ညမှောင်လာပြီး ညနေ ၈ နာရီသို့ ရောက်သောအခါ ကျန်းယွီဟယ်က ယွီဖန်ကောင်းကင်ဘုံသို့ အမြန်ဝင်လိုက်သည်။
အချိန်တွေ ကုန်ဆုံးသွားသည်နှင့်အမျှ တာအိုသန့်စင်ဂိုဏ်း၌ အတွင်းစည်းတပည့်အသစ် တစ်ယောက် ရောက်နေသည်ဟူသော သတင်းမှာ တပည့်များအကြား တဖြည်းဖြန့် ပြန့်နှံ့သွားခဲ့သည်။ မည်သူမျှ သူ့ကို မမြင်ဖူးကြသလို သူ၏ နောက်ကြောင်းကိုလည်း မသိကြပေ။ ရံဖန်ရံခါတွင် ဂလက်ဆီတောင်ထိပ်ကို ဖြတ်သွားသော တပည့်များသည် တောင်ပေါ်သို့ မော့ကြည့်ကာ စူးစမ်းတတ်ကြသည်။ သို့သော် တောင်၏ အစီရင်ကို ဖွင့်ထားသဖြင့် အပြင်မှကြည့်လျှင် ဘာမှမမြင်ရပေ။
ကမ္ဘာမြေအချိန်ဖြင့် တစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီး ကျန်းယွီဟယ်မှာမူ တာအိုသန့်စင်ဂိုဏ်း၌ နှစ်နှစ်နီးပါး ကျင့်ကြံခဲ့ပြီး ဖြစ်သည်။
ယနေ့တွင်တော့ မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအားများမှာ ဂလက်ဆီတောင်ထိပ်ဆီသို့ လှိမ့်ဝင်လာနေကြသည်။ ကျန်းယွီဟယ်က ကျင့်ကြံခြင်းစင်မြင့်ပေါ်၌ တင်ပျဉ်ခွေထိုင်နေပြီး သူ၏ မျက်နှာမှာ အနည်းငယ် တင်းမာနေသည်။ သူက ဝိညာဉ်စွမ်းအားများကို တဖြည်းဖြည်း လမ်းညွှန်ကာ ဒန်ထျန်အတွင်းသို့ စီးဝင်စေသည်။
အချိန် မည်မျှကြာသွားသည် မသိသော်လည်း စုစည်းနေသော ဝိညာဉ်စွမ်းအားများမှာ တဖြည်းဖြည်း ပြန့်ကျဲသွားပြီးနောက် ကျန်းယွီဟယ်က သက်ပြင်းတစ်ချက်ကို အားရပါးရ ချလိုက်တော့သည်။
"နောက်ဆုံးတော့... ရွှေအမြုတေအဆင့်ကို ရောက်ပြီ"
နှစ်နှစ်နီးပါး ကျင့်ကြံခဲ့သည့် ကာလအတွင်း သူက တောင်အောက်သို့ တစ်ခါမျှ မဆင်းခဲ့ဘဲ ဂလက်ဆီတောင်ထိပ်မှာပင် အောင်း၍ ကျင့်ကြံခဲ့ရာ အခြေတည်အဆင့်မှ ရွှေအမြုတေအဆင့်သို့ တိုက်ရိုက် ရောက်ရှိလာခြင်း ဖြစ်သည်။ ဤကဲ့သို့သော ကျင့်ကြံခြင်းအရှိန်မျိုးမှာ ယွီဖန်ကောင်းကင်ဘုံတစ်ခုလုံးတွင် တစ်ဦးတည်းသာ ရှိပေလိမ့်မည်။ အခြားကျင့်ကြံသူများ တစ်သက်လုံး ကြိုးစားရမည့် အဆင့်ကို ကျန်းယွီဟယ်က နှစ်နှစ်အတွင်း အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
"ဟင်... ဒါက ဘာကြီးလဲ"
သူ၏ ဒန်ထျန်အတွင်းပိုင်း အခြေအနေကို စစ်ဆေးကြည့်လိုက်သောအခါ ကျန်းယွီဟယ် ကြောင်အမ်းသွားရသည်။ သူ၏ ဒန်ထျန်ရှိ ဝိညာဉ်စွမ်းအား ပင်လယ်ပြင်ကြီး၏ အထက်တွင် ရွှေရောင်လုံးချောနေသော အစေ့အဆန်လေးတစ်ခုမှာ ရွှေရောင်နေမင်းကြီးကဲ့သို့ ဝင်းလက်စွာ ဝဲပျံနေသည်။
"ငါ ရွှေအမြုတေအဆင့်ကို ရောက်ပြီလား။ ဒီရွှေရောင်အစေ့လေးက ငါ့ရဲ့ ရွှေအမြုတေလား"
