ကျန်းယွီဟယ်က ကျုံးကျိုးမြို့ကို အမြန်ဖြတ်ကျော်ကာ တောင်ဘက်သို့ အပြင်းနှင်ခဲ့သည်။ သူ့နောက်တွင် ကြီးမားသော ဘေးအန္တရာယ်တစ်ခုက ကပ်ပါလာခဲ့သော်လည်း သူ အပြေးမြန်ခဲ့သည့်အတွက် ထိုအန္တရာယ်မှာ ပျောက်ကွယ်သွားခဲ့ရသည်ကို သူကိုယ်တိုင်ပင် မသိလိုက်ပေ။
ရွေးချယ်မှုတစ်ခုချင်းစီက ကွဲပြားသော ရလဒ်များကို ဖြစ်ပေါ်စေတတ်သည်။ အကယ်၍ သူသာ အနည်းငယ်မျှ နှေးကွေးခဲ့ပါက ရန်သူ၏ ဖမ်းဆီးခြင်းကို ခံရပေလိမ့်မည်။ ယခုလောကကြီးမှာ ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေပေသည်။
တာအိုသန့်စင်ဂိုဏ်းမှာ ကျုံးကျိုးမြို့၏ တောင်ဘက် မိုင်ပေါင်း ၂ သောင်းခန့် အကွာတွင် တည်ရှိပြီး ထိုနေရာသို့ တိုက်ရိုက်သွားနိုင်သည့် တယ်လီပို့အစီရင် မရှိပေ။ တိတိကျကျ ပြောရလျှင် ပြင်ပလူများအတွက် တယ်လီပို့စနစ် မရှိခြင်းဖြစ်ပြီး ဂိုဏ်းသို့ သွားလိုသော ကျင့်ကြံသူများက မိမိဘာသာ ပျံသန်းသွားကြရသည်။
ကျန်းယွီဟယ်၏ လက်ရှိအစွမ်းဖြင့်ဆိုလျှင် အရှိန်အကုန်မြှင့်၍ ပျံသန်းပါက ရက်အနည်းငယ် ကြာမြင့်ပေလိမ့်မည်။ သူက မြို့ပြင်သို့ ရောက်သည်နှင့် ပျံသန်းနိုင်သော ဓားကို ထုတ်ယူကာ လေဟုန်စီး၍ ထွက်ခွာလာခဲ့သည်။ လမ်းခရီးတွင် အလင်းတန်းအချို့က သူ့ဘေးမှ လျှပ်ခနဲ ဖြတ်ကျော်သွားတတ်ပြီး ထိုသူများက ခရီးသွားရာမှ ပြန်လာကြသော တာအိုသန့်စင်ဂိုဏ်း၏ တပည့်များ ဖြစ်နိုင်ပေသည်။ သို့သော် သူကတော့ မည်သူ့ကိုမျှ စကားမပြောဘဲ ခေါင်းငုံ့ကာ ခရီးကိုသာ ဆက်ခဲ့သည်။
ခုနစ်ရက်အကြာတွင်တော့ ကြီးမားသော နတ်ဘုရားတောင်တန်းကြီးတစ်ခုက သူ့ရှေ့တွင် ပေါ်လာတော့သည်။ ထိုတောင်တန်းကြီးမှာ အဆုံးမရှိအောင် ရှည်လျားလှပြီး တောင်ထိပ်များမှာ ကောင်းကင်ယံ တိမ်တိုက်များထဲအထိ ထိုးဖောက်နေသည်။ မြူနှင်းများကြားတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော အဆောင်ဆောင်သော ပြာသာဒ်များနှင့် မျှော်စင်များမှာ နတ်ဘုရားများ နေထိုင်ရာ နတ်ဘုံနတ်နန်းကဲ့သို့ အလွန်တရာ လှပဆန်းကြယ်လှသည်။
"ဒါ... တာအိုသန့်စင်ဂိုဏ်းပဲလား"
သူ့ရှေ့မှ ခန့်ညားလှသော တောင်တန်းကြီးကို မြင်လိုက်ရသောအခါ ကျန်းယွီဟယ် စိတ်အေးသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အမှန်အတိုင်း ပြောရလျှင် ချီကျင့်ကြံခြင်းအဆင့်မျှသာ ရှိသော သူ့အတွက် ခုနစ်ရက်ဆက်တိုက် ပျံသန်းရခြင်းမှာ အလွန်ပင် ပင်ပန်းလှသည်။ မြေပုံပါ လမ်းညွှန်ချက်များအတိုင်း ကျန်းယွီဟယ်က ဧည့်ကြိုဌာနသို့ အမြန်သွားလိုက်သည်။ သူ ရောက်လာသည်ကို မြင်သောအခါ ခရမ်းရောင်ဝတ်စုံဖြင့် ချောမောလှပသော မိန်းကလေးတစ်ဦးက ထွက်လာပြီး ယဉ်ကျေးစွာဖြင့် လက်အုပ်ချီ နှုတ်ဆက်ကာ မေးလိုက်သည်။
