“ဒိုင်း... ဒိုင်း... ဒိုင်း….”
လင်းရှင်းဟိုင် လက်ဦးမှုယူလိုက်သည်နှင့် ခံစစ်ကြောင်းကို ထိုးဖောက်ရန် ကြိုးစားနေသည့် အဆင့်မြင့်ဇွန်ဘီ ၁၀ ကောင်ကျော်မှာ ချက်ချင်းပင် သုတ်သင်ခံလိုက်ရသည်။
ခံစစ်ကြောင်း၏ အစိတ်အပိုင်း အနည်းငယ်တွင်ရှိသော အဆင့်မြင့်ဇွန်ဘီများကို သတ်ဖြတ်ရန်မှာ လင်းရှင်းဟိုင် အတွက် မည်သည့်ဖိအားမှ မရှိပေ။ အကူအညီရရှိသွားသော အဖွဲ့ခေါင်းဆောင်သည် ဤမြင်ကွင်းကို ကြည့်ပြီး သက်ပြင်းချနိုင်သွားသော်လည်း လက်မနှေးဘဲ အနားယူနေစဉ်အတွင်း၌ပင် စစ်မြေပြင်အခြေအနေကို ကြည့်၍ မိမိအဖွဲ့သားများကို အမိန့်များ တရစပ် ပေးနေလေသည်။
ယခုအခါ လင်းရှင်းဟိုင် ၏ အကူအညီကြောင့် သူတို့အဖွဲ့အနေဖြင့် အဆင့်မြင့်ဇွန်ဘီများကို စိုးရိမ်ရန် မလိုတော့ပေ။ ၎င်းမှာ သူတို့အတွက် ခဲရာခဲဆစ် ရရှိသော အခွင့်အရေးဖြစ်ပြီး သေချာစီစဉ်နိုင်ပါက ဤအချိန်အတွင်း ဇွန်ဘီသတ်ဖြတ်မှု အရေအတွက်မှာ နှစ်ဆတက်လာရန်ပင် ဖြစ်နိုင်ချေရှိသည်။
ထိုအဖွဲ့၏ လှုပ်ရှားမှုငယ်လေးကို လင်းရှင်းဟိုင် အလွန်အကျွံ အာရုံမစိုက်အားပေ။ အဘယ်ကြောင့်ဆိုသော် မကြာမီမှာပင် အခြားအဖွဲ့ခေါင်းဆောင်တစ်ဦးက သူ၏ အာရုံခံစွမ်းအား ၆၀ ရာခိုင်နှုန်းသာ ကျန်တော့ကြောင်း သတင်းပို့လာသောကြောင့် ဖြစ်သည်။
လင်းရှင်းဟိုင် ဘာမှ ထပ်မပြောဘဲ ထိုအဖွဲ့၏ ခံစစ်ကြောင်းရှိ အဆင့်မြင့်ဇွန်ဘီများကိုပါ သူ၏ တိုက်ခိုက်မှု နယ်ပယ်အတွင်းသို့ ထည့်သွင်းကာ တာဝန်ယူပေးလိုက်သည်။ ထို့နောက်တွင် တတိယမျိုးဗီဇသော့ ကို မချိုးဖျက်နိုင်သေးသော အဖွဲ့ခေါင်းဆောင်များမှာ တစ်ယောက်ပြီးတစ်ယောက် ထိုသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့လာရတော့သည်။
ခြွင်းချက်မရှိဘဲ သူတို့၏ ဖိအားအားလုံးမှာ လင်းရှင်းဟိုင် ထံသို့ ကူးပြောင်းရောက်ရှိလာသည်။ နောက်ဆုံးတွင် အဖွဲ့ပေါင်း ၉ ဖွဲ့အထိ သူ၏ အကူအညီကို ယူလိုက်ရသည်။
သို့သော်လည်း ဤအခြေအနေမှာ လင်းရှင်းဟိုင် အတွက် လွယ်ကူနေဆဲ ဖြစ်သည်။ သူသည် ရိုင်ဖယ်တစ်လက်တည်းဖြင့်ပင် အေးဆေးစွာ ကိုင်တွယ်နိုင်စွမ်း ရှိသည်။
တတိယမြောက် ဇွန်ဘီလှိုင်းကိုပါ အကုန်အစင် သုတ်သင်ပြီးနောက်တွင်မှ ဤတိုက်ပွဲမှာ အမှန်တကယ် ပြီးဆုံးသွားတော့သည်။ ဆယ်မိနစ်ကျော်အတွင်းမှာပင် သူတို့သည် ဇွန်ဘီ ၁,၅၀၀ နီးပါးကို သုတ်သင်နိုင်ခဲ့ခြင်း ဖြစ်ရာ လင်းရှင်းဟိုင် ပင်လျှင် အနည်းငယ် အံ့သြမိသွားသည်။
