"တိုက်ဆိုင်တာလည်း ဖြစ်နိုင်ပါတယ်…"
သူက မိမိကိုယ်ကို တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ခေါင်းခါလိုက်ပြီး ထိုအတွေးများကို ဘေးဖယ်ထားလိုက်ကာ တစ်ဖက်လူနှင့် စကားစပြောလေသည်။ ခဏအကြာတွင် ချိုက်ကျိကွမ်က ကိုယ်ကိုကိုင်းညွတ်ကာ ပြောလာသည်။
"လုချန်.. မဟာမိတ်အဖွဲ့ရဲ့ ချင်းယွန်း စီမံကိန်းထဲ တရားဝင်ဝင်ရောက်ဖို့ မင်းကို ငါ ဖိတ်ခေါ်ချင်တယ်"
"ဝိညာဉ်စွမ်းရည် မနိုးထလာခဲ့ရင်တောင် မင်းရဲ့ ပါရမီက ချင်းယွန်း မှတ်တမ်းမှာ နေရာတစ်နေရာရဖို့ လုံလောက်နေပါပြီ"
လုချန်က ခေါင်းငုံ့ကာ ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် တိုက်ရိုက်ပင် မေးလိုက်သည်။
"ချင်းယွန်း စီမံကိန်းမှာ ပါဝင်ရင် ဘာအကျိုးအမြတ်တွေ ရနိုင်မလဲ"
ထိုစကားကို ကြားသောအခါ ချိုက်ကျိကွမ်၏ အပြုံးက ပို၍ တောက်ပသွားသည်။ လုချန်၏ တိုက်ရိုက်ဆန်သော အမေးစကားကြောင့် သူ၏မျက်နှာပေါ်တွင် ဒေါသထွက်သွားသည့် အရိပ်အယောင်မရှိပေ။ ယခုလိုအချိန်မျိုး၌ လုချန်၏ တည်ငြိမ်နေမှုကိုပင် သူက အမှန်တကယ် သဘောကျသွားသေးသည်။
ကျင့်ကြံသူများအတွက် ပါရမီထက် စိတ်နေသဘောထားကလည်း တန်းတူအရေးကြီးလှသည် မဟုတ်ပါလား။ ကျင့်ကြံခြင်းလမ်းစဉ်တွင် အဆိုးရွားဆုံးအရာမှာ စိတ်လိုက်မာန်ပါနှင့် အဆင်အခြင်မဲ့ ပြုမူခြင်းပင်ဖြစ်သည်။ တည်ငြိမ်အေးဆေးသော စိတ်ထားမရှိခြင်းက ကျင့်ကြံသူများအတွက် အလွန်အန္တရာယ်များသော လက္ခဏာတစ်ရပ် ဖြစ်ပေလိမ့်မည်။
ဤကောင်လေးက အလွန်အေးဆေးတည်ငြိမ်နေသည်။ ဤသည်မှာ သူ၏ တည်ငြိမ်ခိုင်မာသော ဇွဲလုံ့လကို ပြသနေခြင်းပင်။
"အကျိုးအမြတ်တွေကတော့ အများကြီးပဲ" ဟု ချိုက်ကျိကွမ်က ပြောကာ စားပွဲပေါ်မှ စာရွက်စာတမ်းတစ်ခုကို သူ့ထံ တွန်းပို့ပေးလိုက်သည်။
"ဒါက သဘောတူညီချက် စာချုပ်ပဲ.. သေချာဖတ်ကြည့်လိုက်... တခြားလိုအပ်တာရှိရင်လည်း ငါ့ကိုသာ ပြောပါ... မင်းရနိုင်သမျှ ရအောင် ငါ အစွမ်းကုန် ကူညီပေးမယ်"
လုချန်က စာချုပ်ကို ဖွင့်ကာ အထက်ပါ စည်းကမ်းချက်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့ဩတုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။ ယနေ့တွင် ဤသည်မှာ ဒုတိယအကြိမ်မြောက် သူ အံ့ဩတုန်လှုပ်ရခြင်း ဖြစ်သည်။ ပထမအကြိမ်က ယွမ် ဘီလီယံ ၁၂၀ တန်ကြေးရှိသော သိုင်းပညာရပ်၏ မတန်တဆ ဈေးနှုန်းကြောင့် ဖြစ်သည်။ ဒုတိယအကြိမ်မှာမူ ဤစာချုပ်ပါ အကြောင်းအရာများကြောင့်ပင်။
