ဘာသာပြန် - အားသစ်
“ရှင်တို့က ဘယ်သူတွေလဲ။ ဘာလုပ်မလို့လဲ”
တံခါးအပြင်ဘက်မှ သူစိမ်းများကို မြင်လိုက်ရသောအခါ ချန်ရှီး ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ယွီရှန်းကို သူမ၏ အနောက်တွင် ကွယ်ထားလိုက်သည်။
“ရှောင်ရှီး... ငါ့နောက်ကို ဝင်နေ။ သူတို့က အကုန်လုံး သိုင်းသမားတွေချည်းပဲ”
ယွီရှန်းသည် ချန်ရှီးကို ဆွဲလိုက်သော်လည်း သူ၏ မျက်နှာအမူအရာမှာ အလွန် ရှုပ်ထွေးနေသည်။
“အစ်ကိုကြီး”
ရင်းနှီးသော ပုံရိပ်တစ်ခု တံခါးအပြင်ဘက်တွင် ပေါ်လာသည်။ ချန်ရှီး၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။
“ယွီရွှေ... ရှင် ဘာလို့ ရောက်လာတာလဲ။ အတင်းအကျပ် မလုပ်နဲ့နော်။ ကျွန်မ ရဲခေါ်လိုက်မယ်”
ချန်ရှီးသည် အပြင်သို့ ပြေးထွက်ကာ ယွီရွှေနှင့် စကားအချေအတင် ပြောချင်သော်လည်း ယွီရှန်းက သူမကို တင်းကျပ်စွာ ဆွဲထားလိုက်သည်။
ယွီရွှေ၏ မျက်နှာအမူအရာမှာ အလွန်တရာ ဒွိဟဖြစ်နေပုံရသည်။ သူက ခေါင်းခါကာ ပြောလိုက်သည်။
“မရီး... အဲလို မလုပ်ဖို့ ကျွန်တော် အကြံပေးပါရစေ။ ဒီမှာပဲ တိတ်တိတ်လေး နေပါ။ အစ်ကိုကြီးနဲ့ ကျွန်တော် ခဏလောက် စကားပြောချင်တယ်”
ချန်ရှီးက တစ်ခုခု ပြောရန် ပြင်လိုက်သေးသော်လည်း ယွီရှန်းက ခေါင်းခါလိုက်သည်။ သူမ အောင့်အည်း သည်းခံလိုက်ရုံသာ ရှိတော့သည်။
ယွီရွှေ ဝင်လာပြီး သူ၏ နောက်တွင် သိုင်းသမား ငါးဦး ပါလာသည်။
ချန်ရှီးသည် ထိုသိုင်းသမား ငါးဦး၏ အရှိန်အဝါကို စီစီစစ်စစ် အကဲမခတ်တတ်သော်လည်း ယွီရှန်းကတော့ သိသည်။ ထိုငါးဦးစလုံးမှာ အဆင့်ကိုး ပရော်ဖက်ရှင်နယ် သိုင်းသမားများ ဖြစ်ကြပြီး သူတို့ထံမှ ကြမ်းကြုတ်ရက်စက်သော အငွေ့အသက်အချို့ ထွက်ပေါ်နေသည်။
ဤသည်မှာ သေရေးရှင်ရေး တိုက်ပွဲများတွင်သာ မွေးမြူနိုင်သော အငွေ့အသက်မျိုး ဖြစ်သည်။ ယွီရှန်း ထိုအရှိန်အဝါကို ကောင်းကောင်း သိသည်။ ယနေ့ ဤလူငါးဦးကို ယွီရွှေ ခေါ်လာရသည့် ရည်ရွယ်ချက်မှာ သိပ်မရိုးရှင်းလှပေ။
“ယွီရွှေ... မင်း ဘာလို့ ထပ်ရောက်လာတာလဲ”
