လုချန်က မီးတောက်အရိပ် ကျားသစ်ရှိရာဘက်သို့ လေဆင်နှာမောင်းတစ်ခုအလား ပြေးဝင်သွားသည်။ ကမ္ဘာနှစ်သွယ်ဓားက အိတ်ထဲမှ ထွက်ပေါ်လာသည်။
သူက ဤတိုက်ပွဲကို အပြည့်အဝ ခံစားလိုသည်။ ထို့ကြောင့် သူ၏ အစွမ်းကို အဆင့်F ပထမအလွှာအထိ လျှော့ချထားခဲ့သည်။ သူက လက်နက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ အသစ်စက်စက် သွန်းလုပ်ထားသော အဆင့်မြင့် စပ်ဟပ်သတ္တုဓားသွားက အေးစက်ပြီး လေးလံလှသည်။ ဓားကျောရိုးတစ်လျှောက်တွင် အေးစက်သော အပြာနုရောင် အလင်းတန်းများ ဖျတ်ခနဲ လင်းလက်နေသည်။ နစ်ဝင်တော့မည့် နေမင်း၏ အလင်းရောင်အောက်တွင် ဓားသွားက ခန့်ညားထည်ဝါသော အလင်းနှင့် အရိပ်တို့ကို ပုံဖော်နေသည်။
အဝေးတစ်နေရာတွင် ကျားသစ်အုပ်စု၏ အစွန်အဖျားတွင် ရှိနေသော မီးတောက်အရိပ် ကျားသစ်က စွန့်ပစ်ထားသော စက်ရုံဟောင်း၏ အပျက်အစီးများကြားတွင် လှည့်လည်သွားလာနေသည်။ ထိုစဉ် သူ့ဆီသို့ ပြေးဝင်လာသော လုချန်ကို သတိပြုမိသွားသည်။
ကျားသစ်က ပါးစပ်ကို အနည်းငယ်ဟလိုက်ရာ ထက်မြက်လှသော အစွယ်များ ပေါ်ထွက်လာသည်။ ၂ မီတာခန့် ရှည်လျားသော ခန္ဓာကိုယ်က တိုက်ခိုက်ရန် အနေအထားသို့ ပြင်လိုက်သည်။ ဝါကျင့်ကျင့် အမွေးအမှင်များပေါ်တွင် မီးလောင်ရာများကဲ့သို့ အမည်းစက်များ ရှိနေပြီး လှိုင်းများအလား နိမ့်ချီမြင့်ချီ လှုပ်ရှားနေသည်။ ၎င်း၏ မျက်လုံးများက မငြိမ်းသေးသော မီးခဲများကဲ့သို့ နီရဲသော မီးလျှံများကို ထုတ်လွှတ်နေသည်။ အသက်ရှူထုတ်လိုက်တိုင်း ရေနွေးငွေ့ဖြူဖြူများ ထွက်လာပြီး ထွက်ပေါ်လာသော အပူရှိန်ကြောင့် ၎င်း၏ ပါးစပ်တစ်ဝိုက်ရှိ လေထုမှာပင် ပုံပျက်ရှုံ့တွသွားသည်။ ခြေသည်းများ၏ ဘေးပတ်ပတ်လည်တွင် မီးတောက်ကလေးများက ဟိုဟိုဒီဒီ ခုန်ပေါက်နေကြသည်။
“မီးတောက်အရိပ် ကျားသစ်”
ဤသားရဲက ၎င်း၏ အမည်နှင့် လိုက်ဖက်လှပေသည်။ ၎င်း၏ ဓာတ်သဘာဝနှင့် ပါရမီများက သာမန်အချိန်များတွင်ပင် သိသာထင်ရှားလှသည်။
"လုချန်... ဒါကို မှတ်ထား"
လော့တာဖေးက နောက်မှနေ၍ အော်ဟစ်ညွှန်ကြားလိုက်သည်။ "သူ့ခြေသည်းက မီးတောက်တွေက သံမဏိကိုတောင် အရည်ပျော်စေနိုင်တယ်... အထိမခံနဲ့ဦး"
"မထိစေရပါဘူး"
“ဘုန်း...”
မျက်စိတစ်မှိတ်အတွင်းမှာပင် မီးတောက်အရိပ် ကျားသစ်က ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ရှေ့သို့ ခုန်အုပ်လိုက်သည်။
“ဘန်း...”
