"မသေမျိုးစံအိမ်ရဲ့ တည်ထောင်သူက မျိုးဆက်သစ်တွေကို သင်ကြားပေးခဲ့တယ်လို့ပဲ ငါ သိထားတယ်။ သူက တက်လှမ်းခြင်းလမ်းကြောင်းပေါ်က ငယ်ရွယ်တဲ့ ကောင်းကင်ဘုံရဲ့အချစ်တော်တွေကို လမ်းညွှန်ပေးဖို့ ကျင့်ကြံခြင်းလောကထဲက လူတွေကြားထဲက နဂါးနဲ့ ဖီးနစ်ငှက်တွေကို ဖိတ်ကြားခဲ့တာပဲ။"
"ဒီသင်ကြားပေးမှုက သူတို့ဟာ ကျင့်ကြံခြင်းလောကနဲ့ တခြားသူတွေကို အကျိုးပြုဖို့ မွေးဖွားလာသလိုမျိုး အရမ်းကို ကိုယ်ကျိုးမဖက်တဲ့ပုံ ပေါက်နေတယ်။"
"တကယ်တော့ သူတို့က အဲဒီအတိုင်း အမှန်တကယ် လုပ်ဆောင်ခဲ့ကြတာပဲ။"
ဤစကားကို ကြားပြီးနောက် ချန်ချန်ရွှယ်က မေးလိုက်သည်။ "ခမည်းတော် ဆိုလိုချင်တာက မသေမျိုးစံအိမ်က လူတွေက သမီးရဲ့ ကျင့်ကြံခြင်းပါရမီအခံက အရမ်းထူးခြားတာကို သတိထားမိသွားကြတာလား။ သမီးက ကျင့်ကြံခြင်းလောကရဲ့ လူတွေကြားထဲမှာ ရှားပါးတဲ့ နဂါးနဲ့ ဖီးနစ်ငှက်လို့ ထင်ပြီး သမီးကို လာရှာကြတာပေါ့။"
ချန်ဖုန်းရင်က ခေါင်းညိတ်ပြ၏။ "အဲဒီတုန်းက ငါလည်း သူတို့ရဲ့ ဖိတ်ကြားတာကို ခံခဲ့ရပေမဲ့ သူတို့က ကတိဖျက်သွားခဲ့တယ်။ သူတို့က ငါ့ထက် ပိုပြီး အံ့မခန်းဖြစ်တဲ့သူကို တွေ့သွားပြီလို့ ပြောပြီး ငါကတော့ ဖယ်ရှားခံလိုက်ရတယ်။"
"အဲဒီတော့မှ မသေမျိုးစံအိမ်က ကျင့်ကြံခြင်းလောကထဲက ကောင်းကင်ဘုံရဲ့အချစ်တော်တိုင်းကို အနှစ် ၃၀၀ မှာ တစ်ကြိမ် ဖိတ်ကြားတတ်ပြီး လူ ၁၀ ယောက်ကိုပဲ ဖိတ်ကြားမယ်ဆိုတာ ငါ သိလိုက်ရတယ်။"
"ကျယ်ဝန်းလှတဲ့ ကျင့်ကြံခြင်းလောကကြီးမှာ အနှစ် ၃၀၀ နေမှ လူ ၁၀ယောက်တည်းကိုပဲ ဖိတ်ကြားတာဆိုတော့ အဲဒီတုန်းက ငါ ဖယ်ရှားခံလိုက်ရတာ မမှားပါဘူးလေ။"
သူ၏ ငယ်စဉ်ဘဝက ရှက်ဖွယ်ကောင်းသော လုပ်ရပ်များအကြောင်း ပြောဆိုနေသော်လည်း ချန်ဖုန်းရင်သည် ဖိအားအနည်းငယ်မျှပင် ခံစားနေရခြင်း မရှိချေ။
ဤသည်က ချန်ချန်ရွှယ်ကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ် ချန်ဖုန်းရင်တွင် အလွန် ထိတ်လန့်ဖွယ်ကောင်းသော ကျင့်ကြံခြင်း ပါရမီအခံ ရှိကြောင်း သူမ သိထားသောကြောင့်ပင်။
