မသေမျိုးလက်ဆောင်။
"နတ်ဘုရားတွေ ကူညီနေပြီ"
"ဒါရှန်လူမျိုးတွေကို နတ်ဘုရားတွေက စောင့်ရှောက်နေတာပဲ"
"ဝတ်စုံဖြူ ဗိုလ်ချုပ်က မသေမျိုးဆီကနေ အစွမ်းထက်တဲ့ နတ်ဘုရားပညာရပ်တွေကို ရရှိထားတာပဲ"
"ပြေးကြ၊ အမြန်ပြေးကြတော့"
နန်ရွှီတပ်မတော်အတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်တော့သည်။
"ဒါတွေက အတုအယောင်တွေပါ"
ဖန်ကျိုရှောင်က သူ၏အသံများ တုန်ယင်နေသည့်တိုင်အောင် အော်ဟစ်နေဆဲ ဖြစ်သည်။ "ဒါက မိုးကြိုးတစ်ချက် ပစ်ချလိုက်ရုံတင်ပါ။ တိုက်ဆိုင်မှုသက်သက်ပဲ၊ သူနဲ့ ဘာမှမဆိုင်ဘူး။ မိုးကြိုးမုန်တိုင်းတိုက်နေတဲ့အချိန်မှာ တောင်တွေကို မိုးကြိုးပစ်တာက သဘာဝပဲ မဟုတ်လား။ မင်းတို့က ဘာလို့ အလွယ်တကူ ယုံနေကြတာလဲ။ အကယ်၍ သူက တကယ်သာ အစွမ်းရှိရင် တောင်ကို ပစ်မယ့်အစား လူတွေကို တိုက်ရိုက်ပစ်မှာပေါ့"
သူ့စကားပင် မဆုံးသေးမီမှာပင်... ကောင်းကင်ယံမှ နောက်ထပ် မိုးကြိုးတစ်လုံး ထပ်မံ လိမ့်ဆင်းလာခဲ့ပြန်သည်။
ဤတစ်ကြိမ်တွင်မူ... ၎င်းမှာ လူအုပ်ထဲသို့ တည့်တည့်မတ်မတ် ကျရောက်လာခြင်း ဖြစ်သည်။
"ဂျိမ်း..."
ကိုက်တစ်ဝက်ခန့် ထူထဲသော အပြာရောင်လျှပ်စီးတန်းကြီးသည် မိုးကာလိုက်ကြီးကို ဆွဲဖြဲလျက် နန်ရွှီတပ်မတော်၏ အလယ်ဗဟိုသို့ ကျရောက်သွားသည်။ ခဏချင်းမှာပင် မြင်းစီးတပ်သား ဆယ်ဂဏန်းကျော်မှာ မြင်းများနှင့်အတူ မီးကျွမ်းနေသော အလောင်းများအဖြစ် ပြောင်းလဲသွားတော့သည်။
ဤမိုးကြိုးချက်မှာ နန်ရွှီတပ်သားများ၏ စိတ်ဓာတ်ကို နောက်ဆုံးပိတ် အပြီးတိုင် ချေမှုန်းလိုက်ခြင်းပင် ဖြစ်သည်။
မိုးကြိုးကို ခေါ်ယူနိုင်ခြင်း။
ဒါရှန်နိုင်ငံ၏ စစ်ဗျူဟာ။
သူတို့သည် ကောင်းကင်ဘုံ၏ စွမ်းအားကို အသုံးပြု၍ တိုက်ခိုက်နေကြပြီ ဖြစ်သည်။ ဤသို့ဆိုလျှင် လူသားချင်း ဘယ်လိုလုပ် ယှဉ်နိုင်တော့မည်နည်း။ ကောင်းကင်ဘုံနတ်ဘုရားနှင့် နတ်ဘုရားမိုးကြိုးကို ဘယ်သူကများ ရင်ဆိုင်ရဲမည်နည်း။
"ကယ်ကြပါဦး"
"ပြေးကြတော့"
