မဟာမိတ်အဖွဲ့ရုံး၏ အဝင်ဝတွင် ချိုက်ကျိကွမ် ရောက်လာပြီး လုချန်အား သူ၏ ရုံးခန်းထဲသို့ ဖိတ်ခေါ်သွားသည်။
"ငါ့ရဲ့ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီ"
ချိုက်ကျိကွမ်က ပြုံးလိုက်သည်။
"မင်းရဲ့ဓား ပြီးသွားပြီဟေ့... ဟားဟား"
ထို့နောက် သူက ဓားတစ်လက်ကို လှမ်းပေးလိုက်သည်။ ထိုဓားက အရှည် ၁.၄ မီတာ ရှိသည်။ ဓားသွားအကျယ်မှာ ၁ မီတာ ရှိပြီး လက်ကိုင်ရိုးက ၂၅ စင်တီမီတာ ရှည်လျားသည်။
ဓားသွားကို အဆင့်အမြင့်ဆုံး အဆင့်D နည်းပညာဖြင့် ဖန်တီးပြုလုပ်ထားသည်။ ၎င်းက လရောင်အောက်မှ နှင်းခဲများကဲ့သို့ မှေးမှိန်သော ရေခဲပြာရောင်အဆင်းဖြင့် တောက်ပနေသည်။ ထို့အပြင် ရှုပ်ထွေးနက်နဲသော စာလုံးများဖြင့်လည်း ဖုံးလွှမ်းထားသည်။ လျှို့ဝှက်ဆန်းကြယ်ပြီး ကျက်သရေရှိလှသည်။
ဓားရိုးကို အနက်ရောင် သားရေဖြင့် ရစ်ပတ်ထားသည်။ ဆုပ်ကိုင်ရာတွင် အပြည့်အဝ အံဝင်ခွင်ကျဖြစ်စေရန် ၎င်း၏ ပုံသဏ္ဌာန်ကို သေချာစွာ ပုံဖော်ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။ ဤသည်မှာ လုချန်၏ အတိတ်ဘဝက ဂိမ်းတစ်ခုထဲမှ အရာဝတ္ထုများကို အခြေခံ၍ သူကိုယ်တိုင် ဒီဇိုင်းဆွဲထားသော ကမ္ဘာနှစ်သွယ်ဓားပင် ဖြစ်သည်။ ဒီဇိုင်းက ရိုးရှင်းပြီး ကျက်သရေရှိသည်။ သေစေနိုင်လောက်သော ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ၎င်းထံမှ ယိုဖိတ်ထွက်ပေါ်နေသည်။
လုချန်က ဓားသွားကို စမ်းသပ်ထိတွေ့လိုက်သည်။ ရုတ်တရက် အေးစက်သော ခံစားချက်တစ်ခု သူ၏ ကိုယ်ထဲသို့ ဖြတ်ပြေးသွားသည်။ ဤသည်က အဆင့်D လက်နက်တစ်ခု ဖြစ်သည်။ လုံလောက်သော စွမ်းအားသာရှိမည်ဆိုပါက အဆင့်D ၏ ဒသမအလွှာ သားရဲများကိုပင် ဓားမပျက်စီးစေဘဲ တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။
၎င်းကို လက်ထဲတွင် ဆုပ်ကိုင်ထားရင်း လုချန်၏ ရင်ထဲတွင် ပြင်းပြသော ဆန္ဒတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ ဒီနေရာမှာတင် ဓားကို ဝှေ့ယမ်းကြည့်ချင်စိတ် ပေါက်သွားသည်။ သို့သော် အဆုံးတွင်တော့ သူက စိတ်ကို ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် ချိုက်ကျိကွမ်က ဆက်ပြောသည်။
"မင်းအတွက် သင့်တော်မယ့် အဖွဲ့တစ်ဖွဲ့ကို ငါ ရှာတွေ့ထားတယ် အဖွဲ့ခေါင်းဆောင်က အဆင့်E ရဲ့ ဒသမအလွှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပြီး ကျန်တဲ့အဖွဲ့ဝင်တွေကလည်း အဆင့်E ဒါမှမဟုတ် အဲဒီအထက်မှာ ရှိကြတယ်"
