ပျံသန်းတိမ်တိုက်လှေက ဂိုဏ်းဝင်ပေါက်ကို ဖြတ်ကျော်ကာ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။ လမ်းခရီးတစ်လျှောက်တွင် ချန်ရွှီကျင့်က ဂိုဏ်းအတွင်းရှိ အခြေအနေများကို အခါအားလျော်စွာ ရှင်းပြပေးနေသဖြင့် ကျန်းယွီဟယ်အတွက် ရှုထောင့်အသစ်များစွာ ရရှိခဲ့သည်။
ချန်ရွှီကျင့်၏ ပြောပြချက်အရ တာအိုသန့်စင်ဂိုဏ်းက ယွီဖန်ကောင်းကင်ဘုံ၌ နှစ်ပေါင်းသန်းနှင့်ချီ၍ တည်တံ့လာခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းသောင်းနှင့်ချီသော ကာလတစ်ခုစီတိုင်းတွင် ကပ်ဘေးကို ကျော်လွှားကာ နတ်ဘုရားအဖြစ် တက်လှမ်းသွားသည့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ အမြဲတစေ ပေါ်ထွက်ခဲ့သည်။ ယခုအချိန်အထိပင် တာအိုသန့်စင်ဂိုဏ်း၌ မဟာယာန ကောင်းကင်တက်လှမ်းခြင်းအဆင့်ဘိုးဘေးများ ရှိနေဆဲဖြစ်သော်လည်း အရေအတွက် မည်မျှရှိသည်ကိုမူ ချန်ရွှီကျင့်ကိုယ်တိုင်ပင် အတိအကျ မပြောနိုင်ပေ။
မဟာယာန ဘိုးဘေးအရှင်သခင်များက ဂိုဏ်း၏ အတွင်းပိုင်း တောင်တန်းများထဲတွင်သာ အောင်း၍ ကျင့်ကြံနေကြပြီး နှစ်ပေါင်းထောင်ချီအောင် လူမြင်ကွင်းသို့ ထွက်လာခြင်း မရှိကြပေ။ တစ်နေ့နေ့တွင်မူ အဆိုပါ ဘိုးဘေးများထဲမှ တစ်ဦးက ကောင်းကင်ဘုံ ကပ်ဘေးကို ကျော်လွှားပြီး ကောင်းကင်ဘုံလှေကားထည်ကို ဖွင့်လှစ်ကာ ထာဝရအသက်ရှင်ခြင်း လမ်းစဉ်သို့ တက်လှမ်းသွားနိုင်ပေလိမ့်မည်။
ပျံသန်းလှေက မြောက်မြားလှစွာသော နတ်ဘုရားတောင်တန်းများနှင့် ပြာသာဒ်ဆောင်များကို ဖြတ်ကျော်ကာ လျင်မြန်စွာ ပျံသန်းနေသည်။ ရံဖန်ရံခါတွင် အမည်မသိ နတ်ဘုရားငှက်များက သူတို့ဘေးမှ ဝှစ်ခနဲ ဖြတ်ပျံသွားတတ်သည်။ ကျန်းယွီဟယ် ဇဝေဇဝါ ဖြစ်စေသည့်အချက်မှာ လမ်းခရီးတွင် အခြားဂိုဏ်းတူတပည့်များကို လုံးဝနီးပါး မတွေ့ရခြင်းပင်။ တာအိုသန့်စင်ဂိုဏ်းကြီးတစ်ခုလုံးတွင် လူအနည်းငယ်သာ ရှိသကဲ့သို့ ခံစားနေရသည်။