အကယ်၍ ဤသည်မှာ အခြားမြို့များတွင်သာဆိုလျှင် ဇွန်ဘီလှိုင်း အငယ်စားတစ်ခု ဖြစ်နေလောက်ပြီ ဖြစ်သော်လည်း ကွမ်ဟန်မြို့တွင်မူ ဇွန်ဘီအုပ်စု သုံးစုစာမျှသာ ရှိသေးသည်။
တိုက်ပွဲအပြီးတွင် အဖွဲ့အသီးသီးက စစ်မြေပြင်ကို ရှင်းလင်းရန် လူလွှတ်ကြပြီး ၁၀ မိနစ်ခန့် ကြာသောအခါ စွမ်းအင်သလင်းခဲ အားလုံးကို ထုတ်ယူပြီးစီးသွားသည်။ သို့သော် လင်းရှင်းဟိုင် က ချက်ချင်း ရှေ့ဆက်ရန် အမိန့်မပေးဘဲ အားလုံးကို ၅ မိနစ်ခန့် ထိုနေရာ၌ပင် အနားယူခိုင်းလိုက်သည်။
စစ်တပ်၏ အမိန့်မှာ ဇွန်ဘီများကို ရှင်းလင်းရန်သာ ဖြစ်ပြီး တစ်ကြိမ်လျှင် မည်မျှ ရှင်းလင်းရမည်ဟု သတ်မှတ်ထားခြင်း မရှိပေ။ မိမိတို့ ခွန်အားအလိုက် ဆောင်ရွက်ရုံသာ ဖြစ်သည်။ ထို့ကြောင့် လင်းရှင်းဟိုင် မလောပေ။ ညဖက်တွင် တိုက်ရခက်ခဲပါက နေ့ဖက်ရောက်မှသာ ခွန်အားပိုစိုက်မည်ဟု သူ ဆုံးဖြတ်ထားသည်။
၅ မိနစ်အကြာတွင် စစ်ကြောင်းမှာ ထပ်မံ ထွက်ခွာခဲ့သော်လည်း မကြာမီမှာပင် ဇွန်ဘီအုပ်စုများနှင့် ထပ်မံ ရင်ဆိုင်ရပြန်သည်။ အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးနောက်တွင်မူ သူတို့လည်း အတွေ့အကြုံ ရသွားကြပြီ ဖြစ်သည်။ တိုက်ပွဲမှာ ပြင်းထန်နေဆဲ ဖြစ်သော်လည်း အားလုံး၏ ဟန်ပန်မှာ မပြာမယာဘဲ တည်တည်ငြိမ်ငြိမ် ရှိနေကြသည်။
အဘယ်ကြောင့်ဆိုသော် လင်းရှင်းဟိုင် သည် သူတို့၏ အားကိုးရာ ဖြစ်နေသောကြောင့်ပင်။
လင်းရှင်းဟိုင် ကလည်း ထိုအဖွဲ့များကို စိတ်မပျက်စေခဲ့ပေ။ အာရုံခံစွမ်းအား ၆၀ ရာခိုင်နှုန်းအောက် လျော့သွားသည့် မည်သည့် အဖွဲ့ခေါင်းဆောင်ကိုမဆို အဆင့်မြင့်ဇွန်ဘီများကို ရင်ဆိုင်ရာတွင် သူက ကူညီပေးသည်။ သို့သော် မိမိ၏ အာရုံခံစွမ်းအား အလွန်အမင်း ကုန်ဆုံးမသွားစေရန်အတွက် လင်းရှင်းဟိုင် သည် အထိန်းအကွပ်မရှိဘဲ မကူညီပေ။ တစ်ချိန်တည်းတွင် အများဆုံး အဖွဲ့ ၁၀ ဖွဲ့၏ ခံစစ်ကြောင်းကိုသာ သူ ကူညီတိုက်ခိုက်ပေးသည်။
ထို့ကြောင့် ၁၁ ဖွဲ့မြောက် အဖွဲ့ခေါင်းဆောင်က အကူအညီ တောင်းလာပါက အစောဆုံး နားနေသည့် အဖွဲ့ခေါင်းဆောင်သည် အဆင့်မြင့်ဇွန်ဘီများကို ပြန်လည် တာဝန်ယူ တိုက်ခိုက်ရမည် ဖြစ်သည်။ ဤနည်းဖြင့် ပထမတပ်ရင်းရှိ အဖွဲ့ခေါင်းဆောင် အားလုံးမှာ အတိုင်းအတာတစ်ခုအထိ အနားယူနိုင်ကြပြီး လင်းရှင်းဟိုင် ၏ အာရုံခံစွမ်းအားမှာလည်း ဘေးကင်းသော အဆင့်တစ်ခုတွင် ရှိနေနိုင်သည်။
တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် ပထမတပ်ရင်းရှိ ခေါင်းဆောင်အားလုံး၏ အာရုံခံစွမ်းအားမှာ တဖြည်းဖြည်း လျော့နည်းလာနေသလို သံချပ်ကာကားများနှင့် စက်ရုပ်များ၏ ပျက်စီးမှုမှာလည်း ပိုမို များပြားလာသည်။ သို့သော် ဤသည်မှာ ရှောင်လွှဲ၍ မရသော ကိစ္စများ ဖြစ်သဖြင့် လင်းရှင်းဟိုင် အလွန်အကျွံ ဂရုမစိုက်ပေ။ ပျက်စီးသွားလျှင် ပြန်ပြင်ရုံသာ ရှိသည်။ အမှတ် အနည်းငယ် ပိုကုန်မည် ဖြစ်သော်လည်း သူ၏ ဦးဆောင်မှုအောက်တွင် ဤအဖွဲ့များ အမှတ်မရှားစေရဟု သူ ယုံကြည်ထားသည်။
အာရုံခံစွမ်းအား ကုန်ဆုံးမှုအတွက်မူ ကောင်းမွန်သော နည်းလမ်း မရှိပေ။ သူ၏ အာရုံခံစွမ်းအားမှာလည်း စဉ်ဆက်မပြတ် ကုန်ဆုံးနေရသည်။ အကယ်၍ သူ၏ အာရုံခံနယ်ပယ်မှာ မီတာ ၅၀၀ ကျော်အထိ ကျယ်ဝန်းခြင်း မရှိပါက သူလည်း တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း သူသည် ဤအဖွဲ့များကို အကန့်အသတ်မရှိ တိုက်ခိုက်ခိုင်းမည် မဟုတ်ပေ။ အာရုံခံစွမ်းအား ၃၀ ရာခိုင်နှုန်းသည် သတိပေးမျဉ်း ဖြစ်သည်။ မည်သူမဆို ထိုအဆင့်အောက် ရောက်သွားပါက တိုက်ခိုက်ခိုင်းတော့မည် မဟုတ်ပေ။ တစ်တပ်ရင်းလုံး၏ အာရုံခံစွမ်းအားမှာ ထိုအဆင့်အောက် ရောက်သွားပါက သူတို့ ဆုတ်ခွာရမည့် အချိန်ပင် ဖြစ်သည်။ မဟုတ်ပါက ရုတ်တရက် အခြေအနေဆိုးတစ်ခု ကြုံလာရလျှင် ကြီးမားသော ပြဿနာ ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။
တိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပြီး ပထမတပ်ရင်းမှာ နှေးကွေးသော်လည်း တည်ငြိမ်သော အရှိန်ဖြင့် ရှေ့သို့ တရွေ့ရွေ့ တက်လှမ်းနေသည်။ အချိန်များမှာလည်း တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီဟု တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။
ဤသုံးနာရီအတွင်း သူတို့ သတ်ဖြတ်နိုင်ခဲ့သည့် ဇွန်ဘီ အရေအတွက်မှာ ၁၅,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။ သုံးနာရီတည်းနှင့် ဤမျှ အရေအတွက်မှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။ အကယ်၍ တစ်နေ့လုံးသာ ဆိုလျှင် မည်မျှအထိ များပြားသွားမည်နည်း။ ထိုသို့ဆိုလျှင် လင်းရှင်းဟိုင် ပင် တောင့်ခံနိုင်မည် မဟုတ်ပေ။
