"ချန်"
"မင်းက အလွန်ဆုံးရှိမှ မဟာသွေးကြောအခြေခံအဆင့်ပဲ ရှိတာ။ ငါ့ကို တစ်ယောက်တည်း လိုက်တိုက်ရဲတယ်ပေါ့။ သေဖို့သာ ပြင်ထားတော့"
"ချလွင်"
"ဝုန်း ဝုန်း ဝုန်း.."
ရှည်လျားသော လှံရှည်နှင့် ဓားသွားတို့ ထိမှန်သံမှာ မိုးခြိမ်းသံနှင့် ရောထွေးသွားပြီး မိုးရေများကို လွင့်စင်သွားစေသည်။ ထို့နောက် မြင်းနှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် ကျော်ဖြတ်သွားပြီးနောက် မြင်းစီးသူနှစ်ဦးစလုံးမှာ ကိုယ်ကိုလှည့်၍ ပြန်လည်ရင်ဆိုင်လိုက်ကြသည်။
ဖန်ကျိုရှောင်သည် သူ၏လက်ထဲမှ ရတနာဓား တုန်ခါနေသည်ကို ခံစားလိုက်ရပြီး သူ၏ မျက်နှာမှာ အလွန်တည်ကြည် လေးနက်သွားတော့သည်။
တစ်ဖက်လူ၏ စွမ်းအားမှာ မဟာသွေးကြောအဆင့် ပြီးပြည့်စုံခြင်းကို ရောက်ရှိနေသည့် သူ၏စွမ်းအားနှင့် မခြားနားလှပေ။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဖန်ကျိုရှောင်မှာ ဤအချက်ကို လုံးဝ လက်မခံနိုင်ဖြစ်နေသည်။
"မင်း တိုက်ကွက်ဖော်နေတဲ့အချိန်မှာ သွေးချီကိုပဲ သုံးနေတာ။ ဒါက မင်းရဲ့ သွေးကြောရှစ်သွယ်ကို မဖွင့်ရသေးဘူးလို့ ဆိုလိုတာပဲ။ အဲ့ဒါကို ငါ့ကို ဘယ်လိုလုပ် ယှဉ်နိုင်တာလဲ"
"အဲ့ဒါက မင်းက သိုင်းပညာတစ်ခုတည်းကိုပဲ လေ့ကျင့်တာ၊ ငါကတော့ သိုင်းပညာပေါင်း တစ်ရာကို လေ့ကျင့်ထားလို့ပဲ"
ချန်ဆန်းရှီ နှင့် သူ၏မြင်းဖြူ ရှောင်ရှင်း တို့မှာ အပြန်အလှန် နားလည်မှု အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီး ပထမတစ်ကြိမ် တိုက်ခိုက်မှု မတိုင်ခင်ကတည်းက စွမ်းအားများကို စုဆောင်းထားခဲ့ကြခြင်း ဖြစ်သည်။ သည်းထန်သော မိုးရွာထဲတွင် ဝိညာဉ်ဖျက်လှံမှာ သောင်းကျန်းနေသော နဂါးတစ်ကောင်အလား ဖြစ်ပေါ်လာပြီး တစ်ချက်ထက်တစ်ချက် ပိုမိုပြင်းထန်ကာ ပိုမိုကြမ်းတမ်းလာခဲ့သည်။
သူ့ရှေ့က ဖန်ကျိုရှောင်မှာလည်း အညံ့စားတော့ မဟုတ်ပေ။
သူသည်လည်း သူ၏သက်တူရွယ်တူများကြားတွင် ပါရမီရှင်တစ်ဦး ဖြစ်သလို နက်နဲသံမဏိဒိုင်းလွှားကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့သော်လည်း ချန်ဆန်းရှီ၏ တိုက်ကွက် ဆယ်ကြိမ်ကိုပင် သူ မခံနိုင်ခဲ့ပေ။
"ဒုန်း.."
နောက်ထပ် တိုက်ကွက်တစ်ခု အပြီးတွင်...
