ကျောက်တုံးမြို့ ဂိတ်တွင် လင်းဖုန်းသည် အာကာသယာဉ်ပေါ်မှ ထွက်လာသည်။ သူ ပထမဆုံး လုပ်လိုက်သည့်အရာမှာ သူ၏ ဆက်သွယ်ရေးကိရိယာကို ကောက်ကိုင်ကာ ယွီရှန်းကို ဆက်သွယ်ရန် ပြင်လိုက်ခြင်းပင်။
တီ... တီ... တီ...
ဆက်သွယ်ရေးကိရိယာမှာ ဆက်သွယ်၍ မရခဲ့ပေ။ လင်းဖုန်း အကြိမ်အနည်းငယ် ထပ်ကြိုးစားကြည့်သော်လည်း ဆက်သွယ်၍ မရသေးပေ။
ခဏတာမျှ လင်းဖုန်းတွင် မကောင်းသော နိမိတိတစ်ခု ဖြစ်ပေါ်လာသည်။
“ငါ တွေးလွန်နေတာ ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့...”
လင်းဖုန်း အလွန် တည်ငြိမ်နေပြီး ထိုတည်ငြိမ်မှုမှာ အနည်းငယ် ကြောက်မက်ဖွယ်ကောင်းလှသည်။ လင်းဖုန်း၏ ဘေးပတ်ဝန်းကျင်ရှိ သာမန်လူများပင်လျှင် အရိုးကွဲမတတ် အေးစက်မှုကို ခံစားလိုက်ရပြီး လင်းဖုန်းအနားသို့ မကပ်ရဲကြပေ။
ယွီရှန်း၏ ဆက်သွယ်ရေးကိရိယာသို့ သူ ဆက်သွယ်၍ မရခဲ့ပေ။ ပိုအရေးကြီးသည်မှာ ယွီရှန်းမှလွဲ၍ ကျောက်တုံးမြို့တွင် လင်းဖုန်း သိကျွမ်းသူ မည်သူမျှ မရှိပေ။ ယွီရှန်း ဘယ်မှာနေသည်ကိုပင် သူ မသိပေ။
သူ ဖြည်းဖြည်းချင်း စုံစမ်းနေရန် အချိန်မရှိပေ။ ထို့ကြောင့် သူသည် ဂိတ်ရှိ VIP အခန်းသို့ တိုက်ရိုက် သွားလိုက်သည်။
“မင်္ဂလာပါရှင်၊ ဘယ်လို ဝန်ဆောင်မှုမျိုး လိုအပ်ပါသလဲ”
VIP အခန်းမှ ဧည့်ကြိုအမျိုးသမီးလေးက ချိုသာစွာ ပြုံးပြရင်း မေးလိုက်သည်။
ဘုန်း
လင်းဖုန်းသည် သာလွန်လူသား ကျွမ်းကျင်သူ၏ သက်သေခံကတ်ပြားကို တိုက်ရိုက် ထုတ်ပြလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“မင်းတို့ တာဝန်ခံကို ခေါ်လိုက်”
သာလွန်လူသား ကျွမ်းကျင်သူများတွင် အခွင့်ထူးများ ရှိသည်။ VIP အခန်းတွင် ဧည့်ကြိုအဖြစ် အလုပ်လုပ်နိုင်သူဖြစ်ရာ သူမသည် ဤသက်သေခံကတ်ပြား၏ အဓိပ္ပာယ်ကို သဘာဝကျစွာပင် သိရှိပေသည်။
“ခဏလေး စောင့်ဆိုင်းပေးပါရှင်”
မကြာမီ ဧည့်ကြိုအမျိုးသမီးလေးသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ခေါ်လာခဲ့သည်။ သူသည် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး လေးစားသမှုရှိသော မျက်နှာထား ရှိသည်။
“လူကြီးမင်း လင်းဖုန်း မဟုတ်လား။ ကျွန်တော်က ဒီက တာဝန်ခံပါ။ ဘယ်လို ဝန်ဆောင်မှုမျိုး လိုအပ်ပါသလဲခင်ဗျာ”
“ခင်ဗျားက ကျွန်တော့်ကို သိတယ်လား”
လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် သာလွန်လူသား ကျွမ်းကျင်သူ အထောက်အထားကိုသာ ထုတ်ပြခဲ့ပြီး သူ မည်သူမည်ဝါဖြစ်ကြောင်း တိုက်ရိုက် မပြောခဲ့ပေ။
