အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် မဟာသွေးကြောအဆင့်ကို ရောက်ရှိနေသည့် ဒုတိယဗိုလ်ချုပ် သုံးဦး ဦးဆောင်သော နန်ရွှီတပ်မတော်သည် စစ်သည်နှစ်ထောင်ဖြင့် လေးလံသော ခံစစ်ဗျူဟာကို ခင်းကျင်းကာ ရှာဝမ်လုံ ကို အလယ်တွင် ပိတ်ဆို့ထားလိုက်ကြသည်။
"ဒုန်း ဒုန်း ဒုန်း.."
လူတစ်ရပ်ကျော် မြင့်မားပြီး နက်နဲသံမဏိဖြင့် ပြုလုပ်ထားသော ဒိုင်းလွှားများကို ကိုင်ဆောင်ထားသည့် ခြေလျင်တပ်သားများသည် ဖောက်ထွင်း၍မရသော သံမဏိတံတိုင်းကြီးသဖွယ် ဖြစ်လာပြီး ပြင်းထန်သော တိုက်ပွဲကြီး စတင်ပါတော့သည်။
ရှာဝမ်လုံသည် ရန်သူ့တပ်ကို အဆက်မပြတ် ခုတ်ပိုင်းကာ ဗျူဟာကို ဖျက်ဆီးရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် ပိတ်မိနေခဲ့သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူက တစ်ယောက်တည်းသော နက်နဲပုံရိပ်အဆင့်ပဲ"
ရန်သူ့တပ်သား အရေအတွက်ကို လိမ်ညာတာက တစ်ကြောင်း၊ လီဂုန်းက ဗိုလ်ချုပ်အရေအတွက် အမှန်ကိုတောင် ထုတ်မပြောခဲ့တာကတော့ တကယ့်ကို နန်ရွှီကို နောက်ကွယ်ကနေ နှောင့်ယှက်ဖျက်ဆီးနေခြင်းပင် ဖြစ်သည်။
ဖန်ကျိုရှောင် စိတ်အနည်းငယ် လျော့သွားချိန်မှာပင် မလှမ်းမကမ်းရှိ ဗျူဟာအတွင်း၌ ဗိုလ်ချုပ်တစ်ဦး ထိုးဖောက်ဝင်ရောက်လာသည်ကို တွေ့လိုက်ရပြန်သည်။
ထိုသူသည် ချင်နိုင်ငံ၏ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး မြင်းနက်တစ်စီးကို စီးနင်းထားကာ အလွန်အရပ်ရှည်ပြီး ရဲစွမ်းသတ္တိနှင့် ပြည့်စုံလှသည်။ အံ့အားသင့်စရာကောင်းသည်မှာ သူသည် စစ်မြေပြင်တွင် လက်ဗလာဖြင့် တိုက်ခိုက်နေခြင်းပင် ဖြစ်သည်။ သူ၏ လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း ထွက်ပေါ်လာသော ဂန်းချီများမှာ ကြီးမားသော ကျားသစ်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ရှေ့ရှိ စစ်သည် ဆယ်ဂဏန်းကျော်ကို ဆွဲဖြဲပစ်လိုက်သည်။
