ချီကန်း၏ ဓားစွမ်းအင် အကာအကွယ် ပြန်လည် မဖွဲ့စည်းနိုင်မီမှာပင် စူးချန်ခုန်းသည် ရှေ့သို့ တစ်လှမ်းတက်ကာ အတွင်းသို့ အတင်းတိုးဝင်လာသည်။ သူ၏ ဘယ်ဘက်လက်မှာ လျှပ်စီးကဲ့သို့ ထွက်ပေါ်လာပြီး ချီကန်း၏ လည်ပင်းကို ဆုပ်ကိုင်ကာ အကာအကွယ်အတွင်းမှ ဆွဲထုတ်လိုက်တော့သည်။
“လွှတ်... လွှတ်စမ်း”
ချီကန်း၏ ခြေထောက်များမှာ မြေပြင်မှ ကြွတက်သွားပြီး အသည်းအသန် ရုန်းကန်နေသော်လည်း စူးချန်ခုန်း၏ လက်ဆုပ်ကို မဖယ်ထုတ်နိုင်ဘဲ ကြက်ကလေးတစ်ကောင်ကဲ့သို့ အစွမ်းမဲ့နေရှာသည်။
“ချီကန်းကို... စီနီယာတာ့က အရှင်ဖမ်းလိုက်တာလား”
ဤမြင်ကွင်းကြောင့် ဘေးမှ ကြည့်နေသူများမှာ စိတ်လှုပ်ရှားမှုရော အံ့အားသင့်မှုပါ ခံစားလိုက်ရသည်။ မိစ္ဆာနှိမ်နင်းရေးဌာန၏ တတိယမြောက် အကြီးအကဲနှင့် မူလဓာတ်ငါးပါးပညာရှင်ကြီး တစ်ဦးဖြစ်သူ ချီကန်းမှာ တာ့ဝူဖုန်းနှင့် ခဏတာ တိုက်ခိုက်ပြီးနောက်တွင် လက်တစ်ဖက် အဖြတ်ခံလိုက်ရကာ အဖမ်းခံလိုက်ရသည်။ သူတို့နှစ်ဦးကြားမှ စွမ်းအား ကွာဟချက်မှာ အလွန်ပင် ကြီးမားလှပေသည်။
“ခုနက မင်းပြောတော့ ငါ့ရဲ့ သေခြင်းတရားက အရမ်းသနားစရာကောင်းလိမ့်မယ် ဆိုလား။”
စူးချန်ခုန်းသည် ချီကန်းကို စိုက်ကြည့်ကာ မေးလိုက်ရာ သူ၏ အသံမှာ ချီကန်း၏ နားထဲတွင် ခြောက်သွေ့ အက်ကွဲစွာ ပဲ့တင်ထပ်သွားသည်။ စူးချန်ခုန်း၏ ရက်စက်လှသော မျက်လုံးများအတွင်းမှ သတ်ဖြတ်လိုစိတ်များကို ချီကန်း မြင်တွေ့နေရသည်။
သူ၏ ခန္ဓာကိုယ်မှာ တုန်ရင်နေပြီး သနားစရာကောင်းလောက်အောင် အသနားခံလိုက်သည်။ “ညီလေးတာ့... ချမ်းသာပေးပါ... အစ်ကိုတို့ကြားမှာ ရန်ငြိုးရန်စ ကြီးကြီးမားမား မရှိဘူးလေ။ အစ်ကို့ကို အသက်ရှင်ခွင့်ပေးပါနော်... ညီလေးကို ပုံရိပ်ယောင်ဓားသွေးကျမ်း သင်ပေးပါ့မယ်... အဲဒါက အထွတ်အထိပ်အဆင့်နီးပါးရှိတဲ့ သိုင်းပညာပါ။”
ချီကန်းသည် သူ၏ ယခင် တည်ငြိမ်မှုများကို လုံးဝ ဆုံးရှုံးသွားခဲ့ပြီး အသက်ရှင်လိုစိတ်ဖြင့် နှိမ့်ချစွာ အသနားခံနေတော့သည်။ သူ မသေချင်သေးပါ။ သူ့မှာ ကြီးမားသော ရည်မှန်းချက်များ ရှိနေပြီး မကြာမီ ကာလတွင် ပိုမို မြင့်မားသော အဆင့်သို့ တက်လှမ်းလိုသူ ဖြစ်သည်။
