ချန်ဆန်းရှီက သူ၏မြင်းကို အရှိန်မြှင့်ကာ ရှေ့ဆုံးမှ ဦးဆောင်လိုက်သည်။ ကျန်ရှိသောသူများကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။
"အရှင်"
ရှာချုံ က စိုးရိမ်တကြီးဖြင့် ဆိုသည် "ရန်သူတွေက အရမ်းများနေတာပဲ။ ဗိုလ်ချုပ်ဖန် တို့အဖွဲ့က သူတို့ကို တကယ်ပဲ တားဆီးနိုင်ပါ့မလား"
"စကားအပိုတွေ ပြောမနေနဲ့တော့"
"ဟေ့"
ချန်ဆန်းရှီသည် အရှိန်ကို ပိုမြှင့်လိုက်သည်။ တစ်ဖက်တွင် သူသည် အခြေအနေကို ကောင်းစွာ နားလည်ထားသလို၊ အခြားတစ်ဖက်တွင်လည်း ဖန်ချင်းယွမ် ကို အပြည့်အဝ ယုံကြည်ထားခြင်း ဖြစ်သည်။
ထို့ပြင် အကြီးအကဲတစ်ဦးဖြစ်ပါက မိမိ၏လူကို မည်သို့အသုံးချရမည်ကို သိရမည်ဖြစ်ပြီး အရာရာကို မိမိကိုယ်တိုင် လိုက်လုပ်နေပါက ၎င်းကို အကြီးအကဲဟု မခေါ်နိုင်တော့ဘဲ ရှေ့ပြေးတပ်သား သို့မဟုတ် သာမန်တိုက်ခိုက်ရေးသမားတစ်ဦးသာ ဖြစ်ပေလိမ့်မည်။
"ဒုန်း.."
နောက်ဘက်မှ မြင်းခွာသံများကို ကြားရသောအခါ ချန်ဆန်းရှီသည် ကိုယ်ကိုလှည့်၍ မြှားတစ်စင်း ပစ်ခတ်လိုက်သည်။ နဂါးစွမ်းအား ပါဝင်သော မိုးမခရွက်မြှားသည် မိုးစက်တွေကို ဖောက်ထွက်သွားသည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးရေများက သူ၏ တိကျမှုနှင့် စွမ်းအားကို လုံးဝ မဟန့်တားနိုင်ပေ။
တစ်လီ။
သူ၏ ထိရောက်သော ပစ်ခတ်မှု အကွာအဝေးမှာ အဆင့်တက်လာသည်နှင့်အမျှ သိသိသာသာ မြင့်တက်လာခဲ့သည်။ ယခုအခါ ပုံမှန်ခြေလှမ်း သုံးရာမှ မီတာ လေးရာကျော်၊ သို့မဟုတ် တစ်လီ အကွာအဝေးအထိ တိကျစွာ ပစ်ခတ်နိုင်ပြီ ဖြစ်သည်။
ဤမျှဝေးကွာသော အကွာအဝေးတွင် သည်းထန်သော မိုးရေများကြောင့် ရန်သူများအတွက် ရှင်းလင်းစွာ မြင်ရန် မဖြစ်နိုင်သလို၊ လေးကြိုးညှို့သံကိုလည်း ကြားနိုင်ရန် မလွယ်ကူပေ။
မြှားသည် ခြေလှမ်း ၂၀ အကွာသို့ ရောက်ရှိလာချိန်မှသာ ရှေ့ဆုံးမှ မြင်းစီးလာသော ဖန်ကျိုရှောင်သည် အန္တရာယ်ကို ရုတ်တရက် သတိပြုမိပြီး သူ၏စွမ်းအားကို နက်နဲသံမဏိဒိုင်းလွှားထဲသို့ ထည့်သွင်းကာ အလျင်အမြန် ကာကွယ်လိုက်ရသည်။
"ဝုန်း..."