"သူတို့ရဲ့ ဒုခေါင်းဆောင် ရောက်နေပြီ... မင်းကို သူ့ဆီ ခေါ်သွားပေးမယ်"
လုချန်က ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်... မန်နေဂျာချိုက်"
ချိုက်ကျိကွမ်က သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်သည်။
"မင်းနဲ့ငါ ကြားမှာ... အားနာနေစရာ မလိုပါဘူးကွာ"
စကားပြောနေရင်း သူတို့နှစ်ဦး ရုံးခန်းထဲမှ အတူတကွ ထွက်လာခဲ့ကြသည်။ လုချန်က ကမ္ဘာနှစ်သွယ်ဓားကို ကျောတွင် လွယ်ထားလိုက်သည်။ ယနေ့ လုချန်က အနက်ရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီအဖြူကို ဝတ်ဆင်ထားသည်။ ချောမောသော မျက်နှာသွင်ပြင်နှင့် အရပ်ရှည်ရှည် ခန္ဓာကိုယ်တို့ ပေါင်းစပ်လိုက်သောအခါ သူက ထူးထူးခြားခြား ကြည့်ကောင်းပြီး သူရဲကောင်းဆန်သော အသွင်အပြင်ကို ရရှိနေလေသည်။
သူတို့ ဧည့်ခန်းမထဲသို့ ဝင်လာသောအခါ ဆိုဖာပေါ်တွင် ထိုင်နေသော အသားဝါကြန့်ကြန့်နှင့် လူတစ်ယောက်ကို လုချန် မြင်လိုက်ရသည်။ သူ၏ဘေးတွင် အခြားအမျိုးသမီးတစ်ဦးလည်း ရှိနေသည်။ သူတို့က စကားစမြည် ပြောနေကြသည်။
ချိုက်ကျိကွမ် ဝင်လာသည်ကို မြင်သောအခါ သူတို့နှစ်ဦး ချက်ချင်း မတ်တတ်ရပ်လိုက်ကြသည်။ ထို့နောက် ရိုသေလေးစားသော အမူအရာဖြင့် နှုတ်ဆက်လိုက်ကြသည်။
"မန်နေဂျာချိုက်... မင်္ဂလာပါခင်ဗျာ... လူကြီးမင်းနဲ့ တွေ့ဆုံရတာ တကယ့်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်"
လုချန်၏ ပေါ့ပေါ့ပါးပါး နေတတ်မှုနှင့် မတူဘဲ အခြားသူများကတော့ ချိုက်ကျိကွမ်၏ ရှေ့တွင် ထိုမျှ လွတ်လွတ်လပ်လပ် မနေရဲကြပေ။ ဤသူက အဆင့်C စစ်သည်တော်တစ်ဦး ဖြစ်သည်။ လူ့လောက၏ အစစ်အမှန် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး။ စစ်သည်တော်အများစု မိမိတို့၏ ဘဝတစ်သက်တာလုံး ကြိုးစားအားထုတ်ရမည့် အမြင့်ဆုံးသော ပန်းတိုင်တစ်ခုပင်။
အဆင့်B အထက် မယှဉ်သာသော ကျွမ်းကျင်သူများနှင့် ပတ်သက်၍မူ လူ့လောကတစ်ခုလုံးရှိ ထိုကဲ့သို့သော ပုဂ္ဂိုလ်များ၏ အရေအတွက်မှာ ဂဏန်းသုံးလုံးပင် မပြည့်ပေ။ ခေါင်းသာမြင်ရပြီး အမြီးကို ဘယ်တော့မှ မမြင်ရသည့် နဂါးတစ်ကောင်လိုပင်။
သူတို့အတွက်တော့ အဆင့်C ဆိုသည်မှာ လက်တွေ့ဘဝတွင် ထိတွေ့ဆက်ဆံနိုင်သော အထူးချွန်ဆုံး ပုဂ္ဂိုလ်များ ဖြစ်နေပြီ ဖြစ်သည်။