ဤဆန္ဒကို ပြည့်ဝစေရန် ချီကန်းသည် အရာအားလုံးကို စွန့်လွှတ်ရန် အသင့်ရှိနေသည်။ မိတ်ဆွေများနှင့် မိသားစုများကို သတ်ဖြတ်ရန် သူ ဝန်မလေးခဲ့သော်လည်း သေဆုံးသွားပါက အရာအားလုံး ဆုံးရှုံးသွားမည် ဖြစ်သည်။ ထို့ကြောင့် အသနားခံခြင်းမှာ အချည်းနှီး ဖြစ်မည်ကို သိသော်လည်း သူ၏ မာန်မာနများကို ခဝါချကာ အသက်ရှင်ခွင့် တောင်းခံနေခြင်း ဖြစ်သည်။ စူးချန်ခုန်းက သူ့ကို လွှတ်ပေးမည် မဟုတ်ကြောင်းလည်း သူ ကောင်းကောင်း သိထားသည်။
အမှန်တကယ်ပင် စူးချန်ခုန်းသည် ချီကန်းကို လွှတ်ပေးရန် ရည်ရွယ်ချက် လုံးဝ မရှိချေ။ အကယ်၍ သူသာ စွမ်းအားမကြီးခဲ့ပါက ချီကန်း၏ မျှားခေါ်မှုကြောင့် ဤနေရာတွင် သေချာပေါက် သေဆုံးသွားမှာပင်။
“သေလိုက်တော့”
စူးချန်ခုန်းသည် နောက်ထပ် စကားတွေ အများကြီး မပြောတော့ဘဲ သူ၏ ဘယ်ဘက်လက်ဖြင့် ပြင်းထန်စွာ ညှစ်လိုက်သည်။ ဂျွတ်ကနဲ အသံများနှင့်အတူ ချီကန်း၏ လည်ပင်းမှာ ပြင်းထန်လှသော စွမ်းအားကြောင့် ကြေမွသွားတော့သည်။
“ဒုတ်”
ထိုမျှနှင့် မပြီးသေးပေ။ စူးချန်ခုန်း၏ ညာဘက်လက်မှ သံဖြတ်ဓားကို ရှေ့သို့ ထိုးသွင်းလိုက်ရာ ချီကန်း၏ ဦးခေါင်းခွံကို တစ်ချက်တည်းနှင့် ဖောက်ထွင်းသွားတော့သည်။ ချီကန်း၏ မျက်လုံးများအတွင်းမှ အလင်းတန်းများ ကွယ်ပျောက်သွားပြီး မကျေမနပ်ဖြစ်ကာ ပုံပျက်နေသော သူ၏ မျက်နှာပေါ်တွင် သွေးများ ဖုံးလွှမ်းနေလျက်။ သူသည် ဘဝသစ်ကို စတင်နိုင်ခဲ့မည် ဖြစ်သော်လည်း မထင်မှတ်ဘဲ တာ့ဝူဖုန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရရှာလေပြီ။
ချီကန်း၏ အလောင်းကို ပေါ့ပေါ့တန်တန် ပစ်ချလိုက်ပြီးနောက် စူးချန်ခုန်းသည် ခို့ထော့နှင့် ဝတ်ရုံခြုံ အဖိုးအိုတို့ထံ အေးစက်စွာ လှည့်ကြည့်လိုက်သည်။ “ခင်ဗျားတို့ အလှည့်ပဲ။”
“ချီကန်း... သူ အသတ်ခံလိုက်ရပြီ”
“ငါတို့ ဝင်တားနေတဲ့ ကြားထဲကတောင်မှ...”
