ဘာသာပြန် - အားသစ်
သခင်လေးကျန်း၏ ဆိုးရွားသော အကြည့်ကို မြင်လိုက်ရသောအခါ ယွီရွှေ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ သူ့တွင် မကောင်းသော နိမိတိအာရုံတစ်ခု ဖြစ်ပေါ်လာသည်။
"သခင်လေးကျန်း... အဲ့ဒါ တကယ်ပဲ နဂါးကျောက်တုံးမြို့က လင်းဖုန်းလား"
ကျန်းဟွေက မဖြေပေ။ သို့သော် သူ၏ တိတ်ဆိတ်နေမှုက တိတ်တဆိတ် ဝန်ခံလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ခဏတွင်းချင်းပင် ယွီရွှေ၏ မျက်နှာမှာ စက္ကူတစ်ရွက်လို ဖြူလျော့သွားသည်။ သူသည် ခြေတစ်လှမ်း မှားယွင်းတွက်ချက်မိရုံဖြင့် ကစားပွဲတစ်ခုလုံးကို ရှုံးနိမ့်သွားခဲ့ရလေပြီ။
တကယ်တော့ သူ အလွန် သတိထားခဲ့ပြီးသား ဖြစ်သည်။ ယွီရှန်း၏ အခြေအနေကို သူ ကြိုတင်၍ လေ့လာစုံစမ်းမှု ပြုလုပ်ခဲ့သည်။ ယွီရှန်းသည် အဆင့်မြင့် သိုင်းသမားတစ်ဦး ဖြစ်လာသော်လည်း ရှေ့တန်းတွင်သာ အမြဲနေထိုင်ပြီး အိမ်သို့ ပြန်လာခဲသည်။ ရှေ့တန်းဆိုသည်မှာ မည်သို့သော နေရာမျိုးနည်း။ ယင်းမှာ အခြေခံအားဖြင့် သားသတ်ရုံတစ်ခုပင် ဖြစ်သည်။ အဲဒီလိုနေရာမျိုးကို ယွီရှန်း ဝင်ရောက်စွက်ဖက်နိုင်မည်လော။
ထို့အပြင် ယွီရှန်းတွင် သူငယ်ချင်းကောင်းအချို့ ရှိနေလျှင်တောင်မှ သူသာ ဂရုတစိုက် လုပ်ဆောင်ခဲ့သရွေ့ ထိုအဆင့်မြင့် သိုင်းသမားများက ဘာမှ လုပ်နိုင်မည် မဟုတ်ဟု ယွီရွှေ တွေးထားခဲ့သည်။ မည်သို့ပင်ဆိုစေ ဥပဒေအရ ယွီရွှေ၏ ငွေများမှာ ခဝါချပြီးသားဖြစ်ပြီး တရားဝင် ဖြစ်နေပြီ မဟုတ်ပါလား။
သို့သော် ယွီရှန်းတွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သူငယ်ချင်းကောင်းတစ်ယောက် ရှိနေလိမ့်မည်ဟု သူ ဘယ်တုန်းကမျှ မထင်ထားခဲ့ပေ။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူများသည် ဟန်ပြအနေဖြင့် ဥပဒေကို လိုက်နာရသည်ဟု ဆိုသော်လည်း သာလွန်လူသား ကျွမ်းကျင်သူများ၏ ဩဇာလွှမ်းမိုးမှုဖြင့် သာမန်လူတစ်ယောက်ကို ကိုင်တွယ်ရန်မှာ ကိတ်မုန့်ခွဲရသလို လွယ်ကူကြောင်း လူတိုင်း သိကြသည်။
"သခင်လေးကျန်း... သခင်လေး ကျွန်တော့်ကို ကယ်မှရမယ်"