ထို့ကြောင့် ဒုခေါင်းဆောင် လော့တာဖေးနှင့် အဖွဲ့၏ စနိုက်ပါသမား ကျိုးယွီတို့မှာ သိသာထင်ရှားစွာ စိုးရိမ်တုန်လှုပ်နေကြသည်။ မနေ့ညက ချိုက်ကျိကွမ်က သူတို့အဖွဲ့ကို ရုတ်တရက် ဆင့်ခေါ်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်က ကိစ္စတစ်ခု ပေါ်လာသဖြင့် မလာနိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့ ပို၍ပင် စိုးရိမ်တကြီး ဖြစ်သွားကြသည်။ မန်နေဂျာချိုက်ကို ဒေါသထွက်စေမိမည်ကို ကြောက်ရွံ့နေခဲ့ကြသည်။
ချိုက်ကျိကွမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက စိတ်ထဲမှ တွေးလိုက်မိသည်။
“ဒါကမှ အဆင့်C စစ်သည်တော်တွေအပေါ် ထားရှိသင့်တဲ့ မှန်ကန်တဲ့ သဘောထားမျိုးပဲ...”
ထို့နောက် သူ၏ဘေးတွင် တည်ငြိမ်အေးဆေးစွာ ရပ်နေသော လုချန်ကို သူ တစ်ချက် လှမ်းကြည့်လိုက်သည်။ သူက သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
“ဟူး...” “ဒီကောင်လေးနဲ့တော့ ဘယ်လိုမှ လုပ်လို့မရပါလား...”
"ဒီအဖွဲ့နာမည်က မီးပွားအဖွဲ့လို့ ခေါ်တယ်"
ချိုက်ကျိကွမ်က လုချန်အား မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်ကာ ပြောလိုက်သည်။
"စိတ်အေးအေးထားကြပါ... အဲဒီလောက်ကြီး တင်းမာနေစရာ မလိုပါဘူး... ဒီနေ့ မင်းတို့ကို ငါ ဒီကို ခေါ်လိုက်တာက မင်းတို့အဖွဲ့ထဲကို လူတစ်ယောက် မိတ်ဆက်ပေးချင်လို့ပဲ"
"သူက မင်းတို့အဖွဲ့ထဲ ဝင်လိမ့်မယ်.... မှတ်ထား... သူ့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့က မင်းတို့ရဲ့ အဓိက ဦးစားပေးပဲ"
"မင်းတို့က အဆင့် D6 အခြေစိုက်မြို့တော်မှာ နာမည်အကောင်းဆုံး အဖွဲ့ပဲ... ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်"
ထို့နောက် သူက လုချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ လုချန်အား ကိုယ်တိုင် မိတ်ဆက်စေရန် အခွင့်အရေး ပေးလိုက်သည်။ လုချန်က ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ပြုံးလိုက်သည်။
"မင်္ဂလာပါ ခင်ဗျာ... ကျွန်တော့်နာမည် လုချန်ပါ... တွေ့ရတာ ဝမ်းသာပါတယ်... ဒီကနေ့ကစပြီး ကျွန်တော်တို့တွေ အဖွဲ့ဝင်တွေ ဖြစ်သွားကြပြီနော်"
ထိုစကားကို ကြားသောအခါ လော့တာဖေးက အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဘာတွေဖြစ်နေသလဲဆိုတာကို သူက သဘောပေါက်သွားသောအခါ ဝမ်းသာအားရ ဖြစ်သွားသည်။
“အခွင့်အရေး ...”