ဖန်ကျိုရှောင်မှာ သူ၏ဒိုင်းလွှားကို ဆက်လက် မကိုင်ထားနိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စင်သွားခဲ့ရသည်။ သူ ရွှံ့နွံထဲသို့ မကျရောက်မီမှာပင် လှံရှည်တစ်စင်းမှာ ရှေ့သို့ ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ လက်ကောက်ဝတ်ကို ထိုးဖောက်သွားတော့သည်။
"အား"
သူသည် နာကျင်စွာ အော်ဟစ်လျက် လှံတံကို ဖမ်းဆွဲရန် ကြိုးစားသည်။ သို့သော် လှံမှာ လျင်မြန်စွာ ပြန်လည် ရုပ်သိမ်းသွားပြီးနောက် နောက်တစ်ကြိမ် ထပ်မံ ထိုးနှက်လိုက်ရာ သူ၏မျက်စိရှေ့တွင် လှံ၏ အရိပ်များကိုသာ မြင်လိုက်ရတော့သည်။ သူသည် ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်သွားသလို ခံစားလိုက်ရပြီးနောက် တစ်ကိုယ်လုံးမှာ ဒဏ်ရာများဖြင့် ပြည့်နှက်သွားကာ ခုခံရန် စွမ်းအား မရှိတော့ပေ။ သူ၏ သွေးပေါက်ကွဲမှု့အခြေအနေ ကုန်ဆုံးသွားချိန်တွင် သူသည် သတိလစ် မေ့မြောသွားခဲ့ရတော့သည်။
'ဒီလူက အသုံးဝင်နိုင်ပါတယ်။'
မင်းသားတစ်ဦးကို ဖမ်းဆီးရမိတာဖြစ်လို့ သူ့ကို အလွယ်တကူ သတ်ပစ်လို့ မရနိုင်ပေ။
သူ့ကို ဖြေရှင်းပြီးနောက် ချန်ဆန်းရှီသည် ထွက်ပြေးရန် ကြိုးစားနေသော မြင်းစိမ်းကို သတိပြုမိလိုက်သည်။
"ဟီ.."
ထိုမြင်းမှာ အလွန်ရဲရင့်ပြီး သူ့ကိုပင် ပြန်လည် တိုက်ခိုက်ရန် ကြိုးစားနေသည်။ ချန်ဆန်းရှီမှာ သူ့ကို လှံဖြင့် ထိုးသတ်ရန် စဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင် နှမြောသဖြင့် မလုပ်ဖြစ်ခဲ့ပေ။ သို့သော် ထိုမြင်းစိမ်းကို ဖမ်းဆီးရန် ကြိုးစားသော်လည်း အခွင့်အရေးရတိုင်း ရုန်းထွက်ရန် ကြိုးစားနေခဲ့သည်။
ထူးခြားသားရဲမြင်းများမှာ ဤအတိုင်းပင် ဖြစ်သည်။ သူတို့သည် အသိဉာဏ်ရှိပြီး သစ္စာရှိကြသဖြင့် သခင်တစ်ဦးကို အသိအမှတ်ပြုပြီးပါက ထိုသခင်၏ အမိန့်မရှိဘဲ အခြားသူကို အစေခံခြင်း မရှိကြပေ။
"ဒေါက် ဒေါက် ဒေါက်"
ထိုစဉ်မှာပင်...
မြင်းဖြူ ရှောင်ရှင်း မှာ သူ၏ဘေးသို့ လျှောက်လာခဲ့သည်။
"မင်း စမ်းကြည့်ချင်လို့လား"
ချန်ဆန်းရှီမှာ သံသယရှိသော်လည်း နောက်သို့ ဆုတ်ပေးလိုက်ပြီး ငြိမ်သက်စွာ စောင့်ကြည့်နေလိုက်သည်။
မြင်းစိမ်းမှာ မြင်းဖြူကို ဒေါသတကြီး ဟီးသံပေးလိုက်သော်လည်း မြင်းဖြူက အနားသို့ တကယ်တမ်း ချဉ်းကပ်လာချိန်တွင်မူ နောက်ထပ် အသံမထွက်ရဲတော့ဘဲ ခေါင်းငုံ့ကာ ဖြည်းဖြည်းချင်း နောက်သို့ ဆုတ်သွားတော့သည်။
ရှောင်ရှင်း က မြင်းစိမ်းကို ဝိုင်းပတ်ကြည့်လိုက်သည်။ သူတို့ မြင်းနှစ်ကောင် ဘာတွေ ပြောနေကြသည်ကို ချန်ဆန်းရှီ နားမလည်ပေ။ သို့သော် နောက်ဆုံးတွင် ရှောင်ရှင်း က မြင်းစိမ်းကို မြင်းခွာဖြင့် တစ်ချက် ကန်ချလိုက်သည်ကို တွေ့လိုက်ရသည်။ ၎င်း ပြန်လည် မတ်တပ်ရပ်လိုက်ချိန်တွင်မူ...
