ကျန်းယွီဟယ်က မြို့ပြင်မလှမ်းမကမ်းတွင် မြေပေါ်သို့ ဆင်းသက်လိုက်သည်။ မြို့တံခါးတွင် ကင်းစောင့်များ မရှိသလို မြို့ဝင်ကြေး ပေးဆောင်ရန်လည်း မလိုပေ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဤမြို့က အတော်လေး ပွင့်လင်းမြင်သာမှု ရှိသည်ဟု ဆိုရမည်။
သူက မြို့တံခါးကို ဖြတ်၍ မြို့ထဲသို့ ဝင်လာသောအခါ လမ်းမကြီး၏ တစ်ဖက်တစ်ချက်တွင် စီတန်းနေသော အဆောက်အဦးများကို မြင်တွေ့ရသည်။ လမ်းမများပေါ်တွင် လူအများဖြင့် စည်ကားနေပြီး အစွမ်းထက်သော ကျင့်ကြံသူများကလည်း သူ့ဘေးမှ ရံဖန်ရံခါ အလျင်အမြန် ဖြတ်ကျော်သွားကြသည်။
ကံမကောင်းစွာဖြင့် ကျန်းယွီဟယ်တွင် ထိုကမ္ဘာသစ်၏ ထူးခြားသော ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို လေ့လာခံစားနေရန် အချိန်မရှိပေ။ သူက မြို့၏ မြောက်ဘက်အရပ်ဆီသို့သာ ခပ်သွက်သွက် ပြေးသွားလိုက်တော့သည်။
ဝူမိသားစုက သူ့နောက်သို့ ခြေရာခံ လိုက်နေသည်ကို ကျန်းယွီဟယ် မသိရှိသော်လည်း ဝူလာလီယိုကို သတ်လိုက်ခြင်းသည် ပြဿနာကြီးကြီးမားမား တက်လာနိုင်သည်ကိုတော့ သူ ကောင်းကောင်း နားလည်ထားသည်။ သို့သော် အဆိုပါပြဿနာက မည်မျှကြီးမားမည်နည်း သို့မဟုတ် မည်သည့်အချိန်တွင် ရောက်လာမည်နည်း ဆိုသည်ကိုတော့ ပြောရန် ခက်ခဲလှသည်။
အခြေအနေက မရေမရာဖြစ်နေပြီး မိမိ၏ အင်အားကလည်း မလုံလောက်သေးသည့် အချိန်မျိုးတွင် ပြဿနာများကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ ဝေးဝေးသို့ ထွက်ပြေးခြင်းပင် ဖြစ်သည်ဟု ကျန်းယွီဟယ်က ခံစားမိသည်။ ယွီဖန်ကောင်းကင်ဘုံ၌ အချိန်တိုအတွင်း ခရီးဝေးသို့ သွားရန် အကောင်းဆုံးနည်းလမ်းက ဘာဖြစ်နိုင်မည်နည်း။
ထိုအရာမှာ တယ်လီပို့အစီရင်ကို အသုံးပြုခြင်းပင် ဖြစ်သည်။ တယ်လီပို့အစီရင်ကို အသုံးပြုပါက မိုင်ပေါင်း သန်းနှင့်ချီသော ခရီးကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားနိုင်သည်။ မည်သည့်ပြဿနာမျိုးက ထိုမျှဝေးကွာသော နေရာအထိ သူ့နောက်သို့ လိုက်နိုင်မည်နည်း။