ခိုထော့၏ ရင်ဘတ်မှ အရိုးများမှာ မိစ္ဆာသိုင်းပညာရှင်၏ မသေမျိုးကိုယ်ကြောင့် ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သော်လည်း သူနှင့် ဝတ်စုံခြုံ အဖိုးအိုတို့၏ စိတ်အခြေအနေမှာ ယခင်ကထက် ပိုမို လေးလံနေတော့သည်။ သူတို့၏ အသက်ခြွေအဖွဲ့ချုပ်သို့ ဝင်ရောက်ရန် ရည်ရွယ်ထားသော မူလဓာတ်ငါးငါး သိုင်းပညာရှင်ကြီး ချီကန်းမှာ တာ့ဝူဖုန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပြီ။ သူတို့ သုံးဦးစလုံး စူးချန်ခုန်းကို ပေါင်းတိုက်ခဲ့ကြသော်လည်း အချိန်တိုအတွင်းမှာပင် နှစ်ဦးမှာ နောက်ဆုတ်သွားရပြီး တစ်ဦးမှာ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ရက်စက်ကြမ်းကြုတ်လှသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည့် ဤလူသားမှာ မိစ္ဆာများထက်ပင် ပိုမို ကြောက်စရာ ကောင်းနေတော့သည်။
ဝတ်ရုံခြုံ အဖိုးအို၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသော မျက်နှာထားများ အထင်းသား။ စူးချန်ခုန်းနှင့် အသက်ချင်းရင်း၍ တိုက်ခိုက်ရမည်လား။ စူးချန်ခုန်း ပိုင်ဆိုင်ထားသော ဓားဝိညာဉ်မှာ သူတို့၏ မသေမျိုး ခန္ဓာကိုယ်များကို တန်ပြန် ဖျက်ဆီးနိုင်စွမ်း ရှိသည်ကို ထည့်သွင်းစဉ်းစားပါက သူကိုယ်တိုင် သေဆုံးသွားနိုင်သည့် အခွင့်အရေးမှာ အလွန် မြင့်မားနေသည်။ ချီကန်းအပေါ် လွှမ်းမိုးထားသော စူးချန်ခုန်း၏ စွမ်းအားကြောင့် အဖိုးအိုမှာ အလွန် ထိတ်လန့်နေမိသည်။
“တာ့ဝူဖုန်းရဲ့ စွမ်းအားက... အသက်ခြွေအဖွဲ့ချုပ်ထဲက အကြီးအကဲ ကောင်စီဝင်တွေမှပဲ သူ့ကို နှိမ်နင်းနိုင်မှာ။”
ခိုထော့မှာ သူ၏ ရင်ဘတ်မှ နာကျင်မှုကို ခံစားနေရဆဲ ဖြစ်ပြီး အလွန် စိုးရိမ်နေမိသည်။ အသက်ခြွေအဖွဲ့ချုပ်တွင် အစွမ်းထက်သူများစွာ ရှိပြီး ဝိဇ္ဇာဗိမာန်မှ ဆင်းသက်လာသော ခိုထော့မှာ ထိပ်တန်း တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်သော်လည်း သူသည် အမြင့်ဆုံးအဆင့် မဟုတ်သေးပေ။ အဖွဲ့ချုပ်အတွင်း၌ အစစ်အမှန် အထက်တန်းလွှာများ ဖြစ်ကြသော အကြီးအကဲကောင်စီ ရှိနေသည်။