ဧရာမ ခြေသည်းကြီးက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ဟောင်းနွမ်းပြီး အက်ကြောင်းထနေသော ကွန်ကရစ်မြေပြင်က ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။ ကွဲထွက်သွားသော ကွန်ကရစ်စအနများက ထက်မြက်သော မြားများကဲ့သို့ အရပ်မျက်နှာအနှံ့ စဉ်ထွက်သွား၏။ ထို့နောက် ဧရာမ သားရဲကြီးက ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လာပြန်သည်။
လုချန်က မျက်မှောင်ကြုတ်လိုက်သည်။ ကျားသစ် ခုန်အုပ်မလာခင် စက္ကန့်ပိုင်းအလိုတွင် ဘေးဘက်သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ သူ၏ လှုပ်ရှားမှုက ကျော့ရှင်းပြီး သွက်လက်လှသည်။ မီးတောက်အရိပ် ကျားသစ်၏ မီးတောက်ခြေသည်းများက လုချန်နှင့် လက်မအနည်းငယ်အကွာမှ ဝှစ်ခနဲ ဖြတ်ကျော်သွားသည်။ ၎င်းတို့က ဘေးစောင်းလဲနေသော စွန့်ပစ်ဘတ်စ်ကားအိုကြီးကို ကုတ်ဆွဲလိုက်သည်။ ခြေသည်းမှ မီးတောက်များက ကားနှင့် ထိတွေ့သည်နှင့် တပြိုင်နက် ကားကြီးကို တိုက်ရိုက် မီးစွဲလောင်စေတော့သည်။
"ဝါး... မြန်လိုက်တာ"
လုချန်က ပြိုကျနေသော ကွန်ကရစ်နံရံတစ်ခု၏ နောက်သို့ အမြန်ဝင်ကာ စဉ်ထွက်လာသော မီးပွားများကို ကာကွယ်လိုက်သည်။ ကျားသစ်က ချက်ချင်းပင် လှည့်လာပြန်သည်။ ၎င်းက ပါးစပ်ကို ဟလျက် အစွယ်များကို ထုတ်ပြသည်။ နှာခေါင်းပေါက်များမှ ရေနွေးငွေ့များက လေဖိအားသုံးသေနတ်ကဲ့သို့ တရှူးရှူး ထွက်ပေါ်နေသည်။ ၎င်းက ရှေ့ခြေနှစ်ဖက်ကို နှိမ့်ကာ ဝပ်လိုက်ပြီး အမြီးကို ဝှေ့ယမ်းနေသည်။ ၎င်းက တစ်ဖက်လူနှင့် အကွာအဝေးကို တိုင်းတာနေသည့်ပုံပင်။
"မင်းရဲ့ တုံ့ပြန်မှုက အကောင်းဆုံးပဲ"
လွီရှင်းကျားက အဝေးမှ တောင်ကုန်းတစ်ခုပေါ်တွင် ရပ်လျက် တိုက်ပွဲကို အကဲခတ်နေသည်။ သူက ကျန်တဲ့သူတွေကို တိုးတိုးလေး ပြောလိုက်သည်။
ထုံကျီချန်က သူ၏ မျက်မှန်ကို အသာအယာ ပြင်လိုက်သည်။ "ဒါပေမဲ့ ဒါက အစပဲ ရှိသေးတယ်... ဟိုဘက်က စမ်းသပ်နေတာ"
"သူ ကျားသစ်ရဲ့ တကယ့်တိုက်ကွက်ကို ခံနိုင်ရည် ရှိမရှိ ကြည့်ရအောင်"