ပို၍ အရေးကြီးသော အချက်မှာ တာအိုသန့်စင်ဂိုဏ်းသို့ သွားရန်အတွက် တယ်လီပို့အစီရင်ကို သုံးရန် လိုအပ်ခြင်းပင် ဖြစ်သည်။ သူသာ တာအိုသန့်စင်ဂိုဏ်းသို့ ဝင်ခွင့်ရသွားပါက ဖေးယွန်မြို့မှ ဝူမိသားစု ဆိုသည်ကို သူက လှည့်တောင် ကြည့်မည်မဟုတ်ပေ။
လမ်းအချို့ကို ဖြတ်ကျော်ပြီးနောက် ခန့်ညားထည်ဝါသော အဆောက်အဦးကြီးတစ်ခုက ကျန်းယွီဟယ်၏ ရှေ့မှောက်တွင် ပေါ်လာတော့သည်။ အဆောက်အဦး၏ အဓိကဝင်ပေါက်အထက်ရှိ ဆိုင်းဘုတ်တွင် တယ်လီပို့ခန်းမဟု အဓိပ္ပာယ်ရသော ခန့်ညားသည့် စာလုံးကြီး သုံးလုံးကို ရေးထွင်းထားသည်။ ခန်းမဝင်ပေါက်တွင် ရွှေရောင်ချပ်ဝတ်ဝတ် ကျင့်ကြံသူတစ်ဦး ရပ်နေပြီး လူတစ်စုကတော့ အပြင်ဘက်တွင် တိတ်တဆိတ် တန်းစီနေကြသည်။
"မဖြစ်နိုင်တာ... ကျင့်ကြံခြင်းလောကမှာတောင် ကားစီးဖို့ တန်းစီနေရတာလား"
ကျန်းယွီဟယ်က စိတ်ထဲမှ တိုးတိုးလေး ညည်းတွားလိုက်ပြီး အမြန်ပင် လူတန်းနောက်သို့ သွား၍ အလိုက်သင့် တန်းစီလိုက်သည်။ ဤကမ္ဘာတွင် တယ်လီပို့အစီရင် အသုံးပြုပုံ စည်းမျဉ်းများကို သူ သေချာမသိသေးသော်လည်း ကိစ္စမရှိပေ။ မသိလျှင် အခြားသူများ လုပ်သလို လိုက်လုပ်ပြီး ကိုယ့်အလှည့်ရောက်မှ မေးမြန်းလိုက်ရုံသာ ရှိသည်။
တယ်လီပို့ခန်းမ၏ လုပ်ငန်းစဉ်များက ကျန်းယွီဟယ် ထင်ထားသည်ထက် ပို၍ မြန်ဆန်လှသည်။ ခဏအကြာတွင် သူက တံခါးဝရှိ ရွှေရောင်ချပ်ဝတ်နှင့် ကျင့်ကြံသူ ရှေ့သို့ ရောက်သွားသည်။ ရွှေရောင်ချပ်ဝတ်နှင့် ကျင့်ကြံသူက မေးလိုက်သည်။
"ဘယ်ကိုလဲ"
ကျန်းယွီဟယ်က အမြန် ပြန်ဖြေလိုက်သည်။
"ဟယ်ကျိုးမြို့ကို သွားမှာပါ"
"ဝိညာဉ်ကျောက်တုံး ၅၀၀ ပေး... အထဲဝင်ပြီး အလယ်လမ်းကနေ သွားလိုက်... ဒါကို ယူသွားဖို့ မမေ့နဲ့"
ရွှေရောင်ချပ်ဝတ်နှင့် ကျင့်ကြံသူက ပြောပြီးနောက် အဆောင်လက်ဖွဲ့ တစ်ခုကို ကမ်းပေးလိုက်သည်။ ကျန်းယွီဟယ်က ခေါင်းညိတ် ကျေးဇူးတင်စကား ပြောပြီးနောက် အလယ်လမ်းအတိုင်း ရှေ့သို့ လျှောက်သွားလိုက်သည်။ မကြာမီတွင် ကြီးမားသော မှော်အစီရင်ကြီးတစ်ခုက သူ့ရှေ့တွင် ပေါ်လာပြီး အစီရင်၏ အလယ်ဗဟိုတွင် လူတစ်စု ရပ်နေကြသည်ကို မြင်လိုက်ရသည်။ ထိုလူများက သူနှင့်အတူ တယ်လီပို့အစီရင်ကို စီးနင်းမည့် ခရီးသည်များ ဖြစ်ကြသည်။
