ဤမျှကြီးမားသော ဇွန်ဘီအုပ်စုကြီး ချီတက်လာသည်ကို တွေ့ရှိလိုက်ရသဖြင့် လင်းရှင်းဟိုင်တို့ လူစုမှာ မည်သည့်နှောင့်နှေးမှုမျှ မရှိဘဲ ချက်ချင်း ပြန်လာခဲ့ကြပြီး သတင်းကို အမြန်ဆုံး တင်ပြခဲ့ကြသည်။
သို့သော် အားလုံးကို အံ့ဩသွားစေသည်မှာ စစ်ဦးစီးဌာနဘက်က သတင်းကို လက်ခံရရှိသော်လည်း သူတို့ကို ဆုတ်ခွာခိုင်းခြင်း သို့မဟုတ် အခြားတာဝန်ပေးခြင်းမျိုး မလုပ်ဘဲ ဇွန်ဘီအုပ်စုကြီးကိုသာ ဆက်လက် စောင့်ကြည့်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
"ဒီအမိန့်က ဘာကို ဆိုလိုတာလဲ" ထော်ယုံယွမ်က မျက်မှောင်ကြုတ်ရင်း နားမလည်နိုင်စွာ ပြောလိုက်သည်။
ဇွန်ဘီအရေအတွက်မှာ မကြာခင် ၇ သိန်းအထိ ရောက်ရှိတော့မည် ဖြစ်ရာ ၎င်းမှာ စစ်တပ်နှင့် ကြေးစားအဖွဲ့ချုပ်တို့ ရင်ဆိုင်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။ ပုံမှန်အတိုင်းဆိုလျှင် ချက်ချင်း ဆုတ်ခွာရန် ပြင်ဆင်သင့်ပေသည်။
လင်းရှင်းဟိုင်လည်း မျက်မှောင်ကြုတ်ထားသော်လည်း ဘာမှမပြောဘဲ မိုးမျှော်တိုက်ကြီး၏ အမိုးပေါ်တွင် ရပ်ကာ အဝေးသို့ တိတ်ဆိတ်စွာ လှမ်းကြည့်နေခဲ့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မွန်းလွဲ ၁ နာရီသို့ ရောက်ရှိလာသည့်အခါ စက်မှုဇုန် အနောက်ဘက်တွင် စုဝေးနေသော ဇွန်ဘီအရေအတွက်မှာ ၁ သန်းကျော်သွားပြီ ဖြစ်သည်။
ဇွန်ဘီအုပ်စုကြီးမှာ ပို၍ များပြားလာသည်နှင့်အမျှ ဤပတ်ဝန်းကျင်ရှိ ဇွန်ဘီများမှာလည်း ပို၍ ရုန်းရင်းဆန်ခတ် ဖြစ်လာကြသည်။ ထိုအခြေအနေအရဆိုလျှင် မျိုးဗီဇပြောင်း ဇွန်ဘီများ၏ ညွှန်ကြားမှု မပါလျှင်ပင် မကြာမီမှာပင် ဇွန်ဘီအုပ်စုကြီးအဖြစ် အလိုအလျောက် ပေါ်ပေါက်လာတော့မည် ဖြစ်သည်။
ယခုအချိန်တွင် လင်းရှင်းဟိုင်တို့မှာ အနီးကပ် သွားရောက် ကင်းထောက်ရန်ပင် မဝံ့ရဲတော့ပေ။ အကယ်၍ ထိုဇွန်ဘီပင်လယ်ကြီးအတွင်း ပိတ်မိသွားပါက သူတို့ကဲ့သို့ အင်အားကြီးသူများပင်လျှင် အသက်ရှင်ရန် ခဲယဉ်းလှသည်။
စစ်တပ်ဘက်ကလည်း သူတို့အပေါ် ထားရှိသော ကင်းထောက်မှု စည်းကမ်းများကို လျှော့ပေါ့ပေးခဲ့သည်။ အဝေးမှနေ၍ အဝေးကြည့် ကိရိယာများဖြင့်သာ စောင့်ကြည့်ရန်နှင့် ဇွန်ဘီအုပ်စုကြီး စတင် လှုပ်ရှားလာသည်နှင့် တစ်ပြိုင်နက် သတင်းပို့ရန်သာ မှာကြားထားတော့သည်။