“လူကြီးမင်း လင်းဖုန်းရယ်... နောက်နေပြန်ပါပြီ။ ကျွန်တော်တို့က အထူးဧည့်သည်တော်တွေကို ဝန်ဆောင်မှုပေးဖို့ အထူး တာဝန်ယူထားတာပါ။ ကျွန်တော်တို့ရဲ့ ဒေတာဘေ့စ်ထဲမှာ လူကြီးမင်းတို့လို သာလွန်လူသား ကျွမ်းကျင်သူတွေရဲ့ အချက်အလက်တွေ ရှိပါတယ်။ ဘာပဲလိုအပ်လိုအပ် ကျွန်တော်တို့ အကောင်းဆုံး ဝန်ဆောင်မှု ပေးသွားမှာပါ”
“ကောင်းပြီ၊ ကျွန်တော် ကားတစ်စီးနဲ့ ယာဉ်မောင်းတစ်ယောက် လိုတယ်။ ကျောက်တုံးမြို့က ယွီမိသားစုကို သိလား။ အဲဒီအထဲမှာ ဒဏ်ရာရထားတဲ့ သိုင်းသမား ယွီရှန်း ဆိုတာ ရှိတယ်”
“ယွီမိသားစု၊ ဒဏ်ရာရထားတဲ့ သိုင်းသမား ဟုတ်လား”
လူလတ်ပိုင်း အမျိုးသားသည် ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“သေချာတာပေါ့ သိပါတယ်။ မကြာသေးခင်က သူတို့ မိသားစုမှာ ကိစ္စတွေ အများကြီး ဖြစ်ခဲ့တယ်လေ။ လူကြီးမင်းက ယွီရှန်းရဲ့ နာရေးကို တက်ဖို့ လာတာလား”
“အင်း။ ခင်ဗျား ဘာပြောလိုက်တယ်။ ယွီရှန်းရဲ့ နာရေး ဟုတ်လား”
လင်းဖုန်း ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ သူသည် ကြမ်းကြုတ်သော သားရဲတစ်ကောင်နှင့် တူနေသည်။ သူ၏ အကြည့်မှာ ဓားတစ်လက်လို ထက်မြက်နေပြီး သူ၏ အရှိန်အဝါက ထိုက်တောင်ကြီး ဖိကျလာသကဲ့သို့ ဖိနှိပ်ထားသဖြင့် လူလတ်ပိုင်း အမျိုးသားမှာ စကားပြောရန်ပင် ခက်ခဲသွားသည်။
ဘေးပတ်ဝန်းကျင်ရှိ လူများပင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိကြပြီး လင်းဖုန်းနှင့် အလျင်အမြန် ခပ်ခွာခွာ နေလိုက်ကြသည်။
“လူကြီးမင်း လင်းဖုန်း... ကျေးဇူးပြုပြီး ကျွန်တော့်စကား နားထောင်ပါဦး။ ယွီမိသားစုက ဒီနေ့ ယွီရှန်းအတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေတာပါ။ လူကြီးမင်းက ယွီရှန်းရဲ့ နာရေးကို တက်ဖို့ လာတာ မဟုတ်ဘူးလား”
လူလတ်ပိုင်း အမျိုးသားမှာ ရေထဲမှ ဆယ်ယူခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေသည့်အလား ခံစားလိုက်ရသည်။ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ သာလွန်လူသား ကျွမ်းကျင်သူ အများအပြားကို သူ မြင်ဖူးသော်လည်း လင်းဖုန်းလောက် ထိန်းချုပ်မှု ကင်းမဲ့သွားသော သာလွန်လူသား ကျွမ်းကျင်သူမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
သာလွန်လူသား တစ်ဦးကို ဤမျှ ထိန်းချုပ်မှု ကင်းမဲ့သွားစေရန် မည်မျှအရေးကြီးသော ကိစ္စဖြစ်နေမည်နည်း။
