လုချန် အိမ်ပြန်ရောက်သောအခါ နေဝင်ချိန် ဖြစ်နေသည်။ နေဝင်ဆည်းဆာအလင်းရောင်က ခြံဝင်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထိုအချိန်တွင် သူ၏ မိဘများလည်း အိမ်ပြန်ရောက်နေကြပြီ ဖြစ်သည်။ လုယွမ်က ဆိုဖာပေါ်တွင် ထိုင်ကာ တီဗီကြည့်နေပြီး ဆုန့်ယွဲက ဖုန်းပြောနေသည်။
"ဖေဖေ၊ မေမေ... သား ပြန်ရောက်ပြီ"
လုချန်က အခန်းထဲ ဝင်လာရင်း အသံကျယ်ကျယ်ဖြင့် နှုတ်ဆက်လိုက်သည်။ လုယွမ်က နောက်သို့ လှည့်ကြည့်လာသည်။ လုချန်၏ သပ်ရပ်နေသော အဝတ်အစားများကို မြင်သောအခါ သူ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။
"သား... ဒီနေ့ ဘယ်သွားလာတာလဲ"
"ဘယ်မှမသွားပါဘူး" လုချန်က ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ဟန်ဆောင်လိုက်သည်။ "မဟာမိတ်အဖွဲ့ရုံးမှာ စစ်သည်တော်စစ်စစ် အဖြစ် သွားစာရင်းသွင်းရုံလေးပါ"
သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ လမ်းထွက်လျှောက်လာသည့်အလားပင်။ အစပိုင်းတွင် လုယွမ်က သိပ်ဂရုမစိုက်လှပေ။ တီဗီရီမုကို နှိပ်နေရင်း သူက ပေါ့ပေါ့ဆဆ ပြန်ဖြေသည်။
"အော်... မဟာမိတ်အဖွဲ့ရုံးမှာ စစ်သည်တော်အဖြစ် သွားစာရင်းသွင်းတာကိုး... နေပါဦး မင်း ဘာပြောလိုက်တယ်"
မူလက တည်ငြိမ်နေသောအသံက ရုတ်တရက် အော်ဟစ်မိသွားသည်။ သူ၏ လှုပ်ရှားမှုများလည်း ရုတ်တရက် ရပ်တန့်သွားသည်။
"သား... ထပ်ပြောပါဦး ဖေဖေ ကြားတာ မှားသွားလို့လား"
ဖခင်ဖြစ်သူ၏ တုံ့ပြန်မှုကို လုချန်က ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သည်။ သူက ဝမ်းသာအားရ ဖြစ်သွားသော်လည်း အပေါ်ယံတွင်တော့ တည်ငြိမ်နေဟန် ဆက်ဖမ်းထားလိုက်သည်။
"သား စစ်သည်တော်စစ်စစ် အဖြစ် သွားစာရင်းသွင်းလာတာလို့ ပြောတာပါ"
ရီမုက လုယွမ်၏ လက်ထဲမှ လွတ်ကျသွားပြီး ကြမ်းပြင်ပေါ်သို့ အသံမြည်ကာ ကျသွားသည်။ သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား သူ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ သူ၏ မျက်လုံးများက ကြေးခေါင်းလောင်းများလို ပြူးကျယ်နေသည်။
တစ်ချိန်လုံး ဖုန်းပြောနေသော ဆုန့်ယွဲလည်း ဆွံ့အသွားသည်။ သူမ၏ လက်ထဲမှ ဖုန်းလေး ပြုတ်ကျသွားသည်။ ဖုန်းစပီကာမှတစ်ဆင့် တစ်ဖက်လူ၏ အသံကို ကြားနေရဆဲပင်။
"ဟယ်လို... လိုင်းမကောင်းလို့လားဟင်..."
လုဇနီးမောင်နှံနှစ်ဦးစလုံး လုချန်အား မယုံနိုင်စွာ စိုက်ကြည့်နေကြသည်။ ထို့နောက် လုယွမ်က ရုတ်တရက် အသံထွက်ရယ်မောလိုက်သည်။
"ဟားဟားဟား မိန်းမရေ... မင်း ကြားလိုက်လား... ငါတို့သားက တကယ် အရွယ်ရောက်လာပြီပဲ အခုဆို နောက်ပြောင်ဖို့တောင် တတ်နေပြီကွ"
"သိပ်ကောင်းတယ် သား... မင်းက မင်းအဖေထက် သာတယ်... မင်းလိုသာ ဉာဏ်ရည်ပြောင်မြောက်တဲ့ ဟာသဉာဏ် တစ်ဝက်လောက်ရှိခဲ့ရင် မင်းအမေကို ရဖို့ အသက် နှစ်ဆယ့်ကိုးနှစ်အထိ အချိန်ယူစရာ မလိုလောက်ဘူး..."