'ဒီလို ကျင့်ကြံခြင်း ပါရမီအခံမျိုးက တခြား ကောင်းကင်ဘုံရဲ့ အချစ်တော်တွေကြောင့် တကယ်ကြီး ဘေးဖယ်ခံလိုက်ရတာလား။'
'ကျင့်ကြံခြင်း သရုပ်ဖော်စနစ်ထဲက ကျင့်ကြံခြင်းလောကမှာ ပုန်းကွယ်နေတဲ့ နဂါးတွေနဲ့ ဝပ်တွားနေတဲ့ ကျားတွေ ဒီလောက်တောင် ပြည့်နှက်နေတာလား။'
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ညစာစားပွဲမှာ မသေမျိုးစံအိမ်ရဲ့ ကြားပွဲစားက ငါ့ကို ပြောသွားတယ်။ သာမန်လို့ ထင်ရတဲ့ အဲဒီအဆောင်လက်ဖွဲ့ထဲကို မင်းရဲ့ ဝိညာဉ်စွမ်းအင်တွေ ထည့်သွင်းလိုက်ရုံနဲ့ အဲဒီအဆောင်လက်ဖွဲ့က မင်းတစ်ယောက်တည်းပဲ မြင်နိုင်တဲ့ လမ်းကြောင်းတစ်ခုကို ပြသပေးလိမ့်မယ်တဲ့။ အဲဒီလမ်းကြောင်းအတိုင်း လိုက်သွားရင် မင်းရောက်ဖို့ လိုအပ်တဲ့နေရာဆီကို အဆောင်လက်ဖွဲ့က လမ်းညွှန်ပေးလိမ့်မယ်တဲ့။"
ချန်ဖုန်းရင်က ပြောလေသည်။ "အကယ်၍ မင်းက ဒါကို စိတ်ဝင်စားတယ်ဆိုရင် သွားကြည့်ဖို့ ကြိုးစားနိုင်ပါတယ်။ တစ်ခါတလေ ဒါက ဘဝမှာ တစ်ခါသာရနိုင်တဲ့ အခွင့်အရေးမျိုး ဖြစ်နေနိုင်တယ်။ မင်းက စိတ်မဝင်စားဘူးဆိုရင်တော့ သူတို့ကို ဂရုစိုက်နေဖို့ မလိုပါဘူး။"
"ဒီလို ပုန်းကွယ်နေတဲ့ ကျင့်ကြံခြင်းဂိုဏ်းမျိုးက လျှို့ဝှက်ဆန်းကြယ်ပေမဲ့ မဟာဝေမင်းဆက်ကလည်း အထင်သေးလို့ရတဲ့ အရာမဟုတ်ဘူး။ သူ့ကို လဝက်လောက်ကြာတဲ့အထိ ညစာစားပွဲကို အတင်းအကျပ် တက်ရောက်စေခဲ့တဲ့ အချက်ကနေကြည့်ရင် ပုန်းကွယ်နေတဲ့ ကျင့်ကြံခြင်းဂိုဏ်းက မဟာဝေမင်းဆက်ကို မဆန့်ကျင်ရဲဘူးဆိုတာကို မြင်နိုင်ပါတယ်။"
ချန်ချန်ရွှယ် နက်ရှိုင်းသော အတွေးများထဲသို့ ကျဆင်းသွား၏။ သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ... 'ထောင်ချောက်များ ရှိနေမလား' ဟူ၍ ဖြစ်သည်။
'ဒီ ပုန်းကွယ်နေတဲ့ ကျင့်ကြံခြင်းဂိုဏ်းက ဘာလို့ ဒီလောက်တောင် ကိုယ်ကျိုးမဖက်ရတာလဲ။'
'ကျင့်ကြံခြင်းလောကရဲ့ ကောင်းကင်ဘုံအချစ်တော်တွေက ဒီပုန်းကွယ်နေတဲ့ ကျင့်ကြံခြင်းဂိုဏ်းနဲ့ ဘာပတ်သက်မှုမှမှ မရှိတာ။'