"ငါ ပြန်ပြီး အခြေအနေ သွားမေးဦးမယ်။ မင်းတို့လည်း သတိထားကြဦး၊ တစ်ခုခု ထူးခြားတာနဲ့ ချက်ချင်း ဆုတ်ကြ" ဟု လင်းရှင်းဟိုင်က သက်ပြင်းချရင်း ထော်ယုံယွမ်တို့ကို ပြောလိုက်သည်။
အခြေအနေကို အသေအချာ မသိရသရွေ့ သူ စိတ်မအေးနိုင်ပေ။
"အင်း" ထော်ယုံယွမ်က ခေါင်းညိတ်ပြီး ပြန်ပြောသည်။ "ငါတို့အတွက် စိတ်မပူပါနဲ့။ အခုက အဝေးကနေပဲ ကြည့်နေတာဆိုတော့ အရင်လို ဇွန်ဘီရေဒါနဲ့ ကင်းထောက်တာထက်တောင် ပိုပြီး ဘေးကင်းပါတယ်။ ပြီးတော့... အကယ်၍ လျှို့ဝှက်ချက် မဟုတ်တဲ့ သတင်းတစ်ခုခု သိလာရင် ငါတို့ကိုလည်း ပြောပြပေးပါဦး။"
"ကောင်းပြီ" လင်းရှင်းဟိုင်က ကတိပေးလိုက်ပြီးနောက် စက်ရုပ်စစ်သည်ကို မောင်းနှင်၍ ထွက်ခွာခဲ့သည်။
လမ်းတစ်လျှောက် ပြန်လာရင်း စက်မှုဇုန်ကို ဖြတ်ကျော်သည့်အခါ ဤနေရာရှိ ဇွန်ဘီအရေအတွက်မှာ ယမန်နေ့ညကထက် အဆပေါင်းများစွာ တိုးပွားနေသည်ကို တွေ့လိုက်ရသည်။
ယခု အခြေအနေအရဆိုလျှင် ဇွန်ဘီအုပ်စုကြီး မတိုက်ခိုက်မီ လမ်းကို အောင်မြင်စွာ ဖွင့်နိုင်ခဲ့လျှင်ပင် စက်မှုဇုန်အတွင်း ဝင်ရောက်၍ စွမ်းအင်ကျောက်တုံး
(TN/ စွမ်းအင်ကျောက်တုံးနဲ့ စွမ်းအင်သလင်းခဲ ကမတူဘူးနော် စွမ်းအင်ကျောက်တုံးက ဇွန်ဘီတွေရဲ့ စွမ်းအင်အမြုတေ ပါ စွမ်းအင်သလင်းခဲက စက်ရုပ် တွေမောင်းနှင်ဖို့အသုံးပြုတဲ့ ကုန်ကြမ်းပါ)
စုဆောင်းရန်မှာ အလွန်ပင် ခဲယဉ်းလှပေလိမ့်မည်။
၁၀ မိနစ်ခန့်အကြာတွင် သူသည် ပထမဆုံးသော တပ်ဖွဲ့တစ်ခုနှင့် တိုးမိသည်။ ၎င်းမှာ စစ်တပ်နှင့် ကြေးစားအဖွဲ့များ ပူးပေါင်းထားသော အဖွဲ့ ဖြစ်သည်။
သိသိသာသာပင် စစ်တပ်က ကွပ်ကဲမှု ကို ရယူထားပြီးဖြစ်ရာ ကြေးစားတပ်ရင်းများမှာ အမိန့်ကိုသာ နာခံနေကြရခြင်း ဖြစ်သည်။
လင်းရှင်းဟိုင်ကို အံ့ဩသွားစေသည့် အချက်မှာ ထိုအဖွဲ့သည် စက်မှုဇုန်ဘက်သို့ လမ်းမဖောက်တော့ဘဲ လမ်းဘေးဝဲယာရှိ ဇွန်ဘီများကို ရှင်းလင်းခြင်းနှင့် လမ်းပေါ်ရှိ အဟန့်အတားများကို ဖယ်ရှားခြင်းတို့ကိုသာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
