"မရဏတပ်သား ဆယ့်ရှစ်ဦး၏ မိုးခြိမ်းသံ လိမ့်ဆင်းခြင်း ဗျူဟာ"
ထွက်ပေါ်လာသော အသံလှိုင်းများသည် မိုးစက်များကိုပင် လွင့်စင်သွားစေပြီး အနီးနားရှိ လူတိုင်း၏ စိတ်အာရုံထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
အနက်ရောင်သံချပ်ကာတပ်မတော်။
ဒါရှန်နိုင်ငံ၏ အထူးချွန်ဆုံးသော စစ်သည်တော်များ ဖြစ်ကြသည်။ တိုက်ပွဲအလယ်တွင် ဗျူဟာကို ချက်ခြင်းပြောင်းလဲနိုင်ခြင်းမှာ သူတို့၏ အခြေခံအကျဆုံး အရည်အချင်းပင် ဖြစ်သည်။ ဘာလို့လဲဆိုတော့ဒါရှန်တစ်နိုင်ငံလုံးတွင် ဤစစ်သည်တော် များမှာငါးသောင်းသာ ရှိပြီး လုံချင်အုပ်ချုပ်မှု့နှစ် ၂၀ မှစ၍ နှစ်ပေါင်း ၅၀ ကြာအောင် စုဆောင်းပျိုးထောင်ထားခဲ့ရသည့် အင်အားစု ဖြစ်သောကြောင့် ဖြစ်သည်။ စစ်သည်တိုင်းမှာ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားခြင်း ခံရသလို ဗိုလ်ချုပ်တိုင်းမှာလည်း တိုက်ရိုက် သင်ကြားပြသမှုကို ရရှိထားသူများ ဖြစ်သည်။
အကြီးအကဲ၏ အမိန့်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက်...
အမိန့်သည် တပ်မှူးကြီးများမှတစ်ဆင့် တပ်စုမှူးများ၊ ထိုမှတစ်ဆင့် တပ်သားများဆီသို့ လျှင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ သည်းထန်စွာ ရွာသွန်းနေသော ညမိုးကြီးအောက်တွင်ပင် အနည်းငယ်မျှ ဖရိုဖရဲဖြစ်ခြင်း မရှိဘဲ စနစ်တကျနှင့် အမြန်ဆုံး ဗျူဟာခင်းကျင်းမှုကို ပြီးမြောက်ခဲ့ကြသည်။
ဤစည်းကမ်းစနစ်တစ်ခုတည်းနှင့်ပင် ကမ္ဘာပေါ်ရှိ အခြားသော တပ်မတော် ၇၀ ရာခိုင်နှုန်းထက် သာလွန်နေပြီ ဖြစ်သည်။
မရဏတပ်သားဆယ့်ရှစ်ဦး၏ မိုးခြိမ်းသံ လိမ့်ဆင်းခြင်း ဗျူဟာ။
မရဏတပ်သားဆယ့်ရှစ်ဦး ဆိုသည်မှာ ကောင်းကင်နှင့် မြေပြင်ကို ခြားနားထားသည့် ကြီးမားသော တောင်တန်းကြီးများကို ရည်ညွှန်းပြီး မိုးခြိမ်းသံမှာမူ ကောင်းကင်ယံမှ နတ်ဘုရားမိုးကြိုးကို ဆိုလိုခြင်း ဖြစ်သည်။ သည်းထန်သော ညမိုးကြီးမှာ ဤဗျူဟာကို အကောင်အထည်ဖော်ရန် အကောင်းဆုံးသော အခြေအနေကို ပေးစွမ်းထားသည်။
'ဝုန်း ဝုန်း ဝုန်း..'
"သတ်ကြစမ်း"
မိုးခြိမ်းသံများမှာ အဆက်မပြတ် ဟိန်းဟောက်နေသလို ကောင်းကင်မှ မိုးရေများကလည်း အဆုံးမရှိ ရွာချနေသည်။ လျှပ်စီးလက်သွားသည့် ခဏချင်းမှာပင် နတ်ဘုရားစစ်သည်တော်များ လူ့ပြည်သို့ ဆင်းသက်လာသည့်အလား ထင်မှတ်ရသည်။ ဤအရှိန်အဝါတစ်ခုတည်းနှင့်ပင် နန်ရွှီတပ်မတော်ကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့ပြီ ဖြစ်သည်။
"ဒါ ဘာဗျူဟာလဲ"
ဖန်ကျိုရှောင်သည် သူ၏စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းလိုက်ပြီး "မထိတ်လန့်ကြနဲ့ သူတို့ ဘယ်ဗျူဟာပဲ သုံးသုံး အလကားပဲ။ သူတို့မှာ လူသုံးထောင်ပဲ ရှိတာ။ အားလုံး အမြန်ဆုံး ဗျူဟာခင်းကြ ကောင်းကင်၊ မြေပြင်နဲ့ လူသား ဗျူဟာကို သုံးမယ်" ဟု အော်ဟစ်လိုက်သည်။
"မြန်မြန် လုပ်ကြ"
ရုန်းရင်းဆန်ခတ် ဖြစ်နေသည့်ကြားမှ နန်ရွှီတပ်မတော်သည် လက်တွေ့ကျသော ဗျူဟာတစ်ခုကို အသင့်အတင့်ရှိသော အရှိန်ဖြင့် ခင်းကျင်းနိုင်ခဲ့သည်။
"ဂျိမ်း..."
