ချိုက်ကျိကွမ်၏ စကားများအပေါ် လုချန်က တည်ငြိမ်အေးဆေးစွာဖြင့်သာ ပြန်လည်တုံ့ပြန်လိုက်သည်။
"ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့"
ထိုအခါ ချိုက်ကျိကွမ်က မျက်ခုံးပင့်သွားသည်။ သူကိုယ်တိုင် ဤသဘောတူညီချက်စာချုပ်ကို ပထမဆုံး မြင်လိုက်ရစဉ်က စည်းကမ်းချက်များက အနည်းငယ် အဓိပ္ပာယ်မဲ့လွန်းသည်ဟု ခံစားခဲ့ရသည်။
တစ်လအတွင်း အဆင့်F ၏ ဒသမအဆင့်သို့ ဖောက်ထွက်ရမည်။
သုံးလအတွင်း အဆင့်E သို့ ဖောက်ထွက်ရမည်။
တစ်နှစ်အတွင်း အဆင့်-E ၏ ဒသမအဆင့်သို့ ဖောက်ထွက်ရမည်တဲ့လား။
“ဒါက တကယ်ပဲ မဟာမိတ်အဖွဲ့က ရေးဆွဲထားတဲ့ စာချုပ် ဟုတ်ရဲ့လား... စိတ်ကူးယဉ်ဝတ္ထုထဲက ဟာသတစ်ခု မဟုတ်ဘူးလား...”
ချိုက်ကျိကွမ်ပင်လျှင် ယင်းအချက်များကို လက်ခံရန် ခက်ခဲနေခဲ့သည်။ သို့သော် ဤကဲ့သို့သောအမိန့်များက အထက်လူကြီးများထံမှ တိုက်ရိုက်ဆင်းသက်လာခြင်း ဖြစ်သောကြောင့် သူ ဘာမှမတတ်နိုင်ခဲ့ပေ။ သဘာဝတရား၏ အလိုအတိုင်းသာ လွှတ်ထားလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ သို့သော် ယခုမူ လုချန်၏ မျက်လုံးထဲမှ တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ရှိနေသော အကြည့်ကို မြင်လိုက်ရသောအခါ သူ ဆွံ့အသွားသည်။
“ဒီကောင်လေးက သူ့ကိုယ်သူ တကယ်ပဲ ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား...”
အကယ်၍ သူ တကယ်ပဲ လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ဒီအတွက် ကြီးမားတဲ့ ပေးဆပ်မှုတွေ ရှိလာနိုင်သည်။ အထက်လူကြီးတွေက သူ့ကို ငွေကြေးထောက်ပံ့ဖို့ ဝန်လေးနေမှာ မဟုတ်ပေ။ ထိုပုဂ္ဂိုလ်ကြီး ကိုယ်တိုင်တောင် သူ့ကို သတိပြုမိသွားနိုင်သည်။ အဲဒီအချိန်ကျရင် သူ့အပေါ် ရင်းနှီးမြှုပ်နှံမယ့် အရင်းအမြစ်တွေက ရိုးရိုးရှင်းရှင်း ဘီလီယံရာချီလောက်ပဲ ဖြစ်နေတော့မှာ မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် လုချန်က သူ၏လက်ထဲရှိ စာချုပ်ကို ကြည့်နေရင်း လက်နက်ကိစ္စနှင့် ပတ်သက်၍ စဉ်းစားနေသည်။ ဤကမ္ဘာတွင် လက်နက်များကို ခွဲခြားသတ်မှတ်ရန် နည်းလမ်းနှစ်သွယ် ရှိသည်။ ပထမနည်းလမ်းမှာ သားရဲများအပေါ် ကျရောက်နိုင်သော ပျက်စီးဆုံးရှုံးမှုအပေါ် အခြေခံ၍ ခွဲခြားခြင်းဖြစ်သည်။
ဥပမာအားဖြင့် အဆင့်F လက်နက်များဆိုသည်မှာ အဆင့်F သားရဲများကို သေစေလောက်သော ဒဏ်ရာပေးနိုင်သည့် လက်နက်များ ဖြစ်သည်။
အဆင့်E လက်နက်များဆိုသည်မှာ အဆင့်E သားရဲများကို သေစေလောက်သော ဒဏ်ရာပေးနိုင်သည့် လက်နက်များ ဖြစ်သည်။ အဆင့်D လက်နက်များဆိုသည်မှာ အဆင့်D သားရဲများကို သေစေလောက်သော ဒဏ်ရာပေးနိုင်သည့် လက်နက်များ ဖြစ်သည်။
