ကျယ်ပြောလှသော တောရိုင်းမြေပြင်ပေါ်တွင် လူတိုင်းက ဆွံ့အလျက် ရှိနေကြသည်။ လေထုထဲတွင် ကူကယ်ရာမဲ့သော ပူဆွေးမှုများ ဖုံးလွှမ်းသွားသည်။
“မှားနေပြီ...” “အရာအားလုံး မှားယွင်းနေခဲ့ပြီ...”
အစွမ်းမလျော့သွားသည့်အပြင် ပို၍ပင် အစွမ်းထက်နေသော သားရဲကြီးနှင့် ရင်ဆိုင်နေရခြင်းမှာ ကပ်ဘေးတစ်ခု ဆိုက်ရောက်ခြင်းပင် ဖြစ်သည်။ သူတို့အားလုံး အဝိုင်းခံထားရသည်။ အဆင့်E သားရဲကောင်ပေါင်း ဒါဇင်နှင့်ချီ၍ သူတို့ထံသို့ ချဉ်းကပ်လာနေကြသည်။ ထွက်ပြေးစရာ လမ်းမရှိတော့ပေ။
အဖွဲ့ခေါင်းဆောင် လွီရှင်းကျားက ခါးသီးစွာ ပြုံးလိုက်မိသည်။ ပြင်းထန်လှသော စိတ်လှုပ်ရှားမှုကြောင့် သူ၏ မျက်လုံးများမှာ သွေးတက်သကဲ့သို့ နီရဲနေသည်။
"ငါ့သမီးလေးက လပိုင်းပဲ ရှိသေးတာ... ငါ ဒီမှာ သေသွားရင် ငါ့မိသားစု ဘယ်လိုလုပ်မလဲ..." သူက နောင်တကြီးစွာ ရေရွတ်ရင်း လုချန်ကို ကြည့်လိုက်သည်။ "တောင်းပန်ပါတယ် ညီလေးလု... ငါက အပြစ်ရှိတဲ့သူပါ... ငါ့ရဲ့ လောဘကြောင့် လူသားမျိုးနွယ်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးရတော့မယ်... ငါ့နာမည်ကတော့ သမိုင်းမှာ အမည်းစက်အဖြစ် ကျန်ရစ်တော့မှာပဲ"
လုချန်က မျက်တောင်တခတ်ခတ်ဖြင့် ကြည့်နေမိသည်။ သူက ဘာမှမပြောနိုင်တော့ပေ။
“ခေါင်းဆောင်... ဘာတွေ လျှောက်ပြောနေတာလဲ... မသိရင် ကျွန်တော်တို့က အဆင့်B သားရဲကြီးနဲ့ တိုက်နေရသလိုပဲ... အဆင့်-D လေးတင်ဟာကို စိတ်အေးအေးထားပါ ခေါင်းဆောင်ရာ... ကျွန်တော် ဒီမှာ ရှိနေတာပဲ ဘယ်သားရဲမှ ခင်ဗျားတို့ကို ထိလို့မရစေရဘူး...” လုချန်က စိတ်ထဲမှ ကြိတ်၍ တွေးလိုက်မိသည်။
လွီရှင်းကျား၏ မျက်လုံးထဲတွင် ကူကယ်ရာမဲ့မှုများ ပြည့်နှက်နေသည်။ ပြောရလျှင် တိုက်ပွဲအတွင်းရှိ လူတိုင်းမှာ လုချန်ကလွဲ၍ အားလုံး မျှော်လင့်ချက် ကင်းမဲ့နေကြခြင်း ဖြစ်သည်။
သူတို့အဖွဲ့ကသားရဲကောင် ရာနှင့်ချီ၍ ဝိုင်းရံခြင်း ခံထားရသည်။ သူတို့၏ ရှေ့မလှမ်းမကမ်းတွင် ၆ မီတာခန့် မြင့်မားသော မီးရှိန်းသားရဲကြီးက ရှိနေသည်။ ၎င်း၏ မျက်လုံးများမှ မီးတောက်များ ထွက်ပေါ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှလည်း ကြောက်မက်ဖွယ် အပူရှိန်များကို ထုတ်လွှတ်နေသည်။ ၎င်းက ဤသားရဲအုပ်စု၏ ဘုရင်ပင်။ ၎င်းက အမိန့်တစ်ခု ပေးလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ သားရဲများက သစ္စာရှိသော စစ်သည်တော်များအလား တစ်ဟုန်ထိုး တိုးဝင်လာကြတော့မည်။