ယွီရှန်း ယွီရွှေကို စူးစိုက်ကြည့်လိုက်သည်။ ယွီရွှေ၏ အကြည့်ထဲတွင် သနားခြင်း၊ နာကျင်ခြင်းနှင့် မလိုလားခြင်းတို့ကို သူ မြင်တွေ့ရသည်။ အတိုချုပ်ပြောရလျှင် ၎င်းမှာ အလွန် ရှုပ်ထွေးနေပြီး သူ၏ မျက်လုံးများပင် သွေးကဲ့သို့ နီရဲနေသည်။
“အစ်ကိုကြီး... ကျွန်တော် အစ်ကိုကြီးကို ရင်ထဲကလာတဲ့ စကားနဲ့ အစ်ကိုကြီးလို့ တစ်ခါလောက် ခေါ်ပါရစေ။ ငယ်ငယ်တုန်းက ကျွန်တော်တို့ မိသားစုက အရမ်းဆင်းရဲပြီး ကျွန်တော်က အမြဲတမ်း အနိုင်ကျင့်ခံရတယ်။ ကျွန်တော့်ကို အနိုင်ကျင့်တဲ့သူတွေကို မောင်းထုတ်ပေးခဲ့တာ အစ်ကိုကြီးပါ။ မိသားစုရဲ့ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကို စောစောစီးစီး ထမ်းပိုးခဲ့ပြီး သိုင်းပညာကို အစွမ်းကုန် လေ့ကျင့်ပြီးတော့ ဒီနေရာကို တစ်လှမ်းချင်းစီ ရောက်အောင် လာခဲ့တာလည်း အစ်ကိုကြီးပါပဲ”
“အစ်ကိုကြီးက တကယ်ကို ထူးချွန်လွန်းတယ်။ အရမ်း ထူးချွန်လွန်းလို့ အစ်ကိုကြီးရှေ့မှာ ကျွန်တော် ခေါင်းတောင် မမော့ရဲဘူး။ အစ်ကိုကြီး ပြန်လာတိုင်း ကျွန်တော့်ရဲ့ နိမ့်ကျမှုအတွက် ရှက်မိပြီး အစ်ကိုကြီးနဲ့ စကားတောင် သိပ်မပြောချင်ခဲ့ဘူး။ အဖေနဲ့အမေကလည်း အစ်ကိုကြီးကို ချီးကျူးဖို့ပဲ သိပြီး ကျွန်တော့်ကိုကျတော့ ရိုက်နှက် ဆူပူဖို့ပဲ သိကြတယ်”
“ဒါကြောင့် ကျွန်တော် အစ်ကိုကြီးကို အားကျသလို မနာလိုလည်း ဖြစ်မိတယ်။ အစ်ကိုကြီးလို လူမျိုးလည်း ဖြစ်ချင်တယ်။ အစ်ကိုကြီးရှေ့မှာ ခေါင်းမော့ပြီး ရပ်တည်ချင်ပေမဲ့ ကျွန်တော် မလုပ်နိုင်ဘူး။ ကျွန်တော်က ရည်မှန်းချက်မရှိတဲ့ သာမန်လူ တစ်ယောက်ပါပဲ...”
ယွီရွှေ၏ စိတ်ပိုင်းဆိုင်ရာ ဖြတ်သန်းမှုအကြောင်း စိတ်ခံစားမှုအပြည့်ဖြင့် ပြောပြနေသည်ကို ကြားသော်လည်း ယွီရှန်းမှာ မတုန်လှုပ်ပေ။ သူက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ဒါကြောင့် ငါ အသက်ကို ရင်းပြီး ရှာထားတဲ့ ဓနဥစ္စာတွေကို လုယူဖို့ မင်း အကွက်ဆင်ခဲ့တာပေါ့။ အဲဒီလိုလုပ်ရင် ငါ့ရှေ့မှာ ခေါင်းမော့နိုင်မယ်လို့ မင်း ထင်နေတာလား”
“မဟုတ်ဘူး၊ အဲဒီလို မဟုတ်ပါဘူး...”