လင်းဖုန်း တိတ်ဆိတ်သွားသည်။ သူသည် အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သော အိပ်မောကျနေသည့် မီးတောင်တစ်ခုနှင့် တူနေသည်။
ယွီရှန်း သေသွားပြီလား။ လင်းဖုန်း ယုံလည်း မယုံချင်သလို ယုံလည်း မယုံနိုင်ပေ။
အတန်ကြာပြီးနောက် လင်းဖုန်းသည် မျက်လုံးများကို မှိတ်ကာ အေးစက်စက် ပြောလိုက်သည်။
“ကျွန်တော့်အတွက် ကားတစ်စီး ပြင်ပေး။ ယွီမိသားစုဆီ တိုက်ရိုက် သွားမယ်”
“လူကြီးမင်း လင်းဖုန်း... ခဏလောက် စောင့်ပေးပါ။ ကျွန်တော်တို့ ချက်ချင်း ပြင်ဆင်ပေးပါ့မယ်”
လူလတ်ပိုင်း အမျိုးသား ထွက်ပြေးသွားတော့သည်။ ဤသာလွန်လူသား ကျွမ်းကျင်သူများကို ဝန်ဆောင်မှုပေးရသည်မှာ သာယာသော ကိစ္စတစ်ခု မဟုတ်ပေ၊ အထူးသဖြင့် လင်းဖုန်း ဖြစ်သည်။ ခုနက သူသည် လူသတ်တော့မည့် ပုံစံပေါက်နေသည်။ တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ယနေ့ ယွီမိသားစု၏ ဗီလာသို့ လူအများအပြား လာရောက်ကြသည်။
ယွီဇနီးမောင်နှံမှာ မျက်လုံးများ ဖောင်းအစ်လာသည်အထိ ငိုကြွေးနေကြသည်။ သူတို့၏ သား ယွီရှန်း ဤသို့ သေဆုံးသွားသည်ကို သူတို့ မယုံနိုင်ကြပေ၊ ထို့အပြင် မီးထဲတွင် သေဆုံးသွားခြင်း ဖြစ်သည်။ သူသည် မည်သူမည်ဝါမှန်း မသိနိုင်လောက်အောင် မီးလောင်ကျွမ်းခံခဲ့ရသည်။
ယွီရှန်း တစ်ယောက်တည်း သေဆုံးသွားခြင်း မဟုတ်ပေ။ ယွီရှန်း၏ ချစ်သူလည်း မီးလောင်သေဆုံးသွားခဲ့သည်။ မိဘများမှာ အိုမင်းမစွမ်းအချိန်မှ သားဖြစ်သူကို ဆုံးရှုံးလိုက်ရသဖြင့် အမှန်တကယ်ပင် နက်ရှိုင်းစွာ ဝမ်းနည်းကြေကွဲနေကြသည်။ နာရေးကို စီစဉ်ရန်ပင် သူတို့တွင် စိတ်မပါတော့ပေ။ နာရေးကို ဒုတိယသားဖြစ်သူ ယွီရွှေကသာ အားလုံး စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယွီရွှေသည် အလုပ်များနေပြီး သူ၏ အစ်ကိုကြီး ယွီရှန်း၏ နောက်ဆုံး နှုတ်ဆက် အခမ်းအနားကို အိမ်တွင်ပင် ကျင်းပခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ အိမ်မှာ ကြီးမားသော ဗီလာတစ်ခုဖြစ်ပြီး နေရာလည်း အလွန် ကျယ်ဝန်းသဖြင့် နာရေးသို့ လာရောက်ကြသော လူများစွာကို နေရာချထားရန် လုံလောက်ပေသည်။
အခင်းဖြစ်ပွားရာ နေရာတွင် စည်းကမ်းထိန်းသိမ်းရန် ရဲအရာရှိအချို့ပင် ရောက်ရှိနေကြသည်။ မည်သို့ပင်ဆိုစေ ယွီမိသားစုမှာ သာမန် မိသားစု မဟုတ်ပေ။ ထို့အပြင် ဤကိစ္စနှင့် ပတ်သက်၍ ရဲစခန်းမှာလည်း ဖိအားများစွာ အောက်တွင် ရှိနေသည်။