ဇွန်ဘီအုပ်စုများအပြင် ဤသုံးနာရီအတွင်း၌ အမဲလိုက်သူ လက်မောင်းကြီး နှင့် သံချပ်ကာဇွန်ဘီ ဟူသော မျိုးဗီဇပြောင်း ဇွန်ဘီ ၃ ကောင်နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ သို့သော် ထို ၃ ကောင်လုံးမှာ တစ်ကောင်ချင်းစီသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ကြိုတင် အာရုံခံမိထားသဖြင့် ၎င်းတို့မှာ ပြန်လည် ခုခံနိုင်စွမ်း မရှိခဲ့ကြပေ။
ထိုသို့ ကြုံရတိုင်း လင်းရှင်းဟိုင် က သူ၏ စက်ရုပ်ကို မောင်းနှင်ကာ တစ်ဦးတည်း သွားရောက် သုတ်သင်လေ့ရှိသည်။ အဆင့်မြှင့်ထားသော အရှိန်မြင့်စက်ရုပ်၏ အားသာချက်မှာ ဤကဲ့သို့ တစ်ဦးတည်း တိုက်ခိုက်ရသည့် အခြေအနေမျိုးတွင် အပြည့်အဝ ပေါ်လွင်နေတော့သည်။
အမဲလိုက်သူ ဆိုလျှင် အရှိန်အဝါချင်း အပြတ်အသတ် သာလွန်နေသဖြင့် ကျည်တစ်ချက်တည်းနှင့်ပင် ဇာတ်သိမ်းပေးနိုင်သည်။ လက်မောင်းကြီး ကို ရင်ဆိုင်ရာတွင်လည်း လင်းရှင်းဟိုင် အချိန်မဆွဲဘဲ အနီးကပ် ချဉ်းကပ်ကာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီး ၎င်း၏ ညာဘက်လက်မောင်းကို ကျည်ဖြင့် အပေါက်ဖောက်လိုက်သည်။ လက်မောင်းတစ်ဖက် မရှိတော့သဖြင့် ခံစစ် လျော့နည်းသွားချိန်တွင် သူ၏ အရှိန်ကို သုံး၍ ခေါင်းကို တိုက်ရိုက် အပေါက်ဖောက်လိုက်ရာ တစ်ဖြစ်စဉ်လုံးမှာ ၁၀ စက္ကန့်ပင် မကြာလိုက်ပေ။ ဤတစ်ကြိမ်တွင် လျှပ်စစ်မိုးကြိုး တိုက်ကွက်ကိုပင် သုံးရန် မလိုလိုက်ပေ။
ကာကွယ်ရေး အလွန်ကောင်းမွန်သော သံချပ်ကာဇွန်ဘီ နှင့် တွေ့မှသာ အချိန်ဆွဲမနေဘဲ လျှပ်စစ်မိုးကြိုး အစွမ်းဖြင့် တိုက်ရိုက် ပစ်သတ်လိုက်ခြင်း ဖြစ်သည်။
ဤသုံးနာရီကြာ တိုက်ပွဲအပြီးတွင် အားလုံး၏ အာရုံခံစွမ်းအားမှာ ၃၀ ရာခိုင်နှုန်း သတိပေးမျဉ်းအထိ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် လင်းရှင်းဟိုင် အချိန်မဆွဲဘဲ ပြန်ရန် အမိန့်ပေးလိုက်သည်။
လင်းရှင်းဟိုင် ၏ အမိန့်ကို ကြားလိုက်ရသည့်အခါ အဖွဲ့ခေါင်းဆောင် အားလုံး သက်ပြင်းချနိုင်သွားကြပြီး အလွန်ပင် ဝမ်းသာသွားကြသည်။ ဤတစ်ညလုံး တိုက်ပွဲမှာ ဖိအားများသော်လည်း မည်သည့် ဆိုးရွားသော အခြေအနေမှ မကြုံခဲ့ရပေ။