အဖွဲ့ထဲမှ စကားနည်းလှသော စနိုက်ပါသမား ကျိုးယွီက ရုတ်တရက် ဝင်ပြောသည်။ သူတို့အဖွဲ့ တိုက်ပွဲကို အေးအေးဆေးဆေး ကြည့်နေနိုင်သည့် အကြောင်းရင်းမှာ သူတို့၏ ပြိုင်ဘက်များကို အပြတ်ရှင်းပြီးသား ဖြစ်သောကြောင့်ပင်။ ဤကျားသစ်အုပ်စု၏ အသန်မာဆုံး အဖွဲ့ဝင်များက အဆင့်F ဆဋ္ဌမအလွှာ အနည်းငယ်နှင့် သတ္တမအလွှာ တစ်ကောင်သာ ရှိသည်။ ၎င်းတို့အတွက်မူ ဤသည်မှာ ကလေးကစားစရာမျှသာပင်။ သူတို့ ဒီကိုလာရခြင်းမှာ လုချန်ကို လေ့ကျင့်ပေးရန်သာ ဖြစ်သည်။
"ဝေါင်း"
ဟိန်းသံတစ်ခုနှင့်အတူ မီးတောက်အရိပ် ကျားသစ်က ထပ်မံ တိုးဝင်လာသည်။ ၎င်း၏ ပတ်ပတ်လည်ရှိ မီးတောက်များက ၎င်းနှင့် တစ်သားတည်း ဖြစ်သွားသယောင် ထင်ရပြီး ပုံရိပ်မှာ ဝေဝါးလာသည်။ လုချန်က လက်ထဲမှ ကမ္ဘာနှစ်သွယ်ဓားကို မြှောက်လိုက်သည်။ သူက တစ်ဖက်လူကို ထိပ်တိုက်ရင်ဆိုင်ရန် မရွေးချယ်ဘဲ ဘေးဘက်သို့ ကိုယ်ကို ယိမ်းလိုက်သည်။ လက်ထဲမှ ဓားရှည်က မျက်နှာကို လေပြေညင်းကလေး ဝှေ့ယမ်းသွားသကဲ့သို့ ထွက်ပေါ်လာသည်။
“ရှပ်...”
ဓားသွားက ကျားသစ်၏ ပခုံးကို အသာအယာ ရှပ်ထိသွားသည်။
မီးပွားများ စဉ်ထွက်သွားပြီး လေထဲတွင် သွေးစအချို့ ဖြာထွက်သွားသည်။ မီးတောက်အရိပ် ကျားသစ်က နာကျင်စွာ ဟိန်းဟောက်ရင်း နောက်သို့ ယိုင်သွားသော်လည်း ချက်ချင်းပင် ဟန်ချက်ပြန်ထိန်းလိုက်သည်။ ၎င်း၏ နီရဲသော မျက်လုံးများက လုချန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူငယ်အိမ်ထဲတွင် တောက်လောင်နေသော မီးလျှံများ ရှိနေသကဲ့သို့ပင်။ ၎င်းက ပါးစပ်ကို အကျယ်ကြီး ဟလိုက်ရာ မီးလုံးတစ်လုံးက ပါးစပ်ထဲတွင် ဖိသိပ်လာပြီးနောက် ပစ်လွှတ်လိုက်သည်။
မီးလုံးကြီးက အမြန်နှုန်းဖြင့် ပစ်ထွက်လာပြီး လုချန်၏ ဘေးနားတွင် ပေါက်ကွဲသွားသည်။ လုချန်က ချက်ချင်းပင် နောက်သို့ လှိမ့်ကာ ရှောင်လိုက်ရသည်။ ပြင်းထန်သော တုန်ခါမှုလှိုင်းများက မြေပြင်ကို အက်ကွဲသွားစေပြီး လုချန်၏ အရိုးများပင် ဂျွတ်ခနဲ မြည်သွားသလို ခံစားလိုက်ရသည်။ ရှေ့ရှိ ကွန်ကရစ်နံရံမှာမူ အရည်ပျော်ကာ အမှိုက်ပုံအဖြစ် ပြောင်းလဲသွားသည်။
“ဒါက ကျားသစ်ရဲ့ တကယ့် လူသတ်ကွင်းပဲ...”
