"လာခဲ့... မင်း ဂိုဏ်းဝင်တဲ့ လုပ်ငန်းစဉ်တွေလုပ်ဖို့ ငါ ခေါ်သွားပေးမယ်"
အကြီးအကဲလုက ပြောပြီးနောက် သူ၏ ဝတ်စုံလက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ ကျန်းယွီဟယ်နှင့်အတူ ဧည့်ကြိုဌာနမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ကျန်ရစ်ခဲ့သော ကျောက်ချင်းချင်းမှာတော့ မနာလိုအားကျသည့် အမူအရာဖြင့် ငေးကြည့်နေဆဲပင်။
"ဟင်း... ငါလည်းဘယ်တော့မှ အတွင်းစည်းတပည့် ဖြစ်လာပါ့မလဲ"
"ငါ ပိုပြီး ကြိုးစားမှ ဖြစ်မယ်။ ငါသာ နတ်ဘုရားသန္ဓေအဆင့်ကို ရောက်သွားရင် အတွင်းစည်းထဲဝင်ဖို့ လျှောက်ထားလို့ ရပြီပဲ"
ကျောက်ချင်းချင်းက မိမိကိုယ်ကို တိတ်တဆိတ် အားပေးလိုက်ပြီးနောက် ဧည့်ကြိုဌာနတွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းကို ပြန်လည် စတင်လိုက်တော့သည်။ တစ်ဖက်တွင်မူ အကြီးအကဲလုက ကျန်းယွီဟယ်ကို ခေါ်ဆောင်လာပြီးနောက် မကြာမီတွင် ခမ်းနားသော ခန်းမကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာသည်။ အပြာရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ဦးက ခန်းမထဲမှ အလျင်အမြန် ထွက်လာပြီး ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"တပည့် ချန်ရွှီကျင့်က အကြီးအကဲလုကို ဂါရဝပြုပါတယ်ခင်ဗျာ"
အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဘေးရှိ ကျန်းယွီဟယ်ကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
"သူ့ကို အတွင်းစည်းတပည့် အဆင့်အတန်း သတ်မှတ်ပေးလိုက်"
"အတွင်းစည်း... ဟုတ်လားခင်ဗျာ"
ချန်ရွှီကျင့်က သေချာစေရန် တိုးတိုးလေး ပြန်မေးလိုက်မိသည်။ အကယ်၍ သူ့ရှေ့တွင် ရှိနေသူမှာ ဂိုဏ်း၏ အကြီးအကဲတစ်ဦး မဟုတ်ပါက သူက ထိုသူ၏ ပါးကို ရိုက်မိလောက်ပေသည်။
ကျန်းယွီဟယ်၏ အငွေ့အသက်ကို ကြည့်ရုံဖြင့် သူက ချီကျင့်ကြံခြင်းအဆင့်မျှသာ ရှိသေးကြောင်း ရှင်းလင်းလှသည်။ တာအိုသန့်စင်ဂိုဏ်းမှာ ချီကျင့်ကြံခြင်းအဆင့်နဲ့ အတွင်းစည်းတပည့် ဆိုတာမျိုး မရှိဖူးပေ။ ထို့အပြင် ကျန်းယွီဟယ်မှာ အပြင်စည်းတပည့်တောင် မဟုတ်သေးဘဲ ရောက်ရောက်ချင်း အတွင်းစည်းထဲ တန်းဝင်မည်ဆိုသည်မှာ ကလေးကစားစရာ ဆန်လွန်းလှသည်။ ဂိုဏ်းချုပ်ကြီး၏ မျိုးဆက်ဖြစ်နေဦးတော့ ဤမျှအထိ မျက်နှာသာပေးစရာ အကြောင်းမရှိပေ။
"ဟုတ်တယ်... အခုကစပြီး သူက တာအိုသန့်စင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်ပဲ... ငါ ဒီကိစ္စကို ဂိုဏ်းချုပ်ဆီ တင်ပြလိုက်မယ်။ မင်း ငါခိုင်းတဲ့အတိုင်းသာ လုပ်လိုက်"
အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက ရှင်းပြနေရန် အစီအစဉ် မရှိသည်မှာ ထင်ရှားလှသည်။ ချန်ရွှီကျင့်မှာ အနည်းငယ် အနေရခက်သွားရသည်။ ထိုသည်ကို မြင်သောအခါ ကျန်းယွီဟယ်က အခြေအနေကို ထိန်းသိမ်းသည့်အနေဖြင့် ချန်ရွှီကျင့်ကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"စီနီယာအစ်ကိုကြီးချန်..."