သို့သော် ချန်ရွှီကျင့်က ချက်ချင်းပင် ရှင်းပြပေးသည်။ တာအိုသန့်စင်ဂိုဏ်း၌ အပြင်စည်းတပည့် တစ်သိန်းနှင့် အတွင်းစည်းတပည့် သုံးထောင်ခန့် ရှိသော်လည်း ထိုတပည့်များက တာဝန်များဖြင့် အပြင်ထွက်နေကြခြင်း သို့မဟုတ် မိမိတို့၏ ဂူဗိမာန်များထဲတွင်သာ အောင်း၍ ကျင့်ကြံနေကြခြင်း ဖြစ်သည်။ အပြင်စည်းဖြစ်စေ၊ အတွင်းစည်းဖြစ်စေ ထာဝရအသက်ရှင်ခြင်း လမ်းစဉ်ကို ကျင့်ကြံသူတိုင်း၏ ယုံကြည်ချက်မှာ တူညီကြသည်။ ကိစ္စမရှိလျှင် ဂိုဏ်းထဲ၌ လျှောက်သွားနေလေ့ မရှိကြပေ။ ထို့ကြောင့်လည်း လူသူကင်းမဲ့နေသကဲ့သို့ ဖြစ်နေခြင်းပင်။
ကျန်းယွီဟယ်က ထိုစကားကို ကြားသောအခါ တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။ ယခုအချိန်တွင် တာအိုသန့်စင်ဂိုဏ်းအပေါ် သူ၏ အမြင်မှာ အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားခဲ့သည်။ မူလက သူထင်ထားသည်မှာ တာအိုသန့်စင်ဂိုဏ်းက ယွီဖန်ကောင်းကင်ဘုံ၌ အကြီးစိုးဆုံး ဖြစ်နေသဖြင့် တပည့်များမှာ အလွန်အမင်း မောက်မာကြလိမ့်မည် ဟူ၍ ဖြစ်သည်။ ပညာပြချင်သော သူဌေးသား သို့မဟုတ် ပါရမီရှင် အကြောတင်းလေးများ ပေါ်လာမည်ဟု သူ မျှော်လင့်ထားခဲ့သည်။ “ငါက ကမ္ဘာပေါ်မှာ အတော်ဆုံးပဲ” ဟု တွေးကာ မောက်မာနေကြသည်မှာ သဘာဝကျသည် မဟုတ်ပါလား။
သို့သော် လက်တွေ့မှာ ထိုသို့ မဟုတ်ပေ။ ဧည့်ကြိုဌာနက ကျောက်ချင်းချင်းမှစ၍ စီမံရေးရာဌာနက ချန်ရွှီကျင့်အထိ လူတိုင်းမှာ နှိမ့်ချမှုရှိပြီး ကြင်နာကြသည်ကို သူ တွေ့ရှိခဲ့ရသည်။ ကမ္ဘာပေါ်တွင် နံပါတ်တစ် ဖြစ်နေသော်လည်း တပည့်ပေါင်း တစ်သိန်းလုံးမှာ ပျင်းရိခြင်းမရှိဘဲ ကြိုးစားကျင့်ကြံနေကြသည်။ ဤသည်မှာ မည်မျှ အင်အားကြီးမားသော ယုံကြည်ချက်နှင့် ထိတ်လန့်ဖွယ် ကောင်းလှသော ခွန်အား ဖြစ်သနည်း။
ကျန်းယွီဟယ်က တာအိုသန့်စင်ဂိုဏ်းကို စိတ်ရင်းဖြင့် လေးစားမိသွားသည်။ ယင်းဂိုဏ်းက နှစ်ပေါင်းသန်းချီ၍ ယွီဖန်ကောင်းကင်ဘုံကို အုပ်စိုးနိုင်ရခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။ ဤမျှ အားကောင်းလှသော ကျင့်ကြံခြင်း ပတ်ဝန်းကျင်မျိုးနှင့်ဆိုလျှင် ဤလောက၌ မည်သူက ယှဉ်နိုင်ပါဦးမည်နည်း။ ဤကဲ့သို့သော ကျင့်ကြံခြင်း ပတ်ဝန်းကျင်မျိုးကိုလည်း သူ သဘောကျလှသည်။ အားလုံးက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကျင့်ကြံနေကြခြင်း တစ်ခုခုဖြစ်လာပါကလည်း အားလုံးက ဝိုင်းဝန်းဖြေရှင်းကြခြင်းမျိုးပင်။ ကျင့်ကြံခြင်းဆိုသည်မှာ ဤသို့ပင် ဖြစ်သင့်သည်ဟု ကျန်းယွီဟယ် ခံစားမိသည်။ ပရိယာယ်များ နည်းပြီး လက်တွေ့ဆန်ခြင်းပင်။