အကြီးအကဲကောင်စီ၏ အဖွဲ့ဝင် ဖြစ်လာရန် သတ်မှတ်ချက်များမှာ အလွန် တင်းကျပ်လှသည်။ ပထမဆုံး လိုအပ်ချက်မှာ မူလဓာတ်ငါးပါးပညာရှင်ဖြစ်ရမည်ဖြစ်ပြီး ဒုတိယမှာ အဆင့်မြင့် နတ်ဆိုးအမြုတေနှင့် အောင်မြင်စွာ ပေါင်းစပ်ထားသူ ဖြစ်ရမည်။ အသက်ခြွေအဖွဲ့ချုပ်၏ အကြီးအကဲ တစ်ဦးစီတိုင်းက ရှေးကျပြီး အစွမ်းထက်သူများ ဖြစ်ကြကာ မိစ္ဆာသိုင်းပညာရှင် မဖြစ်လာမီကတည်းက နယ်ပယ်အသီးသီးတွင် ကျော်ကြားသော သိုင်းပညာရှင်ကြီးများ ဖြစ်ကြသည်။ အဆင့်မြင့် နတ်ဆိုးအမြုတေနှင့် အောင်မြင်စွာ ပေါင်းစပ်ပြီးနောက်တွင်မူ သူတို့သည် ထိပ်တန်း မိစ္ဆာသိုင်းပညာရှင်များ ဖြစ်လာကြပြီး မူလနယ်ပယ်တစ်ခုလုံးကို လွှမ်းမိုးနိုင်ကာ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်လာကြသည်။
စူးချန်ခုန်း ယခုတင် ပြသသွားသော ချီကန်းကို လွှမ်းမိုးနိုင်သည့် စွမ်းအားကို ထည့်သွင်းစဉ်းစားပါက အကြီးအကဲကောင်စီမှ မိစ္ဆာသိုင်းပညာရှင်အကြီးအကဲများသာ သူ့ကို ယုံကြည်မှုရှိရှိ အနိုင်ယူနိုင်လိမ့်မည်ဟု ခိုထော့က ထင်မြင်မိသည်။
“သွားကြစို့”
စိတ်အခြေအနေ အမျိုးမျိုး ပြောင်းလဲနေသော ဝတ်ရုံခြုံ အဖိုးအိုက ခိုထော့ထံသို့ အသံပို့လွှတ်ကာ တစ်ခွန်းတည်း ပြောလိုက်သည်။
လူတစ်ယောက်သည် အသက်ရှည်လေလေ အသက်ကို ပို၍ နှမြောလေလေ ဖြစ်သည်။ ယခုအခါ ချီကန်းပင် စူးချန်ခုန်း၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရပြီဖြစ်ရာ သူတို့ အသည်းအသန် တိုက်ခိုက်လျှင်ပင် စူးချန်ခုန်းကို တကယ် သတ်နိုင်ပါ့မည်လား။ သတ်နိုင်ခဲ့လျှင်ပင် အကျိုးအမြတ်က ဘာရှိမည်နည်း။ သူတို့ရဲ့ အသက်တွေသာ ဆုံးရှုံးသွားမည့် အလားအလာက ပိုများနေသည်။
ဝတ်ရုံခြုံ အဖိုးအိုသည် သူ၏ ကျယ်ပြန့်လှသော ဝတ်ရုံဖြင့် ခိုထော့ကို လွှမ်းခြုံလိုက်ပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ဝတ်ရုံအတွင်း ပြားချပ်သွားကာ မြေပြင်ပေါ်သို့ ငုပ်လျှိုးသွားပြီး အရိပ်များနှင့် ပေါင်းစပ်သွားလေ၏။
“ဝှစ်”
ထို့နောက် ဝတ်ရုံမှာ အရိပ်များအတွင်းမှ တစ်ဆင့် အလွန် လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။
“ဟမ်..သူတို့ ထွက်ပြေးသွားတာလား။”
စူးချန်ခုန်းမှာ အနည်းငယ် အံ့အားသင့်သွားသည်။ ဝတ်ရုံခြုံ အဖိုးအိုနှင့် ခိုထော့တို့သည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ဤမျှ ပြတ်သားစွာ ထွက်ပြေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် ဝတ်ရုံခြုံ အဖိုးအို၏ ထွက်ပြေးပုံမှာ မိစ္ဆာအတတ် နယ်ပယ်မှ ဖြစ်ရာ ခိုထော့ကို အရိပ်များအတွင်းသို့ ခေါ်ဆောင်သွားပြီး သူတို့၏ အငွေ့အသက်များမှာ အလွန် လျင်မြန်စွာ ပျောက်ကွယ်သွားသဖြင့် နောက်ယောင်ခံလိုက်ရန်ပင် မဖြစ်နိုင်တော့ချေ။
“ထားလိုက်တော့...”