"ဒါပေမဲ့လေ... မင်းအမေက အပေါ်ယံလူစားမျိုးမှ မဟုတ်တာ... အဆုံးမှာတော့ ငါ့ရဲ့ စေတနာအမှန်ကြောင့် သူ စိတ်လှုပ်ရှားသွားခဲ့တာပေါ့ကွာ"
"ဒီလို ဟာသဉာဏ်မျိုးနဲ့ဆိုရင် မင်းက ကောင်မလေးတွေကြားမှာ သေချာပေါက် ရေပန်းစားမှာပဲ... မင်းမှာ နှာဘူးကောင်တစ်ယောက်ဖြစ်လာမယ့် အလားအလာတွေ ရှိနေတယ်ကွ"
"သား... ဖေဖေ မင်းအတွက် တကယ်ကို ဂုဏ်ယူတယ်ကွာ"
လုယွမ်က ကျေနပ်ဂုဏ်ယူစွာ ပြုံးလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်မှ ရီမုကို ကောက်ယူကာ တီဗီဆက်ကြည့်နေလေသည်။ ဆုန့်ယွဲက မျက်လုံးလှန်လိုက်သည်။ သူမက စိတ်မရှည်စွာဖြင့် ပြောသည်။
"နောက်ပြောင်တာလည်း အတိုင်းအတာ ရှိသင့်တယ်... တစ်နေကုန် ပင်ပန်းလာတော့ သား ဆာနေရောပေါ့... သွား လက်ဆေးချေ ဗိုက်ဆာပြေဖို့ တစ်ခုခု သွားယူပေးမယ်... ညစာက ခဏနေ ကျက်တော့မှာ"
မိခင်ဖြစ်သူကလည်း သူ၏ စကားများကို အရေးမလုပ်ပေ။ သူမက ဖုန်းကို ကောက်ယူရန် ကိုယ်ကို ကိုင်းညွတ်လိုက်သည်။ ဖုန်းတစ်ဖက်မှလူက ရှိနေဆဲပင်။
"ဟယ်လို..."
မိဘများ၏ တုံ့ပြန်မှုကို လုချန်က စောင့်ကြည့်နေလိုက်သည်။ တစ်ခဏမျှ သူ ဆွံ့အသွားသည်။ ထို့နောက် သူ၏ အိတ်ကပ်ထဲမှ စစ်သည်တော်စစ်စစ် တစ်ဦးဖြစ်ကြောင်း ကိုယ်စားပြုသော အနက်ရောင်ကတ်ပြားကိုသာ ထုတ်ယူလိုက်ရတော့သည်။ ထိုကတ်ပြားကို လုယွမ့်ရှေ့သို့ တိုက်ရိုက် ချပေးလိုက်သည်။ လုယွမ်က မော့ကြည့်လိုက်သည်။ သူ၏ လက်ထဲမှ ရီမု ပြုတ်ကျသွားပြန်သည်။
ဒီတစ်ကြိမ်တွင်တော့ လုယွမ်မှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ သူက သာမန်မဟုတ်သော နောက်ခံမှ လာသူဖြစ်သည်။ သူ့ရှေ့ရှိ ဤအနက်ရောင်ကတ်ပြားက ဘာလဲ၊ ဘာကိုဆိုလိုသလဲဆိုတာကို သူ ကောင်းကောင်းကြီး သိနေသည်။ လုချန်က နောက်ပြောင်နေခြင်း မဟုတ်ပေ။ သူ အမှန်တကယ်ပင် စစ်သည်တော်စစ်စစ် ဖြစ်လာခဲ့သည်။
အခန်းကြီးတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်။ တီဗီစခရင်ပေါ်မှ သတင်းကြေညာသူ၏ အသံမှလွဲ၍ အခြားမည်သည့်အသံမျှ မရှိတော့ပေ။
ထို့နောက် လုယွမ်က ပြုံးလိုက်သည်။ သူ အသံထွက်ကာ ရယ်မောလိုက်သည်။ အခန်းထဲတွင် ကျယ်လောင်ပြီး ထိန်းချုပ်မရသော ရယ်မောသံကြီး ဟိန်းထွက်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့သည်။
"ငါ လုယွမ်... နဂါးစစ်စစ်တစ်ကောင်ကို မွေးထုတ်နိုင်ခဲ့ပြီကွ ဟားဟားဟား အဲဒီတုန်းက ငါ့ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်... ငါ မမှားခဲ့ဘူး"