ပျံသန်းလှေက အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာပြီးနောက် တောင်ထိပ်တစ်ခု၏ ရှေ့တွင် ရုတ်တရက် ရပ်တန့်သွားသည်။ ချန်ရွှီကျင့်က ရှေ့မှ တောင်ထိပ်ကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
"စီနီယာအစ်ကိုကြီးကျန်း... ရောက်ပါပြီ။ ဒါက စီနီယာ ရွေးထားတဲ့ ဂလက်ဆီတောင်ထိပ်ပါပဲ။ စီနီယာရဲ့ အမှတ်အသား ကျောက်စိမ်းပြားကို သုံးပြီး တောင်ရဲ့ အစီရင်အတားအဆီးတွေကို ဖွင့်နိုင်ပါတယ်"
ကျန်းယွီဟယ်က ကျောက်စိမ်းပြားကို ထုတ်ယူကာ ဝိညာဉ်စွမ်းအားများ ထည့်သွင်းလိုက်ရာ တောင်တစ်ခုလုံး၏ မြင်ကွင်းက သူ့မျက်စိရှေ့တွင် ပေါ်လာတော့သည်။ ရှေ့မှ တောင်တန်းများကို ကြည့်ရင်း သူက အလွန် စိတ်လှုပ်ရှားမိသွားသည်။ ယခုကစ၍ ထိုနေရာမှာ သူ၏ နယ်မြေ ဖြစ်လာခဲ့ပြီဖြစ်သည်။
"ညီလေးချန်... အထဲဝင်ပြီး ခဏလောက် ထိုင်ပါဦးလား"
ကျန်းယွီဟယ်က တောင်ပေါ်သို့ အလျင်စလို မတက်သေးဘဲ ချန်ရွှီကျင့်ကို ဖိတ်ခေါ်လိုက်သည်။ ချန်ရွှီကျင့်က လက်ခါပြကာ ငြင်းလိုက်သည်။
"မလိုပါဘူး စီနီယာ... စီမံရေးရာဌာနမှာ လုပ်စရာတွေ ရှိသေးလို့ပါ။ စီနီယာ ဂိုဏ်းကို ခုမှ ရောက်တာဆိုတော့ ပတ်ဝန်းကျင်နဲ့ အသားကျအောင် အရင် နားပါဦး"
"ကောင်းပါပြီ ညီလေး... အားတဲ့အခါ ဂလက်ဆီတောင်ထိပ်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်"
"သေချာပေါက် လာခဲ့ပါ့မယ်"
နှုတ်ဆက်စကားများ ပြောပြီးနောက် ချန်ရွှီကျင့်က ပျံသန်းလှေကို မောင်းနှင်ကာ ဝေးရာသို့ ပျံသန်းကွယ်ပျောက်သွားတော့သည်။ ကျန်းယွီဟယ်မှာ ချန်ရွှီကျင့် ထွက်သွားသည်ကို ကြည့်ပြီးနောက် ဂလက်ဆီတောင်ထိပ်ပေါ်သို့ ခြေချလိုက်သည်။ တောင်ထိပ်ပေါ်တွင် ရပ်နေရင်း ပတ်ဝန်းကျင်ကို ကြည့်ကာ သူ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