ပြိုကျနေသော အဆောက်အအုံ အပျက်အစီးများနှင့် ကားများကို လမ်းဘေးသို့ ရွှေ့ဆိုင်းထားကြပြီး ချိုင့်ခွက်များကိုလည်း အတတ်နိုင်ဆုံး ဖာထေး ပြုပြင်နေကြသည်။
"ဒါတွေက ဘာလုပ်နေကြတာလဲ" ဟု လင်းရှင်းဟိုင်က အံ့ဩစွာ တွေးလိုက်မိသည်။
သို့သော် သူသည် မရပ်တန့်ဘဲ ဆက်လက် ပြန်လာခဲ့သည်။ ယခုအခါ လမ်းတစ်လျှောက်တွင် ဇွန်ဘီများ မရှိသလောက် ရှင်းလင်းနေပြီ ဖြစ်သည်။ နောက်ပိုင်းတွင် တွေ့ရသော ကြေးစားအဖွဲ့များမှာလည်း ထိုကဲ့သို့သော အလုပ်များကိုသာ လုပ်နေကြသော်လည်း သူတို့တွင် နောက်ထပ် တာဝန်တစ်ခု ပိုလာသည်။ ၎င်းမှာ ကင်းစောင့်စခန်းများနှင့် ခံစစ်စည်းများကို တည်ဆောက်ခြင်း ဖြစ်သည်။
လင်းရှင်းဟိုင်က အာရုံခံစွမ်းအားဖြင့် လှမ်းကြည့်လိုက်ရာ ထိုကင်းစောင့်စခန်းများနှင့် ခံစစ်စည်းများမှာ အလွန်ပင် ရိုးရှင်းလှသော်လည်း အလွန် စိပ်စိပ်တည်ဆောက်ထားသည်ကို တွေ့ရသည်။ ကင်းစောင့်စခန်းတစ်ခုနှင့် တစ်ခုမှာ မီတာ ၁၀၀ ခန့်သာ ကွာဝေးသည်။
ထို့ထက် ပို၍ အရေးကြီးသော အချက်မှာ ထိုကင်းစောင့်စခန်းများ၏ အောက်ခြေတွင် စက်ကိရိယာများဖြင့် ၂ မီတာခန့် ကျယ်ဝန်းသော မြေအောက်လမ်းတစ်ခုကို တူးဖော်ထားခြင်း ဖြစ်သည်။ ၎င်းမှာ ကင်းစောင့်စခန်းများအကြား စစ်ကူပေးရန် သို့မဟုတ် ဆုတ်ခွာရန်အတွက် အသုံးပြုနိုင်ရန် ဖြစ်သည်။
"ဒါက ဇွန်ဘီအုပ်စုကြီးနဲ့ တကယ် အသေအလဲ တိုက်ဖို့ ပြင်နေတာလား" ဟု လင်းရှင်းဟိုင်က စိပ်စိပ်တည်ဆောက်ထားသော ကင်းစောင့်စခန်းများကို ကြည့်ကာ သံသယဖြစ်မိသော်လည်း တစ်ဖက်တွင်လည်း စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
စစ်တပ်က ဖန်တီးနေသည်မှာ ခံစစ်စည်း အနည်းငယ် မဟုတ်ဘဲ အလွန်ကြီးမားသော ခံစစ်ကွန်ရက်ကြီး တစ်ခု ဖြစ်သည်။
ယခုအခါ လင်းရှင်းဟိုင်သည် စစ်တပ်အပေါ် အထင်ကြီးသွားမိသည်။ ယခင်က ထော်ယုံယွမ်က စစ်ဦးစီးဌာန၏ တွက်ချက်ချက်အရ ဇွန်ဘီ ၅ သိန်းကို ခုခံနိုင်သည်ဟု ပြောတုန်းက သူ အနည်းငယ် သံသယဖြစ်ခဲ့မိသည်။
ယခု မြင်တွေ့နေရသော အနေအထားအရဆိုလျှင် သံသယဖြစ်စရာ မလိုတော့ပေ။ အကယ်၍ ဤကဲ့သို့သော ခံစစ်စနစ်ဖြင့် တိုက်ခိုက်မည်ဆိုပါက ဤလူအင်အား ၃၅,၀၀၀ သည် ဇွန်ဘီ ၅ သိန်းကို အမှန်တကယ်ပင် အနိုင်ယူနိုင်စွမ်း ရှိသည်။