ကျန်းယွီဟယ်က တယ်လီပို့အစီရင်ပေါ်သို့ အမြန် တက်လိုက်သည်။ ခဏအကြာတွင် လူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြရာ လူအရေအတွက် တစ်ရာ ပြည့်သွားသောအခါ တယ်လီပို့အစီရင်က ရုတ်တရက် တောက်ပလင်းထိန်သော အလင်းတန်းများ ထွက်ပေါ်လာပြီး လူအားလုံးကို ဖုံးလွှမ်းသွားတော့သည်။
ကျန်းယွီဟယ် လက်ထဲမှ အဆောင်လက်ဖွဲ့က ချက်ချင်းဆိုသလို မီးတောက်လောင်သွားပြီးနောက် ခေါင်းများ မူးနောက်သွားကာ သူတို့အားလုံး ပျောက်ကွယ်သွားကြတော့သည်။
"တောက်... ပျံသန်းရတာထက်တောင် ပိုမူးသေးတယ်"
တယ်လီပို့လုပ်ရသည့် ခံစားချက်က တော်တော်လေး ဆိုးရွားလှပြီး သူ အန်တောင် အန်ချင်လာသည်။ ကျန်းယွီဟယ် သတိထားလိုက်မိသည်မှာ ယခုအခါ သူတို့က ပို၍ကြီးမားသော တယ်လီပို့အစီရင်ပေါ်သို့ ရောက်ရှိနေခြင်းပင်။ အခြားသူများက အပြင်သို့ ထွက်သွားကြပြီ ဖြစ်သဖြင့် သူလည်း နောက်ကနေ လိုက်သွားလိုက်သည်။ ထို့နောက် နောက်တစ်ကြိမ် ထပ်မံ တန်းစီပြီးနောက် ကျုံးကျိုးမြို့ သို့ တယ်လီပို့ဖြင့် ထပ်မံ ရောက်ရှိသွားတော့သည်။
"လန်းလိုက်တာ"
ကျုံးကျိုးမြို့၏ တယ်လီပို့ခန်းမထဲမှ ထွက်လာပြီး အတွင်းဘက် မြင်ကွင်းကို ကြည့်လိုက်သောအခါ မြို့၏ ခန့်ညားထည်ဝါမှုကို ယခုစကားလုံးဖြင့်သာ ဖော်ပြနိုင်တော့မည်။ ကျုံးကျိုးမြို့က ယွီဖန်ကောင်းကင်ဘုံ၌ အကြီးဆုံးမြို့ ဖြစ်သည်ဟု ဆိုကြပြီး ပတ်လည် မိုင်ပေါင်း တစ်သောင်းခန့် ရှိသည်။
မြို့ထဲတွင် ကျယ်ပြောလှသော လမ်းမကြီးများနှင့် ကောင်းကင်ယံ တိမ်တိုက်များအထိ ထိုးဖောက်မတတ် မြင့်မားသော အဆောက်အဦးများ ရှိနေသည်။ အမှန်ပင် အစွမ်းထက်သော ကျင့်ကြံသူများကလည်း မရေမတွက်နိုင်အောင် ရှိနေကြသည်။ ဤသည်မှာ မြို့တစ်မြို့ထက်စာလျှင် ခမ်းနားထည်ဝါသော အဆောက်အဦးများဖြင့် ပြည့်နှက်နေသည့် တိုက်ကြီးတစ်ခုနှင့် ပို၍ တူနေတော့သည်။
မြို့၏ လမ်းမများပေါ်တွင် လမ်းလျှောက်နေရင်း ကျန်းယွီဟယ်က မိမိကိုယ်ကို လမ်းပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွန်တရာ သေးငယ်သိမ်ဖျင်းလှသည်ဟု ခံစားလိုက်ရသည်။ ထိုအရာကို တွေးမိရင်း သူက ခေါင်းကို ခါယမ်းလိုက်သည်။
"အရင်ဆုံး တာအိုသန့်စင်ဂိုဏ်းဆီကို သွားရမယ်"
