လူက ခမည်းတော်ကိုယ်တိုင် ညစာစားပွဲစီစဉ်ပြီး ကြိုဆိုရတဲ့အထိ လုပ်နိုင်ခဲ့သလို အင်ပါယာဘိုးဘေးတောင် ထွက်လာခဲ့ရတယ်ဆိုတော့ တစ်ဖက်လူက သေချာပေါက် ရိုးရှင်းမှာ မဟုတ်ဘူး။"
"သူက တကယ်ကို မရိုးရှင်းဘူး။" ချန်ဖုန်းရင်က ပြောလိုက်သည်။ "သူက မူလဝိညာဉ်အဆင့် ဆယ်လွှာမှာပဲ ရှိနေပြီး ငါ့ထက် အဆင့်ကြီးတစ်ခု နိမ့်နေပေမဲ့ သူပါဝင်နေတဲ့ အင်အားစုကတော့ အထင်သေးလို့ရတဲ့ အရာမဟုတ်ဘူး။"
ချန်ချန်ရွှယ်က စတင်၍ မေးလိုက်သည်။ "တစ်ဖက်လူက ပုန်းကွယ်နေတဲ့ ကျင့်ကြံခြင်းဂိုဏ်းတစ်ခုခုကများလား။"
စဉ်းစားကြည့်ပြီးနောက် ဤသည်မှာ တစ်ခုတည်းသော ဖြစ်နိုင်ချေပင်။
အဘယ်ကြောင့်ဆိုသော် မဟာဝေမင်းဆက်တစ်ခုလုံးတွင် ချန်ဖုန်းရင်သည် အဆင့်အတန်းအမြင့်မားဆုံးသူ ဖြစ်သောကြောင့်ပင်။
တစ်ဖက်လူပါဝင်သည့် အင်အားစုသည် မင်းဆက်ထက် ကျော်လွန်နေခြင်းမရှိပါက သူသည် အခြားသူများကို မျက်နှာသာပေးရန် သိပ်မလိုအပ်လှချေ။
ချန်ချန်ရွှယ်သည် ထိုပုန်းကွယ်နေသော ကျင့်ကြံခြင်း ဂိုဏ်းများကိုသာ တွေးမိနိုင်လေသည်။
အပြင်လောကတွင်လည်း ချန်ချန်ရွှယ်သည် ပုန်းကွယ်နေသော ကျင့်ကြံခြင်းဂိုဏ်းများအကြောင်း ကြားဖူးခဲ့သည်။ ထိုပုန်းကွယ်နေသူများအားလုံးတွင် နှစ်ပေါင်း တစ်သိန်းထက်မနည်း သက်တမ်းရှိသော အမွေအနှစ်များရှိကြပြီး သူတို့၏ အခြေခံအုတ်မြစ်များမှာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းကြောင်း သူမ ကြားသိခဲ့ဖူး၏။
ဤကဲ့သို့သော တည်ရှိမှုမျိုးက အပြင်လောကတွင် ရှိနေခဲ့လျှင် ကျင့်ကြံခြင်းသရုပ်ဖော်စနစ်ထဲတွင်လည်း ရှိနေသင့်သည် မဟုတ်လား။
ချန်ဖုန်းရင် အံ့အားသင့်သွားသည်။ သူက အံ့သြတကြီး ပြောလိုက်၏။ "မင်း ဒါကိုတောင် ခန့်မှန်းနိုင်တယ်ပေါ့။"
ချန်ချန်ရွှယ် ခန့်မှန်းမိသွားကြောင်းကို သူ မြင်လိုက်ရသည်။
အဓိကအချက်မှာ... သူမ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ခြင်းပင်။
ချန်ဖုန်းရင်သည် နေရာလွတ်တစ်ခုထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ချန်ချန်ရွှယ်၏ အမြင်တွင် ၎င်းမှာ အဆောင်လက်ဖွဲ့တစ်ခုဖြစ်ပြီး သာမန်ဟု ထင်ရသော အဆောင်လက်ဖွဲ့တစ်ခုသာ ဖြစ်၏။
ချန်ချန်ရွှယ်သည် အဆောင်လက်ဖွဲ့ကို ယူလိုက်ပြီး အထိအတွေ့ကို ခံစားကြည့်လိုက်သည်။ ၎င်းသည် အမှန်တကယ်ပင် သာမန်ဝိညာဉ်အဆောင်လက်ဖွဲ့တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ အံ့အားသင့်သွားခဲ့သည်။
၎င်းကို သာမန်မက်မွန်သစ်သားဖြင့် ပြုလုပ်ထားပုံရပေသည်။
အဆောင်လက်ဖွဲ့ပေါ်တွင် စာလုံးတစ်လုံး ထွင်းထုထား၏။ ၎င်းသည် အလွန်ရှုပ်ထွေးပုံပေါ်ပြီး ကျင့်ကြံခြင်းလောကတွင် ပျံ့နှံ့အသုံးပြုနေသော စာလုံးတစ်လုံး မဟုတ်ချေ။