ယွီရွှေ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း တွန့်ဆုတ်သွားသည်။ နောက်ဆုံးတွင် သူ ဘာမှ မပြောတော့ပေ။ ယွီရှန်း၏ ဓနဥစ္စာများကို လုယူရန် သူ အကွက်ဆင်ခဲ့သည်မှာ အမှန်တရားပင်။ ဘာပြောစရာ ရှိတော့မည်နည်း။
“အစ်ကိုကြီး... ကျွန်တော့်ကို တကယ် ခွင့်မလွှတ်နိုင်ဘူးလား”
“မင်း အခုမှ ငါ့ဆီက ခွင့်လွှတ်မှုကို လိုချင်နေတယ်ဆိုရင် ဒီကိစ္စတွေကို လုပ်တုန်းက ငါ့ဆီက ခွင့်လွှတ်မှုရဖို့ ဘာလို့ မစဉ်းစားခဲ့တာလဲ”
ယွီရွှေ တကယ် စိတ်ပျက်သွားသည်။ ထင်ထားသည့်အတိုင်းပင် သူ၏ အစ်ကိုကြီးက သူ့ကို ခွင့်လွှတ်ရန် ဆန္ဒမရှိပေ။
သူ ရုတ်တရက် မတ်တပ်ရပ်ကာ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
“ဘာလို့လဲ။ ဘာလို့ ကျွန်တော့်ကို ခွင့်မလွှတ်တာလဲ。 ဘာလို့ လမ်းစမကျန်အောင် လုပ်ရတာလဲ။ အစ်ကိုကြီး... ချစ်ရတဲ့ အစ်ကိုကြီး၊ ကျွန်တော့်ကို ဒီလိုဖြစ်အောင် တွန်းပို့ခဲ့တာ အစ်ကိုကြီးပဲ။ ကျွန်တော်လည်း ဒီလို မလုပ်ချင်ပါဘူး။ အစ်ကိုကြီးက ကျွန်တော့်ကို အတင်းအကျပ် ခိုင်းတာ...”
ယွီရွှေ၏ အနည်းငယ် ဂယောင်ချောက်ချားဖြစ်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ယွီရှန်းတွင် နိမိတ်မကောင်းသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူ ချက်ချင်း သတိထားလိုက်သည်။
တစ်ချိန်တည်းမှာပင် ယွီရွှေက သူ၏ နောက်ကွယ်ရှိ သိုင်းသမား ငါးဦးကို ခေါင်းညိတ်ပြလိုက်သည်။ ချက်ချင်းပင် သူတို့ငါးဦးက တိုက်ခိုက်လာကြသည်။
“မင်းတို့ ဘာလုပ်တာလဲ”
ယွီရှန်း လက်နှစ်ဖက်ဖြင့် တွန်းထုတ်ကာ လက်ဝါးရိုက်ချက်တစ်ခု ထုတ်ဖော်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ့တွင် ခြေထောက် မရှိသဖြင့် သူ့ကိုယ်သူပင် မနည်း ထောက်ထားရသည်။ သူ၏ လှုပ်ရှားမှုများမှာ ဟန့်တားခံရပြီး သိုင်းသမား တစ်ဦးနှင့်သာ အတင်းအကျပ် ရင်ဆိုင်နိုင်ခဲ့သည်။
ဘုန်း
ယွီရှန်းသည် ပြိုင်ဘက်ထံမှ လက်ဝါးရိုက်ချက်တစ်ခုကိုပင် အနိုင်နိုင် တောင့်ခံလိုက်ရသည်။ သို့သော်လည်း အခြားတစ်ဖက်တွင် လူငါးဦး ရှိနေသည်။ ကျန်လေးဦးက ချက်ချင်း ဝင်ရောက်လာပြီး အတူတကွ တိုက်ခိုက်ကြသည်။ လက်ဝါးရိုက်ချက် အနည်းငယ်ဖြင့် ယွီရှန်း ပြင်းထန်စွာ ဒဏ်ရာရသွားသည်။
“ဟင်... ရှင်တို့ဘာလုပ်တာလဲ...”