ဒုတိယဗိုလ်ချုပ် လျူ က ဒေါသတကြီးဖြင့် သူ့ကို ရင်ဆိုင်ရန် ပြေးဝင်သွားသော်လည်း လက်သီးတစ်ချက်တည်းဖြင့်ပင် ဦးခေါင်းကြေမွကာ အပေါက်ကြီးဖြစ်သွားခဲ့ရသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ် ကျန်း က သူ၏ ဓားကြီးဖြင့် ခုတ်ပိုင်းရန် ကြိုးစားသော်လည်း ထိုကြောက်မက်ဖွယ် စစ်သည်တော်က ဓားကို လက်ဗလာဖြင့် ဖမ်းဆီးလိုက်ပြီး ကျန်း ကို ကြက်ကလေးတစ်ကောင်လို မကာ အလယ်ကနေ နှစ်ပိုင်း ဆွဲဖြဲပစ်လိုက်တော့သည်။
ဤလူသည် သူစီးနင်းလာသော မြင်းမှာ အလွန်နှေးကွေးသည်ဟု ယူဆကာ မြင်းပေါ်မှဆင်း၍ ခြေလျင်ဖြင့် ဆက်လက်တိုက်ခိုက်သည်။ သူသည် စစ်မြင်းကိုပင် လက်ဖြင့်မကာ လက်နက်တစ်ခုသဖွယ် အသုံးပြုပြီး ရန်သူ ဆယ်ဂဏန်းကို ရိုက်သတ်လိုက်ရာ မြင်း၏ အသားများမှာ ရွှံ့နွံကဲ့သို့ ကြေမွသွားတော့သည်။ ထို့နောက် သူသည် ရန်သူများကို လက်ဗလာဖြင့် ဆက်လက် သတ်ဖြတ်နေခဲ့သည်။
'နက်နဲပုံရိပ်အဆင့်... ပြီးပြည့်စုံခြင်း။'
သူသည် စစ်နတ်ဘုရားအဆင့် ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည့် အဆင့်သို့ပင် ရောက်ရှိနေပုံရသည်။
ဟူလောင်တောင်ကြားမှာ ချန်ဆန်းရှီ တစ်ယောက်တည်း ကွပ်ကဲနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်သည်တော်ကြီး ရှိနေရတာလဲ။
ဤတိုက်ခိုက်ရေးစွမ်းရည်မှာ တပ်စခန်းရှစ်ခု၏ မည်သည့် ဗိုလ်ချုပ်ကြီးနှင့်မဆို ရင်ဘောင်တန်းနိုင်သည်။ စစ်နတ်ဘုရားအဆင့်နှင့် နီးစပ်နေသူဖြစ်သဖြင့် အဆင့်တူ သိုင်းပညာရှင်တစ်ဦး မရှိပါက သူသည် တိုက်ပွဲ၏ အလှည့်အပြောင်းကို တစ်ယောက်တည်း ပြောင်းလဲပစ်နိုင်သူ ဖြစ်သည်။
'လီဂုန်း.. သူက ဒီအကြောင်းကိုလည်း ထည့်မပြောခဲ့ဘူး ဒါက မဟာမိတ်တွေကို သစ္စာဖောက်တာပဲ မဟုတ်လား။'
ဒါကို ကြည့်ခြင်းအားဖြင့် ချင်နိုင်ငံက အညံ့ခံဗိုလ်ချုပ်တွေ ရှိနေတယ်ဆိုတာ အမှန်ပဲ ဖြစ်ပေလိမ့်မည်။ ဒီလို ကြောက်မက်ဖွယ် စစ်သည်တော်ကြီး ရှိနေမှသာ မဟာသွေးကြောအဆင့်ရှိတဲ့ အညံ့ခံသူတွေကို ထိန်းချုပ်ထားနိုင်မှာ ဖြစ်သည်။
"သူ့ကိုလည်း ဝိုင်းထားကြ"
"ဆုတ်ခွာမယ်"
ဖန်ကျိုရှောင်သည် ဆက်လက်တိုက်ခိုက်ရန် စိတ်ကူးမရှိတော့ဘဲ သူ၏တပ်သားများကို အသုံးပြု၍ ထိုစစ်သည်တော်ကြီးကို တားဆီးထားကာ အမြန်ဆုံး အပြင်ကို ထိုးဖောက်ထွက်ရန်သာ ပြင်ဆင်တော့သည်။
...