အပျော်ရွှင်ရဆုံး ကိစ္စမှာမူ ရရှိလာသော အမှတ်များ ပင် ဖြစ်သည်။ သုံးနာရီကျော်အတွင်း ဇွန်ဘီ ၁၅,၀၀၀ ကျော် သတ်နိုင်ခဲ့ခြင်းမှာ ကွမ်ဟန်မြို့၏ ဇွန်ဘီများသည် အရေအတွက်သာမက အရည်အသွေးပါ မြင့်မားသောကြောင့် ဖြစ်သည်။ အများစုမှာ အလယ်အလတ် ဇွန်ဘီများ ဖြစ်ကြသည်။
အလယ်အလတ် ဇွန်ဘီတစ်ကောင်ကို သတ်လျှင် မစ်ရှင်အမှတ်နှင့် စွမ်းအင်သလင်းခဲ ရောင်းရငွေ ပေါင်းပါက ၅၅ အမှတ် ရရှိသည်။ ၁၅,၀၀၀ ဆိုလျှင် စုစုပေါင်း ၈၂၅,၀၀၀ အမှတ် ရရှိမည် ဖြစ်သည်။ ကွမ်ဟန်မြို့တွင် အလယ်အလတ် ဇွန်ဘီများချည်းသာ မဟုတ်သော်လည်း အဆင့်မြင့်ဇွန်ဘီနှင့် သာမန်ဇွန်ဘီများကို ပျမ်းမျှ တွက်ချက်ကြည့်လျှင် ရရှိမည့် အမှတ်စုစုပေါင်းမှာ အလွန်အမင်း ကွာခြားမည် မဟုတ်ပေ။
ဤအမှတ်များ၏ အဓိက အစိတ်အပိုင်းမှာ ကောင်းကင်ဖြိုခွင်းခြင်း အဖွဲ့လက်ထဲသို့ ရောက်ရှိမည် ဖြစ်သော်လည်း ကျန်ရှိသော ပထမတန်းစား အဖွဲ့အစည်းများမှာလည်း ပျမ်းမျှ တစ်ဖွဲ့လျှင် ၃၀,၀၀၀ အမှတ်ခန့် ရရှိကြမည် ဖြစ်သည်။
ဤဝင်ငွေမျိုးမှာ ယခင်က ဇွန်ဘီလှိုင်းကြီးနှင့် ကြုံခဲ့ရစဉ်က ရရှိခဲ့သော ဝင်ငွေကို မမီသော်လည်း ထိုစဉ်က အခြေအနေမှာ ရုတ်တရက် ကြုံတွေ့ရခြင်းဖြစ်၍ ပုံမှန်ဝင်ငွေအဖြစ် သတ်မှတ်၍ မရပေ။ သို့သော် ယနေ့ည မစ်ရှင်မှာမူ ပုံမှန်အတိုင်း ထွက်ခွာခြင်း ဖြစ်သည်။
သာမန်အဖွဲ့အစည်းတစ်ခုသည် တစ်ကြိမ်ထွက်လျှင် ၃၀,၀၀၀ အမှတ် ရရှိမည်ဆိုပါက တစ်နေ့လျှင် ၄ ကြိမ် ထွက်နိုင်လျှင်ပင် ၁၂၀,၀၀၀ အမှတ် ရရှိမည် ဖြစ်သည်။ ကျည်ဆံဖိုးများ နုတ်လျှင်ပင် အနည်းဆုံး ၈၀,၀၀၀ အမှတ်ခန့် အသားတင် ကျန်ရှိမည် ဖြစ်သည်။ ဤဝင်ငွေမျိုးမှာ သူတို့ ယခင်က အိပ်မက်ပင် မမက်ရဲသော ပမာဏ ဖြစ်သည်။
ကောင်းကင်ဖြိုခွင်းခြင်း အဖွဲ့အတွက်မူ ပို၍ ထိတ်လန့်စရာ ကောင်းသည်။ သူတို့၏ တိုက်ရိုက်ဝင်ငွေမှာ ၂၅၀,၀၀၀ အမှတ် ရှိပြီး အခြားအဖွဲ့များ၏ စုစုပေါင်းဝင်ငွေထဲမှ ၁၀ ရာခိုင်နှုန်းကိုပါ ရရှိမည်ဖြစ်သဖြင့် တစ်ကြိမ်တည်းနှင့် ဝင်ငွေမှာ အမှတ် ၃ သိန်းထက် ကျော်လွန်နေပြီ ဖြစ်သည်။ တစ်နေ့လျှင် ၄ ကြိမ် ထွက်ပါက ကျည်ဆံဖိုး နုတ်လျှင်ပင် ဝင်ငွေမှာ အမှတ် ၁ သန်းကို အေးဆေးစွာ ကျော်လွန်သွားမည် ဖြစ်သည်။
ဤသို့ တွက်ချက်ကြည့်ပြီးနောက်တွင်မူ လင်းရှင်းဟိုင် ပင်လျှင် ရင်ထဲ၌ အေးစိမ့်သွားကာ အံ့သြမှင်သက်သွားရတော့သည်။
***