ချန်ရှီး ပြေးဝင်သွားသော်လည်း ယွီရွှေက တိုက်ရိုက် ဖမ်းဆွဲလိုက်သည်။ သူက ချန်ရှီး၏ ဂုတ်ကို ရိုက်ချလိုက်ရာ သူမ သတိလစ်သွားတော့သည်။ ယွီရှန်း၏ မျက်လုံးများမှာ အတောမသတ်နိုင်သော ဒေါသများဖြင့် ပြည့်နှက်နေပြီး သူ အော်ဟစ်ကြုံးဝါးလိုက်သည်။
“ယွီရွှေ... ရှောင်ရှီးကို လွှတ်လိုက်။ မင်း တစ်ခုခု လိုချင်ရင် ငါ့ဆီလာခဲ့”
ယွီရွှေ၏ မျက်နှာမှာ အနည်းငယ် ဖြူရော်နေသော်လည်း သူ အံကြိတ်ကာ ပြောလိုက်သည်။
“အစ်ကိုကြီး... ဒါတွေအားလုံးက အစ်ကိုကြီး ကျွန်တော့်ကို တွန်းပို့လို့ ဖြစ်ရတာ။ ကျွန်တော်လည်း ဒီလို မလုပ်ချင်ပါဘူး။ ဂေဟာမှာပဲ နေလိုက်လို့မရဘူးလား။ ပိုက်ဆံတွေ ပြန်ယူဖို့ ဘာလို့ ကြိုးစားရတာလဲ။ အစ်ကိုကြီးရဲ့ သူငယ်ချင်းတွေကို ဘာလို့ ဆက်သွယ်ရတာလဲ”
“ညီလေး... ငါပြောတာ နားထောင်။ ရှောင်ရှီးကို လွှတ်လိုက်။ ငါ မင်းကို ခွင့်လွှတ်တယ်။ အရာအားလုံးအတွက် ငါ ခွင့်လွှတ်တယ်။ ရှောင်ရှီးကို လွှတ်ပေးလိုက်ပါ”
ယွီရှန်း ယခု ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ ချန်ရှီး တစ်ခုခု ဖြစ်သွား၍ မဖြစ်ပေ၊ သို့မဟုတ်ပါက သူ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
“အစ်ကိုကြီး... အစ်ကိုကြီး ကျွန်တော့်ကို ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ ဒါက အခု ကျွန်တော် လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပဲ...”
ယွီရွှေ ဆုံးဖြတ်ချက်ချကာ သူ၏ နောက်ကွယ်ရှိ သိုင်းသမားများကို ခေါင်းညိတ်ပြလိုက်သည်။ ချက်ချင်းပင် သိုင်းသမား အချို့က ယွီရှန်းထံသို့ သွေးဆာရက်စက်စွာ လျှောက်သွားကြသည်။
ဝုန်း
အခန်းကို သိုင်းသမား အချို့က မီးရှို့လိုက်သည်။ မကြာမီ ပြင်းထန်သော မီးတောက်များ လောင်ကျွမ်းလာပြီး အပြစ်ရှိစိတ် အရိပ်အယောင် အားလုံးကို ပြာအဖြစ်သို့ လောင်ကျွမ်းသွားစေတော့သည်...
ချလပ်
ကလပ်တံခါး ပွင့်သွားပြီး ပင်ပန်းနွမ်းနယ်နေသော အမူအရယဖြင့် ယွီရွှေ ဝင်လာသည်။
ကျန်းဟွေ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ ပြုံးကာ မေးလိုက်သည်။
“ပြီးပြီလား”
ယွီရွှေ ခေါင်းညိတ်လိုက်သည်။
“ပြီးပါပြီ”
ကျန်းဟွေ ယွီရွှေကို စူးစိုက်ကြည့်ကာ ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။
“ကောင်းတယ်။ အဲဒါကို လုပ်ခဲ့တဲ့လူတွေ ဘယ်မှာလဲ”
“ကျွန်တော် သူတို့ကို ပိုက်ဆံတစ်ချို့ ပေးလိုက်တယ်။ သူတို့ ကျောက်တုံးမြို့ကနေ ထွက်သွားပြီး နိုင်ငံခြားကို သွားကြပြီ။ အချိန်အတော်ကြာတဲ့အထိ ပြန်လာကြမှာ မဟုတ်ဘူး”