သို့သော်လည်း ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ဖန်ကျိုရှောင်မှာ မြင်းပေါ်တွင် နောက်သို့ လန်သွားခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ဒဏ်ရာမရရှိခဲ့ပေ။ သူက ဝမ်းသာအားရဖြင့် "တကယ် အလုပ်ဖြစ်တာပဲ။ ညီအစ်ကိုတို့ ဒိုင်းတွေကို မြဲမြဲကိုင်ထားကြ။ မြှားမရှိရင် ချန်ဆန်းရှီ က ဘာမှမဟုတ်တော့ဘူး" ဟု ဟစ်အော်လိုက်သည်။
"သတ်ကြစမ်း"
"ဝှစ်..ဝှစ်..ဝှစ်..."
ချန်ဆန်းရှီသည် မြှားများကို ဆက်တိုက် ပစ်ခတ်လိုက်သော်လည်း တစ်ဖက်မှ သတ္တုချင်း ထိမှန်သံများကိုသာ ပြန်ကြားနေရသဖြင့် ဒိုင်းလွှားများဖြင့် အကာအကွယ် ရနေသည်မှာ ထင်ရှားလှသည်။
အမှန်စင်စစ် ဒိုင်းလွှားရှိနေစေဦးတော့၊ သာမန်မြင်းစီးတပ်သားများမှာမူ ထိုပြင်းထန်သော စွမ်းအားကို ခံနိုင်ရည်မရှိဘဲ လွင့်စင်သွားကြမည် ဖြစ်သည်။ သို့သော် ပြဿနာမှာ သူ၏လက်ထဲတွင် ဝိညာဉ်သွေးကြောမြှား၁၀ စင်းသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။ ထိုမြှားများကို အလဟဿ အကုန်မခံလိုပေ။
ပြန်ရောက်လျှင် ထိုဝက်ဝံနက်ကြီးကို ရှင်းလင်းပြီး ဝိညာဉ်သွေးကြောသစ်သား နောက်တစ်တုံး ရှာဖွေရပေလိမ့်မည်။ အကယ်၍ မသေမျိုးရှာဖွေရေးမျှော်စင်ကသာ လိုအပ်တဲ့ သတ္တုတွေ ပေးနိုင်မယ်ဆိုရင် ဒီမြှားတွေကို အကန့်အသတ်မရှိ သုံးနိုင်မှာ ဖြစ်သည်။
လူကို ပစ်လို့ မရလျှင် မြင်းကို ပစ်၍ ရသည်မဟုတ်ပါလား။
ချန်ဆန်းရှီသည် ရေတံခွန်ကြီးသဖွယ် သည်းထန်နေသော မိုးစက်တွေကို ဖောက်ထွင်း၍ သူ၏ အရှိန်အဝါကြည့်ရှု့ခြင်းဖြင့် ပစ်မှတ်ကို လော့ခ်ချလိုက်သည်။ သူသည် အနည်းငယ် နိမ့်၍ ချိန်ရွယ်လိုက်ပြီးနောက် တစ်ချက်တည်းမှာပင် မြှားသုံးစင်း ဆင့်ကာ ပစ်ခတ်လိုက်တော့သည်။
"ဟီ..."