သို့သော် ပြဿနာမှာ ယခု ဇွန်ဘီအုပ်စုကြီးမှာ ၁ သန်းကျော်သွားပြီ ဖြစ်ရာ ၎င်းမှာ ခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်နေခြင်း ဖြစ်သည်။
ထို့ထက် ပို၍ အရေးကြီးသည်မှာ သူတို့ ကွမ်ဟန်မြို့သို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ ဇွန်ဘီများကို ရှင်းရန် မဟုတ်ပေ။ ဇွန်ဘီများမှာ သတ်၍ ကုန်နိုင်မည် မဟုတ်ဘဲ သယံဇာတများကို လုယူကာ ခိုလှုံရေးစခန်း၏ အင်အားကို မြှင့်တင်ရန်သာ ဖြစ်သည်။
ထို့ကြောင့် စစ်တပ်ဘက်က ဤဇွန်ဘီ ၁ သန်းကျော်ကို အနိုင်တိုက်နိုင်စွမ်း ရှိလျှင်ပင် လူအင်အား တစ်ဝက်ခန့် ဆုံးရှုံးသွားမည်ဆိုပါက ၎င်းမှာ စတားရှီး ခိုလှုံရေးစခန်းအတွက် တောင့်ခံနိုင်မည့် အရာမဟုတ်ပေ။ ကပ်ဘေးကာလတွင် လူသားအရင်းအမြစ်မှာ အရေးကြီးဆုံးဖြစ်ရာ ဤနေရာရှိ ကြေးစားများနှင့် စစ်သည်များမှာ တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြသောကြောင့် ဖြစ်သည်။
လင်းရှင်းဟိုင်သည် သံသယများ၊ မျှော်လင့်ချက်များနှင့်အတူ ဆက်လက် ပြန်လာခဲ့သည်။
နောက်ဆုံးတွင် သူ မေးမြန်းနိုင်မည့်သူတစ်ဦးကို တွေ့ရှိလိုက်ရသည်။ ၎င်းမှာ ကျင်းချန်လန့် ပင် ဖြစ်သည်။
ကြေးစားအဖွဲ့ချုပ်၏ အမြင့်ဆုံး ခေါင်းဆောင်ဖြစ်သူ ကျင်းချန်လန့်မှာ မူလက အခြေစိုက်စခန်းတွင်သာ ရှိနေရမည် ဖြစ်သော်လည်း ယခုအခါ ရှေ့တန်းသို့ ရောက်ရှိနေသည်ကို လင်းရှင်းဟိုင် မမျှော်လင့်ထားပေ။
ထို့ထက် ပို၍ တိုက်ဆိုင်သည်မှာ ကျင်းချန်လန့်သည် ပထမတပ်ရင်းရှိရာ နေရာတွင် ရောက်ရှိနေခြင်း ဖြစ်သည်။
"မမေးနဲ့... ငါလည်း ဘာမှ မသိဘူး" ဟု လင်းရှင်းဟိုင်က စက်ရုပ်စစ်သည်ပေါ်မှ ဆင်းကာ စကားမစရသေးခင်မှာပင် ကျင်းချန်လန့်က အရင်ဦးအောင် ပြောလိုက်သည်။
လင်းရှင်းဟိုင်မှာ ကြောင်အသွားရသည်။ "ခင်ဗျားက ကျွန်တော် ဘာမေးမလဲဆိုတာ ဘယ်လိုသိလဲ"
"မင်း အခု ပြန်လာတာ ဘာမေးဖို့ ရှိမှာလဲ။ ရှေ့တန်းက သတင်းတွေကို ငါလည်း အကုန်လုံး မဟုတ်ရင်တောင် တချို့တော့ သိပါတယ်။ တစ်ခုခုတော့ အကြီးအကျယ် ဖြစ်နေပြီဆိုတာ သေချာတယ်။ အဲဒါကြောင့်လည်း စစ်တပ်က ရှေ့ဆက်တိုးမယ့် အမိန့်ကို ရပ်လိုက်ပြီး ငါတို့ကို ဒီလို ကင်းစောင့်စခန်းတွေ ဆောက်ခိုင်းနေတာပေါ့။"