ယခုအချိန်တွင် ကျန်းယွီဟယ်က မြို့ထဲတွင် အချိန်ဖြုန်းနေရန် စိတ်မကူးတော့ဘဲ တာအိုသန့်စင်ဂိုဏ်းသို့ အမြန်ဆုံး ရောက်ရှိရန်သာ စိတ်အားထက်သန်နေတော့သည်။ သူက လမ်းဘေးဈေးသည်တစ်ဦးထံမှ ကျုံးကျိုးမြို့အနီးတစ်ဝိုက် မြေပုံတစ်ခုကို ဝိညာဉ်ကျောက်တုံး ၅ တုံးပေး၍ ဝယ်ယူလိုက်ပြီးနောက် မြို့၏ တောင်ဘက်အရပ်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့တော့သည်။ အဲဒီအချိန်မှာတော့ ဝူဝေနဲ့ လျူရီဟယ်တို့က ယွမ်ကျုံးမြို့ပြင်ကို ရောက်ရှိနေသည်။
"ညီအစ်ကိုလျူ... လူသတ်သမားရဲ့ တည်နေရာကို ခြေရာခံနိုင်ဦးမလား"
လျူရီဟယ်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"မရတော့ဘူး... မြို့ထဲက အငွေ့အသက်တွေက ရှုပ်ထွေးလွန်းနေတာကြောင့် လူသတ်သမားရဲ့ တည်နေရာကို တိတိကျကျ မသိနိုင်တော့ဘူး"
လျူရီဟယ်၏ အဖြေကို ဝူဝေက အံ့သြခြင်း မရှိပေ။ အဝေးသင် ခြေရာခံခြင်း မှော်သိုင်းကွက်မှာ ရှားပါးသော်လည်း ၎င်းမှာ အဆင့်နိမ့် မှော်သိုင်းကွက်တစ်ခုသာ ဖြစ်ပြီး အသုံးပြုရာတွင် အကန့်အသတ်များစွာ ရှိနေသည်။ ထို့အပြင် လျူရီဟယ်မှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ သူက လူသတ်သမားကို ယွမ်ကျုံးမြို့အထိ ခြေရာခံပေးနိုင်သည်မှာပင် အတော်လေး ဟုတ်နေပြီ ဖြစ်ရာ ပို၍တော့ မျှော်လင့်၍ မရနိုင်တော့ပေ။
သို့သော် သူ သိပ်စိတ်မပူပေ။ လူသတ်သမားက မြို့ထဲတွင် ရှိနေသေးသရွေ့ သူ့ကို ရှာတွေ့မည့် နည်းလမ်းကို သူ ရှာနိုင်လိမ့်မည်။ ဝူဝေက ဝတ်စုံလက်အင်္ကျီကို ခါယမ်းလိုက်ပြီး ပြောလိုက်သည်။
"လေသတင်းမျှော်စင်ကို သွားကြစို့"
လေသတင်းမျှော်စင်မှာ ယွမ်ကျုံးမြို့၏ တောင်ဘက်လမ်းဘေးတွင် တည်ရှိပြီး သတင်းအချက်အလက် ပွဲစားလုပ်ငန်းကို အဓိက လုပ်ကိုင်ကာ ယွမ်ကျုံးစီရင်စု တစ်ခုလုံးတွင် အတော်လေး နာမည်ကြီးသည်။ ဧည့်သည်ရောက်လာသည်ကို မြင်သောအခါ အစိမ်းရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးက ပြုံးရွှင်စွာဖြင့် ကြိုဆိုလိုက်သည်။
"ကြွပါ ဧည့်သည်တော်... ဘာများ အကူအညီ ပေးရမလဲရှင်"
