"ဟဲလို... ကြီးကြပ်ရေးမှူးချိုက်လားခင်ဗျ"
လုချန်က ဖုန်းပြန်ထူးလိုက်သည်။ တစ်ဖက်မှ စိုးရိမ်တကြီး အသံတစ်ခု ထွက်ပေါ်လာသည်။
"လုချန်... ဒီနေ့ဖြစ်သွားတဲ့ ကိစ္စတွေကို ငါ ကြားပြီးပြီ... မင်း ဘာမှမဖြစ်ဘူးမလား... အဲဒီ လျှို့ဝှက်ဆန်းပြားတဲ့ အစောင့်အရှောက်အကြောင်းလည်း ငါ ကြားတယ်..."
"ဒါပေမဲ့... ငါက မင်းအတွက် မီးပွားအဖွဲ့ကလွဲပြီး တခြားဘယ်သူ့ကိုမှ မစီစဉ်ပေးထားဘူး... ဖြစ်နိုင်တာကတော့ အထက်လူကြီးတွေဘက်က တိတ်တဆိတ် စီစဉ်ပေးလိုက်တာ ထင်ပါရဲ့ တောင်းပန်ပါတယ်ကွာ... ငါ ဒီထက်မက ပိုပြီး ဂရုစိုက်သင့်တာ"
ချိုက်ကျိကွမ်၏ အသံထဲတွင် စစ်မှန်သော စိုးရိမ်မှုကို လုချန်က ခံစားလိုက်ရသည်။ တစ်ဖက်လူမှာ အဆင့်C ပညာရှင်တစ်ဦး ဖြစ်သော်လည်း သူ၏ အလုပ်အပေါ်တွင်မူ အလွန်ပင် တာဝန်သိလှပေသည်။ မည်သို့ပင်ဆိုစေကာမူ မြို့ပြင်သို့ ဒုတိယအကြိမ်မြောက် ထွက်ခြင်းမှာပင် အတော်အတန် ဘေးကင်းသည်ဟု ယူဆထားသော နယ်မြေ ၅၁ ထဲ၌ အဆင့်-D သားရဲကြီးနှင့် တိုးမည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
"ကြီးကြပ်ရေးမှူးချိုက်... ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့" လုချန်က ပြန်ပြောလိုက်သည်။ "ဒီလိုကိစ္စမျိုးက ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ အော်... ဒါနဲ့ မနက်ဖြန် ကြီးကြပ်ရေးမှူး အားလားခင်ဗျ ကျွန်တော် ပြောစရာလေး တစ်ခုရှိလို့ပါ"
"အားတာပေါ့" ချိုက်ကျိကွမ်က ဆိုသည်။ "မင်း အချိန်မရွေး လာခဲ့လို့ရတယ် ငါ မဟာမိတ်အဖွဲ့ ခန်းမမှာ စောင့်နေမယ်"
ဖုန်းချပြီးနောက် လုချန်က ကျင့်ကြံခြင်း မပြုတော့ပေ။ သူက ယခု လက်ရှိ ခန္ဓာကိုယ်ထဲရှိ ခွန်အားများကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် လိုအပ်သည်။ ထိုသို့ ထိန်းချုပ်နိုင်မှသာ နောက်တစ်ကြိမ် အဆင့်တက်ရန် ကြိုးစားသင့်သည်။ သူ၏ အခြေခံခွန်အားမှာ နေ့စဉ် တိုးပွားနေသော်လည်း ကျင့်ကြံခြင်း အဆင့်တက်လှမ်းမှုမှာ ခွန်အားတိုးရုံသာမကဘဲ ဘဝဖြစ်စဉ်၏ ဆင့်ကဲပြောင်းလဲမှုလည်း ဖြစ်သောကြောင့် ခွန်အားများကို တည်ငြိမ်အောင် အချိန်ပေးရန် လိုအပ်သည်။ ထိုနေ့ညက လုချန် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့ နံနက် ၇ နာရီတွင် လုချန် နိုးလာကာ Sign-in ဝင်လိုက်သည်။
အမည် - လုချန် ခွန်အား - ၅၇၆၈၀ စိတ်စွမ်းအား - ၅၇၆၈၀ ဝိညာဉ်စွမ်းရည် - အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်း