ယွီရွှေမှာ ထိုမျှအထိ မအပေ။ သူသည် သူ့မျှော်လင့်ချက် အားလုံးကို သခင်လေးကျန်းအပေါ် ပုံချလိုက်သည်။ မည်သို့ပင်ဆိုစေ သခင်လေးကျန်း၏ မိသားစုတွင် သာလွန်လူသား ကျွမ်းကျင်သူ နှစ်ဦး ရှိသည် မဟုတ်ပါလား။ ထို့အပြင် သူတို့နှစ်ဦးမှာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားများ ဖြစ်နေကြပြီဖြစ်ရာ လွတ်မြောက်ရန် နည်းလမ်း မရှိတော့ပေ။
သခင်လေးကျန်းသည် အခန်းထဲတွင် အဆက်မပြတ် ရှေ့လျှောက်နောက်လျှောက် လုပ်နေသည်။ ယွီရှန်း၏ ကိစ္စက သူ့ကို ဒေါသထွက်စေသော်လည်း အမှန်တကယ်တော့ သူကိုယ်တိုင်က ဤကိစ္စတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ ဓနဥစ္စာ၏ ၃၀ ရာခိုင်နှုန်းကိုပင် ယူထားခဲ့သည်။ ဤကာလအတွင်း သူသည် အလွန်တရာ ပေါ့ပါးလွတ်လပ်နေခဲ့သည်။
ယခု တစ်ခုခု မှားယွင်းသွားပြီဖြစ်ရာ သဘာဝကျစွာပင် သူ နည်းလမ်းတစ်ခု စဉ်းစားရပေမည်။
ဥပဒေကို အသုံးပြုမလား။ ရယ်စရာ မလုပ်ပါနဲ့။ ဥပဒေသည် ကောင်းမွန်သောအရာ ဖြစ်သော်လည်း သာမန်လူများကို ကိုင်တွယ်ရာတွင်သာ လုံလောက်ပေသည်။ သာလွန်လူသား ကျွမ်းကျင်သူတွေကို ဆန့်ကျင်ဖို့လား။ ၎င်းမှာ မိုက်မဲမှုသက်သက်သာ ဖြစ်သည်။
လင်းဖုန်း ရောက်လာသည်နှင့် လူအမျိုးမျိုး၏ စုံစမ်းစစ်ဆေးမှုများကြောင့် ထိုအားနည်းချက်များမှာ သဘာဝကျစွာပင် ပေါ်ပေါက်လာပေလိမ့်မည်။ ထိုအချိန်ကျလျှင် ကျန်းဟွေကိုယ်တိုင်ပင် အပြစ်ကင်းလွတ်ခွင့် ရနိုင်မည် မဟုတ်ပေ။
အဆင့်မြင့် သိုင်းသမား၊ ရှေ့တန်းတွင် တိုက်ပွဲဝင်ခဲ့သော သူရဲကောင်း၊ ဒဏ်ရာရပြီးနောက် ရှေ့တန်းမှ ဆုတ်ခွာလာခဲ့သော သူရဲကောင်းတစ်ဦးကို နှိပ်စက်ညှဉ်းပန်းခြင်းက မည်သို့သော ပြစ်မှုမျိုးနည်း။ သူ့မိသားစုက သူ့ကို အသက်ရှင်ခွင့်ရအောင် လုပ်ပေးနိုင်သည့် ဩဇာလွှမ်းမိုးမှု ရှိလျှင်တောင် သူ့ဘဝလက်ကျန်အချိန်များကို ထောင်ထဲတွင်သာ ကုန်ဆုံးရပေလိမ့်မည်။
ထို့အပြင် ကျန်းမိသားစုသည် သူ့အတွက်နှင့် ဩဇာလွှမ်းမိုးမှုရှိပြီး ဂုဏ်သတင်းကြီးမားသော လူသားသူရဲကောင်း လင်းဖုန်းကို ပြစ်မှားမည်မဟုတ်ကြောင်း သူ သေချာသိနေသည်။