ထိုခဏမှာပင် ကောင်းကင်ယံထက်၌ လျှပ်စီးတန်းကြီးတစ်ခု ဖြတ်သန်းသွားခဲ့သည်။ အနက်ရောင်သံချပ်ကာတပ်မတော်က စတင် တိုက်ခိုက်တော့သည်။
[တူညီသော ဝတ်စုံကို ဝတ်ဆင်ထားသူများ - ညီအစ်ကိုများကဲ့သို့ တူညီသောဝတ်စုံကို ဝတ်ဆင်ထားပြီး စိတ်ဓာတ်တူညီနေပါက ဗျူဟာ၏ အစွမ်းကို ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်သည်။]
သာမန်စစ်ဗျူဟာတစ်ခုတွင် ဤအချက်က သိသာချင်မှ သိသာလိမ့်မည်။ သို့သော် ယခုမူ ၎င်းမှာ ကောင်းကင်ဘုံကျမ်းမှ ဗျူဟာ ဖြစ်နေသည်။
တိုက်စစ် ဆင်လိုက်သည့် တစ်ကျော့အတွင်းမှာတင် နန်ရွှီတပ်မတော်၏ နောက်တန်းတပ်သားများမှာ ဖရိုဖရဲ ဖြစ်သွားကြတော့သည်။ နာကျင်စွာ အော်ဟစ်သံများ၊ လက်နက်ချင်း ထိမှန်သံများ၊ မိုးသံ၊ မိုးခြိမ်းသံ၊ မြင်းခွာသံများနှင့် သံချပ်ကာများ ကြေမွသံများမှာ ရောထွေးကုန်ပြီး နောက်ဆုံးတွင် ပရမ်းပတာ ဖြစ်သွားခဲ့သည်။
"ရှူး..."
ရေတံခွန်ကြီးသဖွယ် မိုးရေများကလည်း ရပ်တန့်ခြင်းမရှိ ရွာချနေသဖြင့် စစ်သည်များ၏ မျက်နှာပေါ်သို့ ရေများဖုံးလွှမ်းကာ အမြင်အာရုံကို ပိတ်ဆို့ထားသည်။ မှောင်မည်းနေသော ညဖြစ်သဖြင့် နန်ရွှီတပ်သားများမှာ ရန်သူ၏ လှုပ်ရှားမှုကို ရှင်းလင်းစွာ မမြင်ရဘဲ လျှပ်စီးလက်ချိန်မှသာ တားဆီး၍မရသော ကောင်းကင်ဘုံမြင်းစီးတပ်သားများကို ရိပ်ခနဲ မြင်လိုက်ရခြင်း ဖြစ်သည်။
သူတို့သည် မြင့်မားသော နေရာမှနေ၍ ကောင်းကင်က ဆင်းသက်လာသကဲ့သို့ တိုက်ခိုက်နေကြသည်။ သူတို့သည် တားဆီး၍မရသော ကောင်းကင်ဘုံစစ်သည်တော် သောင်းပေါင်းများစွာကဲ့သို့ ဖြစ်နေသည်။
"တကယ်တော့ သူတို့ လူဘယ်လောက်တောင် ရှိနေတာလဲ"
"လူတစ်သောင်းလား၊ နှစ်သောင်းလား၊ ဒါမှမဟုတ် တစ်သိန်းလား"
"ဆုတ်ခွာမယ်"
"အမြန် ဆုတ်ကြ"
"မထိတ်လန့်ကြနဲ့"
ဖန်ကျိုရှောင်သည် သူ၏ဓားကို ဝှေ့ယမ်းလျက် ဗျူဟာကို ဖျက်ဆီးနေသည့် သူ၏လက်အောက်ငယ်သား တစ်ဦးကို သတ်ပစ်လိုက်သည်။ "ဗျူဟာကို ဆက်ထိန်းထားပြီး ထိုးဖောက်ကြစမ်း။ သူတို့မှာ လူသုံးသောင်း တကယ်ရှိနေရင်တောင် ငါတို့ အပြင်ကို ထွက်နိုင်သေးတယ်"