အထက်ပါ စည်းကမ်းချက်များက သူ တွေးထင်ထားသည်ထက် များစွာ ပို၍ အကျိုးရှိနေသည်။ သဘောတူညီချက်များမှာ အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း ဖြစ်သည်။
၁။ ငွေသားထောက်ပံ့ကြေး ယွမ် သန်း ၆၀၀ ရရှိမည်။
၂။ အဆင့်-A အခြေစိုက်မြို့တော်တွင် အိမ်ကြီးတစ်လုံး ရရှိနိုင်သည်။ သို့သော် ကနဦးသတ်မှတ်ချက်များ ရှိသည်။ လျှောက်ထားခွင့်ရရန် သုံးလအတွင်း အဆင့်-E စစ်သည်တော်တစ်ဦး ဖြစ်လာရမည်။
၃။ အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ဆေးရည် ၂ ပုလင်း ရရှိမည်။
၄။ မဟာမိတ်အဖွဲ့၏ အတွင်းပိုင်း ကုန်သွယ်ရေးပလက်ဖောင်းမှ မည်သည့်အရာကို ဝယ်ယူသည်ဖြစ်စေ ၅၀ ရာခိုင်နှုန်း လျှော့ဈေး ခံစားခွင့်ရမည်။ သေချာပေါက် ဤအချက်တွင်လည်း ကနဦးသတ်မှတ်ချက် ရှိသည်။ တစ်နှစ်အတွင်း အဆင့်-E စစ်သည်တော်၏ ဒသမအဆင့်သို့ အဆင့်ဖောက်ထွက်နိုင်သူများသာ ဤအခွင့်အရေးကို ခံစားနိုင်သည်။
၅။ မဟာမိတ်အဖွဲ့၏ ဈေးဆိုင်မှ မည်သည့် သိုင်းပညာရပ်ကိုမဆို ရွေးချယ်နိုင်သည်။ သတ်မှတ်ချက်မှာ တစ်လအတွင်း ဒသမအဆင့် စစ်သည်တော်အဖြစ်သို့ အဆင့်ဖောက်ထွက်ရမည် ဖြစ်သည်။
၆။ မဟာမိတ်အဖွဲ့၏ ဈေးဆိုင်မှ မည်သည့် လက်နက်ကိုမဆို ရွေးချယ်နိုင်သည်။ တန်ကြေးအားဖြင့် ယွမ် သန်း ၂၀၀ အောက် ရှိရမည်။
စည်းကမ်းချက်များကို ကြည့်ပြီးနောက် လုချန်က အတော်ကြာ ဆွံ့အသွားသည်။
“ငွေသား သန်း ၆၀၀ လား...”
သူတို့မိသားစု၏ ပိုင်ဆိုင်မှုအားလုံးကို ပေါင်းလိုက်လျှင်ပင် သန်း ၁၀၀ မပြည့်နိုင်ပေ။
“အဆင့်A အခြေစိုက်မြို့တော်က အိမ်ကြီးတစ်လုံးတဲ့လား...”
ဤသည်က အိမ်တစ်လုံးထက် ပိုသောအဓိပ္ပာယ်ကို ဆောင်သည်။ လူပေါင်း ဘီလီယံချီ၍ အိပ်မက်မက်နေရသော နေရာတစ်ခုတွင် နေထိုင်ခွင့် အပြည့်အဝရရှိခြင်းဟု အဓိပ္ပာယ်ရလေသည်။
လက်ရှိအချိန်၌ မြေရိုင်းလွင်ပြင်တစ်ခုလုံးတွင် အခြေစိုက်မြို့တော် ထောင်ပေါင်းများစွာ ရှိသည်။ ၎င်းတို့ကို A, B, C, D နှင့် E ဟူ၍ အဆင့်ငါးဆင့် ခွဲခြားထားသည်။ အထူးအဆင့်ဖြစ်သော အဆင့်-E ခံတပ်များကို ဖယ်လိုက်လျှင် အရေအတွက်အများဆုံးမှာ အဆင့်D အခြေစိုက်မြို့တော်များ ဖြစ်ကြသည်။
အဆင့်A တွင်မူ မြို့တော် ၈ မြို့သာ ရှိလေသည်။ အဆင့်A အခြေစိုက်မြို့တော်များက လူသားယဉ်ကျေးမှု၏ အမြင့်ဆုံးသော အနှစ်သာရများသာမကဘဲ အဆင့်အမြင့်ဆုံးသော နည်းပညာများ၊ အဆင့်အမြင့်ဆုံးသော ဝိညာဉ်ရေးရာ ကျင့်ကြံမှုများကို ကိုယ်စားပြုနေသည်။