ဝမ်းသာပီတိ၊ ယူကျုံးမရမှုနှင့် နှလုံးကြေကွဲဖွယ်ရာ ခံစားချက်တို့က သူ၏ ရယ်မောသံများတွင် အထင်သား ပေါ်လွင်နေခဲ့သည်။ ဆုန့်ယွဲသည်လည်း တိတ်ဆိတ်နေသည်။ သို့သော် သူမ၏ ပါးပြင်ပေါ်တွင်လည်း မျက်ရည်များ တိတ်ဆိတ်စွာ စီးကျလာခဲ့လေသည်။
မိဘများ၏ ပြင်းထန်လွန်းသော တုံ့ပြန်မှုကြောင့် လုချန်က လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်တွင် ဤအရာများနှင့် ပတ်သက်၍ မည်သည့် မှတ်ဉာဏ်မျှ မရှိခဲ့ပေ။ သူက မျက်မှောင်အနည်းငယ် ကုတ်လိုက်ပြီး မမေးဘဲ မနေနိုင်တော့ပေ။
"ဖေဖေ... ဘာတွေ ပြောနေတာလဲ... ဘာဆုံးဖြတ်ချက်လဲ... ဘာအမှားအမှန်လဲ... သားမသိတဲ့ အတိတ်တွေ ဖေဖေ့မှာ ရှိနေတာလား"
လုယွမ်က သူ၏ မျက်ထောင့်မှ မျက်ရည်များကို ဖြည်းညင်းစွာ သုတ်ပစ်လိုက်သည်။ လုချန်ကို ကြည့်နေသော သူ၏မျက်လုံးများထဲတွင် ဂုဏ်ယူမှုနှင့် နှလုံးသားနာကျင်မှုတို့ ရောယှက်နေခဲ့သည်။ ဤသည်မှာ သားဖြစ်သူထံမှ အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို မြင်လိုက်ရသော ဖခင်တစ်ဦး၏ အကြည့်ပင်။ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
"အချိန်လင့်နေပြီ... တစ်နေကုန် ပင်ပန်းလာတော့ သားလည်း နားချင်နေရောပေါ့... ညစာအရင်စားပြီး အနားယူလိုက်ပါ... တခြားကိစ္စတွေကို မနက်ဖြန်မှ ဆက်ပြောကြတာပေါ့"
လုချန်က ထပ်ပြီး မေးခွန်းများ မထုတ်တော့ပေ။
"ဟုတ်ကဲ့ ဖေဖေ၊ မေမေ"
သူက လှည့်ကာ သူ၏အခန်းဆီသို့ လျှောက်သွားလိုက်သည်။ လင်မယားနှစ်ယောက်စလုံး သူထွက်သွားသည်ကို ကြည့်နေကြသည်။ လုယွမ်က တီးတိုးရေရွတ်လိုက်သည်။
"ငါတို့သားက တကယ် အရွယ်ရောက်လာပြီပဲ... ဖြစ်နိုင်တာက... ငါတို့သားလေးသာ ရှိနေရင် အဲဒီ မိသားစုကို ရင်ဆိုင်ဖို့ ငါတို့ အရည်အချင်းပြည့်မီနိုင်လောက်ပြီ ထင်တယ်"
ဆုန့်ယွဲမှာ တိတ်ဆိတ်နေဆဲပင်။ သူမက ခင်ပွန်းဖြစ်သူ၏ အနားသို့ လာကာ သူမ၏ လက်မောင်းများကို ဖြန့်ကျက်ပြီး သူ၏ ပခုံးများကို တင်းကြပ်စွာ ဖက်တွယ်လိုက်သည်။ လုယွမ်ကလည်း လက်များကို ဆန့်ထုတ်ကာ သူမ၏ ခန္ဓာကိုယ်ကို ပြန်လည် ပွေ့ဖက်ထားလိုက်သည်။ ဇနီးမောင်နှံနှစ်ဦး တစ်ယောက်ကိုတစ်ယောက် အမှီပြုကာ ငြိမ်သက်တိတ်ဆိတ်နေကြလေသည်။
အခန်းထဲ ပြန်ရောက်ပြီးနောက် လုချန်က သူ၏ ကိုယ်ပိုင်အချက်အလက်ပြစက်ကို ဖွင့်လိုက်သည်။ မဟာမိတ်အဖွဲ့၏ အွန်လိုင်းဈေးဝယ် ပလက်ဖောင်းထဲသို့ ဝင်ရောက်လိုက်သည်။ လက်နက်သစ်များက နှစ်ရက်အတွင်း ရောက်လာမည် ဖြစ်သည်။ ထိုအခါ သူက အမဲလိုက်ထွက်မည်။