"ကျွန်မ နာမည်က ကျောက်ချင်းချင်းပါ... တာအိုသန့်စင်ဂိုဏ်းရဲ့ အပြင်စည်းတပည့်တစ်ယောက်ပါ။ စီနီယာ ဒီကို ဘာကိစ္စများ ရှိလို့လဲရှင့်"
ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးမှာ ကျန်းယွီဟယ်၏ အစွမ်းက နိမ့်ပါးနေသော်လည်း မည်သည့် မောက်မာမှု သို့မဟုတ် အေးစက်မှုမျိုးကိုမျှ မပြသပေ။ ဧည့်ကြိုဌာနတွင် ပြင်ပလူများ အဝင်အထွက် များသောနေရာဖြစ်ပြီး အများစုမှာ ဂိုဏ်းထဲတွင် ကျင့်ကြံနေသော သူငယ်ချင်းများ သို့မဟုတ် ဆွေမျိုးများထံ လာရောက်လည်ပတ်သူများ ဖြစ်ကြသည်။ ကျန်းယွီဟယ်၏ နောက်ကြောင်းကို သူမ မသိသဖြင့် အကယ်၍ သူက ဂိုဏ်းထဲရှိ အစွမ်းထက် မိစ္ဆာအိုကြီးတစ်ဦးဦး၏ မျိုးဆက် ဖြစ်နေခဲ့လျှင် မည်သို့လုပ်မည်နည်း။
ဧည့်ကြိုဌာနတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သောကြောင့် သူမက မည်သူ့ကိုမဆို ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သည့် အလေ့အကျင့်ရှိပြီးသား ဖြစ်သည်။ မည်သူပဲလာလာ စိတ်မဆိုးအောင် ဆက်ဆံရမည် မဟုတ်ပါလား။ ကျန်းယွီဟယ်မှာ စကားအရှည်ကြီး မပြောတော့ဘဲ တံဆိပ်ပြားကို ထုတ်လိုက်ကာ ယဉ်ကျေးစွာ မေးလိုက်သည်။
"ကျွန်တော် တာအိုသန့်စင်ဂိုဏ်းကို ဝင်ချင်လို့ပါ... ဒီတံဆိပ်ပြားနဲ့ ဆိုရင် ရမလားခင်ဗျာ"
ကျောက်ချင်းချင်းမှာ အံ့အားသင့်သွားရသည်။ တာအိုသန့်စင်ဂိုဏ်းက ပြင်ပမှ တပည့်များကို လက်ခံလေ့ မရှိပေ။ ကျန်းယွီဟယ်ကဲ့သို့ ဂိုဏ်းထဲဝင်ချင်၍ တိုက်ရိုက်လာသူများအကြောင်း ကြားဖူးသော်လည်း ယခုကဲ့သို့ ကိုယ်တိုင်တွေ့ရသည်မှာ ပထမဆုံးပင် ဖြစ်သည်။ သို့သော် ကျန်းယွီဟယ် ထုတ်ပြသော တံဆိပ်ပြားကို သူမ မမှတ်မိသဖြင့် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဒါက ဘာလဲဟင်"
"တံဆိပ်ပြားပါ... ဒီတံဆိပ်ပြားရှိရင် တာအိုသန့်စင်ဂိုဏ်းကို ဝင်လို့ရတယ်လို့ သိထားလို့ပါ"
ကျောက်ချင်းချင်း၏ အမူအရာကို ကြည့်ပြီး ကျန်းယွီဟယ်က အနည်းငယ် စိုးရိမ်သွားသည်။ “တံဆိပ်ပြားထဲက သတင်းအချက်အလက်တွေကများ မှားနေတာလား... သူကတော့ ဒီတံဆိပ်ပြားရှိရင် ဂိုဏ်းထဲ တန်းဝင်လို့ရမယ်လို့ ထင်နေတာ...”