ကျန်းယွီဟယ်မှာ သံသယအချို့ ဖြစ်ပေါ်လာသည်။ သူ နားလည်ထားသည်မှာ ရွှေအမြုတေ ဖွဲ့စည်းသည့် ဖြစ်စဉ်က ဒန်ထျန်အတွင်းရှိ အရည်ပျော်နေသော ဝိညာဉ်စွမ်းအားအားလုံးကို အစိုင်အခဲအဖြစ် ပြောင်းလဲပစ်ရခြင်း ဖြစ်သည်။ သို့သော် သူ၏ ဝိညာဉ်စွမ်းအား ပင်လယ်ကြီးမှာ ပျောက်ကွယ်မသွားဘဲ ရှိနေဆဲဖြစ်ပြီး ၎င်းအပေါ်တွင်မှ ရွှေရောင်နေမင်းကြီးတစ်စင်း တိုးလာခြင်း ဖြစ်သည်။
"ဒါကလည်း ရွှေအမြုတေ တစ်မျိုးပဲ ဖြစ်ရမယ်"
ကျန်းယွီဟယ်က သူ၏ အရှိန်အဝါကို အာရုံခံကြည့်ရာ ယခင်ကထက် ဆထက်ထောင်မက ပိုမိုပြင်းထန်လာသည်ကို တွေ့ရသည်။ ဤသည်မှာ သေချာပေါက် ရွှေအမြုတေအဆင့်ပင် ဖြစ်သည်။ အရှိန်အဝါကတော့ လိမ်မည်မဟုတ်ပေ။ သူက စံအိမ်ထဲမှ ထွက်လာပြီး တောင်ထိပ်ပေါ်သို့ တက်လိုက်သည်။ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် ဓားပျံတစ်လက်မှာ ရှေ့တွင် ပေါ်လာတော့သည်။
"သွားစမ်း..."
ဓားပျံက ကောင်းကင်ယံသို့ ပျံတက်သွားပြီး တောင်ခြေရှိ ကန်သာယာထဲသို့ ချက်ချင်း ထိုးစိုက်လိုက်သည်။
“ဝှစ်... ဘန်း...”
ဓားအလင်းမှာ ကန်ရေပြင်တစ်ခုလုံးကို နှစ်ခြမ်းခွဲပစ်လိုက်သကဲ့သို့ ဖြစ်သွားပြီး မရေမတွက်နိုင်သော ငါးအသေများမှာ ရေပေါ်သို့ ပေါ်လာတော့သည်။ တော်တော်ကြာမှ ကန်ရေပြင်မှာ ပြန်လည် ငြိမ်သက်သွားသည်။
"ပြန်လာခဲ့"
ကျန်းယွီဟယ်က လက်ကို ခေါ်လိုက်ရာ ခရမ်းရောင်ဓားပျံမှာ မျက်စိတစ်မှိတ်အတွင်း သူ့ဆီသို့ ပြန်ရောက်လာသည်။
"မဆိုးဘူး"
ဓားပျံ၏ စွမ်းအားကို ကြည့်ပြီး ကျန်းယွီဟယ် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ရွှေအမြုတေအဆင့်သို့ ရောက်ပြီးနောက် သူ၏ ခွန်အားမှာ သိသိသာသာ ခုန်ပျံကျော်လွှား တိုးတက်လာခဲ့ပြီ ဖြစ်သည်။ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် သူက မည်သည့်နေရာသို့သွားသွား ဆရာကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ ထို့အပြင် ကျန်းယွီဟယ်မှာ သာမန် ရွှေအမြုတေအဆင့်ထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်နေသည်ဟု သူ ခံစားနေရသည်။
"ဒါတွေ တွေးမနေတော့ပါဘူး... ငါက ဘယ်သူနဲ့မှ ရန်ဖြစ်မှာမှ မဟုတ်တာ"
သူက ကျင့်ကြံခြင်းကိုသာ မက်မောသည့် ကျင့်ကြံရေးသမား တစ်ဦးသာ ဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ ကပ်ဘေးကို ကျော်လွှားကာ နတ်ဘုရားအဖြစ် တက်လှမ်းရန်သာ ဖြစ်သည်။ သူက လက်ထဲက ခရမ်းရောင်ဓားပျံကို ကြည့်လိုက်သည်။ ၎င်းမှာ သူကိုယ်တိုင် သွန်းလုပ်ထားသော အဆင့်မြင့် မှော်ပစ္စည်း ယင်ဟယ်ဓား ဖြစ်သည်။ ဝူမိသားစု၏ ဆဋ္ဌမသခင်လေးထံမှ ရခဲ့သော ဓားကိုတော့ သူက အမှိုက်ပုံးထဲ ပစ်လိုက်သည်မှာ ကြာလှသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း သူက ကျင့်ကြံရုံသာမက ဆေးဖော်စပ်ခြင်း၊ အစီရင်အတတ်နှင့် အဆောင်လက်ဖွဲ့အတတ်များကိုပါ လေ့လာခဲ့ပြီး အားလုံးတွင် အောင်မြင်မှုအချို့ ရရှိထားသည်။ ပစ္စည်းများအတွက်လည်း အပြင်ထွက်ရှာစရာ မလိုပေ။ ဂိမ်း၏ ကုန်သွယ်ရေးဈေးကွက်တွင် ဝယ်ယူနိုင်သည်။