"တစ်နေ့ကျရင် ငါ ဒီနေရာမှာပဲ တရားထူးရပြီး နတ်ဘုရားအဖြစ် တက်လှမ်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်"
သူက တောင်ပေါ်တွင် ပတ်ကြည့်နေစဉ် တိရစ္ဆာန်လေးအချို့က ဟိုဟိုဒီဒီ ခုန်ပေါက်နေကြသည်ကို တွေ့ရသည်။ မူလက တောင်ပေါ်တွင် သားရဲနတ်ဆိုးများ ရှိနေသည်ဟု ထင်ကာ သူ ထိတ်လန့်သွားသော်လည်း မကြာမီတွင်ပင် သက်ပြင်းချနိုင်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုတိရစ္ဆာန်လေးများမှာ သာမန်တိရစ္ဆာန်များသာ ဖြစ်ပြီး သားရဲနတ်ဆိုးအဖြစ်သို့ ပြောင်းလဲနေခြင်း မရှိသောကြောင့်ပင်။ သာမန်တိရစ္ဆာန်များက သူ၏ ကျင့်ကြံခြင်းကို မထိခိုက်စေနိုင်သည့်အပြင် တောင်ပေါ်တွင် သက်ရှိအစုံအလင်ဖြင့် စိုပြေနေစေသဖြင့် ထားထားလိုက်ရုံသာ ရှိသည်။
ဂလက်ဆီတောင်ထိပ်မှာ အလွန်မကြီးမားဘဲ ပတ်လည် ဆယ်မိုင်ခန့်သာ ရှိပြီး တောင်တစ်လုံးနှင့် ကန်တစ်ခုသာ ပါဝင်သည်။ သို့သော် သူတစ်ယောက်တည်း နေရန်အတွက်မူ လုံလောက်လှပေသည်။ ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် သူ အလွန်သဘောကျသွားသော်လည်း ပြဿနာတစ်ခုကို တွေ့လိုက်ရသည်။ ဂလက်ဆီတောင်ထိပ်ပေါ်တွင် မည်သည့် အဆောက်အဦးမှ မရှိခြင်းပင်။
"အခန်းတစ်ခန်းတောင် မရှိဘူးပဲ... ဒီည ငါ ဘယ်မှာ အိပ်ရမှာလဲ"
"တာအိုသန့်စင်ဂိုဏ်းက တပည့်တွေအားလုံးက ကွင်းပြင်မှာပဲ အိပ်ကြတာလား... မဖြစ်နိုင်တာ"
"ထားလိုက်ပါတော့... ငါ့ဘာသာပဲ လုပ်ယူလိုက်မယ်"
ကျန်းယွီဟယ်က ပျံသန်းနေသော ဓားကို ထုတ်ယူကာ လက်ညှိုးညွှန်လိုက်ရာ အဝေးမှ သစ်ပင်ကြီးများစွာ လဲကျသွားတော့သည်။ သစ်ကို တိုင်လုပ် ကျောက်ကို အုတ်လုပ်ကာ သူကိုယ်တိုင် အလုပ်ရှုပ်နေတော့သည်။ ညနေစောင်းသောအခါ တောင်ထိပ်ပေါ်တွင် လှပသော ပြာသာဒ်ဆောင်လေးတစ်ခု ပေါ်လာတော့သည်။ ပြာသာဒ်ရှေ့တွင် ကြီးမားသော ကျောက်တုံးကြီးတစ်ခုရှိပြီး ၎င်းပေါ်တွင် ဂလက်ဆီစံအိမ်တော်ဟု စာလုံးထွင်းထားလေသည်။
"မဆိုးဘူး... မဆိုးဘူး... ဒါက ကမ္ဘာပေါ်က ခြံဝန်းနဲ့ ဗီလာတွေထက်တောင် ပိုခန့်သေးတယ်"