“တစ်သက်မှာ တစ်ခါသာ ကြုံရနိုင်တဲ့ အခွင့်အရေးပဲ အဆင့်C အစွမ်းထက်သူတစ်ဦးနဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မယ့် ကြီးမားတဲ့ အခွင့်အရေး...”
ထို့နောက် သူက လုချန်အား သူ၏ ဘဝတစ်သက်တာတွင် အတောက်ပဆုံးသော အပြုံးဖြင့် ချက်ချင်း ပြုံးပြလိုက်သည်။
"မင်္ဂလာပါ ညီလေးလု ညီလေးက ထူးခြားတဲ့ အငွေ့အသက်နဲ့ ထူးချွန်တဲ့ ပါရမီကို ပိုင်ဆိုင်ထားတာပဲ... လူတွေကြားထဲက နဂါးတစ်ကောင်ပါလား"
"စိတ်မပူပါနဲ့... ညီလေးသာ ငါတို့အဖွဲ့နဲ့ အတူရှိနေရင် ညီလေးရဲ့ လုံခြုံရေးက ငါတို့ရဲ့ အဓိက ဦးစားပေးပဲ... ညီလေးရဲ့ လုံခြုံရေးကို ငါတို့ ရာခိုင်နှုန်းပြည့် အာမခံတယ်"
ထို့နောက် ချိုက်ကျိကွမ်က ထွက်သွားသည်။ အခန်းထဲတွင် လူသုံးယောက်သာ ကျန်ရစ်ခဲ့သည်။ လုချန်က သူတို့နှင့် ခဏတာ စကားစမြည် ပြောလိုက်သည်။ မိန်းကလေး၏ နာမည်မှာ ကျိုးယွီ ဖြစ်ကြောင်း သူ သိလိုက်ရသည်။ သူမက အဖွဲ့၏ စနိုက်ပါသမား ဖြစ်သည်။ လုချန်က သူမကိုလည်း နှုတ်ဆက်လိုက်သည်။ ထို့နောက် လော့တာဖေးက မတ်တတ်ရပ်ကာ ပြောသည်။
"ဒါဆိုရင်လည်း ညီလေးလု... သွားကြစို့... မင်းကို အဖွဲ့ခေါင်းဆောင် အပါအဝင် တခြားအဖွဲ့ဝင်တွေနဲ့ တွေ့ဖို့ ငါတို့ ခေါ်သွားပေးမယ်"
လုချန်က ခေါင်းညိတ်လိုက်သည်။ သူတို့နောက်သို့ လိုက်ကာ မဟာမိတ်အဖွဲ့ရုံးမှ ထွက်ခွာလာခဲ့ကြသည်။ မဟာမိတ်အဖွဲ့ပိုင် ဘားတစ်ခုသို့ လမ်းကြမ်းသုံး ကားတစ်စီးဖြင့် အတူတကွ သွားရောက်ခဲ့ကြသည်။ ထိုနေရာတွင် လုချန်က အခြားအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
အဖွဲ့ခေါင်းဆောင်မှာ အသက် သုံးဆယ်စွန်းစွန်း အရပ်ရှည်ရှည် လူတစ်ယောက် ဖြစ်သည်။ သူ၏ နာမည်မှာ လွီရှင်းကျား ဖြစ်သည်။ ဓားနှစ်လက်ကို အသုံးပြုသည်။ လုချန်ကို တွေ့လိုက်ရသောအခါ သူက ချက်ချင်းပင် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ပြုံးဖြီးဖြီး လုပ်ကာ လုချန်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ ထို့နောက် နောက်ထပ် အဖွဲ့ဝင်နှစ်ဦးကို မိတ်ဆက်ပေးသည်။ ထိုနှစ်ဦးမှာ ထုံကျီလီ နှင့် ထုံကျီချန်ပင်။
သူတို့က အမြွှာညီအစ်ကိုများ ဖြစ်ကြသည်။ ထုံကျီလီက ဓားတိုကို အသုံးပြုပြီး ထုံကျီချန်ကတော့ တူကို အသုံးပြုသည်။ သူတို့အားလုံးက သူ့ကို ဖော်ရွေစွာ နှုတ်ဆက်ကြသည်။