သူတို့သည် ဤကိစ္စကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။ ထိုနေရာက ဘယ်လိုလုပ် ရုတ်တရက် မီးလောင်ပြီး ယွီရှန်းကို သေဆုံးသွားစေတာလဲ။
ရဲမှူးကိုယ်တိုင်လည်း နာရေးသို့ ရောက်လာခဲ့သည်။ သူ ယွီရွှေကို သိသည်။ နံ့သာတိုင် ထွန်းညှိပူဇော်ပြီးနောက် ယွီရွှေကို သွားရှာလိုက်သည်။
“ရဲမှူးလု... စုံစမ်းစစ်ဆေးမှု ဘယ်လိုနေလဲ။ ကျွန်တော့်အစ်ကိုရဲ့ သေဆုံးမှုက တစ်ယောက်ယောက်ရဲ့ လက်ချက်လား၊ ဒါမှမဟုတ် မတော်တဆမှုလား”
ရဲမှူးလုသည် ယွီရွှေကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်သည်။
“လောလောဆယ်တော့ ဆုံးဖြတ်ဖို့ အရမ်းခက်နေတုန်းပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အကယ်၍ တစ်ယောက်ယောက်ရဲ့ လက်ချက်ဆိုရင် လူသတ်သမားကို သေချာပေါက် ဖမ်းမိစေရမယ်”
“ရဲမှူးလုရဲ့ ကြိုးစားလုပ်ဆောင်မှုအတွက် ကျေးဇူးတင်ပါတယ်”
ယွီရွှေ၏ မျက်နှာအမူအရာမှာ ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ သဘောထားမှာ အလွန် ရိုးသားပုံပေါ်သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ရဲစခန်းမှသာမက လက်နက်ကိုင်တပ်ဖွဲ့ဌာန၊ သိုင်းပညာရှင်များအစည်းအရုံး၊ အစိုးရအရာရှိများ၊ စီးပွားရေးနယ်ပယ်မှ အထက်တန်းလွှာများ စသည်တို့မှ အထက်တန်းပုဂ္ဂိုလ်များစွာလည်း ယွီမိသားစု၏ ဗီလာသို့ ရောက်ရှိလာကြသည်။
ဤကာလအတွင်း ယွီမိသားစုတွင် ဖြစ်ပျက်ခဲ့သော အချို့အရာများက ကျောက်တုံးမြို့၏ အထက်တန်းလွှာ တစ်ခုလုံးအတွက် ဟာသတစ်ခုနီးပါး ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုအခါ ယွီရွှေသည် လူတိုင်းကို လေးစားစွာ ဧည့်ခံပြီး နာရေးအတွက် အလုပ်များနေသည်ကို မြင်သောအခါ လူအများအပြားက အသိအမှတ်ပြုသည့်အနေဖြင့် တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။
ယွီမိသားစု၏ ဒုတိယသားမှာ ပိုပို၍ တည်ငြိမ်ရင့်ကျက်လာပုံရသည်။ ယင်းမှာ ယုတ္တိရှိပေသည်။ ယခု ယွီမိသားစု၏ သားအကြီးဆုံး သေဆုံးသွားပြီဖြစ်ရာ ယွီမိသားစုမှာ သဘာဝကျစွာပင် ဒုတိယသားကိုသာ အားကိုးရတော့မည် ဖြစ်သည်။ အကယ်၍ ဒုတိယသားသာ မတည်ငြိမ်ပါက သူ၏ မိသားစု ပိုင်ဆိုင်မှုများကိုပင် ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ မိသားစုမှာ နှစ်အနည်းငယ်အတွင်း လုံးဝ ပြိုလဲပျက်စီးသွားနိုင်ပေသည်။