"ဒါပေမဲ့ ပြဿနာက ငါတို့ ကြေးစားအဖွဲ့ချုပ်ဘက်ကို ဒီခံစစ်စည်းတွေ ဆောက်ဖို့ ကူညီခိုင်းတဲ့ အမိန့်ကလွဲရင် စစ်တပ်ဘက်က ဘာမှ ထပ်ပြီး မပြောသေးတာပဲ။ ဪ... နောက်တစ်ခုကတော့ အချိန်မရွေး ဆုတ်ခွာဖို့ အမိန့်လည်း ရှိသေးတယ်။"
"မင်းက အဲဒီဘက်ကနေ ပြန်လာတာဆိုတော့ ပြောစမ်းပါဦး... တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ" ဟု နောက်ဆုံးတွင် ကျင်းချန်လန့်က ပြန်လည် မေးမြန်းလိုက်သည်။
လင်းရှင်းဟိုင်မှာ အတော်လေး ဆွံ့အသွားရသည်။ ကျင်းချန်လန့်၏ ဝဖြိုးသော မျက်နှာကို ကြည့်ရသည်မှာ နောက်ပြောင်နေဟန် မရှိပေ။ ဆိုလိုသည်မှာ သူ အမှန်တကယ် မသိရှိခြင်း ဖြစ်သည်။
လင်းရှင်းဟိုင် ခေတ္တ စဉ်းစားလိုက်ပြီးမှ "စစ်တပ်ဘက်က မထုတ်ပြန်သေးဘူးဆိုရင် သတင်းက လျှို့ဝှက်ချက် ဖြစ်နေဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ဘက်က အချိန်မရွေး ဆုတ်ခွာနိုင်အောင်သာ ပြင်ထားပါ" ဟု ပြောလိုက်သည်။
အကယ်၍ သူသာ ဇွန်ဘီ ၁ သန်းကျော်အကြောင်း ထုတ်ပြောလိုက်ပါက အထိတ်တလန့် ဖြစ်သွားနိုင်ကြောင်း သူ နားလည်သည်။ စစ်တပ်ဘက်က တစ်ခုခု စီစဉ်ထားသည်ရှိသော် သူ့စကားတစ်ခွန်းကြောင့် အကုန် ပျက်စီးသွားနိုင်ပေသည်။
ကျင်းချန်လန့်မှာ ပို၍ စိတ်မအေး ဖြစ်သွားပြီး တိုက်တွန်းလာသည်။ "မင်းက အဆင့်အတန်း မတူဘူးလေ။ ဝေထျန်းရှင်းနဲ့လည်း ရင်းနှီးတယ်၊ စစ်တပ်ရဲ့ ထိပ်တန်းခေါင်းဆောင် လင်းကျန့်ယန်ကလည်း မင်းကို အတော်လေး အားကိုးတယ်။ ဒါကြောင့် သွားပြီး စုံစမ်းကြည့်ပါဦး။ တစ်ခုခု သိလာနိုင်တာပေါ့။"
"ငါကတော့ တခြား မဟုတ်ပါဘူး၊ ဒီကြေးစားအဖွဲ့ချုပ်ကို ငါကိုယ်တိုင် တည်ထောင်ခဲ့တာ။ တကယ်လို့ သေနတ်စာ ကျွေးရမယ့် တာဝန်မျိုးဆိုရင်တောင် ငါ့လူတွေကို အလဟဿ အသေမခံချင်ဘူး။"
"ကောင်းပြီ နေရာကိုသာ ပြောပါ" ဟု လင်းရှင်းဟိုင်က ပြတ်သားစွာ မေးလိုက်သည်။
"နောက်ဘက် ၃ ကီလိုမီတာအကွာမှာ၊ စစ်ဦးစီးဌာနရဲ့ ယာယီစခန်းက အဲဒီမှာ ရှိတယ်"