"မဟုတ်တာ... မလုပ်ပါနဲ့။ ကျွန်တော့်ကို ချန်ရွှီကျင့် ဒါမှမဟုတ် ဂျူနီယာညီလေးချန်လို့ပဲ ခေါ်ပါ"
ချန်ရွှီကျင့်က အမြန်ပင် လက်ခါယမ်း၍ တားမြစ်လိုက်ရသည်။ သူက တာအိုသန့်စင်ဂိုဏ်း၏ စီမံရေးရာဌာနတွင် တာဝန်ထမ်းဆောင်နေသော အပြင်စည်းတပည့်တစ်ဦးသာ ဖြစ်ကြောင်း ရှင်းပြလိုက်သည်။
တာအိုသန့်စင်ဂိုဏ်းတွင် အပြင်စည်းတပည့်များက အမျိုးမျိုးသော အသေးအဖွဲအလုပ်များကို လုပ်ကိုင်ကြရသည်။ ဥပမာအားဖြင့် သူက စီမံရေးရာဌာနတွင် အလုပ်လုပ်ရသလို ကျောက်ချင်းချင်းမှာလည်း ဂိုဏ်းဝင်ပေါက် ဧည့်ကြိုဌာနတွင် အလုပ်လုပ်ရသည်။ အတွင်းစည်းတပည့်များမှာမူ ဤကဲ့သို့သော အလုပ်များကို လုပ်စရာမလိုဘဲ ဂိုဏ်းထဲတွင် ကျင့်ကြံနေထိုင်ခြင်း သို့မဟုတ် အပြင်ဘက်တွင် နယ်မြေစောင့်ကြပ်ခြင်း စသည့် လွတ်လပ်ပေါ့ပါးသော အလုပ်များကိုသာ လုပ်ကိုင်ကြရသည်။
ကျန်းယွီဟယ်မှာ မကြာမီ တရားဝင် အတွင်းစည်းတပည့် ဖြစ်လာတော့မည် ဖြစ်ရာ ချန်ရွှီကျင့်မှာ မောက်မာရန် မဝံ့ပေ။ သူက ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ကျန်းယွီဟယ်ထက် အစွမ်းထက်သော်လည်း ကျင့်ကြံခြင်းလောကတွင် ခွန်အားအပြင် ရာထူးအဆင့်အတန်းကလည်း အလွန်အရေးကြီးလှသည် မဟုတ်ပါလား။ ချန်ရွှီကျင့်က ကျန်းယွီဟယ်ကို ရိုသေစွာ မေးမြန်းလိုက်သည်။
"စီနီယာအစ်ကိုကြီးကို ဘယ်လိုခေါ်ရမလဲဆိုတာ သိပါရစေ"
သူက အချက်အလက်များ မှတ်တမ်းတင်ရန် စာအုပ်ပုံသဏ္ဌာန် မှော်ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။
"ကျန်းယွီဟယ် ပါ"
"အသက်..."