“အရမ်းကောင်းတယ်။ မင်း အလုပ်ကို သေသေချာချာ လုပ်ခဲ့ပုံရတယ်။ စိတ်ကို ပြန်စုစည်းလိုက်ဦး။ ဒါ မပြီးသေးဘူး။ အခုက မင်း အပြစ်ရှိတယ်လို့ ခံစားနေရမယ့် အချိန်မဟုတ်ဘူး။ ရှေ့ဆက်ရမယ့် ကောင်းမွန်တဲ့ နေ့ရက်တွေအကြောင်း စဉ်းစားစမ်းပါ။ ဒီကိစ္စကို ကျော်ဖြတ်နိုင်သရွေ့ အဆင်ပြေသွားမှာပဲ”
ကျန်းဟွေက ယွီရွှေ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ကျွန်တော် တခြား ဘာလုပ်ဖို့ လိုသေးလဲ”
“မင်းအစ်ကိုကြီးရဲ့ နာရေးကို စီစဉ်ရမယ်လေ။ ခမ်းခမ်းနားနား လုပ်ရမယ်။ စောစောလုပ်နိုင်လေ ပိုကောင်းလေပဲ။ မနက်ဖြန် စနိုင်ရင် အကောင်းဆုံးပဲ။ ငါ ရထားတဲ့ သတင်းတွေအရ နဂါးကျောက်တုံးမြို့က စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းလိုက်ပြီတဲ့။ ပြီးတော့ လေကြောင်းလိုင်း ကုမ္ပဏီရဲ့ အာကာသယာဉ်ပေါ်မှာ လင်းဖုန်းရဲ့ နာမည် ပါလာတယ်။ သူ မနက်ဖြန် ကျောက်တုံးမြို့ကို ရောက်လောက်တယ်။ လင်းဖုန်းရဲ့ သွားလာလှုပ်ရှားမှုတွေကို စုံစမ်းဖို့ ငါ အတော်လေး အားစိုက်ထုတ်ခဲ့ရတယ်”
ခဏရပ်ပြီးနောက် ယွီရွှေ အနည်းငယ် ကြောက်နေသည်ကို သခင်လေးကျန်း မြင်သောအခါ သူ ဆက်ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ အချိန်တန်လို့ လင်းဖုန်း ရောက်လာရင်တောင် မင်းအစ်ကိုကြီးက သေသွားပြီ၊ သူ့အလောင်းကလည်း ပြာဖြစ်သွားပြီ။ သူ ဘာလုပ်နိုင်မှာလဲ”
“ဒီလောက် ရိုးရှင်းတာလား။ တကယ်လို့ လင်းဖုန်းက မယုံဘဲ အတင်းအကျပ် စုံစမ်းစစ်ဆေးမယ်ဆိုရင်ရော”
“ဒါဆိုလည်း သူ စုံစမ်းပါစေပေါ့။ မင်းနဲ့ မင်းအစ်ကိုကြားက မသင့်မြတ်မှုတွေကို လူတိုင်း သိကြပေမဲ့ အရာအားလုံးကို သက်သေအထောက်အထားနဲ့ ကျောထောက်နောက်ခံ ပြုရမယ်လေ။ သူ့မှာ ဘာသက်သေမှ မရှိဘူး။ မင်း နားလည်လား”
“သာလွန်လူသား ကျွမ်းကျင်သူတွေက လူတွေကို တိုက်ရိုက် သတ်နိုင်တယ်လို့ သခင်လေး ပြောခဲ့တယ် မဟုတ်လား။ သက်သေမရှိတော့ကော ဘာဖြစ်လဲ။ လင်းဖုန်းသာ ဒေါသထွက်ပြီး ရူးသွပ်သွားရင် ကျွန်တော် အန္တရာယ်ရှိလိမ့်မယ်”
ယွီရွှေမှာ သိပ်မအသဖြင့် အနည်းငယ် စိုးရိမ်နေပုံရသည်။
“ဟားဟား... ဘာဖြစ်လို့လဲ။ ငါ မနက်ဖြန် ရဲမှူးလု ကို ဖုန်းခေါ်လိုက်မယ်။ မင်းက ကျောက်တုံးမြို့က ချမ်းသာတဲ့ သူဌေးတစ်ယောက်ဖြစ်ပြီးတော့ မင်းအစ်ကိုကလည်း အဆင့်မြင့် သိုင်းသမားတစ်ယောက်လေ။ အခု သူ သေသွားပြီဆိုတော့ ရဲမှူးလုက နာရေးကို ဘယ်လိုလုပ် မလာဘဲ နေမလဲ။ ရဲမှူးလု ရောက်လာသရွေ့ သူက ရဲစခန်းကို ကိုယ်စားပြုတယ်။ အထူးသဖြင့် ရဲတွေရှေ့မှာ လင်းဖုန်းက မင်းကို လူမြင်ကွင်းမှာ သတ်ရဲပါ့မလား”