ကျောက်ချင်းချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူမသည်လည်း ဤကဲ့သို့သော တံဆိပ်ပြားမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။ သို့သော် သူမ ဂိုဏ်းထဲရောက်သည်မှာ မကြာသေးသဖြင့် သူမ မသိသေးသည့် လျှို့ဝှက်ချက်များ ရှိနေနိုင်သည်ဟု တွေးမိသည်။ သူမက တံဆိပ်ပြားကို ယူကာ ဝိညာဉ်စွမ်းအားများ ထည့်သွင်း၍ သေသေချာချာ စစ်ဆေးကြည့်လိုက်သောအခါ မျက်နှာတွင် အံ့သြသော အရိပ်အယောင်များ ပေါ်လာတော့သည်။
ဤတံဆိပ်ပြားက အတု မဟုတ်ပေ။ ၎င်းထဲတွင် ဤတံဆိပ်ပြားဖြင့် တာအိုသန့်စင်ဂိုဏ်းသို့ ဝင်နိုင်သည်ဟူသော သတင်းအချက်အလက်များ တကယ်ပင် ပါရှိနေသည်။ ယခုအချိန်တွင် သူမ ကိုယ်တိုင် ဆုံးဖြတ်ရန် မဝံ့တော့ပေ။ ခဏမျှ စဉ်းစားပြီးနောက် သူမက အချက်ပြအဆောင်လက်ဖွဲ့တစ်ခုကို လွှတ်တင်လိုက်ပြီး ကျန်းယွီဟယ်ကို ယဉ်ကျေးစွာ ပြောလိုက်သည်။
"အစ်ကို... ခဏလောက် စောင့်ပေးပါဦးနော်... ကျွန်မ ဂိုဏ်းထဲကို အကြောင်းကြားစာ ပို့ထားလိုက်ပါပြီ... မကြာခင် တစ်ယောက်ယောက် ရောက်လာပြီး ဒါကို ဖြေရှင်းပေးပါလိမ့်မယ်"
ထို့နောက် ကျန်းယွီဟယ်ကို ဧည့်ကြိုဌာန၏ အတွင်းခန်းမထဲသို့ ခေါ်ဆောင်သွားပြီး လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံပြီး သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြစဉ် ကျန်းယွီဟယ်က လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
"ဘာမှ အလွဲအချော် မဖြစ်ပါစေနဲ့"
ရုတ်တရက် ကျောက်ချင်းချင်းက ထိုင်နေရာမှ ချက်ချင်း ထရပ်လိုက်ပြီး သူမ၏ နောက်ကွယ်မှ လူကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"တပည့် ကျောက်ချင်းချင်းက အကြီးအကဲလုကို ဂါရဝပြုပါတယ်ရှင်"
ကျန်းယွီဟယ်သည်လည်း ချက်ချင်း လှည့်ကြည့်လိုက်ရာ ဓားသွားကဲ့သို့ ထင်ရှားသော မျက်ခုံးတန်းများ၊ ကြင်နာတတ်သော မျက်လုံးများနှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးကို မြင်လိုက်ရသည်။ သူ ဘယ်အချိန်က ရောက်နေမှန်းတောင် မသိလိုက်ပေ။ သူလည်း အမြန် ထရပ်၍ နှုတ်ဆက်လိုက်သည်။
"စီနီယာကို ဂါရဝပြုပါတယ်"
အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက လက်ကို ဝှေ့ယမ်းကာ နှုတ်ဆက်မှုကို လက်ခံလိုက်ပြီး တံဆိပ်ပြားကို ယူ၍ သေသေချာချာ စစ်ဆေးလိုက်သည်။ တော်တော်ကြာအောင် ကြည့်ပြီးနောက် အဘိုးအိုက ကျန်းယွီဟယ်ကို မေးလိုက်သည်။
"ဒီတံဆိပ်ပြားက မင်းရဲ့ဟာလား"
"ဟုတ်ပါတယ်ခင်ဗျာ"