အချက်အလက်များ မှတ်တမ်းတင်ပြီးနောက် ချန်ရွှီကျင့်က ကျောက်စိမ်းပေလွှာတစ်ခုကို ကမ်းပေးလိုက်သည်။
"စီနီယာအစ်ကိုကြီးကျန်း... အတွင်းစည်းတပည့်တွေက ကိုယ်ပိုင်ကျင့်ကြံဖို့အတွက် သီးသန့်တောင်ထိပ်တစ်ခုကို ရွေးချယ်ခွင့်ရှိပါတယ်။ ဒီထဲမှာ စီနီယာ စိတ်ကြိုက် တောင်ထိပ်တစ်ခုကို ရွေးချယ်နိုင်ပါတယ်"
ကျန်းယွီဟယ်မှာ ဝမ်းသာသွားရသည်။ ဤမျှအထိ ကောင်းမွန်သော အခွင့်အရေးမျိုး ရှိသည်လား။ ကိုယ်ပိုင်တောင်ထိပ်တစ်ခုမှာ သီးသန့်ကျင့်ကြံရမည်ဆိုသည်မှာ အတော်လေးကို ဟိတ်ဟန်ကြီးလှသည်။
သူက ကျောက်စိမ်းပေလွှာကို စစ်ဆေးကြည့်လိုက်ရာ ကျယ်ပြောလှသော မြေပုံကြီးတစ်ခုက သူ့မျက်စိရှေ့တွင် ပေါ်လာသည်။ ထိုအရာမှာ တာအိုသန့်စင်ဂိုဏ်း၏ မြေပုံဖြစ်ပြီး တောင်တန်းများသာမက မြစ်ချောင်းအင်းအိုင်များစွာကိုပါ ဖော်ပြထားသည်။ ဂိုဏ်း၏ ကြီးမားကျယ်ပြန့်မှုမှာ သူထင်ထားသည်ထက် ပို၍ ကြီးမားလှသည်။
သို့သော် မြေပုံပေါ်တွင် အရောင်အမျိုးမျိုးဖြင့် မှတ်သားထားပြီး အချို့နေရာများမှာ ကွက်လပ်ဖြစ်နေသဖြင့် သူက ခေါင်းကုတ်ကာ မေးလိုက်သည်။
"ဂျူနီယာညီလေးချန်... ဒီမြေပုံကို ဘယ်လိုကြည့်ရမလဲဆိုတာ ရှင်းပြပေးပါဦး"
မသိလျှင် နှိမ့်ချစွာ မေးမြန်းခြင်းမှာ ရှက်စရာ မဟုတ်ပေ။
"အပြာရောင်ဧရိယာက အပြင်စည်းတပည့်တွေ နေတဲ့နေရာပါ ခရမ်းရောင်ကတော့ အတွင်းစည်းတပည့်တွေ နေရာဖြစ်ပြီး အနီရောင်ကတော့ အကြီးအကဲတွေ ကျင့်ကြံတဲ့နေရာပါ"
"ဒါဆို အမည်းရောင်နေရာတွေကရော"
"အဲဒါတော့ ကျွန်တော်လည်း မသိဘူး။ ဂိုဏ်းရဲ့ စည်းကမ်းအရ ဘယ်တပည့်မှ အမည်းရောင်နယ်မြေထဲကို ဝင်ခွင့်မရှိဘူးလို့ပဲ သိထားတယ်"
ကျန်းယွီဟယ်မှာ စူးစမ်းလိုစိတ် သိပ်မရှိဘဲ ထိုနေရာများကို မသွားရန်သာ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက ထပ်မေးလိုက်သည်။
"ဒါဆို တောင်ထိပ်ကို ဘယ်လို ရွေးရမလဲ"
"ခရမ်းရောင်နယ်မြေထဲက ကွက်လပ်ဖြစ်နေတဲ့ နေရာတွေက လူမရှိသေးတဲ့ နေရာတွေပါပဲ။ စီနီယာ ကြိုက်တဲ့ တောင်ထိပ်တစ်ခုကို ရွေးနိုင်ပါတယ်"
ကျန်းယွီဟယ်က မြေပုံကို ပြန်ကြည့်လိုက်ရာ လူမရှိသော တောင်ထိပ်ပေါင်း ရာနှင့်ချီ ရှိနေသည်ကို တွေ့လိုက်ရသည်။