ယခုအခါ အခြားကစားသမားများမှာလည်း ချီကျင့်ကြံခြင်း စတုတ္ထ၊ ပဉ္စမအဆင့်များသို့ ရောက်ရှိနေကြပြီ ဖြစ်ရာ ဈေးကွက်တွင် ပစ္စည်းအမျိုးမျိုး ရရှိနေပြီ ဖြစ်သည်။ ကျန်းယွီဟယ်က ဈေးကွက်မှ ကုန်ကြမ်းများကို ဝယ်ယူကာ အဆင့်နိမ့် ဆေးလုံးများနှင့် မှော်ပစ္စည်းများကို ပြန်လည်သွန်းလုပ် ရောင်းချတတ်သည်။ အခြားကစားသမားများ၏ အမြင်တွင် ကျန်းယွီဟယ်မှာ ကျင့်ကြံခြင်းလောကမှ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးပင်။ သူကိုယ်တိုင် ဤပစ္စည်းများကို လုပ်သည်ဟု မည်သူမျှ မယုံကြပေ။ ဒေသခံ အင်အားစုတစ်ခုခု၏ လက်အောက်တွင် စီးပွားရေး ကူလုပ်ပေးနေသူဟုသာ အားလုံးက ထင်မှတ်ထားကြသည်။
"ငါ့ရဲ့ သက်စောင့်မှော်လက်နက်ကို သွန်းလုပ်ဖို့ အချိန်တန်ပြီ"
ကျန်းယွီဟယ်က ယင်ဟယ်ဓားကို သိမ်းလိုက်ပြီး စံအိမ်ထဲရှိ လက်နက်သွန်းလုပ်ဆောင်သို့ ဝင်လိုက်သည်။ ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံသူတိုင်းက မိမိ၏ အသက်နှင့် ထပ်တူကျသော သက်စောင့်မှော်လက်နက် တစ်ခုကို သွန်းလုပ်ကြရသည်။ ဤလက်နက်က ကျင့်ကြံသူ၏ အဆင့်နှင့်အညီ လိုက်ပါ အဆင့်မြင့်နိုင်ပြီး စွမ်းအင်စားသုံးမှုလည်း အလွန်နည်းပါးလှသည်။
ကျန်းယွီဟယ် သွန်းလုပ်ရန် ရည်ရွယ်ထားသည်မှာ ကိုးမိုးကောင်းကင် မူလဓား ဖြစ်သည်။ ဤလက်နက် သွန်းလုပ်နည်းကို မူလဟွန်ယွမ် ကောင်းကင်ကျမ်းစာထဲတွင် ဖော်ပြထားသည်။ ကိုးမိုးကောင်းကင် မူလဓား က ထူးခြားလှသည်။ ၎င်းမှာ ဓားတစ်လက်တည်း မဟုတ်ဘဲ ဓားကိုးလက်ဖြင့် ဖွဲ့စည်းထားသည့် လက်နက်တစ်ခု ဖြစ်သည်။ ဓားကိုးလက်လုံးကို တစ်ပြိုင်နက် အသုံးပြုပါက “ကိုးမိုးကောင်းကင် မူလဓားအစီရင်” ကို ဖော်ဆောင်နိုင်ပြီး တိုက်စစ်နှင့် ခံစစ် နှစ်မျိုးလုံးတွင် အလွန်အမင်း ပြင်းထန်လှသည်။
သူက လက်နက်သွန်းလုပ်ဆောင်ထဲရှိ ခြေလေးချောင်းပါသော “သားရဲလေးပါးအိုး” ရှေ့တွင် ထိုင်လိုက်သည်။ ဤအိုးမှာလည်း အဆင့်မြင့် မှော်ပစ္စည်းတစ်ခုပင်။ သူက နှစ်နှစ်ပတ်လုံး စုဆောင်းထားသော ရှားပါးကုန်ကြမ်းများကို တစ်ခုချင်း ထုတ်လိုက်သည်။ ကုန်ကြမ်းများမှာ အလွန်တန်ဖိုးကြီးလှသဖြင့် သူ ရှာဖွေရသည်မှာ မလွယ်ကူခဲ့ပေ။ ဆေးလုံးများ၊ အစီရင်ဗန်းများနှင့် အဆောင်လက်ဖွဲ့များကို ရောင်းချ၍ ရသမျှ ဝိညာဉ်ကျောက်တုံးအားလုံးကို