လုချန်က ပြန်ထရပ်လိုက်သည်။ သူ၏ သားရေချပ်ဝတ် အနားသတ်များမှာ မီးမြိုက်ခံထားရပြီး လည်ပင်းနှင့် လက်အနားများမှ မီးခိုးအနည်းငယ် ထွက်နေသည်။ သို့သော် သူက ပြုံးလိုက်သည်။
"အခု ငါ့အလှည့်ပဲ"
လုချန်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံး တင်းမာသွားပြီး သူ၏ အငွေ့အသက်မှာ သိသိသာသာ ပြောင်းလဲသွားသည်။ ခုနက တိုက်ခိုက်နေစဉ်အတွင်း သူက မိမိ၏ လျှို့ဝှက်အားသာချက်ဖြစ်သော ဝိညာဉ်စွမ်းရည်နှင့် အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်းကို အသုံးပြုကာ တစ်ဖက်လူကို အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။
ယခုမူ ကျားသစ်၏ တိုက်ခိုက်ရေး စည်းချက်၊ ကိုယ်ဟန်အနေအထားနှင့် တိုက်ကွက်များအားလုံးက သူ့ဦးနှောက်ထဲတွင် ကွင်းကွင်းကွက်ကွက် ပေါ်လာသည်။ ထို့ကြောင့် ကျားသစ်၏ ဖိအားပေးမှုများအောက်တွင် သူ နောက်မဆုတ်တော့ဘဲ ရှေ့သို့ တိုက်ရိုက် တစ်လှမ်း တိုးဝင်လိုက်သည်။
မီးတောက်အရိပ် ကျားသစ်က ဟိန်းဟောက်လိုက်သည်။ ကျားသစ်က ဇဝေဇဝါ ဖြစ်သွားသည်။ ယခုတစ်ကြိမ်တွင် သားကောင်က ထူးခြားနေသည်။ ၎င်း၏ သေစေနိုင်သော တိုက်ကွက်ရှေ့တွင် ထွက်မပြေးသည့်အပြင် ရှေ့သို့ တိုးလာနေသေးသည်။
"ကျားသစ်ကလေး... လာလေ"
လုချန်၏ စိန်ခေါ်မှုကို မြင်သောအခါ ကျားသစ်က ဒေါသတကြီးဖြင့် ရှေ့သို့ ခုန်အုပ်လိုက်သည်။ ၎င်း၏ ပါးစပ်ထဲမှ မီးတောက်များက တဖျစ်ဖျစ် မြည်နေပြီး အမြောက်ဆန်တစ်ခုကဲ့သို့ ပစ်ထွက်လာသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ လုချန်က ကြိုတင်သိမြင်နိုင်စွမ်း ရရှိထားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဓာတ်သဘာဝ တိုက်ကွက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။ သူ၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားရာ ရေခဲပြင်ပေါ်တွင် လျှောတိုက်သွားသကဲ့သို့ပင်။ လုချန်က ကိုယ်ကို တစ်ပတ်လှည့်ရင်း လက်ထဲမှ ကမ္ဘာနှစ်သွယ်ဓားဖြင့် ကျော့ရှင်းသော အဝိုင်းပုံစံတစ်ခုကို ရေးဆွဲလိုက်သည်။ လေပြေညင်းကလေးတစ်ခုအလား ဓားသွားက ကျားသစ်၏ ဝမ်းဗိုက်ထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။ ဓားသွားက နက်ရှိုင်းစွာ ထိုးစိုက်သွားပြီးနောက် ဘေးတိုက် ဆွဲလှီးပစ်လိုက်သည်။
"ဝေါင်းးးးးး"
စူးရှသော အော်သံကြီး ထွက်ပေါ်လာသည်။ ကျားသစ်က မြေပြင်ပေါ်သို့ ဒိန်းခနဲ လဲကျသွားသည်။ တစ်ပေခန့် ရှည်လျားသော ဒဏ်ရာမှ သွေးများ ပန်းထွက်လာသည်။ ၎င်းက အသည်းအသန် ပြန်ထရန် ကြိုးစားရင်း တောက်လောင်နေသော ခြေသည်းများဖြင့် လုချန်ကို ပြန်လည် တိုက်ခိုက်ရန် ကြိုးစားသည်။ သို့သော် လုချန်က ကြိုသိနေသကဲ့သို့ ရှောင်တိမ်းကာ ဘေးရှိ စွန့်ပစ်ကားအိုပေါ်သို့ ခုန်တက်လိုက်သည်။