သို့သော် ဤမတိုင်မီ သူ ကြိုတင်ပြင်ဆင်စရာ အချို့ ရှိသေးသည်။ ယခုအခါ သူက အရာဝတ္ထုများကို စိတ်စွမ်းအားဖြင့် ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ အနည်းဆုံး တစ်ကြိမ်လျှင် အရာဝတ္ထု ဆယ်ခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်သည်။ ထို့ကြောင့် လုချန်က ဓားပျံကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
အဆင့်D လက်နက်များ၏ ဈေးနှုန်းက သန်း ၉၀ မှ သန်း ၆၀၀ အကြား ရှိသည်။ လုချန်က အဆင့်D ဓားပျံကို အော်ဒါမှာလိုက်သည်။ ဓားအိမ်တစ်ခုထဲတွင် ဓားပျံ ဆယ်လက် ပါဝင်သည်။ ဓားပျံများက သေးငယ်ပြီး လက်ညှိုးတစ်ချောင်းစာ အရှည်ခန့်သာ ရှိသည်။
၎င်းကို ဓားပျံဟု ခေါ်သော်လည်း လျှို့ဝှက်လက်နက်ဟု ခေါ်လျှင်ပင် ပို၍ မှန်ကန်ပေလိမ့်မည်။
ဤဓားပျံက အဆင့်D လက်နက်များအားလုံးထဲတွင် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ခံထားရသည်။ ၎င်း၏ တန်ကြေးမှာ သန်း ၃၀၀ ဖြစ်သည်။ ထောက်ပံ့ကြေး ငွေသား ယွမ် သန်း ၆၀၀ ထဲမှ သန်း ၃၀၀ ကို ချက်ချင်း သုံးပစ်လိုက်သည်။ ယခု သန်း ၃၀၀ သာ ကျန်တော့သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ကမ္ဘာနှစ်သွယ်ဓားအတွက် ကုန်ကျစရိတ်ကို မဟာမိတ်အဖွဲ့က တာဝန်ယူပေးခဲ့သည်။ ဤသည်က သူ့အတွက် သန်း ၂၀၀ ကို သက်သာစေခဲ့သည်။
ထို့နောက် သူက တရားဝင် ဓားသိုင်းပညာရပ်များကို စတင်ရှာဖွေလိုက်သည်။ စျေးအပေါဆုံးဖြစ်သော ချင်းဖုန်း ဓားသိုင်းပညာရပ်ပင်လျှင် တန်ကြေး သန်း ၂၀၀ ရှိသည်။ သူက ၎င်းကို တိုက်ရိုက် ရွေးချယ်လိုက်သည်။ ကျန်ရှိနေသော သန်း ၁၀၀ ကို အသုံးပြု၍ အဆင့်E ကိုယ်ရံချပ်ဝတ်တစ်ခုကို ရွေးချယ်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ငွေသား ယွမ် သန်း ၆၀၀ စလုံး ကုန်လွန်သွားခဲ့သည်။ လုချန်က သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"ကျွတ်... ဒီသန်း ၆၀၀ နဲ့ အချိန်တန်ကြာ သုံးလို့ရမယ်ထင်ထားတာ... အွန်လိုင်းကနေ တစ်ခါ ဈေးဝယ်ထွက်လိုက်တာနဲ့ အကုန်ပြောင်သွားလိမ့်မယ်လို့ မထင်ထားဘူး"
"ဟူး... ကျင့်ကြံတယ်ဆိုတာ တကယ်ကို ရေလိုပိုက်ဆံကုန်တာပဲ..."
အော်ဒါမတင်မီ သူက နောက်တစ်ကြိမ် သက်ပြင်းချလိုက်သေးသည်။
“အော်ဒါ တင်ပြီးသွားပြီ။ ပစ္စည်းများကို သုံးနာရီအတွင်း ပို့ဆောင်ပေးမည် ဖြစ်သည်။ ထိုအချိန်ကျလျှင် အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ဆေးရည်နှင့်အတူ တစ်ပါတည်း ရောက်လာပေလိမ့်မည်။”
***