ဤတိုက်ပွဲက လုချန်အတွက် အတွေးအမြင်သစ်များစွာကို ပေးစွမ်းခဲ့သည်။ မျိုးဗီဇပြောင်း သားရဲများက လူသားစစ်သည်တော်များနှင့် မတူညီကြပေ။ အဆင့်တူချင်း ယှဉ်လျှင်ပင် သားရဲများက သိသိသာသာ အသာစီးရနေတတ်သည်။ အကယ်၍ လုချန်သာ သာမန် အဆင့်F ပထမအလွှာ စစ်သည်တော်တစ်ဦး ဖြစ်ခဲ့လျှင် ထိုမီးတောက်အရိပ် ကျားသစ်ကို တစ်ဦးတည်း ရင်ဆိုင်နိုင်ရန် မလွယ်ကူလှပေ။ ထို့ကြောင့် အဆင့်မြင့်သားရဲများက ထိုကျားသစ်ထက် ပိုမိုအန္တရာယ်များမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ယခုခေတ် လူသားများ မည်မျှအထိ ဖိအားဒဏ် ခံနေရသည်ကို အထူးပြောနေရန်ပင် မလိုတော့ပေ။ သူ အမြန်ဆုံး အစွမ်းထက်လာရန် လိုအပ်သည်။ ထို့ကြောင့် ယခု အမဲလိုက်ခရီးစဉ်မှ ပြန်လာသည်နှင့် အဆင့်E သို့ တိုက်ရိုက် အဆင့်တက်ရန် သူ ဆုံးဖြတ်လိုက်သည်။
ထိုနေ့ညနေခင်းတွင် လုချန်က မီးတောက်အရိပ် ကျားသစ်တစ်ကောင်နှင့် အမည်းရောင် လျှပ်စီးတောကြောင် တစ်ကောင်ကိုပါ ဆက်တိုက် တိုက်ခိုက်ခဲ့ပြီးနောက် ထိုနယ်မြေမှ ထွက်ခွာခဲ့ကြသည်။ အဖွဲ့ဝင်များအားလုံးက လုချန်သည် တောရိုင်းမြေပြင်၏ တကယ့်အန္တရာယ်များကို ရင်ဆိုင်နိုင်စွမ်းရှိနေပြီဟု တညီတညွတ်တည်း လက်ခံခဲ့ကြသည်။ ထို့ကြောင့် ဤနယ်မြေတွင် ဆက်နေရန် မလိုတော့ပေ။
မူလက လုချန်သည် တောရိုင်းပတ်ဝန်းကျင်နှင့် အသားကျရန် အနည်းဆုံး သုံးရက်ခန့် တိုက်ခိုက်ရမည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် လုချန်မှာ သာမန်လူ မဟုတ်ပေ။ သူ၏ စွမ်းဆောင်ရည်မှာ ထူးချွန်လွန်းလှသည်။ တိုက်ပွဲ သုံးကြိမ်မျှနှင့်ပင် တောရိုင်းမြေပြင်သို့ အကြိမ်ပေါင်းများစွာ ဝင်ထွက်နေသည့် ဝါရင့်မုဆိုးတစ်ဦးကဲ့သို့ ပြုမူလှုပ်ရှားနိုင်ခဲ့သည်။
ထို့ကြောင့် သူတို့က ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ မနက်ဖြန်တွင် ယခုနေရာထက် ပိုမိုအန္တရာယ်များသော နယ်မြေ ၅၁ သို့ သွားကြမည်ဖြစ်သည်။ ထိုနေရာက ဤနေရာမှ ကီလိုမီတာ ၃၀ ခန့် ဝေးကွာပြီး သားရဲများမှာလည်း ပိုမိုသန်မာသလို အရေအတွက်လည်း ပိုမိုထူထပ်သည်။ ၎င်းက သူတို့အဖွဲ့ ပုံမှန် အမဲလိုက်ကာ ပိုက်ဆံရှာသည့် နေရာလည်း ဖြစ်သည်။