ဤမြေရိုင်းလွင်ပြင်တွင် အလုံခြုံဆုံးသော ခံတပ်လည်း ဖြစ်နေဆဲပင်။ ၎င်း၏ ဧရိယာအကျယ်အဝန်းမှာ အဆင့်-D အခြေစိုက်မြို့တော်တစ်ခုထက် အဆတစ်ရာမက ပို၍ ကြီးမားကျယ်ပြန့်သည်။ ၎င်း၏ မြင့်မားသော တံတိုင်းကြီးများသည် စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်အောင် ခမ်းနားထည်ဝါလှသည်။ လူ့လောကတစ်ခုလုံးရှိ အမှန်တကယ် အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများက ထိုနေရာ၌သာ နေထိုင်ကြသည်။
သာမန်လူများတွင် အဆက်အသွယ်မရှိကြပေ။ သူတို့က အဆင့်A အခြေစိုက်မြို့တော်သို့ ဝင်ရောက်ရန်ပင် အရည်အချင်းမမီကြပေ။ ထိုမြို့တော်၌ နေထိုင်ခွင့်ရရန်ဆိုသည်မှာ ပြောနေစရာပင် မလိုတော့။
“အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ဆေးရည်...”
လုချန် အင်တာနက်ပေါ်တွင် မြင်ဖူးသည်။ အချို့က ပြောကြသည်... ၎င်းကို သောက်သုံးခြင်းဖြင့် သာမန်လူတစ်ယောက်၏ ခွန်အားကို ကီလိုဂရမ် ၆၀၀ အထိ တိုးမြှင့်ပေးနိုင်ပြီး အမြန်နှုန်းကို တစ်စက္ကန့်လျှင် မီတာ ၂၀ အထိ မြှင့်တင်ပေးနိုင်သည်ဟု ဆိုကြသည်။ ဈေးနှုန်းအားဖြင့်မူ... တစ်ပုလင်းလျှင် အနည်းဆုံး ယွမ် သန်း ၁၀၀ တန်ကြေးရှိသည်။
ယခု သူတို့က သူ့အား နှစ်ပုလင်း အလကားပေးနေခြင်း ဖြစ်သည်။ သူ မလိုအပ်လျှင်တောင်မှ သူ၏ မိဘများအတွက် အကျိုးရှိနိုင်သည်။ သူတို့အားလုံးက သာမန်လူများသာ ဖြစ်ကြသည်။ ဤသည်မှာ သူတို့အတွက် ဘဝကို ပြောင်းလဲပေးနိုင်သော အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပေသည်။
ပါရမီ မနိုးထနိုင်ခြင်းနှင့် ပတ်သက်၍ သူ အမှန်တကယ် အစွမ်းထက်သူတစ်ဦး ဖြစ်လာသောအခါ ဝိညာဉ်သွေးကြောပြဿနာကို ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေနိုင်လိမ့်မည်။ တစ်စုံတစ်ယောက်၏ စွမ်းအားက အတိုင်းအတာတစ်ခုအထိ ရောက်လာသောအခါ လက်ရှိရင်ဆိုင်နေရသော ပြဿနာများက ပြဿနာများ မဟုတ်တော့ပေ။
"အမ်း... မန်နေဂျာချိုက် ကျွန်တော် ဘယ်သိုင်းပညာရပ်ကိုမဆို ရွေးချယ်နိုင်တယ်ဆိုတာက... အခြေခံ သိုင်းပညာရပ်တွေကို ပြောတာလား ဒါမှမဟုတ် တရားဝင် သိုင်းပညာရပ်တွေပါ ပါတာလား"
လုချန်က မေးလိုက်သည်။ သူက မန်နေဂျာချိုက်အား မော့ကြည့်လိုက်သည်။ သူ၏ လည်ချောင်းမှာ ရုတ်တရက် အနည်းငယ် ခြောက်ကပ်သွားသလို ခံစားလိုက်ရသည်။