"ဘယ်နေရာ ရွေးရင် ကောင်းမလဲ... အင်း ဒီနေရာပဲ"
ကျန်းယွီဟယ်က အမြန်ဆုံး ဆုံးဖြတ်လိုက်သည်။ သူ ရွေးလိုက်သည်မှာ အတော်လေး သီးသန့်ဖြစ်ပြီး တောင်ခြေတွင် ကန်သာယာလေးတစ်ခု ရှိသော တောင်ထိပ်တစ်ခုပင်။ တောင်နှင့်ရေ ရှိနေသဖြင့် ကြည့်ရသည်မှာ အလွန် သက်တောင့်သက်သာ ရှိလှသည်။ ချန်ရွှီကျင့်က မြေပုံကို ပြန်ယူကာ မှတ်သားလိုက်ပြီးနောက် မေးလိုက်သည်။
"စီနီယာရဲ့ တောင်ထိပ်ကို ဘယ်လို နာမည်ပေးချင်လဲခင်ဗျာ"
"ဂလက်ဆီတောင်ထိပ်"
ကျန်းယွီဟယ်က မစဉ်းစားဘဲ ချက်ချင်း ဖြေလိုက်သည်။ သူသည် ကမ္ဘာမြေမှ ကစားသမားတစ်ဦး ဖြစ်ရာ ကြယ်စင်များဆီသို့ ရောက်ဖူးရန်မှာ ကမ္ဘာသားတိုင်း၏ အိပ်မက် မဟုတ်ပါလား။
"ဟုတ်ကဲ့ပါ"
ချန်ရွှီကျင့်က ခန်းမထဲသို့ ခဏဝင်သွားပြီးနောက် လက်စွပ်တစ်ကွင်းနှင့်အတူ ပြန်ထွက်လာသည်။
"စီနီယာအစ်ကိုကြီးကျန်း... ဒါက စီနီယာရဲ့ ပစ္စည်းတွေပါ သေသေချာချာ သိမ်းထားပါဦး"
ကျန်းယွီဟယ်က သိုလှောင်လက်စွပ်ကို ယူကာ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ထိုထဲတွင် ကျောက်စိမ်းပေလွှာတစ်ခု၊ ဝတ်စုံအချို့နှင့် ကျောက်စိမ်းဆွဲပြားတစ်ခုကို မြင်လိုက်ရသည်။ ကိစ္စများ ပြီးသွားသောအခါ အကြီးအကဲလုက စကားပြောလာသည်။
"ငါ သွားတော့မယ်။ မင်းရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ။ တာအိုသန့်စင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်ရတာက လွယ်ကူတဲ့ အလုပ်မဟုတ်ဘူး တာဝန်တစ်ခုပဲ"
ပြောပြီးသည်နှင့် သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဝေးရာသို့ ပျံသန်းကွယ်ပျောက်သွားတော့သည်။ အကြီးအကဲလု ထွက်သွားတော့မှ ချန်ရွှီကျင့်က သက်ပြင်းချနိုင်တော့သည်။ အကြီးအကဲ၏ အငွေ့အသက်မှာ ပြင်းထန်လွန်းသဖြင့် သူ အတော်လေး စိတ်လှုပ်ရှားနေခဲ့ရသည် မဟုတ်ပါလား။ သူက ကျန်းယွီဟယ်ကို ပြုံးလျက် ပြောလိုက်သည်။
"စီနီယာ... ဂလက်ဆီတောင်ထိပ်က ဒီကနေဆိုရင် တော်တော်လေး ဝေးပါတယ်။ ကျွန်တော် လိုက်ပို့ပေးပါရစေ"
"ဒါဆိုရင်တော့ ညီလေးကို ဒုက္ခပေးရတော့မှာပဲ"