“အဲဒါတော့ ဟုတ်တယ်”
သခင်လေးကျန်း၏ စကားကို ကြားသောအခါ ယွီရွှေ စိတ်အေးသွားသည်။ သူသည် မနက်ဖြန်တွင် နာမည်ကြီး ပုဂ္ဂိုလ်များနှင့် အထက်တန်းလွှာမှ လူများကို ပိုမို ဖိတ်ကြားရန်ပင် စဉ်းစားလိုက်သည်။ အထက်တန်းလွှာများအထဲတွင် ရဲမှူးကို ဖိတ်ကြားရန် လိုအပ်ရုံသာမက အစိုးရမှ အရာရှိကြီးအချို့၊ လက်နက်ကိုင်တပ်ဖွဲ့များမှ အရာရှိငယ်အချို့နှင့် ချမ်းသာသော စီးပွားရေးသမား အချို့ကိုပါ ဖိတ်ကြားချင်သည်။ သူ ဖိတ်နိုင်သမျှ လူတိုင်းကို ဖိတ်မည်ဖြစ်သည်။
ထိုသို့ဆိုလျှင် လင်းဖုန်း ရောက်လာပြီး မည်မျှပင် ဒေါသထွက်နေပါစေ လူမြင်ကွင်းရှိ အထက်တန်းလွှာ လူများစွာရှေ့တွင် သာလွန်လူသား ကျွမ်းကျင်သူများပင်လျှင် ဖြစ်သလို လူသတ်ဝံ့မည် မဟုတ်ပေ။
“ကောင်းပြီ၊ အရင်ပြန်ပြီး အိပ်လိုက်တော့။ ကောင်းကောင်း အနားယူပြီး အားမွေးထား။ မနက်ဖြန် မင်း လင်းဖုန်းနဲ့ ရင်ဆိုင်ရဦးမယ်”
ယွီရွှေ ခေါင်းညိတ်ကာ မတ်တပ်ရပ်ပြီး ကလပ်မှ ထွက်သွားခဲ့သည်။
ယွီရွှေ ထွက်သွားသည်ကို မြင်သောအခါ ကျန်းဟွေ၏ နှုတ်ခမ်းတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။
“ငါ့ကို အပြစ်မတင်နဲ့။ မင်းက သာလွန်လူသား ကျွမ်းကျင်သူတွေအကြောင်း ဘာမှမသိလောက်အောင် မိုက်မဲလွန်းလို့ပဲ။ အသက် ၂၀ အရွယ်နဲ့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး လူသားသူရဲကောင်း တံဆိပ်ကို ရထားတဲ့ ပါရမီရှင်တစ်ယောက်က မင်းကို တကယ် သတ်လိုက်တော့ကော ဘာဖြစ်လဲ။ အဲဒါ ပိုတောင် ကောင်းသေးတယ်။ မင်း သေသွားမယ်၊ လင်းဖုန်းကလည်း အပြစ်ပေးခံရမယ်။ အဲဒီအခါကျရင် ဒီကိစ္စ ပြီးသွားပြီလို့ မှတ်ယူနိုင်ပြီ။ ငါလည်း လုံခြုံသွားမှာပဲ...”
ကျန်းဟွေသည် ဝိုင်နီတစ်ပုလင်းကို ဖွင့်ကာ ညင်သာစွာ ရှူရှိုက်လိုက်သည်။ မဆိုးပါဘူး၊ တကယ်ကို ယစ်မူးစေတယ်။ အကယ်၍ ယွီရွှေသာ သေသွားပါက သူ၏ လျှို့ဝှက်အကောင့်များကို ကျန်းဟွေ တစ်ယောက်တည်းသာ သိတော့ပေလိမ့်မည်။
တစ်နှစ်ခန့် ကြာပြီးနောက် လူတွေ စိတ်ဝင်စားမှု လျော့ကျသွားသောအခါ ယွီရွှေ၏ လျှို့ဝှက်အကောင့်ထဲရှိ ငွေများကို သူ့အတွက် သူ ယူနိုင်သေးသည်။ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် ဤခံစားချက်မှာ ရိုးရှင်းစွာပင် အလွန် ကောင်းမွန်လှသည်…
***