ထိုမှတစ်ဆင့် အဆင့်C လက်နက်များဆိုသည်မှာ အဆင့်C သားရဲများကို သေစေလောက်သော ဒဏ်ရာပေးနိုင်သည့် လက်နက်များ ဖြစ်သည်။
အဆင့်B လက်နက်များဆိုသည်မှာ အဆင့်B သားရဲများကို သေစေလောက်သော ဒဏ်ရာပေးနိုင်သည့် လက်နက်များ ဖြစ်သည်။
အဆင့်A လက်နက်များနှင့် ပတ်သက်၍မူ ၎င်းတို့ကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားသည်။ အင်တာနက်ပေါ်တွင် ထိုအရာနှင့်ပတ်သက်သော မည်သည့်အချက်အလက်မျှ မရှိပေ။
ယင်းအချက်အပေါ် အခြေခံ၍ တိုက်ခိုက်ရေးစွမ်းအားကို ပိုမိုမြှင့်တင်ပေးနိုင်သော ရှားပါး ဓာတ်သဘာဝလက်နက်များလည်း ရှိသေးသည်။
ဥပမာအားဖြင့် အဆင့်F ဓာတ်သဘာဝလက်နက်တစ်ခုက မိမိ၏ မူလတိုက်ခိုက်ရေးစွမ်းအားကို ၁၀ ဆ အထိ မြှင့်တင်ပေးနိုင်သည်။
အဆင့်-E ဓာတ်သဘာဝလက်နက်တစ်ခုက ၂၀ ဆ အထိ မြှင့်တင်ပေးနိုင်သည်။
အဆင့်D ဓာတ်သဘာဝလက်နက်တစ်ခုက ၃၀ ဆ အထိ မြှင့်တင်ပေးနိုင်သည်။ အဆင့်C ဓာတ်သဘာဝလက်နက်တစ်ခုက ၆၀ ဆ အထိ မြှင့်တင်ပေးနိုင်သည်။
အဆင့်B ဓာတ်သဘာဝလက်နက်တစ်ခုက ၉၀ ဆ အထိ မြှင့်တင်ပေးနိုင်သည်။
သို့သော် ဤကဲ့သို့သော ဓာတ်သဘာဝလက်နက်များက မယှဉ်သာသော ကျွမ်းကျင်သူများ၏ လက်ထဲတွင်သာ ရှိနေတတ်သည်။ အဆင့်-B သို့မဟုတ် ထို့ထက်မြင့်မားသော စစ်သည်တော်များသာ ယင်းတို့ကို အသုံးပြုနိုင်စွမ်း ရှိကြသည်။ လက်ရှိအချိန်တွင် ဤသည်က လုချန်နှင့် လုံးဝ အလှမ်းဝေးနေသေးသည်။
မဟာမိတ်အဖွဲ့၏ အတွင်းပိုင်း ကုန်သွယ်ရေးတွင် အဆင့်F လက်နက်များ၏ ဈေးနှုန်းက ယွမ် ၁ သိန်းမှ ၁၀ သန်းအကြား ရှိသည်။ အဆင့်E လက်နက်များ၏ ဈေးနှုန်းက ခန့်မှန်းခြေအားဖြင့် ယွမ် ၁၂ သန်းမှ သန်း ၈၀ အကြား ရှိသည်။ အဆင့်D လက်နက်များ၏ ဈေးနှုန်းက ခန့်မှန်းခြေအားဖြင့် ယွမ် သန်း ၉၀ မှ သန်း ၆၀၀ အကြား ရှိသည်။ အဆင့်C လက်နက်များ၏ ဈေးနှုန်းက ခန့်မှန်းခြေအားဖြင့် ယွမ် သန်း ၇၀၀ မှ ၁.၈ ဘီလီယံအကြား ရှိသည်။ အဆင့်B လက်နက်များ၏ ဈေးနှုန်းက ခန့်မှန်းခြေအားဖြင့် ယွမ် ၂ ဘီလီယံမှ ၈ ဘီလီယံအကြား ရှိသည်။
ဓာတ်သဘာဝလက်နက်များနှင့် ပတ်သက်၍မူ မဟာမိတ်အဖွဲ့၏ ရမှတ်များကို အသုံးပြု၍သာ လဲလှယ်ရယူနိုင်သည်။ ရောင်းချရန် မဟုတ်ပေ။
အကယ်၍ သူသာ စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပါက ငွေသား ယွမ် သန်း ၆၀၀ ချက်ချင်း ရရှိမည်ဖြစ်သည်။ လက်နက်ဝယ်မည်ဆိုလျှင် ထိပ်တန်း အဆင့်D လက်နက်တစ်ခုကို အလွယ်တကူ ရနိုင်ပေသည်။ သို့သော်လည်း အလကားရမည့် လက်နက်များ ရှိနေသောကြောင့် ဤအတွက် သူ ငွေကုန်ကြေးကျခံရန် မလိုအပ်တော့ပေ။
ထို့ကြောင့် သူက မေးလိုက်သည်။
"မန်နေဂျာချိုက်.. ကျွန်တော်က ယွမ် သန်း ၂၀၀ အောက် ဘယ်လက်နက်ကိုမဆို ရွေးချယ်နိုင်တယ်လို့ ပြောခဲ့တယ်နော်။ စိတ်ကြိုက်ပုံစံ လုပ်လို့ရမလားဆိုတာ သိချင်လို့ပါ"