ဤအချိန်တွင် နန်ရွှီတပ်မတော်၏ ပြိုလဲမှုကို မည်သူမျှ မတားဆီးနိုင်တော့ပေ။ အပြင်သို့ ထိုးဖောက်ရန် ကြိုးစားနေသော ဗျူဟာမှာလည်း တောထဲမှ လန့်ဖျန့်သွားသော သားရဲတိရစ္ဆာန်များကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ဖရိုဖရဲ ထွက်ပြေးကုန်ကြသည်။ မည်သည့်ဗိုလ်ချုပ်၏ အမိန့်ကိုမျှ နာခံခြင်းမရှိတော့ဘဲ အခြေအနေမှာ လုံးဝ ထိန်းချုပ်မရတော့ပေ။
"ညီအစ်ကိုတို့"
ရှာချုံ က သူ၏လှံရှည်ကို ကိုင်လျက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်
သည်။
"တွေ့ကြလား ကောင်းကင်ဘုံက ငါတို့တပ်မတော်ကို ကူညီနေပြီ သတ်ကြစမ်း"
"သတ်"
အနက်ရောင်သံချပ်ကာတပ်မတော်သားများ၏ စိတ်ဓာတ်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူတို့နောက်တွင် ကူညီပေးမည့် ညီအစ်ကို ထောင်ပေါင်းများစွာ ရှိနေသလို၊ ကောင်းကင်ဘုံကလည်း သူတို့ကို စွမ်းအားတွေ ပေးနေသည်ဟု ခံစားနေကြရသည်။ မိမိတို့ဆီမှာ လူတစ်ထောင်ငါးရာပဲ ရှိသည်ဆိုသည်ကို မေ့လျော့သွားပြီး မိမိတို့ကိုယ်မိမိ တစ်သိန်းခွဲရှိသော အင်အားကြီး တပ်မတော်ကြီးအလား မှတ်ယူကာ အရှိန်အဟုန်ဖြင့် တိုက်ခိုက်ကြတော့သည်။
တစ်ဖက်က တက်ကြွလာချိန်တွင် အခြားတစ်ဖက်က လုံးဝ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။
နန်ရွှီတပ်သားများမှာ လက်နက်များကို စွန့်ပစ်ပြီး သံချပ်ကာများကိုပင် ချွတ်ပစ်ကာ မိမိတို့၏ မြင်းများ ပိုမိုမြန်ဆန်စွာ ပြေးနိုင်ရန်သာ ကြိုးစားနေကြသည်။ တစ်စုံတစ်ဦးကမျှ ပြန်လည် တိုက်ခိုက်ရန် မတွေးရဲတော့ပေ။
အဝေးတစ်နေရာတွင် ချန်ဆန်းရှီသည် သူ၏ရင်ခွင်ထဲမှ ဝိညာဉ်ပုတီးစေ့ ကို စမ်းကြည့်လိုက်သည်။ သူကိုယ်တိုင်ပင် အံ့အားသင့်နေခဲ့သည်။
ကောင်းကင်ဘုံကျမ်းမှ ဗျူဟာနှင့် ဝိညာဉ်ပုတီးစေ့ အတွင်းရှိ အဖြူရောင်ချီတို့ ပေါင်းစပ်လိုက်ပါက ဤမျှအထိ ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားကို ချိတ်ဆက်အသုံးချနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ဒါဟာ တကယ့်ကို မသေမျိုးလက်ဆောင် စစ်စစ်ပင် ဖြစ်သည်။
ထို့ပြင် ဤစမ်းသပ်မှုအရ သိလိုက်ရသည်မှာ ဗျူဟာ၏ စွမ်းအားမှာ ဝိညာဉ်ပုတီးစေ့ အတွင်းရှိ အဖြူရောင်ချီအနည်းအများအပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။