လုချန်သည်လည်း ထိုဆုံးဖြတ်ချက်ကို ချက်ချင်းပင် သဘောတူလိုက်သည်။ သူသည်လည်း မိမိ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ဗီဇများကို ထက်မြက်လာစေရန် ပိုမိုသန်မာသော သားရဲများနှင့် လေ့ကျင့်ရန် လိုအပ်သောကြောင့်ပင်။ ထို့နောက် သူတို့က စစ်စခန်းသို့ ပြန်လာခဲ့ပြီး ထိုမှတဆင့် မြို့ထဲသို့ ဘတ်စ်ကားဖြင့် ပြန်ခဲ့ကြသည်။ လွီရှင်းကျားက ပြောသည်။
"လုချန်... မနက်ဖြန် မနက်ကျရင် ငါတို့ လာခေါ်မယ်... သွားပြီနော်"
"ဟုကဲ့... မနက်ဖြန်မှ တွေ့ကြတာပေါ့"
လုချန် အိမ်ပြန်ရောက်သည့်အခါ မိဘများလည်း ပြန်ရောက်နေကြပြီ ဖြစ်သည်။ တောရိုင်းမြေပြင်ထဲတွင် ဖုန်းနှင့် ကွန်ပျူတာများ လိုင်းမမိသောကြောင့် လုယွမ်နှင့် ဆုန့်ယွဲတို့မှာ အလွန်စိုးရိမ်နေခဲ့ကြသည်။ ယနေ့က လုချန် မြို့ပြင်သို့ ပထမဆုံးအကြိမ် အမဲလိုက်ထွက်သည့်နေ့ ဖြစ်သည်ကို သူတို့ သိနေကြသောကြောင့်ပင်။
လုချန် အိမ်ရှေ့ရောက်၍ လူခေါ်ဘဲလ်ကို နှိပ်လိုက်သောအခါ ဆုန့်ယွဲက တံခါးကို ချက်ချင်း ပြေးဖွင့်ပေးသည်။ အပြင်တွင် ရပ်နေသော လုချန်ကို မြင်လိုက်ရသည်နှင့် သူမက သားဖြစ်သူကို ချက်ချင်း ပြေးဖက်လိုက်ပြီး စိုးရိမ်တကြီး မေးမြန်းတော့သည်။
"သား... ဘယ်နားမှာ ဒဏ်ရာရလာသေးလဲ"
လုချန်၏ စိတ်ထဲတွင် နွေးထွေးသွားရသည်။ သားရဲများ၏ စိုးမိုးမှုကို မြင်ခဲ့ရစဉ်က ခံစားခဲ့ရသော တင်းမာမှုများမှာလည်း တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားသည်။ သူက ရယ်မောရင်း ပြောလိုက်သည်။
"အမေကလည်း ကျွန်တော်က ဘယ်သူလဲ... လူသားသမိုင်းမှာ အတော်ဆုံး ပါရမီရှင်လေ... သားရဲ အကောင်ပေါက်လေးတွေက ကျွန်တော့်ကို ဘယ်လိုလုပ် ဒဏ်ရာပေးနိုင်မှာလဲ... ဟဲဟဲ"
လုချန်၏ ပေါ့ပေါ့ပါးပါး အမူအရာကို မြင်မှသာ ဆုန့်ယွဲက စိတ်အေးသွားရတော့သည်။ ထို့နောက် သူတို့ သားအမိ အိမ်ထဲသို့ အတူဝင်ခဲ့ကြသည်။ ဖခင်ဖြစ်သူ လုယွမ်ကလည်း တံခါးဝတွင် ရပ်စောင့်နေသည်။ လုချန်က သူ့ကိုလည်း ဖက်လိုက်သည်။ လုယွမ်က ဘာမှမပြောသော်လည်း သားဖြစ်သူ ဘေးကင်းသည်ကို မြင်ရုံနှင့်ပင် ကျေနပ်နေပုံရသည်။
"အမေ... ကျွန်တော် ရေချိုးလိုက်ဦးမယ်... ပြီးရင် စားစရာတစ်ခုခု ပြင်ထားပေးဦးနော်... ဗိုက်အရမ်းဆာနေပြီ"
ဆုန့်ယွဲက ခေါင်းညိတ်ကာ အမြန်သွားရန် ပြောသည်။ သူမက စားစရာများကို အဆင်သင့် ပြင်ထားပေးမည်ဟု ကတိပေးလိုက်သည်။ လုချန်က အခန်းထဲသို့ ပြန်ကာ ရေနွေးဖြင့် ရေချိုးပြီး အဝတ်အစားသစ်များ လဲလှယ်လိုက်သည်။ ထို့နောက် အောက်ထပ်သို့ ဆင်းလာသောအခါ စားပွဲပေါ်တွင် စားစရာမျိုးစုံက အလျှံပယ် ဖြစ်နေသည်။