သူကိုယ်တိုင် ဆောက်လုပ်ထားသော စံအိမ်ကို ကြည့်ပြီး ကျန်းယွီဟယ် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ကျင့်ကြံသူတစ်ဦး ဆောက်လုပ်သော အိမ်မှာ အရည်အသွေး ကောင်းမွန်နေမည်မှာ အမှန်ပင်။
"တစ်ခုခု စားပြီးရင် ကောင်းကောင်း အိပ်လိုက်မယ်... မနက်ဖြန်ကျမှ ကျမ်းစာမျှော်စင်ကို သွားပြီး ကျင့်စဉ်တစ်ခု ရွေးရမယ်"
အကြီးအကဲလုက ကျမ်းစာမျှော်စင်ထဲမှ ကြိုက်နှစ်သက်ရာ ကျင့်စဉ်ကို ရွေးချယ်ခွင့် ပေးထားသည်။ ကျမ်းစာမျှော်စင်ရှိ ကျင့်စဉ်များမှာ အဆင့်မြင့်ဆုံး ကျင့်စဉ်များသာ ဖြစ်သည်။ ကောင်းကင်အဆင့်ကျင့်စဉ်ဆိုသည်မှာ ယွီဖန်ကောင်းကင်ဘုံတစ်ခုလုံးတွင် တာအိုသန့်စင်ဂိုဏ်း၌သာ ရှိသော အဖိုးမဖြတ်နိုင်သည့် အရာများ ဖြစ်သည်။ အခြားအဖွဲ့အစည်းများအတွက်မူ နက်နဲသောအဆင့်ကျင့်စဉ်တစ်ခု ရှိနေလျှင်ပင် ဘိုးဘေးတွေ ကံကောင်းခဲ့၍ဟု ဆိုရပေလိမ့်မည်။
systemမှပေးသော ချီစုပ်ယူခြင်းကျင့်စဉ်မှလွဲ၍ ကျန်းယွီဟယ်က အခြားသော တကယ့်ကျင့်စဉ်များကို မထိတွေ့ဖူးသေးပေ။ ထို့ကြောင့် မနက်ဖြန်အတွက် သူ အတော်လေး မျှော်လင့်နေမိသည်။
ငွေရောင်လမင်းကြီးက ကောင်းကင်ယံတွင် ထွန်းလင်းနေပြီး သိမ်မွေ့သော အလင်းတန်းများက တာအိုသန့်စင်ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့နေသည်။ လရောင်အောက်တွင် ကျန်းယွီဟယ်က ကျောက်ခုံပေါ်၌ ထိုင်ကာ အသားကင်ကို ငြိမ်သက်စွာ စားနေသည်။
လောလောဆယ်တွင် အခြား ကောင်းမွန်သော အစားအစာကို သူ မရှာနိုင်သေးပေ။ တာအိုသန့်စင်ဂိုဏ်းသို့ ဝင်ခွင့်ရခဲ့သော်လည်း သူ၏ နေထိုင်စားသောက်မှု အခြေအနေမှာတော့ တိုးတက်မလာသေးပေ။ ဂိုဏ်းက အကောင်းဆုံး ကျင့်ကြံခြင်း ပတ်ဝန်းကျင်နှင့် ကျင့်စဉ်များကို ပေးသော်လည်း နေ့စဉ်ဘဝအတွက်မူ ဘာမှ ထောက်ပံ့ပေးခြင်းမရှိဘဲ မိမိဘာသာ ရုန်းကန်ကြရသည်။ ဤသို့ ခက်ခက်ခဲခဲ နေထိုင်ခြင်းမှာလည်း ကျင့်ကြံခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပေလိမ့်မည်။
"တခြား ကစားသမားတွေ ဘာလုပ်နေကြလဲ ကြည့်ဦးမှပဲ"
ကျန်းယွီဟယ်က အသားကင်ကို စားရင်း ချတ်ချန်နယ်ကို ဖွင့်လိုက်သည်။
"နောက်ထပ် ညတစ်ည ရောက်လာပြန်ပြီ။ ယွီဖန်ကောင်းကင်ဘုံမှာ ရောက်နေတာ တစ်လကျော်ပြီဆိုပေမယ့် ညဘက်ဆိုရင်တော့ ကြောက်နေတုန်းပဲ"