မှန်ပေသည်။ အကယ်၍ ဒါရှန်က လူသုံးသောင်းကို တကယ်ပဲ ဖန်တီးနိုင်ခဲ့ရင်တောင် နန်ရွှီရဲ့ လူတစ်သောင်းတပ်မတော်အနေနဲ့ ဗျူဟာကို ဆက်ထိန်းထားနိုင်ရင် အနည်းဆုံး လူထက်ဝက်လောက်တော့ လွတ်အောင် ပြေးနိုင်မည် ဖြစ်သည်။
"အသက်ရှင်ချင်ရင် အမိန့်ကို နာခံကြ"
"တပ်မှူးတွေအားလုံး ခင်ဗျားတို့လူတွေကို တည်ငြိမ်အောင် ထိန်းကြ။ မကြောက်ကြနဲ့၊ သူတို့က ဒီမိုးကို အသုံးချပြီး ဟန်ပြနေတာပဲ။ မင်းတို့တွေကလည်း နန်ရွှီရဲ့ အထူးတပ်သားတွေပဲ၊ ဘာကြောက်စရာ ရှိလဲ"
စစ်ဗိုလ်ချုပ်များ၏ တာဝန်မှာ အရေးကြီးသော အချိန်တွင် စစ်သည်များ၏ စိတ်ဓာတ်ကို တည်ငြိမ်အောင် လုပ်ဆောင်ပေးရခြင်း ဖြစ်သည်။ ဤစကားကို ကြားရသောအခါ နန်ရွှီစစ်သည်များမှာ အနည်းငယ် ပြန်လည် တည်ငြိမ်လာကြသည်။
သူတို့ ချုံခိုတိုက်ခိုက်ခံရသော်လည်း အသေအလဲ တိုက်နေရန် မလိုဘဲ အပြင်ကို ထိုးဖောက်ထွက်ရန်သာ လိုခြင်း ဖြစ်သည်။ လူတစ်သောင်းလုံး စုပေါင်းလုပ်ဆောင်ပါက အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိသည်။
ထို့ပြင် မင်းသား၁၄ပြောတာလည်း မှန်သည်။ သူတို့သည်လည်း အထူးတပ်သားများ မဟုတ်ပါလား။
နှစ်ဖက်စလုံးမှာ သာမန်လူသားများသာ ဖြစ်သဖြင့် ဖန်ကျိုရှောင်၏ အစွမ်းကုန် ကြိုးစားမှုကြောင့် အခြေအနေမှာ ယာယီအားဖြင့် ပြန်လည် တည်ငြိမ်သွားပြီး အနောက်တောင်ဘက်သို့ ဦးတည်ကာ ထိုးဖောက်ရန် ကြိုးစားကြတော့သည်။
ထိုခဏမှာပင်...
မှောင်မည်းနေသော မိုးကာလိုက်ကြီး၏ အထက်တွင် လျှပ်စီးရောင်က နောက်တစ်ကြိမ် ထိန်လင်းသွားခဲ့သည်။
ပင့်ကူအိမ်သဖွယ် ဖြာထွက်နေသော အပြာရောင် မိုးခြိမ်းသံများသည် မှောင်မည်းနေသည့် ကောင်းကင်ယံကို ဆွဲဖြဲပစ်လိုက်ပြီး စစ်မြေပြင်တစ်ခုလုံးကို ထိန်လင်းသွားစေသည်။ ရွှံ့နွံများကြားမှ စစ်မြင်းများနှင့် တပ်သား ထောင်ပေါင်းများစွာ၏ အရိပ်များမှာ ထင်ရှားပေါ်လွင်လာခဲ့သည်။
ထိုခဏတာ မြင်ကွင်းမှာ အချိန်တွေ နှေးကွေးသွားသည့်အလား ငြိမ်သက်သွားခဲ့သည်။ ကောင်းကင်ယံမှ မိုးခြိမ်းသံ ကွန်ရက်ကြီးမှာ တဖြည်းဖြည်း ပျံ့နှံ့သွားပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီးမှ ပျောက်ကွယ်သွားသည်။ သို့သော် လျှပ်စီးတန်းတစ်ခုမှာမူ ပျောက်ကွယ်မသွားဘဲ...