လော့တာဖေးနှင့် ပတ်သက်၍မူ သူတို့က သေနတ်များကို အသုံးပြုကြောင်း လုချန် သိလိုက်ရသည်။ သားရဲများကို ဒဏ်ရာရစေနိုင်သည့် စွမ်းအင်သုံး သေနတ်များပင်။ လူတိုင်း မိတ်ဆက်ခြင်း အစီအစဉ် ပြီးဆုံးသွားသည်။ ထို့နောက် အဖွဲ့သားများအားလုံး ထိုင်လိုက်ကြပြီး လက်ဖက်ရည်နှင့် ကော်ဖီများကို မှာယူလိုက်ကြသည်။
သူတို့က အရက်တစ်ခွက်မှ မမှာကြသည်ကို လုချန်က သတိပြုမိလိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ သိချင်စိတ်ကို လော့တာဖေးက မြင်သွားသည်။ သူက ရယ်မောလိုက်သည်။
"မြေရိုင်းလွင်ပြင်ထဲ မဝင်ခင်မှာ အရက် လုံးဝ မသောက်ရဘူး ညီလေး... မဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေက အရမ်း ပြင်းထန်လိမ့်မယ်"
လုချန်က နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်လည်း ကော်ဖီတစ်ခွက် မှာလိုက်သည်။ ထို့နောက် လွီရှင်းကျားက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် စကားစလာသည်။
"လုချန်က မြေရိုင်းလွင်ပြင်အတွက် အတွေ့အကြုံမရှိသေးတဲ့ လူသစ်တစ်ယောက်ပဲ"
"သူ့ရဲ့ ပထမဆုံး မြို့ပြင် အမဲလိုက်ခရီးစဉ်အတွက်... ငါတို့က သားရဲတွေရဲ့ စွမ်းအားနိမ့်ပြီး အရေအတွက် မများလွန်းတဲ့ အမဲလိုက် ဧရိယာတစ်ခုကို ရွေးချယ်သင့်တယ်"
"မင်းတို့ ဘယ်လိုထင်လဲ"
လော့တာဖေးက ခေါင်းညိတ်လိုက်သည်။
"သဘောတူတယ်.... ဧရိယာ-၄၁ က အသင့်တော်ဆုံးပဲ... အဲဒီနေရာက အခြေစိုက်စခန်းနဲ့လည်း နီးတယ် သားရဲတွေလည်း နည်းတယ်... ပြီးတော့ သူတို့ရဲ့ စွမ်းအားကလည်း နှိုင်းယှဉ်ကြည့်ရင် အားနည်းကြတယ်"
အခြားသူများကလည်း အလွယ်တကူပင် သဘောတူလိုက်ကြသည်။ လွီရှင်းကျားက လုချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"မင်းရဲ့ လက်နက်တွေ၊ ပစ္စည်းကိရိယာတွေ ပြင်ဆင်ပြီးပြီလား... မပြင်ရသေးရင် ငါတို့ ထောက်ပံ့ပေးလို့ ရတယ်နော်"
လူတိုင်း၏ ရိုးသားဖြောင့်မတ်သော သဘောထားကြောင့် လုချန်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
"မလိုတော့ပါဘူး ခေါင်းဆောင်... ကျွန်တော် ဝယ်ပြီးပါပြီ"
ထို့နောက် သူက သူ၏ကျောပြင်မှ ကမ္ဘာနှစ်သွယ်ဓားကို ထုတ်ယူလိုက်သည်။ သူတို့အား သူ၏ လက်နက်ကို ပြသလိုက်သည်။ ယင်းကို ထုံကျီလီ မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ ပြူးထွက်သွားလေတော့သည်။
***