"ဘာကြောက်နေတာလဲ... ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်လေ။ တောရိုင်းသတ္တဝါတွေ လာရင် သတ်စားလိုက် သရဲတွေလာရင်လည်း ပြန်ချလိုက်ပေါ့"
"ဟေ့လူ... ခင်ဗျားကတော့ တကယ့် လူကြမ်းပဲ"
"လီရှာမြို့က ဘရိုတွေ ရှိလား... မနက်ဖြန် သားရဲတွေ သွားသတ်ဖို့ အဖွဲ့ဖွဲ့ကြရအောင်"
"တောရိုင်းထဲကနေ ထွက်နိုင်သွားတဲ့ လူကြီးမင်းတွေကို အားကျလိုက်တာ"
“ငါလည်း အားကျပါတယ်” ကျန်းယွီဟယ်က စိတ်ထဲကနေ လှမ်းပြောလိုက်သည်။
"လီရှာမြို့က ဘယ်မှာလဲဟင်... ကျွန်တော်ကတော့ ဒီဘုရားကျောင်းပျက်ကြီးထဲမှာပဲ နေ့တိုင်း အောင်းနေရတယ်။ အသီးအနှံလေးတွေ ထွက်ခူးတာကလွဲရင် ဘယ်မှ မသွားရဲဘူး။ အပြင်လောကက ဘယ်လိုလဲတောင် မသိဘူး"
"သတ္တိမွေးပြီး အပြင်ထွက်ကြည့်စမ်းပါ"
"မထွက်ရဲဘူး... ကြောက်တယ်"
"သားရဲတွေကို မကြောက်ပါနဲ့... လမ်းကြောင်းမှန်မှန်ရွေးပြီး တည့်တည့်သာ ထွက်ခဲ့။ သန်တဲ့ကောင်တွေတွေ့ရင် ရှောင်သွားပေါ့။ ဒါဆိုရင်တော့ တောရိုင်းထဲကနေ ထွက်လာနိုင်မှာပါ"
"ဟုတ်တယ်... ငါဆိုရင် သာမန်လူ အဆင့်ပဲ ရှိသေးတာတောင် တောရိုင်းထဲက ထွက်လာနိုင်ခဲ့ပြီ"
"မဖြစ်နိုင်တာ... ခင်ဗျားတို့က အဲဒီလောက်တောင် သန်တာလား"
"ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့။ ကျင့်ကြံနေသရွေ့ အဆင့်မတက်သေးရင်တောင် ခွန်အားက သိသိသာသာ တိုးလာမှာပဲ။ သာမန် သားရဲလေးတွေကိုတော့ အေးဆေး ကိုင်တွယ်နိုင်ပါတယ်"
"ဟုတ်တယ်... ငါဆိုရင် အခု သစ်ပင်တစ်ပင်ကို လက်သီးနဲ့ ထိုးချိုးနိုင်နေပြီ။ အဆင့်တော့ မတက်သေးဘူး သာမန်လူပဲ ရှိသေးတယ်"
"ဒါနဲ့... အခု ချီကျင့်ကြံခြင်း ပထမအဆင့်ကို ရောက်တဲ့သူ ဘယ်လောက်ရှိပြီလဲ"
"မသိဘူး... လူကြီးမင်းတွေကတော့ လူမြင်ကွင်း ထွက်လာလေ့ မရှိဘူးလေ"
"ဟားဟား... ငါကတော့ ချီကျင့်ကြံခြင်း ပထမအဆင့်ကို ရောက်သွားပြီ။ မီးလုံးငယ် မှော်သိုင်းကွက် ကိုတောင် တတ်သွားပြီ။ လော့ဂ်အောက် ထွက်ပြီးရင် အားလုံးကို ပြပေးမယ်"
"ဝါး... ဒီလူကတော့ တကယ့်ကို လန်းတာပဲ"
"တကယ်ကို အားကျမိပါတယ်..."
***