၅၇၆၈၀ ကို ၈၀ ကီလိုဂရမ်နှင့် မြှောက်လျှင် ၄၆၁၄ တန် ရရှိသည်။ သူ၏ အခြေခံခွန်အားမှာ အဆင့်D စစ်သည်တော်တစ်ဦး၏ အဆင့်သို့ ရောက်ရှိသွားသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အဆင့်E သတ္တမအလွှာသာ ရှိသေးသော်လည်း အခြေခံမှာမူ အဆင့်D များထက်ပင် သာလွန်နေသည်။
အဆင့်D စစ်သည်တော်များ၏ အခြေခံခွန်အား ဇယားအရ အဆင့် ၁ - ၃၀၀၀ တန် အဆင့် ၂ - ၆၀၀၀ တန် အဆင့် ၃ - ၉၀၀၀ တန် ... အဆင့် ၁၀ - ၃၀,၀၀၀ တန်
အကယ်၍ ရတနာများ သို့မဟုတ် ထူးခြားသော ကျင့်စဉ်များ ရှိပါက ဤပမာဏထက် ပိုမိုများပြားနိုင်သည်။ လုချန်က မနက်စာ စားသောက်ရင်း အတွေးတစ်ခု ရလာသည်။ ဤကမ္ဘာတွင် သာမန်လူများကို ပါရမီနိုးထစေနိုင်သည့် ရတနာများ ရှိသလားဟူသော အတွေးပင်။ ဤကမ္ဘာ၌ မရှိလျှင်ပင် ကျယ်ပြောလှသော စကြာဝဠာထဲတွင်မူ ဧကန်မုချ ရှိပေလိမ့်မည်။ သူ အစွမ်းထက်လာသောအခါ မိဘများ ထာဝရအသက်ရှည်စေရန် ထိုရတနာကို ရှာဖွေမည်ဟု ဆုံးဖြတ်လိုက်သည်။
မဟာမိတ်အဖွဲ့ ခန်းမသို့ ရောက်သောအခါ ကောင်းချန်းဖုန်းက တံခါးဝတွင် စောင့်နေသည်။ လုချန် စိတ်ထဲမှ ကြိတ်၍ မျက်မှောင်ကြုတ်လိုက်မိသည်။ “ဒီလူက ဘာလို့ ငါ့ကိုပဲ အမြဲ စောင့်နေရတာလဲ... ဒါကို ကြီးကြပ်ရေးမှူးချိုက်ကို ပြောပြသင့်လား မသိဘူး” ဟု တွေးနေသော်လည်း အပြင်ပန်းတွင်မူ ယဉ်ကျေးစွာပင် ပြုံးပြလိုက်သည်။
ကောင်းချန်းဖုန်းက သူ့ကို ချိုက်ကျိကွမ်၏ ရုံးခန်းသို့ ခေါ်ဆောင်သွားသည်။ ချိုက်ကျိကွမ်က သူ့ကို နွေးထွေးစွာ ကြိုဆိုသည်။
"မင်္ဂလာပါ ကြီးကြပ်ရေးမှူးချိုက်... ကျွန်တော် ဒီကို လာရတဲ့ အကြောင်းရင်းကတော့... ကျွန်တော် အဆင့်F ဒသမအလွှာကို ရောက်သွားပြီမို့လို့ပါ"
ချိုက်ကျိကွမ်မှာ လုချန်၏ စကားကို မကြားခင်အထိ ပြုံးရွှင်နေသော်လည်း ထိုစကားကို ကြားလိုက်ရသည့်အခါတွင်မူ သူ၏ အပြုံးမှာ ချက်ချင်း အေးခဲသွားသည်။ ထို့နောက် သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရင်း ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒီလို ရာသီဥတုမျိုးမှာ ဘာလို့ ယင်ကောင်တွေက ဒီလောက်တောင် မြည်နေရတာလဲ... ကောင်းချန်းဖုန်း... ငါမရှိတုန်းက မင်း ဘာတွေ လုပ်နေတာလဲ... တဝီဝီနဲ့ မြည်နေတဲ့ အသံတွေကြောင့် လုချန် ပြောတာကိုတောင် ငါ သေချာမကြားလိုက်ရဘူး"
လုချန်က သက်ပြင်းချလိုက်မိသည်။ “ယင်ကောင် ဟုတ်လား... ခင်ဗျားပဲ ယင်ကောင် ခင်ဗျား သေသေချာချာ ကြားတယ်ဆိုတာ ကျွန်တော် သိတယ်... ခင်ဗျား မယုံနိုင်ရုံတင်ပါ...”