ချိုက်ကျိကွမ်က ခေါင်းစောင်းကာ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"အို.. မင်းက လက်နက်ကို စိတ်ကြိုက်ပုံစံ အော်ဒါအပ်ချင်တာလား.... မဟာမိတ်အဖွဲ့ရဲ့ ဈေးဆိုင်က လက်နက်တွေကို သဘောမကျလို့လား"
"မဟုတ်ပါဘူး.. သဘောမကျတာ မဟုတ်ပါဘူး... အကုန်လုံးက ကောင်းပါတယ် ဒါပေမဲ့ ကျွန်တော်နဲ့ မကိုက်ညီလို့ပါ... ကျွန်တော့်အတွက် သီးသန့်ဖြစ်မယ့် လက်နက်တစ်ခုကို ဖန်တီးချင်လို့ပါ"
"အဲဒါတော့ ရပါတယ်"
ချိုက်ကျိကွမ်က ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ အချိန်နည်းနည်းတော့ ယူရလိမ့်မယ် ပြီးတော့ ဈေးနှုန်းကလည်း အတန်းအစားတူ လက်နက်တွေရဲ့ ပုံမှန်ပေါက်ဈေးထက် ပိုများလိမ့်မယ်"
လုချန်၏ မျက်လုံးများက အရောင်လက်သွားသည်။ မည်သည့်လူငယ်က ဓားတစ်လက်ဖြင့် လောကကြီးထဲ လှည့်လည်သွားလာရန် အိပ်မက်မမက်ဘဲ နေမည်နည်း။ သူ အမှန်တကယ် လိုချင်ခဲ့သော ဓားတစ်လက်ကို လိုချင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
"ကျွန်တော် စာချုပ်ကို လက်မှတ်ထိုးဖို့ သဘောတူပါတယ်" လုချန်က ချက်ချင်းပင် ပြောလိုက်သည်။ "ဒါပေမဲ့ အရင်က ပြောခဲ့သလိုပဲ... ကျွန်တော့်မှာ စည်းကမ်းချက်တစ်ခု ရှိတယ်... အဲဒါက စိတ်ကြိုက်ပုံစံ လက်နက်ကို လိုချင်တာပါပဲ"
ချိုက်ကျိကွမ်က ခေါင်းညိတ်လိုက်သည်။ ဤသည်က အံ့သြစရာတော့ မဟုတ်ပေ။
"မင်း ဘယ်လိုအမျိုးအစား၊ ဘယ်အဆင့် လက်နက်ကို လိုချင်တာလဲ။ ပုံကြမ်းတွေ ရှိလား"
လုချန်က တစ်ခဏမျှ စဉ်းစားလိုက်သည်။
"ကျွန်တော် ဓားတစ်လက် လိုချင်တယ်.. အဆင့်D လက်နက်ပါ... ပုံကြမ်းနဲ့ ပတ်သက်လို့ကတော့..."
သူက ကိုယ်ပိုင်အချက်အလက်ပြစက်ကို ဖွင့်ကာ ထိုအပေါ်တွင် ပုံကြမ်း စဆွဲလေသည်။ ဆယ်မိနစ်အကြာတွင် သူ ကျေနပ်စွာဖြင့် ရပ်တန့်လိုက်သည်။ အစွန်းနှစ်ဖက် ဓားသွားပါရှိပြီး ရိုးရှင်းသော အသွင်အပြင်ရှိသည့် ဓားတစ်လက်၏ ပုံကြမ်းက မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
လုချန်က ထိုဓားကို ကမ္ဘာနှစ်သွယ်ဓားဟု အမည်ပေးလိုက်သည်။ အတိတ်နှင့် ပစ္စုပ္ပန် ဘဝနှစ်ခုစလုံးအတွက် အမှတ်တရတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ ချိုက်ကျိကွမ်က ပုံကြမ်းကို တစ်ချက်ကြည့်ပြီး ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် လုချန်က မော့ကြည့်ကာ ပြောသည်။
"မန်နေဂျာချိုက်.. ကျွန်တော် အပြင်ထွက်ပြီး သားရဲတွေကို အမဲလိုက်ချင်တယ်... အဲဒါ ဖြစ်နိုင်မလား"
ထိုစကားကို ကြားသောအခါ ချိုက်ကျိကွမ်က အလွန်အံ့အားသင့်သွားသည်။
"မင်းက မနေ့ကမှ ပါရမီနိုးထလာပြီး ဒီနေ့မှ စစ်သည်တော်စစ်စစ် ဖြစ်လာတာလေ.. အခုကတည်းက အမဲလိုက်ထွက်ဖို့ စဉ်းစားနေပြီလား"