ထို့နောက် ကောင်းကင်မှ ကြွေကျလာသော ကြယ်ပျံတစ်စင်းအလား သူက လေပေါ်တွင် လက်နှစ်ဖက်ကို မြှောက်ကာ ဓားကို တင်းတင်းဆုပ်ကိုင်လျက် ဆင်းသက်လိုက်သည်။ ထက်မြက်သော ဓားသွားက ကျားသစ်၏ ကျောကုန်းထဲသို့ တိုက်ရိုက် စိုက်ဝင်သွားပြီး ဝမ်းဗိုက်အောက်မှ ပြန်ထွက်လာသည်။ သားရဲကြီးက ပိုမိုစူးရှစွာ အော်ဟစ်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်အတွင်းမှ မီးတောက်များက ပေါက်ထွက်နေသော ရေပိုက်တစ်ခုကဲ့သို့ အရပ်မျက်နှာအနှံ့ ပန်းထွက်လာသည်။ လုချန်ကမူ အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း တည်ငြိမ်နေဆဲ။ သူက ဓားရိုးကို အားဖြင့် လိမ်လိုက်ပြီးနောက် သားရဲကြီး မီးဟုန်းဟုန်း တောက်မလာခင် စက္ကန့်ပိုင်းအလိုတွင် သူက ဧရာမ ခန္ဓာကိုယ်ကြီးကို ကန်ထုတ်လိုက်ပြီး နောက်ပြန်ဂျွမ်းထိုးကာ အမြန်ဆုံး ဆုတ်ခွာလိုက်သည်။
ပြင်းထန်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ မီးခိုးများ၊ မီးလျှံများနှင့် သွေးစများ နေရာအနှံ့ ပျံ့နှံ့သွားပြီးနောက် အရာအားလုံး ပြန်လည် တိတ်ဆိတ်သွားသည်။ ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ မီးတောက်အရိပ် ကျားသစ်က မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ ခေါင်းက ငိုက်ကျနေပြီး လျှာက အပြင်သို့ ထွက်နေသည်။ မီးလောင်ထားသော အမွေးအမှင်များနှင့် ပေါ်ထွက်နေသော နံရိုးများက တိုက်ပွဲ၏ ပြင်းထန်မှုကို သက်သေပြနေသည်။
လုချန်က သူရပ်နေကျ နေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေသည်။ လက်ထဲတွင် ကမ္ဘာနှစ်သွယ်ဓားကို ကိုင်ထားဆဲပင်။ သူ၏ ဘယ်ဘက်လက်မောင်းတွင် မီးလောင်ရာ အမည်းစက်တစ်ခု ရှိနေသော်လည်း မျက်လုံးများကမူ တောက်ပနေသည်။
“ရင်ခုန်စရာပဲ...”
သူက ဤတိုက်ပွဲကို နှစ်သက်နေမိသည်။ သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရခြင်းမှာ မည်ကဲ့သို့သော ခံစားချက်မျိုးလဲဆိုသည်ကို သူ ယခု သိရှိသွားပြီ ဖြစ်သည်။ သူ့နောက်ကွယ်တွင် အားတက်သရော လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ မီးပွားအဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့က လုချန်အတွက် ဂုဏ်ပြုပေးနေကြခြင်းပင်။
"မဆိုးဘူး လုချန်... သုံးရက်တည်းနဲ့ ပါရမီနိုးထလာတဲ့ ကြောက်စရာကောင်းတဲ့ ပါရမီရှင်ဆိုတာ တကယ်ပဲ" ထုံကျီလီက လေချွန်လိုက်သည်။ "မင်းရဲ့ ခုနက လုပ်ဆောင်ချက်က ပြည့်စုံလုနီးပါးပဲ"
ထုံကျီချန်ကလည်း ခေါင်းညိတ်ကာ ထောက်ခံသည်။ လုချန်၏ တိုက်ကွက်များကို သူ သဘောကျသွားပုံရသည်။ "လှုပ်ရှားမှုတွေက ပြတ်သားတယ်၊ ထိရောက်တယ်၊ တိကျတယ်... လိုအပ်တာထက် ပိုတဲ့ အပိုလှုပ်ရှားမှု တစ်ခုမှ မရှိဘူး"
လုချန်ကယခုတစ်ကြိမ်တွင် အားနာမနေတော့ဘဲ ဓားပေါ်ရှိ သွေးများကို အသာအယာ သုတ်လိုက်ရင်း ပြောလိုက်သည်။
"အားလုံးရဲ့ စောင့်ရှောက်မှုအတွက် ကျေးဇူးတင်ပါတယ်"
ထို့နောက် သူက အဖွဲ့ခေါင်းဆောင်ဘက်သို့ လှည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ ပါးစပ်ဟလိုက်သည်။
"ခေါင်းဆောင်... ကျွန်တော်တို့ ရှေ့ကို ဆက်တိုးကြမလား"
***