မီးရှိန်းသားရဲကြီးက ခေါင်းကို စောင်းကာ လူသားစစ်သည်တော်များကို ငုံ့ကြည့်လိုက်သည်။ ၎င်း၏ မျက်လုံးများထဲတွင် လှောင်ပြောင်ရိပ်များ ပါဝင်နေသည်။ ပုရွက်ဆိတ်အုပ်စုကို ကြည့်နေသကဲ့သို့ပင်။ ရုတ်တရက် လော့တာဖေးက စကားပြောလာသည်။
"ခေါင်းဆောင်... အဲဒီလို မပြောပါနဲ့... ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်ပါနဲ့... ကျွန်တော် မသေခင် တစ်ခုပြောချင်တာက ခင်ဗျားဟာ ကျွန်တော်တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးနဲ့ တာဝန်အသိဆုံး ခေါင်းဆောင်တစ်ယောက်ပါပဲ... တကယ်လို့ နောက်ဘဝဆိုတာ ရှိခဲ့ရင် ခင်ဗျားနဲ့ အဖွဲ့ ပြန်တွဲချင်ပါသေးတယ်... အခုတော့ ကျွန်တော် အရင်သွားနှင့်တော့မယ်... ခင်ဗျားတို့အားလုံး ကျွန်တော့်ရှေ့မှာ သေသွားတာကို မကြည့်ရက်လို့ပါ"
လော့တာဖေး၏ မျက်လုံးများက တည်ကြည်နေသည်။ တိုင်းပြည်အတွက် အသက်ပေးရန် အသင့်ဖြစ်နေသော စစ်သည်တော်တစ်ဦးကဲ့သို့ပင်။ သူ သေရမည်ဆိုလျှင်တောင် သားရဲတစ်ကောင် နှစ်ကောင်ကို အဖော်အဖြစ် ခေါ်သွားရန် သူ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
လော့တာဖေး၏ စကားကြောင့် လွီရှင်းကျား၏ မျက်လုံးများက ပို၍ နီရဲလာသည်။ သူ၏ လည်ချောင်းမှာ ခြောက်ကပ်လာပြီး အသက်ရှူရသည်မှာပင် မွန်းကြပ်လာသလို ခံစားလိုက်ရသည်။ ထို့နောက် သူက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟား... ညီလေး... မင်းပြောတာ မှန်တယ်.... ငါ့လို တာဝန်သိတဲ့ ခေါင်းဆောင်မျိုးကို ရှာဖို့ဆိုတာ တကယ်မလွယ်ဘူးကွ"
ယခုတစ်ကြိမ်တွင် လွီရှင်းကျားက ဟန်ဆောင်ကာ အားနာမနေတော့ပေ။ သူက ရယ်မောရင်း ကြုံးဝါးလိုက်သည်။ လော့တာဖေးက ခြေလှမ်းများကို ရပ်တန့်ကာ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာလည်း သွေးတက်နေသကဲ့သို့ပင်။ လွီရှင်းကျားက ဆက်ပြောသည်။
"အတူတူ တိုက်ကြတာပေါ့... မီးပွားအဖွဲ့က လူတွေဟာ သူရဲဘောကြောင်တဲ့သူတွေ မဟုတ်ဘူးဆိုတာ ဒီကောင်တွေကို ပြလိုက်ရအောင် ဟားဟားဟား"
အဖွဲ့သားများအားလုံး ထိုစကားကို ကြားသောအခါ တိုက်ပွဲဝင်စိတ်ဓာတ်များ ဟုန်းဟုန်းတောက်လာကြသည်။ ယနေ့ သူတို့ သေရမည်မှာ သေချာနေသော်လည်း မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်မျှ မရှိတော့ပေ။ လွီရှင်းကျား၏ ရယ်မောသံမှာ ညကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။ အခြားအဖွဲ့များမှာလည်း ထိုစကားကြောင့် စိတ်ဓာတ်များ တက်ကြွလာကြသည်။ ကျန်းဖေးဟုန်းက ကြုံးဝါးလိုက်သည်။