'ဘာလို့ တစ်ဖက်လူက ဒီကောင်းကင်ဘုံရဲ့ အချစ်တော်တွေကို လမ်းညွှန်ပေးရမှာလဲ။'
'ဘိုးဘေးဆရာသခင်ရဲ့ တိုက်တွန်းချက်ဆိုတာကြောင့် တကယ်ပဲဖြစ်နေမလား။'
ချန်ချန်ရွှယ် သိပ်မယုံကြည်နိုင်ခဲ့ချေ။
"သမီး အချိန်ခဏလောက် စဉ်းစားဖို့ လိုပါသေးတယ်။" ချန်ချန်ရွှယ်၏ ရင်တွင်းမှ သံသယများကြောင့် သူမသည် ချန်ဖုန်းရင်အား တိကျသော အဖြေတစ်ခုကို ချက်ချင်း မပေးနိုင်ခဲ့ပေ။
နောက်ဆုံးတွင် သူမသည် သာမန်ဟုထင်ရသော မက်မွန်သစ်သားအဆောင်လက်ဖွဲ့ကို ယူဆောင်ကာ အိမ်ရှေ့မင်းသမီး၏ စံအိမ်တော်သို့ ပြန်လာခဲ့လေသည်။
အဆုံးတွင် အိမ်ရှေ့မင်းသမီး၏စံအိမ်တော်သို့ ပြန်ရောက်ခါစဖြစ်သော ချန်ချန်ရွှယ်သည် အလျင်စလို ဖြစ်နေသော ချင်းကျောက်နှင့် ဝင်တိုက်မိသွားခဲ့၏။
သူမ၏ အကြည့်များသည် ချင်းကျောက်လက်ထဲရှိ ပစ္စည်းတစ်ခုကြောင့် ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။
အဲဒါကလည်း မက်မွန်သစ်သား အဆောင်လက်ဖွဲ့တစ်ခု ဖြစ်နေခဲ့သည်။
ချင်းကျောက်သည် သူမလက်ထဲရှိ အဆောင်လက်ဖွဲ့ကို ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်။ "ငါက နင့်ကို လာရှာတော့မလို့၊ ဒါပေမဲ့ နင် ဒီလောက် မြန်မြန် ပြန်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ခုနလေးတင် လူတစ်ယောက်က သူ့ကိုယ်သူ ပုန်းကွယ်နေတဲ့ဂိုဏ်းတစ်ခုခုက လာတယ်လို့ပြောပြီး ငါ့ကို ထူးဆန်းတဲ့စကားတွေ အများကြီး လာပြောသွားတယ်။"
"သူ မထွက်သွားခင် ငါ့ကို ဒီပစ္စည်း ပေးသွားတာ... အယ်။ နင့်မှာလည်း ငါ့လို အဆောင်လက်ဖွဲ့မျိုး ဘာလို့ ရှိနေတာလဲ။ နင်လည်း အဲဒီထူးဆန်းတဲ့ လူနဲ့ တွေ့ခဲ့တာလား။"
"အဲဒီလူက တော်တော်လေး အရည်အချင်းရှိတယ်။ သူက နန်းတော်ထဲကို ဘယ်သူမှမသိအောင် ဝင်ထွက်သွားနိုင်ခဲ့တာ။ သူက အနည်းဆုံး မူလဝိညာဉ်အဆင့် ရှစ်လွှာ ဒါမှမဟုတ် ကိုးလွှာလောက်မှာ ရှိနေမယ် မဟုတ်လား။"
"ကံကောင်းလို့ သူက မိစ္ဆာတစ်ကောင်မဟုတ်နေတာ။ အဲဒီလိုမှ မဟုတ်ရင် သူသာ အတင်းဝင်လာခဲ့ရင် ငါတော့ သေသွားလောက်ပြီ။"
"..."