လက်ဖက်ရည် တည်ခင်းပြီးနောက် အမျိုးသမီးက ဝူဝေနှင့် သူ၏ အဖော်ကို မေးမြန်းလိုက်သည်။ ဝူဝေက စကားအရှည်ကြီး မပြောတော့ဘဲ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ကျန်းယွီဟယ်၏ ပုံတူပန်းချီကားတစ်ချပ်က သူတို့ သုံးဦးရှေ့တွင် ပေါ်လာတော့သည်။
"ဒီလူကို ရှာပေး... သူ အခုလေးတင် မြို့ထဲကို ဝင်လာတာ။ သူ ဘယ်ကို သွားလဲဆိုတာ စစ်ပေး"
အစိမ်းရောင် ဝတ်စုံဝတ် အမျိုးသမီးက ပုံတူကို သေသေချာချာ ကြည့်ရှုပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ခဏလောက် စောင့်ပေးပါဦးရှင်"
သူမက ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး သတင်းအချက်အလက်များကို ရှာဖွေလိုက်သည်။ ခဏအကြာတွင် သူမက ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်ပြီး ဝူဝေကို ပြောလိုက်သည်။
"ဒီလူက မြို့ထဲကို အခုလေးတင် ဝင်လာတာ မှန်ပါတယ်... ဒါပေမယ့် သူ့အကြောင်း သတင်းအချက်အလက် သိပ်မရှိဘူး။ ဝိညာဉ်ကျောက်တုံး ငါးထောင် ကျသင့်ပါမယ်"
အမျိုးသမီး ပြောသည့်ဈေးနှုန်းကို ကြားလိုက်ရသော်လည်း ဝူဝေက တွန့်ဆုတ်နေခြင်း မရှိဘဲ ပေးချေလိုက်သည်။ သူက ကျန်းယွီဟယ်၏ တည်နေရာကို အသည်းအသန် ရှာဖွေချင်နေသည် မဟုတ်ပါလား။ အမျိုးသမီးက ဝိညာဉ်ကျောက်တုံးများကို သိမ်းလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ဒီလူက တယ်လီပို့အစီရင်ကနေတစ်ဆင့် ယွမ်ကျုံးမြို့ကနေ ထွက်သွားပါပြီ"
"ဘာ..."
ဝူဝေက ချက်ချင်း ထိုင်ခုံမှ ထရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"သူ ဘယ်ကို တယ်လီပို့သွားတာလဲ"
"စိတ်မကောင်းပါဘူးရှင်... တယ်လီပို့ခန်းမက တာအိုသန့်စင်ဂိုဏ်းရဲ့ လက်အောက်မှာ ရှိတာဆိုတော့ ကျွန်မတို့ဆီမှာ အဲဒီအချက်အလက် မရှိပါဘူး"
အမျိုးသမီး၏ စကားကြောင့် ဝူဝေက ဒေါသထွက်သွားရသည်။ လူက တယ်လီပို့နှင့် ထွက်သွားပြီ ဖြစ်ရာ ဘယ်ကို သွားမှန်းပင် မသိရဘဲ ဝိညာဉ်ကျောက်တုံး ငါးထောင်တောင် တောင်းရဲသည်လား။ ဓားပြတိုက်တာတောင် ဤမျှ ရက်စက်မည် မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ ယခုအခါ လူသတ်သမား ဘယ်မှာရှိမှန်း မသိတော့သဖြင့် သူ့သားအတွက် မည်သို့ ကလဲ့စားချေရမည်နည်း။ ခဏအကြာတွင် ဝူဝေက လေသံမာမာဖြင့် ထပ်မံ မေးမြန်းလိုက်သည်။
"ဒီလူရဲ့ နောက်ကြောင်းကိုရော သိလား"