"ဒီတံဆိပ်ပြားရဲ့ နောက်ကြောင်းကိုရော မင်းသိလား"
ကျန်းယွီဟယ်က ဘာမှမသိသလို ခေါင်းခါပြလိုက်သည်။ တကယ်တော့ ဤအရာက သားရဲနတ်ဆိုးကို သတ်ရာမှ ရလာသော ပစ္စည်းဖြစ်ရာ ဘယ်ကလာသည်ကို သူလည်း မသိပေ။ ကျားနတ်ဆိုးကြီးက ချပေးခဲ့တာပါလို့ သူက ပြောရမှာလား။ သူ မျှော်လင့်နေသည်မှာ တံဆိပ်ပြားပါ သတင်းများ မှန်ကန်၍ ဂိုဏ်းထဲ ဝင်ခွင့်ရဖို့သာ ဖြစ်သည်။
သို့သော် အဘိုးအို၏ မျက်နှာပေးအရ ထိုတံဆိပ်ပြားက အစစ်အမှန် ဖြစ်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ systemမှ ထွက်ပေါ်လာသော ပစ္စည်းဖြစ်ရာ သူ့ကို လိမ်စရာ အကြောင်းမရှိပေ။ ထို့နောက် အဘိုးအိုက လေသံအေးအေးဖြင့် ပြောပြလာသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းလောက်က... နတ်ဆိုးတွေက ယွီဖန်ကောင်းကင်ဘုံကို ကျူးကျော်ခဲ့ပြီး ကပ်ဘေးကြီးတစ်ခု ဖြစ်ပွားခဲ့တယ်။ နတ်ဆိုးတွေကို တိုက်ထုတ်တဲ့ စစ်ပွဲမှာ သူရဲကောင်းတွေ အများကြီး အသက်ပေးခဲ့ကြရတယ်..."
"အဲဒီ အာဇာနည်သူရဲကောင်းတွေရဲ့ မျိုးဆက်တွေကို စောင့်ရှောက်ဖို့နဲ့ နတ်ဆိုးတွေရဲ့ အန္တရာယ်ကို သတိပေးဖို့အတွက် တာအိုသန့်စင်ဂိုဏ်းက ဒီတံဆိပ်ပြားတွေကို အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ခဲ့တာပဲ"
"ငါတို့ရဲ့ ဘိုးဘေးတွေက ဒီတံဆိပ်ပြား ကိုင်ဆောင်ထားသူ ဘယ်သူမဆို တာအိုသန့်စင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်အဖြစ် ဝင်ရောက်ခွင့်ပေးရမယ် ပြီးတော့ ကျမ်းစာမျှော်စင်ထဲက ကြိုက်တဲ့ ကျင့်စဉ်ကို ရွေးချယ်ခွင့် ပေးရမယ်လို့ ညွှန်ကြားချက် ထားခဲ့တယ်"
"ဒီတံဆိပ်ပြားကို စုစုပေါင်း အခု ၁၀၀ ပဲ လုပ်ခဲ့တာ။ နှစ်ပေါင်း တစ်သောင်းကျော် ကြာလာတဲ့အခါမှာ တခြားတံဆိပ်ပြားတွေက ဂိုဏ်းဆီ ပြန်ရောက်ကုန်ကြပြီ။ ဒါကတော့ နောက်ဆုံးကျန်တဲ့ တစ်ခုပဲ"
ဤစကားကို ကြားသောအခါမှ ကျန်းယွီဟယ် သက်ပြင်းချနိုင်တော့သည်။ သူဂိုဏ်းထဲ ဝင်ခွင့်ရဖို့က အဓိကဖြစ်ပြီး တံဆိပ်ပြား နောက်ကြောင်းက ဘာပဲဖြစ်ဖြစ် သူ့အတွက် အရေးမကြီးပေ။ နတ်ဆိုးများ၊ ကပ်ဘေးများ ဆိုသည်မှာလည်း သူနှင့် မသက်ဆိုင်ပေ။ သူက ကမ္ဘာမြေက လူသားတစ်ဦးသာ ဖြစ်ပြီး ဤလောကသား မဟုတ်ပေ။ နတ်ဆိုးတွေ ထပ်ဝင်လာလည်း ကိစ္စမရှိ သူတို့က ကစားသမားတွေ ဖြစ်သဖြင့် သေသွားရင်တောင် နောက်နေ့ ပြန်ရှင်လာနိုင်သလို လော့ဂ်အောက် ထွက်သွားလျှင်လည်း ရသည် မဟုတ်ပါလား။ ကျန်းယွီဟယ်အတွက် ယွီဖန်ကောင်းကင်ဘုံ၌ ကျင့်ကြံခြင်းမှလွဲ၍ အခြား ဘာမှ အရေးမကြီးပေ။