ကျန်းယွီဟယ်က အမြန်ပင် လက်အုပ်ချီ ကျေးဇူးတင်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် ဤဂိုဏ်းကြီးမှာ အလွန်ကျယ်ပြောလှရာ သူ၏ ချီကျင့်ကြံခြင်းအဆင့်ဖြင့် ပျံသန်းပါက သူ့နယ်မြေသို့ ရောက်ရန် တစ်နေ့ကုန်လုနီးပါး ကြာပေလိမ့်မည်။ အစွမ်းနည်းနေသည်မှာ ရှက်စရာပင်။ သူ အမြန်ဆုံး ကျင့်ကြံမှ ဖြစ်တော့မည်။ ဂိုဏ်းထဲ သွားလာရာတွင်ပင် သူများဆီက လိုက်စီးနေရသည်မှာ သိက္ခာကျစရာပင်။
ချန်ရွှီကျင့်က လက်ကို ဝှေ့ယမ်းလိုက်ရာ လှပခမ်းနားသော ပျံသန်းလှေတစ်စင်း ပေါ်လာတော့သည်။ သူတို့နှစ်ဦး ပျံသန်းလှေပေါ်သို့ တက်လိုက်ကြပြီးနောက် ဝေးကွာသော အရပ်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြတော့သည်။
"စီနီယာ... မေးပါရစေဦး စီနီယာ ဂိုဏ်းထဲကို ဘယ်လိုဝင်ခဲ့တာလဲဟင်"
ပျံသန်းလှေပေါ်တွင် ရပ်နေရင်း ချန်ရွှီကျင့်က သူ၏ စူးစမ်းလိုစိတ်ကို မအောင့်နိုင်တော့ဘဲ မေးလိုက်ခြင်း ဖြစ်သည်။
"ငါက ကံကောင်းလို့ တံဆိပ်ပြားတစ်ခု ရခဲ့တာပါ... အဲဒီတံဆိပ်ပြားကြောင့် တာအိုသန့်စင်ဂိုဏ်းကို ဝင်ခွင့်ရခဲ့တာ"
ကျန်းယွီဟယ်က ဘာမှ ဖုံးကွယ်မထားပေ။ ဤကိစ္စမှာ မကြာမီ ဂိုဏ်းတစ်ခုလုံးတွင် ပြန့်နှံ့သွားမည်မှာ သေချာလှသည်။ ဘာမှမဟုတ်သည့် လူတစ်ယောက်က အတွင်းစည်းတပည့် ဖြစ်လာသည်ဆိုလျှင် အခြားသူများက အတင်းအဖျင်း ပြောကြမည်မှာ ဓမ္မတာပင်။
"စီနီယာကတော့ တကယ့်ကို ကံထူးသူပါပဲ"
ချန်ရွှီကျင့်က သက်ပြင်းချရင်း ဆိုလိုက်သည်။ သူသည်လည်း တာအိုသန့်စင်ဂိုဏ်း၏ တံဆိပ်ပြားအကြောင်းကို ကြားဖူးသော်လည်း နှစ်ပေါင်း တစ်သိန်းနီးပါး ကြာပြီးမှ ပြင်ပမှာ ကျန်နေသေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျန်းယွီဟယ်က ကောက်ရခဲ့သည်မှာ အမှန်ပင် မနာလိုစရာ ကံကောင်းမှုမျိုး ဖြစ်သည်။
ဘေးတွင် ရပ်နေသော ကျန်းယွီဟယ်ကတော့ ချန်ရွှီကျင့် ဘာတွေးနေသည်ကို မသိပေ။ အကယ်၍ သူသာ သိခဲ့လျှင် "ဒါက ကျားနတ်ဆိုးကို သတ်လိုက်ရုံပဲလေ... ဒါက ကစားသမားတွေအတွက် အကျိုးခံစားခွင့်ပဲ မင်းတို့ ဒေသခံတွေ နားမလည်ပါဘူး" ဟု ပြန်ပြောမိပေလိမ့်မည်။
***