"ဒီလောက်ဆို ရပါပြီ"
ဝမ်ကျိီတွန်းပေးသော ဝှီးချဲပေါ်တွင် ထိုင်နေသော ဖန်ချင်းယွမ်သည် တောင်ထိပ်မှ ဆင်းလာခဲ့ပြီ ဖြစ်သည်။ သူက အေးအေးလူလူပင် ဆိုသည်။ "ညီငယ်... ငါတို့ရဲ့ ရည်မှန်းချက် အောင်မြင်သွားပြီ။ သူတို့ကို ထွက်ခွာခွင့် ပေးလိုက်တော့။ သူတို့မှာ လူတစ်သောင်း ရှိနေပြီး ငါတို့ဆီမှာ လူတစ်
ထောင်ငါးရာပဲ ပါလာတာ။ ဒါက ဒီသည်းထန်တဲ့ မိုးထဲမှာ ရန်သူကို လှည့်စားတဲ့ ဗျူဟာတစ်ခုပဲ။ အကယ်လို့ ဆက်လိုက်နေမယ်ဆိုရင် ငါတို့ရဲ့ အင်အားအမှန် ပေါ်သွားလိမ့်မယ်။ ဒီနေရာက နန်ရွှီတပ်စခန်းနဲ့ သိပ်မဝေးဘူးဆိုတော့ သူတို့ စစ်ကူတွေ ရောက်လာရင် ဒုက္ခရောက်ကုန်လိမ့်မယ်"
"မဟုတ်ဘူး... နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ရအောင်"
ချန်ဆန်းရှီသည် မိုးရွာထဲက ရုန်းရင်းဆန်ခတ် တိုက်ပွဲကို ကြည့်လျက် ပြောလိုက်သည်။ "အစ်ကိုကြီး... ကောင်းကင်ဘုံကျမ်းထဲက မိုးခြိမ်းသံ လိမ့်ဆင်းခြင်း ဗျူဟာကို ဘယ်လို ထင်ပါသလဲ"
"ကောင်းကင်ဘုံကျမ်းထဲက ဗျူဟာကို ပြောတာလား"
ဖန်ချင်းယွမ်က သဘောပေါက်သွားသည်။
"နားလည်ပြီ ဒါဆိုရင်တော့ နောက်ထပ် အစီအစဉ်တွေကို ညီငယ်ပဲ ဆက်လုပ်တော့။ ငါ့ရဲ့ တာဝန်ကတော့ ပြီးသွားပြီ။ မိုးကလည်း ရွာ၊ ရာသီဥတုကလည်း အေးနေတော့ ငါ အနားယူဖို့ ပြန်တော့မယ်။ ညီ၆... သွားကြစို့"
"ခင်ဗျားက ကိုယ်အင်္ဂါ မသန်စွမ်းလို့ ငါက သနားလို့ တွန်းပေးတာပါ။ ခင်ဗျားက တကယ်ပဲ ငါ့ကို ခင်ဗျားရဲ့ အစေခံလို့ ထင်နေတာလား"
ဝမ်ကျိီက ညည်းညည်းညူညူဖြင့် ဖန်ချင်းယွမ် ၏ ဝှီးချဲကို တွန်း၍ ထွက်ခွာသွားတော့သည်။
ချန်ဆန်းရှီသည် မြင်းပေါ်တွင် ထိုင်လျက် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး သူ၏ရင်ဘတ်အတွင်းတွင် ဝှက်ထားသော ဝိညဥ်ပုတီးစေ့ဆီသို့ အာရုံကို ပို့လိုက်သည်။ မိုးရေထဲတွင် မီးခိုးငွေ့များသဖွယ် ဖြစ်ပေါ်လာသော အဖြူရောင်ချီများမှာ သူ့ကို ဝိုင်းရံသွားပြီးနောက် သူ၏ လက်အောက်ငယ်သားများဆီသို့ စွမ်းအားများ ပြန်လည် စီးဆင်းသွားတော့သည်။
ကောင်းကင်ဘုံကျမ်းစာ၊ ကောင်းကင်ဘုံဗျူဟာ၊ ဝိညဥ်ပုတီးစေ့၏ စွမ်းအားကို အသုံးချခြင်း။
ဝိညဥ်ပုတီးစေ့ကို ပိုင်ဆိုင်ခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ၎င်း၏ တကယ့်စွမ်းအားကို စမ်းသပ်ရန် အချိန်ကျရောက်ပြီ ဖြစ်သည်။
"ဗျူဟာခင်းကြ"
သည်းထန်စွာ ရွာသွန်းနေသော မိုးရေများကြားတွင် ချန်ဆန်းရှီ၏ အသံမှာ ကောင်းကင်ယံမှ ဟိန်းထွက်လာသော မိုးခြိမ်းသံကြီးကဲ့သို့ ထွက်ပေါ်လာသည်။
"မိုးခြိမ်းသံ လိမ့်ဆင်းခြင်း ဗျူဟာ"
***