ဘေးနားရှိ ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးမှာတော့ မနာလိုအားကျသည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။ တာအိုသန့်စင်ဂိုဏ်းတွင် တပည့်ပေါင်း တစ်သိန်းခန့် ရှိသော်လည်း အများစုမှာ အပြင်စည်းတပည့်များသာ ဖြစ်ကြသည်။ အတွင်းစည်းထဲ ဝင်နိုင်ရန်မှာ အလွန်ခက်ခဲလှပြီး သတ်မှတ်ချက်များစွာ ရှိသည်။ သူမအတွက်မူ အတွင်းစည်းတပည့်တိုင်းက အလွန်အရေးကြီးသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
တာအိုသန့်စင်ဂိုဏ်းက တစ်ကမ္ဘာလုံးမှ ပါရမီရှင်များကို စုစည်းထားသော်လည်း ၎င်း၏ အတွင်းစည်းတပည့် အရေအတွက်မှာ အမြဲတမ်း သုံးထောင်ခန့်သာ ရှိတတ်သည်။ ချီကျင့်ကြံခြင်းအဆင့်မျှသာ ရှိသော ကျန်းယွီဟယ်က အတွင်းစည်းထဲ တိုက်ရိုက်ဝင်နိုင်ရုံသာမက ကျမ်းစာမျှော်စင်ထဲမှ ကျင့်စဉ်များကိုပါ စိတ်ကြိုက် ရွေးခွင့်ရမည်ဆိုသည်မှာ မယုံနိုင်စရာပင်။
တာအိုသန့်စင်ဂိုဏ်း၏ ကျင့်စဉ်များနှင့် မှော်စွမ်းအင်များကို စာကြည့်တိုက် နှင့် ကျမ်းစာမျှော်စင် ဟူ၍ ခွဲခြားထားသည်။ မြေကမ္ဘာအဆင့်အောက် ကျင့်စဉ်များကို စာကြည့်တိုက်တွင် ထားရှိပြီး တပည့်တိုင်း ဝင်ရောက်ခွင့် ရှိသည်။ သို့သော် ကောင်းကင်အဆင့်နှင့် အထက် ကျင့်စဉ်များကိုတော့ ကျမ်းစာမျှော်စင်တွင်သာ ထားရှိပြီး အတွင်းစည်းတပည့်များသာ ဝင်ခွင့်ရှိသည်။ အတွင်းစည်းတပည့်များပင်လျှင် ထိုနေရာသို့ ဝင်ရန် နှစ်ပေါင်းများစွာ အမှတ်စုဆောင်းရတတ်သဖြင့် ကျန်းယွီဟယ် ရရှိသည့် အခွင့်အရေးမှာ မယုံနိုင်လောက်အောင် ကောင်းလွန်းလှသည်။
ဘေးတွင် ရပ်နေသော အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက သူတို့နှစ်ဦး၏ အမူအရာကို ရိပ်မိသော်လည်း ဘာမှ မပြောပေ။
ကံတရား ဆိုသည်မှာ ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။ အဘိုးအို၏ အမြင်တွင် ဤတံဆိပ်ပြားမှာ ကျန်းယွီဟယ်အတွက် ကြီးမားသော အခွင့်အလမ်းတစ်ခုပင်။ တံဆိပ်ပြားမှတစ်ဆင့် သူသည် ကောင်းကင်ဘုံသို့ တက်လှမ်းမည့် လမ်းစဉ်ပေါ်သို့ စတင် လျှောက်လှမ်းနိုင်ပြီ ဖြစ်သည်။
မည်မျှအထိ ခရီးရောက်မည်ဆိုသည်မှာတော့ သူ၏ ကိုယ်ပိုင်ကံတရားအပေါ်၌သာ မူတည်ပေလိမ့်မည်။ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံခြင်းဆိုသည်မှာ အခွင့်အရေးအပေါ်မှာတင် မကဘဲ ပါရမီ၊ အရည်အချင်းနှင့် ကိုယ်တိုင် ကြိုးစားအားထုတ်မှုပေါ်မှာလည်း မူတည်နေသည် မဟုတ်ပါလား။ ***