လုချန်က အလွန်ဆာလောင်နေသဖြင့် ဘေးလူကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အားပါးတရ စားသောက်လေတော့သည်။ လုချန် ငမ်းငမ်းတက် စားနေသည်ကို ကြည့်ကာ ဆုန့်ယွဲ၏ မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။ မိခင်တစ်ဦးအတွက် မိမိချက်ပြုတ်ထားသော အစားအစာများကို သားသမီးက အားရပါးရ စားနေသည်ကို မြင်ရခြင်းက အကြီးမားဆုံး ပျော်ရွှင်မှုပင် ဖြစ်သည်။
ထမင်းစားပြီးနောက် လုချန်က မိမိအခန်းသို့ ပြန်လာခဲ့သည်။ ယနေ့ညတွင် သူ အဆင့်တက်လှမ်းတော့မည် ဖြစ်သည်။ လုချန်က ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး သူ၏ အချက်အလက်ပြကွက်ကို ဖွင့်ကြည့်လိုက်သည်။
အမည် - လုချန် ခွန်အား - ၁၉၈၄ စိတ်စွမ်းအား - ၁၉၈၄ ဝိညာဉ်စွမ်းရည် - အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်း
အရာအားလုံး အဆင်သင့် ဖြစ်နေကာ အဆင့်တက်ရန်သာ လိုတော့သည်။ လုချန်က မိမိနှလုံးသားရှိ ဝိညာဉ်သွေးကြောကို အာရုံစိုက်ကြည့်လိုက်သည်။ အချင်းက ၁၅ မီလီမီတာ။ အချင်းပိုကျယ်လေလေ ဓာတ်သဘာဝ စွမ်းအင်များကို ပိုမိုသိုလှောင်နိုင်လေလေ ဖြစ်သည်။ ဤအချက်က အဆင့်နိမ့် F နှင့် E တို့တွင် သိပ်မသိသာသော်လည်း ဓာတ်သဘာဝ တိုက်ကွက်များကို သုံးနိုင်သော အဆင့်D တိုက်ပွဲများတွင်မူ အပြတ်အသတ် အသာစီး ရစေသည်။
အဘယ်ကြောင့်ဆိုသော် ဓာတ်သဘာဝ စွမ်းအင်က မိမိ၏ မူလခွန်အားကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည့် အားဖြည့်စနစ်ကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ အကယ်၍ အဆင့်D စစ်သည်တော်တစ်ဦးက တိုက်ပွဲတွင် ဓာတ်သဘာဝ စွမ်းအင်ကို အသုံးပြုပါက ၎င်း၏ ခွန်အားနှင့် အရှိန်နှုန်းသည် မူလကန့်သတ်ချက်ထက် နှစ်ဆပိုမို မြင့်တက်လာမည်ဖြစ်သည်။
ထို့ကြောင့် ဝိညာဉ်သွေးကြော၏ အကျယ်အဝန်းက စစ်သည်တော်တစ်ဦး၏ ခွန်အားအပေါ် များစွာ သက်ရောက်မှု ရှိသည်။ ဥပမာအားဖြင့် သာမန် အဆင့်D စစ်သည်တော်တစ်ဦး၏ သွေးကြောအချင်းမှာ ၈ မီလီမီတာသာ ရှိသည်။ အကယ်၍ ထိုသူက လျှပ်စီးဓာတ်ပိုင်ရှင် ဖြစ်ပါက သူ၏ ဝိညာဉ်သွေးကြောထဲတွင် သိုလှောင်ထားသော စွမ်းအင်ဖြင့် တိုက်ပွဲတွင် ဓာတ်သဘာဝ တိုက်ကွက်များကို သုံးနာရီခန့်သာ သုံးနိုင်မည်ဖြစ်သည်။ ထိုစွမ်းအင် ကုန်သွားပါက စကြာဝဠာစွမ်းအင်ကို ပြန်လည် စုပ်ယူဖြည့်တင်းရမည်ဖြစ်ပြီး ထိုသို့ မဖြည့်တင်းနိုင်မီအထိ သာမန်တိုက်ခိုက်မှုများကိုသာ ပြုလုပ်နိုင်တော့မည် ဖြစ်သည်။