ဤကိစ္စကို ထူးဆန်းသည်ဟု မခံစားရသူ မရှိခြင်းတော့ မဟုတ်ပေ။ ယွီညီအစ်ကို နှစ်ယောက်မှာ အဆင်မပြေကြဘဲ ယခု သူတို့၏ အစ်ကိုကြီး ယွီရှန်း ရုတ်တရက် သေဆုံးသွားခဲ့ရာ ဘယ်ဘက်ကကြည့်ကြည့် အလွန် ထူးဆန်းနေသည်။ သို့သော် ရဲတွေကပင် ယွီရွှေကို သံသယဝင်ရန် ရှေ့မထွက်လာခဲ့ပါက သူတို့က ဘာပြောနိုင်မည်နည်း။
မည်သို့ပင်ဖြစ်စေ သူတို့သည် ယွီရှန်း၏ နာရေးသို့ လာရောက်ခြင်းဖြင့် ယွီရွှေနှင့် ယွီမိသားစုကို လေးစားမှု ပြသရုံသာ ရှိသည်။ ကျန်သည်များမှာ သူတို့နှင့် မသက်ဆိုင်ပေ။
ယွီမိသားစု၏ အိမ်သို့ လူများ ပိုပို၍ ရောက်ရှိလာကြသည်။ နာရေးကျင်းပရန် အချိန်ကျလာပြီဖြစ်သော်လည်း ယွီရွှေသည် ဗီလာ၏ တံခါးကို အချိန်မရွေး လှမ်းကြည့်နေတတ်သည်။ သူ တစ်ခုခုကို စောင့်နေပုံရသည်။
“သားငယ်လေး... နာရေး စတော့မယ်။ လူတိုင်းကို နံ့သာတိုင် ပူဇော်ခိုင်းလိုက်တော့”
ယွီဖခင်၏ မျက်လုံးများမှာ နီရဲနေသည်။ သူ အိုမင်းနေပြီဖြစ်ရာ ဤကိစ္စများကို ဒုတိယသားထံသို့သာ လွှဲအပ်ထားနိုင်တော့သည်။
“ဟုတ်ကဲ့၊ နောက်ဆုံး နှုတ်ဆက် အခမ်းအနား ချက်ချင်း စတင်လိုက်ပါတော့မယ်”
ယွီရွှေ မျက်မှောင်ကြုတ်လိုက်သည်။ ပေါ်လာသင့်သည့်လူကို မတွေ့ရသဖြင့် သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။ ထိုလူ ရောက်မလာတော့တာများလား။
ယွီရွှေ အနည်းငယ် စိတ်လွင့်နေသော်လည်း နောက်ဆုံး နှုတ်ဆက် အခမ်းအနားကို စတင်ရပေမည်။ ခဏအကြာတွင် ဝမ်းနည်းဖွယ် တေးဂီတများ ထွက်ပေါ်လာသည်။ ယွီရှန်း၏ နာရေးသို့ လာရောက်ကြသူများ အားလုံးက လေးစားစွာဖြင့် နံ့သာတိုင် ပူဇော်ရန် ရှေ့သို့ ထွက်လာကြသည်။
ဗီလာထဲတွင် အခိုးအငွေ့များ ဝဲပျံနေသည်။ ယွီရွှေသည် အခမ်းအနားသို့ လာရောက်ကြသူများကို တစ်ဦးချင်းစီ ကျေးဇူးတင်စကား ပြောကြားခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ ပို၍ စိတ်မသက်မသာ ဖြစ်လာသည်။
“သူ တကယ် မလာတော့ဘူးလား”
ယွီရွှေ တိုးတိုးလေး ရေရွတ်လိုက်သည်။ သခင်လေးကျန်း၏ သတင်းအချက်အလက်များကို သူ သိပ်မယုံကြည်တော့ပေ။
ဤအချိန်တွင် အသက် ၂၀ အရွယ် လူငယ်တစ်ဦးသည် ဗီလာ၏ တံခါးအပြင်ဘက်တွင် ရုတ်တရက် ပေါ်လာသည်။ သူ၏ မျက်နှာအမူအရာမှာ အေးစက်နေပြီး ယွီရှန်း၏ ဓာတ်ပုံကို စူးစိုက်ကြည့်နေသည်။ သူသည် အခြားမည်သူမျှ မရှိသည့်အလား လျှောက်ဝင်လာသည်။
“သူ ရောက်လာပြီ”
ဤအေးစက်နေသော လူကို မြင်သောအခါ ယွီရွှေ၏ ရင်ထဲတွင် တင်းကျပ်သွားပြီး သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားသည်။
***