ကျန်းမိသားစု၏ သာလွန်လူသား ကျွမ်းကျင်သူ နှစ်ဦးကို ကြားဝင်ဖျန်ဖြေခိုင်းရန် ဆိုသည်မှာ ပို၍ပင် ယုတ္တိမတန်သေးသည်။ သူသည် ကျန်းမိသားစု၏ သာမန် မျိုးဆက်တစ်ဦးသာ ဖြစ်သည်။ သာလွန်လူသား ကျွမ်းကျင်သူ နှစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ ထွက်လာစေရန် သူ့တွင် မည်သည့် စွမ်းဆောင်ရည် ရှိသနည်း။ ကျန်းမိသားစုတွင် အမွေဆက်ခံသူ များစွာရှိရာ သူတစ်ဦးတစ်ယောက်တည်းက အရေးမပါလှပေ။ သာမန်လူများကို ရင်ဆိုင်ရမည်ဆိုလျှင် အဆင်ပြေသော်လည်း ယခုတစ်ကြိမ်တွင် သူတို့ ရင်ဆိုင်ရမည်မှာ လက်ရှိ၌ ဩဇာတိက္ကမ အထွတ်အထိပ်သို့ ရောက်ရှိနေသော လူသားသူရဲကောင်း လင်းဖုန်း၊ အကန့်အသတ်မဲ့သော အနာဂတ်ရှိသည့် သာလွန်လူသားအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသည်။
သို့သော် ကျန်းဟွေသည် ဘာမှမလုပ်နိုင်ဘဲ ထိုင်ကြည့်ကာ နောက်ဆုံး စီရင်ချက်ကို စောင့်ဆိုင်းနေရမည့် အဖြစ်ကို မည်သို့ လက်ခံနိုင်မည်နည်း။
သူ လုံးဝ လက်မခံနိုင်ပေ။ မည်သူကမျှ မိမိ၏ သေဆုံးခြင်းကို ထိုင်စောင့်နေမည် မဟုတ်ပေ။
"သခင်လေးကျန်း... သခင်လေးလည်း နည်းလမ်း မစဉ်းစားတတ်တော့ဘူးလား။ ကျွန်တော့်အစ်ကိုကြီးဆီ ပိုက်ဆံတွေ ပြန်ပေးလိုက်ရင်ရော ဘယ်လိုလဲ။ ဘာပဲဖြစ်ဖြစ် သူက ကျွန်တော့်ရဲ့ အစ်ကိုကြီးပဲလေ။ သူ ကျွန်တော့်ကို သတ်မှာတော့ မဟုတ်လောက်ပါဘူး..."
ယွီရွှေ အံကြိတ်လိုက်သည်။ သူ စတင် ကြောက်ရွံ့လာသည်။ သူ့နှလုံးသားထဲတွင် နောက်ဆုတ်ရန် အတွေးတစ်ခု ခပ်ဝါးဝါး ပေါ်လာသည်။ မည်သို့ပင်ဖြစ်စေ ယွီရှန်းသည် သူ၏ သွေးသားအရင်း အစ်ကို ဖြစ်သည်။ မနာလိုမှုနှင့် မကျေနပ်မှုများကြောင့် အစ်ကိုဖြစ်သူ၏ စည်းစိမ်ဥစ္စာများကို သူ လုယူခဲ့မိသော်လည်း ပိုက်ဆံများ အားလုံးကို အစ်ကိုဖြစ်သူထံ ပြန်ပေးလိုက်ပါက ဤဘဝတွင် ဘာမှ မအောင်မြင်လျှင်တောင် ထောင်ချခံရခြင်း သို့မဟုတ် ပစ်သတ်ခံရခြင်းထက်တော့ ပိုကောင်းမည် မဟုတ်ပါလား။
"ငတုံး၊ မင်းသာ ပိုက်ဆံတွေ ပြန်ပေးရဲပေးကြည့်၊ မင်းကို ငါ သတ်ပစ်မယ်"
ကျန်းဟွေ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ သွေးကဲ့သို့ ချင်းချင်းနီနေပြီး ဒေါသထွက်နေသော သားရဲတစ်ကောင်နှင့် တူနေသည်။