ဤကုန်ကြမ်းများ ဝယ်ယူရာတွင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ကုန်ကြမ်းမှာ တစ်စုံတည်းသာ ရှိသဖြင့် မအောင်မြင်ပါက နောက်တစ်ကြိမ် ပြန်စုရန် အချိန်အများကြီး ပေးရမည်ဖြစ်သည်။ သို့သော် ကျန်းယွီဟယ်မှာ မစိုးရိမ်ပေ။ သူသည် လက်နက်သွန်းလုပ်ရာတွင် တစ်ခါမျှ မရှုံးဖူးပေ။ တစ်ခါတည်းနှင့် အမြဲတမ်း အောင်မြင်ခဲ့သူ ဖြစ်သည်။
ကျန်းယွီဟယ်က ကုန်ကြမ်းများကို အိုးထဲသို့ ထည့်လိုက်ပြီး မန္တန်လက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်ရာ အိုးအောက်တွင် ပြင်းထန်သော မီးတောက်များ တောက်လောင်လာတော့သည်။ သူသည် နတ်ဘုရားအာရုံကို အသုံးပြု၍ အိုးအတွင်းရှိ အပြောင်းအလဲများကို အမြဲမပြတ် စောင့်ကြည့်နေသည်။ ကုန်ကြမ်းများ အားလုံး အရည်ပျော်သွားသောအခါ ကျန်းယွီဟယ်သည် နတ်ဘုရားအာရုံဖြင့် ထိုအရည်များကို သေးငယ်သော ဓားပျံကိုးလက်အဖြစ် ပုံဖော်လိုက်သည်။
တော်တော်ကြာသောအခါ ကျန်းယွီဟယ်က လက်ကို ဝှေ့ယမ်းလိုက်ရာ အိုးအဖုံးမှာ ပွင့်ထွက်သွားပြီး ဓားပျံကိုးလက် ထွက်ပေါ်လာတော့သည်။ ထိုဓားကိုးလက်မှာ တစ်လက်နှင့်တစ်လက် မတူညီကြသော်လည်း သူတို့ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ တစ်ခုတည်းအဖြစ် ဆက်နွှယ်နေကြသည်။ ကျန်းယွီဟယ်က ဓားတစ်လက်ကို ယူ၍ သေသေချာချာ ကြည့်လိုက်သည်။ ဓားမှာ ဖန်သားကဲ့သို့ ကြည်လင်နေပြီး မျက်နှာပြင်မှာ စီးဆင်းနေသော ရေကဲ့သို့ပင်။ ၎င်းမှာ ရေဓာတ်ဓားပျံ ဖြစ်သည်။
ဓားရိုးပေါ်တွင် ယင်ဟယ်ရေ ဟူသော စာလုံးလေး သုံးလုံးကို ရေးထွင်းထားသည်။
"ကောင်းတယ်"
ကျန်းယွီဟယ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဓားကိုးလက်လုံးပေါ်တွင် သူ၏ အမှတ်အသားကို ထားရှိကာ ဒန်ထျန်အတွင်းသို့ စုပ်ယူလိုက်သည်။ သူ၏ ဒန်ထျန်ကို အာရုံခံကြည့်လိုက်သောအခါ ဝိညာဉ်စွမ်းအား ပင်လယ်ပြင်ထက်ရှိ ရွှေရောင်အမြုတေကို ဗဟိုပြု၍ ဓားပျံကိုးလက်မှာ ဖြည်းညှင်းစွာ လည်ပတ်နေသည်ကို မြင်တွေ့ရသည်။ သက်စောင့်မှော်လက်နက်ဆိုသည်မှာ ဒန်ထျန်အတွင်း၌ စောင့်ရှောက်ထားမှသာ တဖြည်းဖြည်း အစွမ်းထက်လာမည် မဟုတ်ပါလား။
"ပြီးသွားပြီ"
ကျန်းယွီဟယ်က လက်နက်သွန်းလုပ်ဆောင်ထဲမှ ထွက်လာပြီး ကျင့်ကြံခြင်းစင်မြင့်ပေါ်၌ ပြန်လည် ထိုင်လိုက်သည်။
"ကျင့်ကြံခြင်းကို ဆက်လုပ်ရအောင်"
လက်နက်သွန်းလုပ်ခြင်းမှာ ခဏတာ အနှောင့်အယှက်မျှသာ ဖြစ်ပြီး ကျင့်ကြံခြင်းကသာ အမြဲတမ်း လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ မနားတမ်း ကျင့်ကြံနေမှသာ နတ်ဘုရားအဖြစ် တက်လှမ်းနိုင်မည် မဟုတ်ပါလား။
***