ထို့ပြင် ဝိညာဉ်သွေးကြော၏ အချင်းက စွမ်းအင်ထုတ်လွှတ်မှု အရှိန်အဟုန်ကိုလည်း သက်ရောက်စေပြီး ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းရန်အတွက်လည်း အထောက်အကူ ဖြစ်စေသည်။ ဝိညာဉ်သွေးကြော ပိုကျယ်သူက စကြာဝဠာစွမ်းအင်ကို ပိုမိုလျင်မြန်စွာ စုပ်ယူနိုင်သဖြင့် ခန္ဓာကိုယ်ကို သန့်စင်ရန် ပိုလွယ်ကူကာ ဝိညာဉ်သွေးကြောအသစ်များ ပေါ်ထွက်လာရန် ပိုမိုမြန်ဆန်စေသည်။
အနှစ်သာရအားဖြင့် အဆင့်တက်လှမ်းခြင်းဆိုသည်မှာ စွမ်းအင်များကို ပိုမိုစုပ်ယူကာ ဝိညာဉ်သွေးကြောများကို မွေးမြူခြင်း၊ ဖွင့်လှစ်ခြင်းနှင့် ဆက်သွယ်ခြင်းပင် ဖြစ်သည်။ ၎င်းကို ဝိညာဉ်သွေးကြောဟု ခေါ်သော်လည်း အမှန်တကယ်တွင်မူ ၎င်းက အစစ်အမှန်နဲ့ စိတ်ကူးယဉ်နယ်ပယ်ကြားတွင် တည်ရှိနေသော ထူးခြားသည့် ပါရမီတစ်ခုသာ ဖြစ်သည်။ လူ့ခန္ဓာကိုယ်နှင့် စကြာဝဠာအကြား တံခါးပေါက်တစ်ခုကို ဖွင့်လှစ်လိုက်သကဲ့သို့ပင်။
ပုံမှန်အားဖြင့် အဆင့်D စစ်သည်တော်အချင်းချင်းက နယ်ပယ်ကြီးတစ်ခုတည်းတွင် ရှိနေကြသဖြင့် ဝိညာဉ်သွေးကြော အချင်းများ တူညီနေတတ်သည်။ သို့သော် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မတူညီကြပေ။ အဘယ်ကြောင့်ဆိုသော် အခြေခံခွန်အား ကွာခြားမှုနှင့် ဓာတ်သဘာဝ သိုင်းကွက်များကြောင့်ပင် ဖြစ်သည်။ ထို့အပြင် အဆင့်D ဒသမအလွှာ စစ်သည်တော်တစ်ဦးက ပထမအလွှာထက် ဘဝဖြစ်စဉ် ပြောင်းလဲမှုကို ကိုးကြိမ်ပိုမို ပြုလုပ်ထားသဖြင့် ၎င်းတို့၏ စွမ်းအင်အရည်အသွေးမှာ များစွာ သာလွန်နေမည်ဖြစ်သည်။
လုချန်က မူလအစ ထာဝရဇာစ်မြစ်ကျင့်စဉ်ကို စတင်လည်ပတ်လိုက်သည်။ သူ၏ ပတ်ပတ်လည်တွင် ဧရာမ စွမ်းအင်ဝဲကယောက်ကြီး တစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။ ခဏချင်းအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်သွေးကြောများမှာ ပြည့်လျှံသွားပြီး ပိုလျှံနေသော စွမ်းအင်များက နောက်ထပ် ဝိညာဉ်သွေးကြောတစ်ခုဆီသို့ မြင်သာထင်သာသော အရှိန်နှုန်းဖြင့် စတင် စီးဝင်သွားတော့သည်။
***