စစ်မြင်းများ၏ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ မြင်းစီးတပ်သား အချို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားရာ နောက်မှ အရှိန်ဖြင့် လိုက်လာသော တပ်သားများမှာ အချိန်မီ မရပ်နိုင်ဘဲ မိမိတို့၏ ရဲဘော်များကို နင်းမိကုန်ကြသည်။ ဤသို့ဖြင့် ရန်သူ့တပ်အတွင်း၌ ရုန်းရင်းဆန်ခတ်များ ဖြစ်ပေါ်ကုန်တော့သည်။
မှောင်မည်းနေသော မိုးကာလိုက်ကြီးအတွင်းမှ မိုးခြိမ်းသံထက် ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
"နန်ရွှီ ပုန်ကန်သူတွေ"
"မင်းတို့က ငါတို့ကို ဆက်လိုက်ရဲသေးတာလား။ မင်းတို့အားလုံး ငါ့ရဲ့ အင်အားသုံးသောင်း တပ်မတော်ကြီးရဲ့ ဝိုင်းရံမှုကို ခံထားရပြီ။ အခုချက်ချင်း မြင်းပေါ်ကဆင်းပြီး အညံ့ခံကြ၊ မဟုတ်ရင် ဒီနေ့ ငွေရောင်ထင်ရှုးတောင်ကုန်း မှာ မင်းတို့အားလုံး အသက်ပျောက်ရလိမ့်မယ်"
"ပေါက်ကရတွေ"ဖန်ကျိုရှောင်က ဆဲရေးဆိုလိုက်သည်။
"ဟူလောင်တောင်ကြားမှာ လူသုံးထောင်ထက် ပိုမရှိတာ ငါသိတယ်။ လိမ်မနေနဲ့"
"မယုံဘူးလား။ ဒါဆိုလည်း ဆက်လိုက်ခဲ့လေ"
ချန်ဆန်းရှီ၏ မြင်းဖြူ ရှောင်ရှင်း မှာ အလွန်လျင်မြန်သော်လည်း သူ၏ လက်အောက်ငယ်သားများမှာမူ ထိုမျှ အရှိန်မရှိကြပေ။ ထို့ကြောင့် သူသည် ဆုတ်ခွာရင်းနှင့် မြှားများကို အဆက်မပြတ် ပစ်ခတ်ပေးနေရသည်။ သို့သော်လည်း ရန်သူနှင့် အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။
ရှေ့တွင် မြင့်မားသော တောင်ထိပ်နှစ်ခု ပေါ်လာချိန်တွင် မြင်းစီးတပ်သား ၂၀ ကျော်မှာ မိုးသည်းနေမှု့ကို အသုံးပြု၍ လျှိုမြောင်အတွင်းသို့ ရုတ်တရက် ဝင်ရောက် ပျောက်ကွယ်သွားကြသည်။
ဖန်ကျိုရှောင်သည် သူ၏မြင်းကို ဇက်ဆွဲ၍ ရပ်လိုက်ရာ နောက်မှလိုက်လာသော မြင်းစီးတပ်သားနှင့် ခြေလျင်တပ်သား ထောင်ပေါင်းများစွာမှာလည်း အရှိန်သတ်ကာ ရပ်လိုက်ကြသည်။
"ဗိုလ်ချုပ်"
"ဒီနေရာက အရမ်းကျဉ်းတယ်။ ချုံခိုတပ်တွေ ရှိနေနိုင်တယ်"
"ဘာကြောက်နေတာလဲ။ ငါ့နောက်က လိုက်ခဲ့ကြ"
ဖန်ကျိုရှောင်သည် ဟိန်းဟောက်လိုက်ပြီး သူ၏ ရှည်လျားသော ဓားကို ဝှေ့ယမ်းကာ တောင်ပေါ်မှဆင်းလာသောဆင်းကျားတစ်ကောင်ကဲ့သို့ လျှိုမြောင်အတွင်းသို့ စတင် ဦးဆောင် ဝင်ရောက်သွားတော့သည်။
"သတ်ကြစမ်း.."
ထိုခဏမှာပင်...
"ဝှစ်..ဝှစ်..ဝှစ်.."
လျှိုမြောင်၏ အထက်မှ မြှားများမှာ မိုးရေထဲတွင် ရေတံခွန်ကြီး ကျလာသည့်အလား အဆက်မပြတ် ကျဆင်းလာခဲ့သလို၊ ကြီးမားသော ကျောက်တုံးကြီးများနှင့် သစ်တုံးကြီးများပါ လိမ့်ဆင်းလာတော့သည်။
"ချုံခိုတိုက်ခိုက်မှု"
"ချုံခိုတိုက်နေပြီ"
"လျှိုမြောင်အပေါ်ကို ကြည့်ကြဦး"
"ဂျိမ်း.."