"မင်းတို့ ကြားတယ်မလား... မီးပွားအဖွဲ့ကိုပဲ လူစွမ်းကောင်း လုပ်ခွင့်ပေးမှာလား... ငါတို့ သွေးခွေးအဖွဲ့ရဲ့ အစွမ်းကိုလည်း ပြလိုက်ကြဦးစို့"
ကျန်အဖွဲ့သုံးဖွဲ့၏ ခေါင်းဆောင်များမှာလည်း အားတက်သရောဖြင့် အဖွဲ့သားများကို အော်ဟစ်အားပေးလိုက်ကြသည်။ ဂုဏ်သိက္ခာတစ်ခုခုကို အလုခံရတော့မည့်အလား သူတို့ အသည်းအသန် ဖြစ်နေကြသည်။
သို့သော် လုချန်ကမူ တိတ်ဆိတ်နေဆဲပင်။ သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေသော်လည်း သေဘေးနှင့် ရင်ဆိုင်ရချိန်တွင် ဤစစ်သည်တော်များ ပြသခဲ့သည့် သတ္တိကိုမူ ချီးကျူးမိသည်။ သူ အမှန်တကယ် လှုပ်ရှားရန် လိုအပ်နေသည်။ မဟုတ်လျှင် နောက်ထပ် ဘာတွေ ဆက်ဖြစ်လာမည်ကို သူ ခန့်မှန်း၍ မရတော့ပေ။
သူက ပတ်ဝန်းကျင်ရှိ သားရဲများကို ကြည့်လိုက်သည်။ ရာနှင့်ချီသော သားရဲများက ဧည့်ခံပွဲကြီးတစ်ခုကို စတင်ရန် စောင့်ဆိုင်းနေသကဲ့သို့ သူတို့ကို ဝိုင်းရံထားကြသည်။ အစွယ်များ ထွက်နေသော သွေးဝံပုလွေများ၊ အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသော ဧရာမ ကင်းမြီးကောက်နက်ကြီးများ၊ ဦးခေါင်းပေါ်တွင် အပြာရောင် ဂျိုပါသော မြွေကြီးများ၊ ခေါင်းနှစ်လုံးပါသော ကျားသစ်များ၊ လက်မောင်းရှစ်ဖက်ပါသော မျောက်ဝံကြီးများ စသည်ဖြင့် စုံလင်လှသည်။
လုချန်က ဘေးဘက်သို့ တိတ်တဆိတ် ထွက်လာသည်။ သူက ကြီးကြီးမားမား လှုပ်ရှားခြင်း မပြုဘဲ ကျောပိုးအိတ်ကို အသာအယာ ဖွင့်လိုက်သည်။
“ချွင်...”
နက်မှောင်ပြောင်လက်နေသော ဓားပျံ၁၀စင်းက ဓားအိမ်ထဲမှ ထွက်ပေါ်လာကာ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ သတ္တုချင်း ထိခိုက်သံနှင့်အတူ လေထုကို ခွဲထွက်သွားသော အသံမှာ စူးရှလှသည်။ နေဝင်ရီတရော၏ ရှုပ်ထွေးမှုများကြားတွင် မည်သူမျှ သတိမထားမိသော ထောင့်တစ်နေရာမှ လေပြေညင်းကလေးတစ်ခု တိုက်ခတ်သွားသည်။ ၎င်းက မြေပြင်ပေါ်ရှိ ဖုန်မှုန့်များကို လွင့်စင်သွားစေသည်။ ထို့နောက် သတ်ဖြတ်ခြင်းပွဲတော် စတင်သည်။
“ဝှစ်... ဝှစ်... ဝှစ်...”
ဓားပျံများက ညအမှောင်ထဲတွင် အမည်းရောင် လျှပ်စီးတန်းများအလား ဖြတ်သန်းသွားကြသည်။ ဓားပျံများက ပျောက်သွားလိုက်၊ ပြန်ပေါ်လာလိုက်နှင့် သားရဲများ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။
“တစ်ကောင်... နှစ်ကောင်... ခုနစ်ကောင်... ဆယ့်သုံးကောင်...”