စူးချန်ခုန်းသည် သေသေချာချာ အာရုံခံကြည့်သော်လည်း သူတို့၏ အငွေ့အသက်များကို မတွေ့ရတော့သဖြင့် လက်လျှော့လိုက်ရတော့သည်။ အမှန်တော့ စူးချန်ခုန်းသည်လည်း သူ၏ နတ်ဘုရားသွေးများ ကုန်ဆုံးတော့မည် ဖြစ်ပြီး ဧရာမ ဝေလငါး ကိုယ်ထည်အတတ်ကို ကြာရှည် အသုံးမပြုနိုင်ကြောင်း သိထားသည်။ အကယ်၍ ခိုထော့နှင့် ဝတ်စုံခြုံ အဖိုးအိုတို့သာ နောက်မဆုတ်ဘဲ အစွမ်းကုန် တိုက်ခိုက်ခဲ့ပါက သူတို့တွင် အနိုင်ရနိုင်ခြေ လုံးဝ မရှိသည်တော့ မဟုတ်ပေ။ အကြောင်းမှာ သူတို့ နှစ်ဦးလုံးသည် သူတို့၏ မိစ္ဆာအတတ်များကို အပြည့်အဝ အသုံးမပြုရသေးသောကြောင့် ဖြစ်သည်။
ဝတ်စုံခြုံ အဖိုးအိုနှင့် ခိုထော့တို့ ထွက်ပြေးသွားသော်လည်း ဤနေရာတွင် မိစ္ဆာသိုင်းပညာရှင် လေးငါးဆယ်ခန့် ကျန်နေသေးသည်။
“အရှင်ခိုထော့နဲ့ တမန်တော် ချီကျင်းတို့ ဘယ်ရောက်သွားတာလဲ။”
မိစ္ဆာသိုင်းပညာရှင်များမှာ အခြေအနေကို နားမလည်နိုင်ဘဲ ဖြစ်နေကြဆဲပင်။ အရာအားလုံးမှာ အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ အစွမ်းထက်သူ သုံးဦးက စူးချန်ခုန်းကို တိုက်ခိုက်ရာမှ စူးချန်ခုန်းက အစွမ်းကုန် တိုက်ခိုက်ပြီး ချီကန်းကို သတ်ဖြတ်လိုက်သည်အထိမှာ ခဏတာမျှသာ ဖြစ်ပြီးနောက် ခိုထော့နှင့် ဝတ်စုံခြုံ အဖိုးအိုတို့မှာ ထွက်ပြေးသွားကြသဖြင့် မည်သူမျှ တုံ့ပြန်ရန် အချိန်မရခဲ့ကြချေ။
မိစ္ဆာသိုင်းပညာရှင် အချို့မှာ ကြောင်တောင်တောင် ဖြစ်နေစဉ်မှာပင် အေးစက်စက်လေပြေများနှင့်အတူ ပြင်းထန်လှသော အပူရှိန်တစ်ခု သူတို့ထံသို့ ပြေးဝင်လာသည်ကို ခံစားလိုက်ရသည်။ အနှီမှာ စူးချန်ခုန်းပင် ဖြစ်သည်။
အကောင်ကြီးနှစ်ကောင် ထွက်ပြေးသွားပြီဖြစ်ရာ စူးချန်ခုန်းသည် ကျန်ရှိနေသော အကောင်အသေးများကို တတ်နိုင်သမျှ များများ သတ်ဖြတ်ရန် ရည်ရွယ်ထားတော့သည်။
***