မိုးခြိမ်းသံနှင့်အတူ လျှပ်စီးလက်သွားချိန်တွင် လျှိုမြောင်အထက်၌ လူများစွာ စုပြုံနေသည်ကို မှုန်ဝါးဝါး မြင်လိုက်ကြရသည်။
အမြင့်ဆုံးနေရာတွင် ဝှီးချဲတစ်စီး ပေါ်လာပြီး ဝတ်စုံဖြူဝတ်ဆင်ထားသော ပညာရှိတစ်ဦးကို တွေ့လိုက်ရသည်။ ဤမျှ ခန့်ညားသော အရှိန်အဝါမျိုးမှာ နာမည်ကျော်ဖီးနစ်ဟု ခေါ်တွင်သော ဖန်ချင်းယွမ် ကလွဲ၍ အခြား မည်သူ ဖြစ်နိုင်ဦးမည်နည်း။
ဝှီးချဲ ဘေးတွင် ရပ်နေသော ဝမ်ကျိီက အပေါ်စီးမှနေ၍ အော်ဟစ်လိုက်
သည်။
"ဒါက အပြာရောင်နဂါးစခန်းရဲ့ ဗိုလ်ချုပ် ဖန်ချင်းယွမ် ကွပ်ကဲတဲ့နေရာပဲ။ မင်းတို့တွေ ငါတို့ရဲ့ ဝိုင်းရံမှုထဲကို ရောက်နေပြီ။ အသက်ရှင်ချင်ရင် အခုချက်ချင်း လက်နက်ချကြ"
ဖန်ချင်းယွမ်။
လူတိုင်းက မြင်းဖြူစစ်သည်တော် ချန်ဆန်းရှီ ကိုသာ အာရုံစိုက်နေကြသဖြင့် ပညာရှိ ဖန်ချင်းယွမ် ကို မေ့လျော့နေခဲ့ကြပုံရသည်။
"အား"
လျှိုမြောင်အတွင်း၌ ချုံခိုတိုက်ခိုက်ခံရသော မြင်းစီးတပ်သားများမှာ တစ်ဦးပြီးတစ်ဦး ကျဆုံးကုန်ကြရာ ခဏအတွင်းမှာပင် အကျအဆုံး တစ်ရာကျော်သွားခဲ့သည်။
သို့သော် ထိုအချိန်တွင်...
ဖန်ကျိုရှောင်သည် ရုတ်တရက် အထက်သို့ မော့ကြည့်လျက် ဟားတိုက် ရယ်မောလိုက်တော့သည်။
"ဟားဟားဟား"
တောင်ပေါ်မှ ဝမ်ကျိီက ကြိမ်းမောင်းလိုက်သည် "ဟေ့ မင်းက သေခါနီးနေတာတောင် ဘာတွေ ရယ်နေတာလဲ"
"ငါရယ်တာက..."
ဖန်ကျိုရှောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဉာဏ်နည်းတဲ့ ဝတ်စုံဖြူနဲ့ အသိဉာဏ် မရှိတဲ့ ဖီးနစ်ငှက်ကို ငါရယ်တာ။
မင်းတို့က ငါ့ကို ငပေါလို့ ထင်နေတာလား။ လျှိုမြောင်ထဲမှာ ချုံခိုတပ်တွေ ရှိနေမှန်း သိသိကြီးနဲ့ ငါက အကျအဆုံးများအောင် ဘာလို့ ဝင်လာမယ် ထင်
သလဲ။"
"ငါက ငါ့ကိုယ်ငါ ငါးစာအဖြစ် သုံးပြီး မင်းတို့လို ငါးကြီးတွေကို မျှားထုတ်
လိုက်တာပဲ။"
"ဖန်ချင်းယွမ်.."
"လျှိုမြောင်ရဲ့ ဘေးနှစ်ဖက်ကို ကြည့်လိုက်ဦး။ အခု မင်းတို့ကိုယ်တိုင် ဝိုင်းရံခံလိုက်ရပြီ"
"ဝုန်း.."
ငွေရောင်ထင်ရှုးလျှိုမြောင်၏ ဘေးနှစ်ဖက်မှနေ၍ တာ့ရွှီအလံကို ကိုင်ဆောင်ထားသော အထူးလေ့ကျင့်ထားသည့် စစ်သည်တော် သုံးထောင်စီမှာ တောင်ပေါ်သို့ တိတ်တဆိတ် တက်လာပြီး ချုံခိုတိုက်ခိုက်သူများကို ပြန်လည် ဝိုင်းရံ တိုက်ခိုက်တော့သည်။
***