ယွီရွှေသည်လည်း သခင်လေးကျန်း၏ အပြုအမူကြောင့် ထိတ်လန့်သွားပြီး ဘာမှ မပြောရဲတော့ပေ။
ကျန်းဟွေက ယွီရွှေကို ရက်စက်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားသည်။ အကယ်၍ ယွီရွှေက ယခု အမှားကို ဝန်ခံပြီး ပိုက်ဆံများ ပြန်ပေးလိုက်ပါက သူ့အတွက် ထွက်ပေါက်တစ်ခု ရှိသွားမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယွီရှန်းနှင့် ယွီရွှေတို့မှာ ညီအစ်ကို အရင်းများဖြစ်ပြီး ယွီရှန်းသည် ယွီရွှေကို တကယ် သတ်မည် မဟုတ်ပေ။
ဒါပေမဲ့ သူကကော။ သူ ကျန်းဟွေကမူ ပြင်ပလူတစ်ယောက်သာ ဖြစ်သည်။ ထို့အပြင် သူသည် ယွီရွှေအား ယွီရှန်း၏ ဓနဥစ္စာများကို လိမ်လည်ယူရန် တိုက်တွန်းလှုံ့ဆော်ခဲ့သူ ဖြစ်သည်။ သူသည် နောက်ကွယ်မှ ကြိုးကိုင်သူအစစ် အဓိက လက်သည်တရားခံ ဖြစ်သည်။ ယွီရွှေတွင် ထွက်ပေါက် ရှိသော်လည်း ကျန်းဟွေတွင် လုံးဝ မရှိပေ။
အကယ်၍ ကျန်းဟွေက ယခု အမှားကို ဝန်ခံပြီး ငွေများ ပြန်ပေးလိုက်ပါက ခွင့်လွှတ်ခြင်း မခံရလျှင်တောင် သူသည် နှစ်အနည်းငယ် သို့မဟုတ် ဆယ်နှစ်ကျော်ခန့်သာ ထောင်ကျနိုင်သည်မှာ မှန်ပါသည်။ သို့သော် အဓိကအချက်မှာ ယခု သူ့တွင် ပိုက်ဆံ လုံးဝ မရှိတော့ခြင်းပင်။ သူရရှိခဲ့သော ငွေအများစုကို သူ ဖြုန်းတီးပစ်ခဲ့ပြီ ဖြစ်သည်။ ဆက်လက် ဖြုန်းတီးရန် ယွီရွှေထံမှ ငွေအချို့ ထပ်ယူရန်ပင် သူ စဉ်းစားနေခဲ့သေးသည်။
ကျန်းမိသားစုက သူ့အတွက် ဤလစ်ဟာမှုကို ဖြည့်ဆည်းပေးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အဖြစ်နိုင်ဆုံး အရာမှာ သူ ထောင်ကျရမည်ဖြစ်ပြီး အလွန် ကြာရှည်စွာ ထောင်ကျရလိမ့်မည် ဖြစ်သည်။
သူ မည်မျှပင် စဉ်းစားစေကာမူ ပိုကောင်းသော ဖြေရှင်းနည်းကို မစဉ်းစားနိုင်တော့ပေ။
"အကယ်၍... အကယ်၍ ဒီကိစ္စကို ခိုင်လုံတဲ့ အမှုတစ်ခုဖြစ်အောင် ဖန်တီးလိုက်ပြီး ယွီရှန်းသာ သေသွားရင်... အဲဒီ လင်းဖုန်း ရောက်လာရင်တောင် သူ ဘာလုပ်နိုင်မှာလဲ။ သာလွန်လူသား ကျွမ်းကျင်သူတွေက ထူးကဲတဲ့ အဆင့်အတန်း ရှိတယ်ဆိုပေမဲ့ အမှုက ခိုင်လုံသွားရင် သက်သေမရှိဘဲ ငါ့ကို သတ်ဖို့ မဖြစ်နိုင်တော့ဘူး။ တကယ်လို့ အဲဒီလိုသာ လုပ်နိုင်ရင် တကယ်ကို ကောင်းတဲ့ကိစ္စပဲ..."