ထို့နောက် သူက လေးနက်သော မျက်နှာထားဖြင့် ဆက်ပြောသည်။
"မဟာမိတ်အဖွဲ့ရဲ့ ဥပဒေတွေကို မင်း သိသင့်တယ်... အကယ်၍ မင်းက တစ်ယောက်တည်း အမဲလိုက်ထွက်ချင်တယ်ဆိုရင် မင်းရဲ့စွမ်းအားက အနည်းဆုံး အဆင့်F ရဲ့ သတ္တမအဆင့်မှာ ရှိနေရမယ်"
"အဲဒီလိုမှမဟုတ်ရင် အမဲလိုက်အဖွဲ့ တစ်ဖွဲ့ဖွဲ့ထဲ ဝင်ရလိမ့်မယ်"
လုချန်က ပြန်ဖြေလိုက်သည်။
"အမ်း... ကျွန်တော် ခံတပ်အပြင်ဘက်က ကမ္ဘာကြီးကို မြင်ဖူးချင်ရုံလေးပါ... အဖွဲ့ထဲကို ကျွန်တော် ဝင်ပါ့မယ်... ကျွန်တော့်အတွက် အဖွဲ့တစ်ဖွဲ့လောက် စီစဉ်ပေးလို့ ရမလား"
ထိုစကားကို ကြားသောအခါမှ ချိုက်ကျိကွမ်က သက်ပြင်းချလိုက်နိုင်သည်။
"ကောင်းပြီလေ.. မင်းနဲ့ သင့်တော်မယ့် အမဲလိုက်အဖွဲ့ တစ်ဖွဲ့ကို ငါ ရွေးချယ်ပေးပါ့မယ်"
"မင်းရဲ့ စိတ်ကြိုက်လက်နက်ကို နှစ်ရက်အတွင်း ပို့ပေးမယ်... အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ဆေးရည်ကတော့ နောက်သုံးနာရီအတွင်း မင်းအိမ်ကို ရောက်လာလိမ့်မယ်... ထောက်ပံ့ကြေးငွေကိုတော့ အခုချက်ချင်း တိုက်ရိုက် လွှဲပေးလို့ရတယ်"
"ကောင်းပါပြီ"
လုချန်က မတ်တတ်ရပ်ကာ ချိုက်ကျိကွမ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
“ချိုက်ကျိကွမ်...”
သူက အဆင့်C ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ လေထဲတွင် ပျံသန်းနိုင်သည်။ နျူကလီးယားပေါက်ကွဲမှုကိုပင် ခံနိုင်ရည်ရှိသည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။ သူသာ ဆန္ဒရှိပါက အခြေစိုက်စခန်းတစ်ခုလုံးကို အလွယ်တကူ မြေပြင်နှင့် တစ်ပြေးတည်းဖြစ်အောင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
သို့သော် လုချန်၏ ရှေ့တွင်တော့ သူက အစွမ်းထက်သူတစ်ဦး၏ မာနထောင်လွှားမှုမျိုး အနည်းငယ်မျှပင် မပြသခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့ရှိ ဤလူငယ်လေးက သက်ရှိထင်ရှား ဒဏ္ဍာရီတစ်ခု ဖြစ်နေသောကြောင့်ပင်။
တစ်ရက်တည်းနှင့် စစ်သည်တော်စစ်စစ်အဖြစ် အဆင့်ဖောက်ထွက်သွားသည်တဲ့လား။ မဟာမိတ်အဖွဲ့က ရှာဖွေတွေ့ရှိခဲ့သော အဆင့်မြင့်ယဉ်ကျေးမှု အကြွင်းအကျန်များတွင်ပင် ဤကဲ့သို့သော မှတ်တမ်းမျိုး မရှိခဲ့ဖူးပေ။
ထို့ကြောင့် မဟာမိတ်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ကိုယ်တိုင်က သူ့အား ညွှန်ကြားချက်များ ပေးခဲ့ခြင်း ဖြစ်သည်။
"ဒီစာချုပ်အရ... ငါတို့ လုချန်ကို ရအောင် ဆွဲဆောင်ဖို့ အစွမ်းကုန် ကြိုးစားရမယ်"
ကြီးကြပ်သူချိုက်နှင့် နှုတ်ဆက်ပြီးနောက် လုချန်က မဟာမိတ်ဌာနခွဲမှ ထွက်ခွာလာခဲ့သည်။ သူက စိတ်ထဲမှ တွေးလိုက်မိသည်။
“ဒီနေ့တော့ ငါ့မိဘတွေ ထပ်ပြီး အံ့သြစရာတစ်ခု ရတော့မှာပဲ...”
***