အခုနက မိုးကြိုးနှစ်ချက် ပစ်ချလိုက်ခြင်းမှာ... သူ၏ စွမ်းအား ၃၀ ရာခိုင်နှုန်းကို ကုန်ဆုံးသွားစေခဲ့သည်။
ထို့ပြင် ဤမိုးကြိုးမှာ လုံးဝ ထိန်းချုပ်၍ မရဘဲ ကျရောက်မည့် နေရာမှာလည်း ခန့်မှန်းရ ခက်လှသည်။ သို့သော် ကောင်းကင်ဘုံ၏ စွမ်းအား ဖြစ်သဖြင့် မိမိတို့လူကိုမူ ထိခိုက်စေခြင်း မရှိပေ။
စစ်မြေပြင်တွင် မိုးကြိုးကို ခေါ်ယူ၍ ရန်သူကို ပစ်ခတ်နိုင်ခြင်းမှာ တစ်ချက်တည်းနှင့်ပင် လူသောင်းပေါင်းများစွာရှိသော တပ်မတော်ကို ထိတ်လန့်သွားစေရန် လုံလောက်လှသည်။
သူ၏ ဝိညာဉ်ပုတီးစေ့ အတွင်းရှိ ကျန်ရှိသော အဖြူရောင်ချီများကို အကုန်သုံးမည်ဆိုပါက နောက်ထပ် မိုးကြိုးအချို့ကို ထပ်မံ ခေါ်ယူနိုင်ဦးမည် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ထိုသို့ လုပ်ဆောင်ရန် မလိုအပ်တော့ပေ။
ဤအဖြူရောင်ချီများကို စုဆောင်းရန်အတွက် သူသည် တစ်နှစ်ခွဲနီးပါး အချိန်ပေးခဲ့ရခြင်း ဖြစ်သည်။ ဤလူတစ်သောင်းအတွက်နှင့် စွမ်းအားအားလုံးကို အကုန်အစင် သုံးပစ်ရန်မှာ အလွန်ပင် နှမြောစရာ ကောင်းလှသည်။ အနာဂတ်တွင် ရင်ဆိုင်ရဦးမည့် နန်ရွှီနိုင်ငံ၏ လူတစ်သိန်း တပ်မတော်ကြီး ရှိနေသေးသည်မဟုတ်ပါလား။
အခုဆိုရင် သူ၏ ရည်မှန်းချက် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ဒီလူတစ်သောင်းကတော့ ပြီးသွားပါပြီ။
"ဂျိမ်း.."
မိုးခြိမ်းသံများမှာ လျှပ်စီးများနှင့်အတူ ဆက်တိုက် ထွက်ပေါ်နေဆဲ ဖြစ်သည်။ မိုးခြိမ်းသံ တစ်ချက် ထွက်ပေါ်လာတိုင်း နန်ရွှီတပ်သားများမှာ တုန်လှုပ်ချောက်ချားနေကြရပြီး အချို့မှာ မြင်းပေါ်မှ ပြုတ်ကျကုန်ကြသလို၊ အချို့မှာလည်း ကြောက်လွန်းသဖြင့် ဆီးပင် ထွက်ကျကုန်ကြသည်။ နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ်ကြီးနှစ်ဦးကို ပိတ်ဆို့ထားရန် တာဝန်ကျသော စစ်သည်များမှာလည်း ထွက်ပြေးရန်သာ ကြိုးစားနေကြတော့သည်။
ဤအခြေအနေမှာ နက်နဲပုံရိပ်အဆင့်ရှိသော ဗိုလ်ချုပ်များအတွက်မူ သာမန်သတ်ဖြတ်မှုတစ်ခုမျှသာ ဖြစ်သွားတော့သည်။
မဟာသွေးကြောအဆင့်ရှိသော ဒုတိယဗိုလ်ချုပ် နှစ်ဦး ထွက်ပြေးရန် ကြိုးစားနေစဉ်မှာပင်...