ဓားပျံများက ကိုယ်ပိုင်အသိစိတ် ရှိသကဲ့သို့ တိုက်ပွဲအတွင်း လှပစွာ ကခုန်နေကြသည်။ လည်ပင်းများကို လှီးဖြတ်သည်၊ မျက်လုံးများကို ထိုးဖောက်သည်၊ အသားနှင့် အကြေးခွံများကို ကိုက်ဖြတ်ပစ်သည်။ ထိုအချိန်တွင် မာကျောလှသော သားရဲအရေခွံနှင့် အကြေးခွံများက စက္ကူကဲ့သို့ပင် နူးညံ့သွားသယောင် ထင်ရသည်။
သားရဲများ၏ ဝိုင်းရံမှုကို ခံထားရပြီး သေရန် အသင့်ပြင်ထားသော စစ်သည်တော်များမှာ ဆွံ့အကုန်ကြသည်။ သူတို့အားလုံး မှင်တက်နေကြသည်။ အမျိုးသမီး စစ်သည်တော်တစ်ဦးမှာ အသက်ကို ပြင်းပြင်းရှူရင်း ကြောင်ကြည့်နေမိသည်။ ဘာတွေ ဖြစ်ကုန်တာလဲ။
သူမ၏ ဘေးမှ အဖွဲ့သားတစ်ဦးက အော်ဟစ်လိုက်သည်။ "ကြည့်စမ်း ဟိုမှာ လဲကျကုန်ပြီ အဲဒီသားရဲတွေ သေကုန်ကြပြီ"
သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ဒိန်းခနဲ လဲကျကုန်ကြသည်။ အချို့မှာ ခန္ဓာကိုယ် နှစ်ပိုင်းကွဲသွားပြီး အချို့မှာမူ ဦးခေါင်းတွင် ဧရာမ အပေါက်ကြီးများ ဖြစ်သွားကြသည်။ ကျန်ရှိသော သားရဲများက ထိတ်လန့်တကြား ဘေးဘတ်သို့ ကြည့်နေကြသော်လည်း သူတို့အဖော်များ မည်သို့သေဆုံးသွားသည်ကို မသိနိုင်ကြပေ။
မီးရှိန်းသားရဲကြီးပင် ထိတ်လန့်သွားပြီး ဇဝေဇဝါ ဖြစ်သွားရသည်။ ၎င်း၏ နီရဲတောက်ပသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ရန်သူကို ရှာဖွေရင်း ဟိန်းဟောက်လိုက်သည်။ သို့သော် ဘာမှမရှိပေ။ စစ်သည်တော်များ၏ လက်သီးချက်ကြောင့် ထွက်လာသော လေတိုက်သံလည်း မရှိပေ။ မည်သည့် အငွေ့အသက်မျှလည်း မရှိပေ။ လေထဲမှ ရုတ်တရက် ရောက်လာသော တိတ်ဆိတ်သည့် သေခြင်းတရားသာ ရှိတော့သည်။
လူသားစစ်သည်တော်များ သူတို့၏ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။
"ဒါ ဘယ်သူ လုပ်တာလဲ" "ငါတို့ကို တစ်ယောက်ယောက် ကယ်လိုက်တာလား" "တစ်ယောက်ယောက် လှုပ်ရှားလိုက်ပြီ... ငါတို့ လူသားမျိုးနွယ်ထဲက အစွမ်းထက်တဲ့ ပညာရှင်ကြီးတစ်ယောက်ပဲ ဖြစ်ရမယ်" "ငါတို့ အသက်ရှင်ပြီ... ပညာရှင်ကြီးခင်ဗျာ... ဘယ်သူပဲဖြစ်ဖြစ် ကျေးဇူးအများကြီး တင်ပါတယ်"
အချို့မှာ ဝမ်းသာလွန်း၍ ငိုပင်ငိုနေကြသည်။ ကူကယ်ရာမဲ့မှုနှင့် ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားကာ မျှော်လင့်ချက်လှိုင်းများက အစားထိုး ဝင်ရောက်လာသည်။ လုချန်ကမူ ရုပ်တုတစ်ခုအလား ငြိမ်သက်စွာ ရပ်နေဆဲ။ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်လျက် အရာအားလုံးကို တိတ်တဆိတ် ကြည့်နေသည်။ သူက ချီးမွမ်းသံများကို လိုချင်၍ မဟုတ်ပေ။ လေးစားမှုကို ရယူရန်လည်း မဟုတ်ပေ။ သူ လုပ်ချင်၍သာ လုပ်ခဲ့ခြင်း ဖြစ်သည်။
၎င်းကို သူက ပြီးမြောက်အောင် လုပ်ခဲ့သည်။
***