လုချန်၏ မျက်နှာပေါ်ရှိ စိုးရိမ်တကြီး သိချင်နေသော အမူအရာကို ချိုက်ကျိကွမ်က မြင်လိုက်သည်။ သူက အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။ အဆုံးတော့ ငါ မင်းကို ဆွဲဆောင်နိုင်သွားပြီ မဟုတ်လား ဟု စိတ်ထဲမှ တွေးလိုက်မိသည်။ သူက ပြုံးလျက် ပြန်ဖြေသည်။
"သေချာပေါက် တရားဝင် သိုင်းပညာရပ်တွေပါ ပါဝင်တာပေါ့"
"မှန်တယ်... မင်း ယွမ် ဘီလီယံ ၁၂၀ အထိ တန်ကြေးရှိတဲ့ သိုင်းပညာရပ်တွေကိုတောင် ရွေးချယ်ခွင့်ရှိတယ်... ဒါပေမဲ့... ကနဦးသတ်မှတ်ချက်တွေကိုတော့ မင်း မြင်ပြီးလောက်ပြီ မဟုတ်လား... သတ်မှတ်ချက်တွေကို မင်း ပြည့်မီနိုင်မယ်လို့ ထင်သလား"
ဤအခိုက်အတန့်၌ လုချန်၏ စိတ်ထဲတွင် ပြင်းပြသော ဆန္ဒတစ်ခု ဖြစ်ပေါ်လာသည်။ လက်ရှိ သူ၏ အစစ်အမှန် ကျင့်ကြံမှုအဆင့်ကို နေရာအရောက်မှာပင် ထုတ်ဖော်ပြသချင်စိတ် ပေါက်သွားသည်။ သို့သော် အဆုံးတွင်တော့ သူက စိတ်ကို ပြန်ထိန်းလိုက်သည်။
ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံရခြင်းက သူ့အတွက် သေချာပေါက် ပျော်စရာကောင်းပေလိမ့်မည်။ သို့သော် သူ အများကြီး ထုတ်ဖော်ပြသလိုက်မိလျှင် သူ့ကို ဘီလူးသရဲတစ်ကောင်လို မြင်သွားကြပေမည်။ သူများထက် ခြေတစ်ဝက်ခန့် ရှေ့ရောက်နေခြင်းက ပါရမီရှင်ဖြစ်သည်။ သို့သော် ခြေတစ်လှမ်း အပြည့် ကြိုရောက်နေခြင်းကတော့ ရူးသွပ်မှုတစ်ခုပင်။
မသိကျွမ်းသေးသော အရာများအပေါ် လူသားတို့၏ သိချင်စိတ်က စူးစမ်းလိုစိတ်များ ရှိနေသကဲ့သို့ တစ်ချိန်တည်းမှာပင် ကြောက်ရွံ့မှုများဖြင့်လည်း ပြည့်နှက်နေတတ်သည်။ အကယ်၍ သူသာ အစွမ်းအစများကို အများကြီး ထုတ်ဖော်လိုက်မိလျှင် သူ ရရှိလာနိုင်မည့်အရာက အရင်းအမြစ်များနှင့် လက်ခုပ်သံများ မဟုတ်ဘဲ အခြားသူများ၏ လောဘနှင့် တပ်မက်မှုများသာ ဖြစ်လာပေလိမ့်မည်။
အထူးသဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်နေသော ဤမြေရိုင်းလွင်ပြင်တွင် လောကကြီးတစ်ခုလုံးက ဆုတ်ယုတ်ကျဆင်းမှုဆီသို့ ဦးတည်နေသည်။ လူတိုင်းက ကြီးမားသော စွမ်းအားကို ရရှိရန် အသည်းအသန် လိုလားနေကြသည်။ အစွမ်းအထက်ဆုံးသူပင်လျှင် ပို၍ ရှေ့ဆက်သွားနိုင်ရန် မျှော်လင့်နေကြသည်။
သူ၏ အစစ်အမှန် စွမ်းအားကို ထုတ်ဖော်လိုက်လျှင် မည်သို့သော အာရုံစိုက်မှုမျိုးကို ဆွဲဆောင်မိမည်ကို မည်သူသိနိုင်မည်နည်း။ အကယ်၍ သူတို့က သူ့ထံတွင် ဖုံးကွယ်ထားသော ရတနာတစ်ခုခု ရှိနေသည်ဟု ယုံကြည်သွားပါက ၎င်းကို လုယူရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုလာကြလိမ့်မည် မဟုတ်ပါလား။
***