ဒါရှန်နိုင်ငံ၏ သံချပ်ကာကို ဝတ်ဆင်ထားသော တိန့်ဖုန်းသည် မြင်းတစ်စီးကို အတင်းအကျပ် လုယူကာ လိုက်လံ တိုက်ခိုက်တော့သည်။ သူသည် အရှိန်ပြင်းစွာဖြင့် ခုန်တက်လိုက်ရာ သူနင်းလိုက်သော မြင်းမှာပင် အရှိန်ကြောင့် မြေပြင်သို့ ပြိုကျသေဆုံးသွားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်မှာ မိုးကြိုးနှင့် လျှပ်စီးများကြားမှ ကိုက် ၂၀ ခန့် ပျံသန်းသွားပြီး ထွက်ပြေးနေသော ဒုတိယဗိုလ်ချုပ် နှစ်ဦး၏ အလယ်သို့ တည့်တည့် ဆင်းသက်လိုက်တော့သည်။ ထို့နောက် သူတို့ နှစ်ဦး၏ လည်ပင်းကို ဆွဲယူကာ မြင်းပေါ်မှ ဆွဲချလိုက်ပြီး သူတို့ နှစ်ဦး၏ ကိုယ်ကို ဂန်းချီများဖြင့် ရိုက်ခွဲပစ်လိုက်သည်။
မဟာသွေးကြောအဆင့် ဗိုလ်ချုပ် နှစ်ဦးမှာ ခဏချင်းမှာပင် အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ရသည်။
ထို့နောက် တိန့်ဖုန်းသည် မြင်းနှစ်ကောင်ကို လက်နက်သဖွယ် အသုံးပြု၍ ရန်သူများကို ဆက်လက် သတ်ဖြတ်နေခဲ့ရာ နန်ရွှီတပ်သားများမှာ ပိုမို၍ ထိတ်လန့်ကုန်ကြတော့သည်။
ဤအချိန်တွင် ဖန်ကျိုရှောင် ကိုယ်တိုင်ပင် ထိတ်လန့်မှုကို မထိန်းနိုင်တော့ပေ။ သူစီးနင်းလာသော မြင်းစိမ်းကို အစွမ်းကုန် အရှိန်မြှင့်ခိုင်းလျက် သူ၏ လက်အောက်ငယ်သားများကို ပစ်ပယ်ကာ တစ်ကိုယ်တည်း ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားတော့သည်။
"ဘယ်ကို ပြေးမလို့လဲ"
တိန့်ဖုန်းက ရန်သူများကို သတ်ဖြတ်နေသော်လည်း ရန်သူ့အရေအတွက်မှာ များပြားလှသဖြင့် သူ၏အရှိန်မှာ တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။ မြင်းစိမ်း၏ အရှိန်မှာလည်း နက်နဲပုံရိပ်အဆင့်ရှိသူ၏ အရှိန်ထက် မနိမ့်လှသဖြင့် ရန်သူဗိုလ်ချုပ်မှာ တဖြည်းဖြည်း ဝေးကွာသွားသည်ကိုသာ သူ ကြည့်နေနိုင်တော့သည်။
"ဗိုလ်ချုပ်တိန့်... ဒီမြင်းကို သဘောကျလို့လား"
ချန်ဆန်းရှီသည် သူ၏ဘေးတွင် ရုတ်တရက် ပေါ်လာပြီး ထွက်ပြေးနေသော နန်ရွှီ၏ ၁၄ ယောက်မြောက်မင်းသား ရှိရာသို့ ကြည့်လိုက်သည်။ "ဒီနေ့တော့ အဲ့ဒီမြင်းကို ဗိုလ်ချုပ်တိန့်အတွက် လက်ဆောင်ပေးမယ်"
"ဟေ့"
"ဟီ.."
သည်းထန်သော မိုးရေနှင့် ရွှံ့နွံများကြားတွင် ချန်ဆန်းရှီ၏ မြင်းဖြူ ရှောင်ရှင်း မှာ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ ရွှံ့နွံများမှာ သူ၏အရှိန်ကို အနည်းငယ်မျှ မဟန့်တားနိုင်ဘဲ ရှေ့မှ ထွက်ပြေးနေသော မြင်းစိမ်းကို အမြန်ဆုံး လိုက်မီသွားတော့သည်။
"တောက်... မကောင်းတော့ဘူး"
"မြန်မြန်... ပိုမြန်မြန်သွားစမ်း"
ဖန်ကျိုရှောင်က သူ၏မြင်းကို အစွမ်းကုန် အော်ဟစ်ခိုင်းနေသည်။ သို့သော်လည်း မြင်းစိမ်းမှာ အရှိန်မြှင့်ရာတွင် ကောင်းမွန်သော်လည်း အမောခံနိုင်ရည်နှင့် အမြဲတမ်းအရှိန်တွင်မူ ရှောင်ရှင်း ကို မယှဉ်နိုင်ပေ။
အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်လိုက်ရသောအခါ ဖန်ကျိုရှောင်သည် လွတ်မြောက်ရန် မဖြစ်နိုင်တော့မှန်း သိသွားသည်။ သူသည် စိတ်ကို တင်းထားလျက် လက်တစ်ဖက်မှ ဓားကို ကိုင်၊ နောက်တစ်ဖက်မှ ဒိုင်းကို မြှောက်ကာ ကိုယ်ကို ရုတ်တရက် လှည့်၍ ဝတ်စုံဖြူ ဗိုလ်ချုပ် ချန်ဆန်းရှီ ကို တိုက်ခိုက်လိုက်သည်။
***