လူသတ်သမားကို လောလောဆယ် ရှာမတွေ့နိုင်သဖြင့် သူ၏ နောက်ကြောင်းကို သိထားလျှင် အသုံးဝင်လိမ့်မည်။ လူတစ်ယောက်က လေထဲမှ ရုတ်တရက် ပေါ်လာနိုင်သည် မဟုတ်ပေ။ သူ့တွင် မိသားစုနှင့် ဆွေမျိုးများ ရှိပေလိမ့်မည်။ လူသတ်သမားကို မတွေ့လျှင် သူ့မိသားစု တစ်စုလုံးကို အရင် သတ်ပစ်မည်။ သို့သော် အမျိုးသမီးက ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"ဒီလူရဲ့ နောက်ကြောင်းက ဘယ်သူမှ မသိပါဘူး... ကျွန်မတို့မှာ တခြား သတင်းလည်း မရှိဘူး... သူ ဒီနေ့မှ မြို့ထဲကို စဝင်လာပြီး ချက်ချင်းပဲ တယ်လီပို့နဲ့ ထွက်သွားတယ်ဆိုတဲ့ သတင်းပဲ ရှိပါတယ်"
ဤစကားကြောင့် ဝူဝေမှာ ဒေါသကြောင့် တဆတ်ဆတ် တုန်နေရပြီး ဤအမျိုးသမီးက သူ့ကို လိမ်နေသည်ဟုပင် ခံစားလိုက်ရသည်။ လေသတင်းမျှော်စင်၏ အစွမ်းနှင့်ဆိုလျှင် ယွမ်ကျုံးစီရင်စု၌ သူတို့ မသိသည်မှာ ဘာရှိဦးမည်နည်း။ ဤအမျိုးသမီးက သူ့ထံမှ ငွေပိုညှစ်ချင်နေခြင်းသာ ဖြစ်ပေမည်။ ဝူဝေက သူ၏ ဒေါသကို ထိန်းချုပ်လိုက်ပြီး ပြောလိုက်သည်။
"ဒီလူရဲ့ နောက်ကြောင်းကို ပြောပြ... ငါ ပိုက်ဆံ ထပ်ပေးမယ်"
ကံမကောင်းစွာဖြင့် ဝူဝေ စိတ်ပျက်သွားရပြန်သည်။ ကျန်းယွီဟယ်မှာ ကမ္ဘာမြေမှ ကစားသမားတစ်ဦး ဖြစ်ပြီး ဒီလောကထဲသို့ ပထမဆုံးအကြိမ် ပေါ်လာသူ ဖြစ်သည်။ လေသတင်းမျှော်စင်က မည်မျှပင် အစွမ်းထက်စေကာမူ သူ့နောက်ကြောင်းကို ရှာတွေ့ရန် မဖြစ်နိုင်ပေ။ အမျိုးသမီးက ဝူဝေ၏ စိုးရိမ်မှုကို မြင်နိုင်သော်လည်း သူမတွင် ကျန်းယွီဟယ်နှင့် ပတ်သက်၍ အချက်အလက် မရှိတော့ပေ။
"ဟွန့်..."
ဝူဝေက မျက်နှာပျက်ပျက်နှင့် ဝတ်စုံလက်အင်္ကျီကို ခါယမ်းကာ လျူရီဟယ်ကို ခေါ်ပြီး လေသတင်းမျှော်စင်ထဲမှ ထွက်လာခဲ့တော့သည်။ သူက လေသတင်းမျှော်စင်ကိုတော့ ရန်မစရဲပေ။ ဝူမိသားစုက ဖေးယွန်မြို့၌ အင်အားကြီးသော်လည်း ယွမ်ကျုံးမြို့၌မူ ဝူမိသားစုထက် အင်အားကြီးသော အဖွဲ့အစည်းများစွာ ရှိသည်။ လေသတင်းမျှော်စင်က လျှို့ဝှက်ဆန်းပြားပြီး အစွမ်းထက်လှရာ သူတို့ ရန်မစရဲသည့် အထဲတွင် ပါဝင်သည်။ ဝိညာဉ်ကျောက်တုံး ငါးထောင်မှာတော့ ရေထဲမျောသွားပြီမို့ သူ လက်ခံလိုက်ရုံသာ ရှိတော့သည်။ ***