"ကျွန်တော် ပြောတာက..." လုချန်က ထပ်ပြောလိုက်သည်။ "ကျွန်တော် အဆင့်F ဒသမအလွှာ စစ်သည်တော်တစ်ယောက် ဖြစ်သွားပြီလို့ ပြောတာပါ"
ယခုတစ်ကြိမ်တွင်မူ ချိုက်ကျိကွမ်က သေသေချာချာ ကြားသွားသည်။ သူ၏ မေးရိုးမှာ အောက်သို့ ပြုတ်ကျမတတ် ဖြစ်သွားပြီး မျက်လုံးအပြူးသားဖြင့် လုချန်ကို စိုက်ကြည့်နေမိသည်။ အသက်ရှူရန်ပင် မေ့နေပုံရသည်။
"မင်း... ဒီလောက် ကြောက်စရာကောင်းတဲ့ စကားကို ဘာလို့ ဒီလောက် တည်တည်ငြိမ်ငြိမ် ပြောနေရတာလဲ ခွေးသူတောင်းစားလေးရဲ့ ငါတို့လို သာမန်လူတွေကို ထိတ်လန့်လို့ သေအောင် လုပ်နေတာလား" ချိုက်ကျိကွမ်က ရုတ်တရက် ဟောက်လိုက်သည်။
လုချန်က အမူအရာမပျက်ဘဲ ပြန်ပြောသည်။ "သာမန်လူ ဟုတ်လား... အဆင့်C စစ်သည်တော်ဖြစ်တဲ့ ခင်ဗျားက သာမန်လူဆိုရင် ကျန်တဲ့သူတွေအားလုံး သတ်သေကုန်ကြမှာပေါ့"
ချိုက်ကျိကွမ်က ချောင်းတစ်ချက် ဟန့်ကာ စိတ်ကို ပြန်ထိန်းလိုက်သည်။ "မင်း သေချာရဲ့လား... ငါတို့ အရင်ဆုံး စက်နဲ့ ခွန်အားကို အရင်စမ်းသပ်ကြည့်ရအောင်"
အသေးစားအဆင့်တစ်ခု တက်လှမ်းတိုင်း ဘဝဖြစ်စဉ် ပြောင်းလဲသွားသည်မှာ လူတိုင်းသိသော အချက်ဖြစ်သဖြင့် မှားယွင်းရန် မရှိပေ။ သို့သော် ချိုက်ကျိကွမ်ကမူ မယုံနိုင်သေးပေ။ ကောင်းချန်းဖုန်းကမူ ဤမြင်ကွင်းကို ကြည့်ကာ ရယ်ချင်စိတ်ကို အောင့်ထားရသည်။ “အခုတော့ ကြီးကြပ်ရေးမှူးချိုက် အလှည့် ရောက်ပြီပေါ့”ဟု သူ တွေးလိုက်မိသည်။
လုချန်က ခေါင်းညိတ်ပြလိုက်ပြီး စမ်းသပ်ခန်းထဲသို့ ဝင်ခဲ့ကြသည်။ လုချန်က စက်ရှေ့တွင် ရပ်ကာ ပေါ့ပေါ့ပါးပါးပင် လက်သီးတစ်ချက် ထိုးလိုက်သည်။
“ဘုန်း...”
စက်၏ မျက်နှာပြင်တွင် ပေါ်လာသည်မှာ ၁၂,၀၀၀ ကီလိုဂရမ်။
လုချန်က သူ၏ စိတ်စွမ်းအားကို အသုံးပြုကာ လက်သီးချက်၏ ပြင်းအားကို တိတိကျကျ ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ ချိုက်ကျိကွမ်မှာမူ ရုတ်တရက် ရှုံးနိမ့်မှုကို ခံစားလိုက်ရသည်။
“ငါ တစ်သက်လုံး ကျင့်ကြံလာတာ ဘာအတွက်လဲ... ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေကို အလွယ်တကူ ရခဲ့တာမှ မဟုတ်တာ... အသေးစားအဆင့်တစ်ခု တက်ဖို့တောင် သားရဲတွေနဲ့ သေလုမတတ် တိုက်ခိုက်ခဲ့ရတာလေ... ဒီကောင်ကျတော့... တစ်ညအိပ်ရုံနဲ့ အဆင့်တက်သွားတယ် ဟုတ်လား... ဒီလောကမှာ တရားမျှတမှုဆိုတာ တကယ်ပဲ မရှိတော့ဘူးလား...”
ချိုက်ကျိကွမ်၏ လက်များက တုန်ယင်နေသည်။ “မဖြစ်တော့ဘူး...” သူက ဆက်ပြီး မထိန်းနိုင်တော့ပေ။ ဤကိစ္စကို အထက်လူကြီးများထံ အစီရင်ခံမှ ဖြစ်တော့မည်။
ကောင်းချန်းဖုန်းက သူ၏ အထက်လူကြီး စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသည်ကို ကြည့်ကာ အားရပါးရ ရယ်ချင်နေမိသည်။ “အဲဒီတုန်းက ကျွန်တော် ဘယ်လို ခံစားခဲ့ရလဲဆိုတာ အခုတော့ ခင်ဗျား သိပြီမလား”
အကယ်၍ ချိုက်ကျိကွမ်သာ ထိုအတွေးကို ကြားလိုက်ရလျှင် ကောင်းချန်းဖုန်းကို ရိုက်သတ်မိပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ သူ၏ ဖုန်းခေါ်ဆိုမှုက အောင်မြင်သွားသည်။
ထိုအချိန်တွင် A-1 အခြေစိုက်မြို့တော်ရှိ မဟာမိတ်ဌာနချုပ်အတွင်း မိုးသက်မုန်တိုင်းတစ်ခု ကျရောက်လာသလို တုန်လှုပ်ချောက်ချားသွားသည်။ ဒုတိယဥက္ကဋ္ဌက သူ၏ ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်သည်။ သူက မယုံနိုင်စရာ ပုံပြင်တစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ပင်။
"ချက်ချင်းပဲ... D6 မြို့ကိုသွားမယ့် လေယာဉ်တစ်စင်း အမြန်ဆုံး စီစဉ်လိုက်စမ်း... အခုချက်ချင်းပဲ"
***