ရုတ်တရက် ကျန်းဟွေ၏ မျက်လုံးများ လင်းလက်သွားသည်။ သူ အကြံကောင်းတစ်ခု စဉ်းစားမိသွားသည်။
ယခု အဓိကအချက်မှာ ယွီရှန်းပင်။ ယွီရှန်း အသက်ရှင်နေသရွေ့ ၎င်းမှာ သက်သေပင် ဖြစ်သည်။ ယွီရှန်းတွင် တောင်းဆိုချက် တစ်စုံတစ်ရာ ရှိပါက လင်းဖုန်းက သူ့ကို ကူညီပေးလိမ့်မည်။ သို့သော် ယွီရှန်းသာ သေသွားခဲ့လျှင်ကော။ လင်းဖုန်း သံသယရှိလျှင်တောင် သူ့တွင် သက်သေ မရှိပါက သူ ဘာလုပ်နိုင်မည်နည်း။
သေချာသည်မှာ ဤသည်က အလွန် အန္တရာယ်များသော ကိစ္စဖြစ်သည်။ လိမ်လည်မှုသက်သက်သာဆိုပါက သူ၏ ပြစ်မှုမှာ သေဒဏ်ပေးနိုင်သော ပြစ်မှု မဟုတ်ပေ။ သို့သော် သူသည် ယွီရှန်းကို လူသတ်ပြီး သက်သေများ ချန်ထားခဲ့မိပါက သူ သေချာပေါက် သေရမည်ပင်။
ကျန်းဟွေသည် စိတ်တွင်း၌ ပြင်းပြင်းထန််ထန် တိုက်ပွဲဝင်နေသည်။ သူ၏ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေပြီး အသက်ပြင်းပြင်း ရှူနေရသည်။
အလွန်တရာ ခက်ခဲလှသည်။ သူ၏ တစ်သက်တာတွင် ဤမျှ ခက်ခဲသော ဆုံးဖြတ်ချက်မျိုးကို တစ်ခါမျှ မရင်ဆိုင်ခဲ့ရဖူးပေ။
နာရီဝက် ကြာပြီးနောက် ကျန်းဟွေ ရုတ်တရက် အံကြိတ်လိုက်သည်။ သူသည် မျက်နှာ အနည်းငယ် ဖြူရော်နေသော ယွီရွှေကို ကြည့်လိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။
"ယွီရွှေ... မင်း လုပ်ရမယ့် ကိစ္စတစ်ခု ရှိတယ်။ မင်း အောင်မြင်သွားတာနဲ့ လင်းဖုန်း ရောက်လာရင်တောင် ငါတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
ကျန်းဟွေ၏ စကားကို ကြားသောအခါ ယွီရွှေ အလွန် ဝမ်းသာသွားသည်။ သူက အလျင်အမြန် မေးလိုက်သည်။
"ဘယ်လို နည်းလမ်းလဲ"
"အရမ်း ရိုးရှင်းပါတယ်။ မှောင်ခိုဈေးကွက်ကို သွားပြီး သိုင်းသမား အနည်းငယ်ကို ဈေးကြီးပေး ငှားလိုက်။ ပြီးရင် မင်းရဲ့ အစ်ကိုကြီးကို အပြင်ထွက်လာအောင် တစ်နည်းနည်းနဲ့ မျှားခေါ်လိုက်၊ ပြီးတော့..."
ကျန်းဟွေ၏ ဖြေရှင်းနည်းကို ကြားလိုက်ရသောအခါ ယွီရွှေ၏ မျက်နှာမှာ ပို၍ပင် ဖြူရော်သွားသည်။
"ဟင့်အင်း၊ ကျွန်တော် အဲဒီလို မလုပ်နိုင်ဘူး။ သူ... သူက ကျွန်တော့်ရဲ့ အစ်ကိုကြီးလေ"
ယွီရွှေ အလျင်အမြန် ခေါင်းခါကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူသည် သူ၏ အစ်ကိုကြီး ယွီရှန်းကို အလွန် မနာလိုဖြစ်ပြီး သူ၏ ရင်ထဲနက်နက်တွင် တစ်နည်းနည်းဖြင့် ယွီရှန်းကို ကျော်လွန်ချင်သည့် ဆန္ဒ ရှိနေသော်လည်း...