အောက်သို့ ပစ်ချလိုက်တော့သည်။
တောက်ပသော အပြာရောင် မြွေနဂါးကြီးတစ်ကောင်မှာ ကောင်းကင်ယံမှနေ၍ ငွေရောင်ထင်ရှုးတောင်ကုန်း ပေါ်သို့ ပြင်းထန်သော အရှိန်ဖြင့် ကျဆင်းလာခဲ့သည်။ လျှိုမြောင်၏ ထိပ်ဖျားမှာ ဝုန်းခနဲ ပေါက်ကွဲသွားပြီး ကြီးမားသော ကျောက်တုံးကြီးများစွာ အောက်သို့ လိမ့်ဆင်းလာခဲ့ကာ ငြိမ်သက်နေသည့် စစ်မြေပြင်ကို ရိုက်ခွဲပစ်လိုက်တော့သည်။
"ကောင်းကင်ဘုံ နတ်ဘုရားက ငါတို့ကို ကူညီနေပြီ"
မိုးကြိုးကျရောက်ရာ တောင်ထိပ်ပေါ်တွင်...
ဝတ်စုံဖြူဝတ်ဆင်ထားသော လူတစ်ဦးသည် ငွေရောင်လှံကို ကောင်းကင်သို့ ညွှန်ပြလျက် မတ်တပ်ရပ်နေသည်။ သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်နေပြီး သူ၏စိတ်ဓာတ်မှာလည်း ပြင်းထန်လှသည်။ "နန်ရွှီ သစ္စာဖောက်တွေ။ မင်းတို့က ကောင်းကင်ဘုံကို ဆန့်ကျင်ရဲတာလား"
ပြန်လည် တည်ငြိမ်စပြုနေသော နန်ရွှီတပ်မတော်မှာ နောက်တစ်ကြိမ် ထိတ်လန့်တုန်လှုပ်ကုန်ပြန်သည်။ သူတို့ ဘာကြောင့် အမြဲတမ်း ဖိနှိပ်ခံနေရသလဲဆိုတာကို နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။ အနက်ရောင်သံချပ်ကာတပ်မတော်၏ ဗျူဟာသည် ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားများနှင့် ပေါင်းစပ်နေခြင်း ဖြစ်သည်။
ဒါဟာ ဗျူဟာအကြောင်းကို စာတွေ့သိနေလို့ မဟုတ်ဘဲ သူတို့ ကိုယ်တိုင် လက်တွေ့ ခံစားနေရခြင်း ဖြစ်သည်။ ဗျူဟာအတွင်း ပိတ်မိနေသူများသာ ရန်သူ၏ နက်နဲလှသော နည်းဗျူဟာများကို အမှန်တကယ် နားလည်နိုင်ကြသည်။ အနက်ရောင်သံချပ်ကာတပ်မတော်၏ လှုပ်ရှားမှုတိုင်းမှာ သည်းထန်သော မိုးရွာခြင်း၊ ကောင်းကင်မှ လျှပ်စီးလက်ခြင်းတို့နှင့် တထပ်တည်း ကျနေသဖြင့် သူတို့မှာ ပြန်လည် တိုက်ခိုက်ရန် စွမ်းအားမရှိတော့ဘဲ ထိုးဖောက်ပြေးရန်သာ ကြိုးစားနေရခြင်း ဖြစ်သည်။
ဝတ်စုံဖြူဝတ်ဆင်သူ၏ ဟိန်းဟောက်သံနှင့်အတူ ကျဆင်းလာသော မိုးကြိုးကို မြင်လိုက်ရသောအခါ သူတို့ သဘောပေါက်သွားသည်မှာ- ဤဗျူဟာသည် လူ့ပြည်မှ မဟုတ်ဘဲ ကောင်းကင်ဘုံမှ နတ်ဘုရားဗျူဟာ ဖြစ်နေခြင်းပင် ဖြစ်သည်။
"မျက်ခုံးနီတပ်မတော်"
ဒုတိယဗိုလ်ချုပ် တစ်ဦးက ရုတ်တရက် သတိရသွားသည်။
"မင်းတို့ မှတ်မိကြသေးလား။ မျက်ခုံးနီတပ်မတော်ရဲ့ တပ်မှူး လျန်ကျိနျန် မှာ မသေမျိုးတစ်ပါးက ပေးသနားထားတဲ့ 'အံ့ဖွယ်
စစ်သည်တော် ကောင်းကင်ဘုံကျမ်း'ရှိခဲ့တယ်။ အဲ့ဒီကျမ်းက ချန် ဆိုတဲ့ လူတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားခဲ့တာ"
"ဒါကြောင့်ပဲ သူက နတ်ဘုရားမိုးကြိုးကို ခေါ်ယူနိုင်တာပေါ့"
***