"ဒါက ရှေးဟောင်းကျမ်းစာလား။" ချန်ချန်ရွှယ်၏ လေသံမှာ အသင့်အတင့် အံ့အားသင့်နေပုံရသည်။
"မင်း မှတ်မိတယ်လား။ အော်... ဟုတ်သားပဲ။ မင်းက ရှေးဟောင်းမိစ္ဆာတစ်ကောင်ရဲ့ ကျောက်ဂူကို တစ်ခါ သွားခဲ့ဖူးတယ်ဆိုတာ ငါ မေ့သွားလုနီးပါးပဲ။ မင်း ဒီရှေးဟောင်းစာကို မှတ်မိနိုင်တာက အကြောင်းပြချက် ခိုင်လုံပြီး သဘာဝကျပါတယ်။"
ချန်ဖုန်းရင်သည် အစပိုင်းတွင် အနည်းငယ် အံ့အားသင့်သွားခဲ့သော်လည်း ထို့နောက်တွင် ရုတ်တရက် နားလည်သွားခဲ့သည်။
သူက ရှင်းပြလေသည်။ "အဲဒီနေ့က ညစာစားပွဲကို ငါ ဖိတ်ကြားခဲ့တဲ့သူက တကယ်ပဲ ရှေးဟောင်းကျင့်ကြံခြင်းဂိုဏ်းတစ်ခုကပဲ။ တစ်ဖက်လူလာတဲ့ ဂိုဏ်းနာမည်က မသေမျိုးစံအိမ်လို့ ခေါ်တယ်။ ဒါက နှစ်သန်းပေါင်းများစွာ တည်ရှိနေခဲ့တဲ့ ပုန်းကွယ်နေတဲ့ ဂိုဏ်းတစ်ခုပဲ။ ဂိုဏ်းထဲက တပည့်အရေအတွက်က အထူးတလည် မများပြားပေမဲ့ သူတို့ထဲက တစ်ယောက်ချင်းစီတိုင်းက လူတွေကြားထဲက နဂါးနဲ့ ဖီးနစ်ငှက်တွေချည်းပဲ။ သူတို့က ကောင်းကင်ဘုံက မျက်နှာသာပေးထားတဲ့ သားတော်တွေပဲလေ။"
"နှစ်ပေါင်း တစ်သန်းကြာ တည်ရှိနေတဲ့ မသေမျိုးစံအိမ်က အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းလို့ သူတို့ ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာကို ငါတောင် မသိဘူး။ ဒါ့အပြင် သူတို့မှာ အရမ်းထူးခြားတဲ့ တာဝန်တစ်ခုလည်း ရှိသေးတယ်။ သူတို့ရဲ့ ဘိုးဘေးကြီး မတက်လှမ်းခင် သူတို့ကို လုပ်ခိုင်းချင်တဲ့အရာလို့ ပြောကြတယ်။"
ချန်ချန်ရွှယ်၏ မျက်လုံးများ ပြူးကျယ်မသွားဘဲ မနေနိုင်ခဲ့ချေ။ သူမသည် ရေပြင်အလား အမှန်တကယ် တည်ငြိမ်ချင်ခဲ့သော်လည်း သူမ၏ ရင်တွင်းမှ လှိုင်းတံပိုးများကို မည်သို့မျှ ဖိနှိပ်ထား၍ မရနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူမ စကားလုံးတစ်ခွန်းကို ကြားလိုက်ရသောကြောင့်ပင်။ ဤစကားလုံးက သူမကို မတည်ငြိမ်နိုင်အောင် ဖြစ်စေခဲ့သည်။
— တက်လှမ်းခြင်း...
"ဒါက အတော်လေး ရယ်စရာကောင်းတယ်လို့ မင်းထင်နေလား။ အဲဒီတုန်းက မင်းရဲ့အင်ပါယာအဘိုးက ငါ့ကို ဒါကိုပြောပြတော့ သူရဲ့ တုံ့ပြန်မှုကလည်း မင်းနဲ့ ခပ်ဆင်ဆင်ပဲ။ တကယ်တော့ သူရဲ့ တုံ့ပြန်မှုက မင်းထက်တောင် ပိုပြင်းထန်သေးတယ်။ တက်လှမ်းခြင်း။ ဒါက ကျင့်ကြံသူတိုင်း တောင့်တတဲ့ စကားလုံးပဲ။"
ချန်ဖုန်းရင်၏ လေသံတွင် ခံစားချက်နှင့် အတိတ်ကို လွမ်းဆွတ်မှု အရိပ်အယောင်တို့ ပြည့်နှက်နေ၏။
သူ ခေတ္တရပ်သွားပြီးနောက် ဆက်ပြောလေသည်။ "လွန်ခဲ့တဲ့ နှစ်တစ်သန်းက မသေမျိုးစံအိမ်ရဲ့ အဲဒီဘိုးဘေးဆရာသခင်က တကယ်ပဲ တက်လှမ်းသွားခဲ့တာလား ဒါမှမဟုတ် ဒဏ္ဍာရီလာမသေမျိုးတစ်ယောက် တကယ်ပဲ ဖြစ်လာခဲ့တာလားဆိုတာတော့ ငါလည်း မသိဘူး။"
***