သူ ယွီရှန်းကို သတ်ဖို့ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ထိုသို့လုပ်ရန် အသေးအမွှား အတွေးစလေးမျှပင် သူ့တွင် မရှိခဲ့ဖူးပေ။
ကျန်းဟွေက ရှေ့သို့ တစ်လှမ်းတိုးကာ ယွီရွှေ၏ အင်္ကျီကော်လာကို ဆွဲကိုင်လိုက်သည်။ သူက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"အခုမှ သူက မင်းအစ်ကိုကြီးဆိုတာ မှတ်မိသွားပြီလား။ သူ အသက်ကို ရင်းပြီး ရှာထားတဲ့ ဓနဥစ္စာတွေကို မင်း လိမ်ယူခဲ့တုန်းက သူက မင်းအစ်ကိုကြီးလို့ မင်း တွေးခဲ့ဖူးလို့လား။ သူ့ကို ဒီလို သနားစရာကောင်းတဲ့ အခြေအနေ ရောက်အောင် တွန်းပို့ခဲ့တုန်းကရော သူက မင်းအစ်ကိုကြီးလို့ မင်း တွေးခဲ့ဖူးလို့လား။ ဟားဟား... ရယ်စရာပဲ။ မင်းကို အမှိုက်တစ်စလို့ ခေါ်တာတောင် တကယ်တော့ မင်းကို ချီးမြှင့်လိုက်တာပဲ။ ယောက်ျားကောင်းဆိုတာ ရက်စက်ရတယ်ကွ။ ပြီးတော့ မင်း အခု အမှားကို ဝန်ခံချင်ရင်တောင် ယွီရှန်းက မင်းကို သေချာပေါက် ခွင့်လွှတ်ပေးမှာတဲ့လား။"
"သာလွန်လူသားတွေရဲ့ လွှမ်းမိုးနိုင်ပုံကို မင်း မသိသေးလို့ပဲ။ သူတို့က မင်းကို သတ်ရင်တောင် ဘာတာဝန်မှ ယူစရာ မလိုဘူး။ သူတို့က လူသတ်ခွင့်လိုင်စင် ရထားတဲ့သူတွေကွ၊ ငတုံးရဲ့"
ယွီရွှေသည် ဆိုဖာပေါ်တွင် ကြောင်အမ်းအမ်းဖြင့် ထိုင်နေပြီး သူ၏ စိတ်ထဲတွင် ဗလာကျင်းနေသည်။
အမှန်တကယ်တော့ ကျန်းဟွေ ခုနက ပြောလိုက်သည်မှာ ချဲ့ကားပြောဆိုခြင်းသာ ဖြစ်သည်။ သူက ယွီရွှေကို ခြောက်လှန့်ချင်ရုံသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သာလွန်လူသား ကျွမ်းကျင်သူများပင်လျှင် ဥပဒေမဲ့ လုပ်ဆောင်ကာ လူများကို ဖြစ်သလို သတ်ဖြတ်ခွင့် မရှိပေ။
သို့သော် ယွီရွှေတွင် လုပ်ရဲသည့် သတ္တိမရှိပါက ကျန်းဟွေက တစ်ယောက်တည်း မည်သို့ လုပ်နိုင်မည်နည်း။ ယွီရွှေက နောက်ဆုံးအချိန်ကျမှ သူ့ကို သစ္စာဖောက်ပြီး ယွီရှန်းထံ သွားတောင်းပန်ပါက သူ ဘာလုပ်ရမည်နည်း။
ထို့ကြောင့် ကျန်းဟွေ ဤကဲ့သို့သော အဖြစ်မျိုး ဖြစ်လာရန် ခွင့်မပြုနိုင်ပေ။ ယွီရွှေကို သူနှင့် အတူတကွ ခိုင်မြဲစွာ ချည်နှောင်ထားရမည် ဖြစ်သည်။
***