၎င်းမှာ အညံ့ခံသွားခဲ့ပြီ ဖြစ်သည်။ မြင်းစိမ်းသည် ချန်ဆန်းရှီ၏ ဘေးသို့ နာခံစွာဖြင့် လျှောက်လာခဲ့တော့သည်။
"?"
ချန်ဆန်းရှီက ရှောင်ရှင်း ၏ မျက်နှာကို ပွတ်သပ်ပေးလိုက်သည်။
"တော်တယ်"
ရှောင်ရှင်း က ခေါင်းညိတ်ပြသည်။
"စစ်ပွဲပြီးရင်.."
"စစ်ပွဲပြီးရင် မင်းကို အကောင်းဆုံး စားသောက်ပွဲကြီးနဲ့ ဧည့်ခံမယ်"
"ဒုန်း ဒုန်း ဒုန်း"
နောက်ကွယ်မှ မြင်းခွာသံများ ထွက်ပေါ်လာသည်။ ရှာချုံ နှင့် အခြားသူများ လိုက်မီလာကြပြီ ဖြစ်သည်။ ပင်မစစ်မြေပြင်မှာလည်း အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
"ဗိုလ်ချုပ်"
"ဒီတိုက်ပွဲမှာ ရန်သူ ခြောက်ထောင်ကို သုတ်သင်နိုင်ခဲ့ပါတယ်"
"သုံးထောင်ကို ဖမ်းဆီးရမိပါတယ်"
"ကျွန်တော်တို့တပ်ဘက်ကတော့ အကျအဆုံး ၂၀ ထက် မပိုပါဘူး"
"ရန်သူ တစ်ထောင်လောက်ကတော့ အနောက်တောင်ဘက်ကို ထွက်ပြေးသွားကြပါတယ်။ သူတို့ကို လိုက်ဖို့ လူဘယ်လောက် လွှတ်ရမလဲ"
"သူတို့ကို လွှတ်ပေးလိုက်ပါ" ချန်ဆန်းရှီက ဖြေသည်။
"စစ်မြေပြင်ကို ရှင်းလင်းပြီး မနက် ၅ နာရီ မတိုင်ခင် ဟူလောင်တောင်ကြားကို အမြန်ဆုံး ပြန်ကြစို့"
ကြောက်ရွံ့မှုတွေ ပျံ့နှံ့ပါစေ။
ကောင်းကင်မှ နတ်ဘုရားမိုးကြိုး ကျဆင်းလာသည်ကို မြင်လိုက်ရသော ထိုလူတစ်ထောင် အသက်ရှင်လျက် နန်ရွှီစခန်းသို့ ပြန်သွားခြင်းမှာ မကောင်းသည့်အရာ မဟုတ်ပေ။ အရေးကြီးသော အချိန်တွင် ၎င်းမှာ ရန်သူ့တပ်မတော်ကြီး ပြိုလဲစေမည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။
"ဟုတ်ကဲ့ပါ" ရှာချုံ က အမိန့်ကို နာခံလျက် ထွက်ခွာသွားသည်။
"ဗိုလ်ချုပ်တိန့်"
ချန်ဆန်းရှီသည် မြင်းစိမ်းကို ဆွဲလျက် ဆိုသည်။
"စစ်မြေပြင်မှာ ဗိုလ်ချုပ်အတွက် သင့်တော်တဲ့ မြင်းတစ်စီး မရှိတာကို ကျွန်တော် သတိထားမိတယ်။ ဒါက မကောင်းဘူးလေ။ ကျွန်တော်တို့ ပထမဆုံး တွေ့ဆုံခြင်းအတွက် ဒီမြင်းကို လက်ဆောင်အဖြစ် ယူပါ။ ဗိုလ်ချုပ် စမ်းစီးကြည့်ပြီး သဘောကျရဲ့လားဆိုတာ ကြည့်ပါဦး"
"မြင်းအတွက် ကျေးဇူးအများကြီးတင်ပါတယ် ဗိုလ်ချုပ်ချန်"
တိန့် ဖုန်းက အားနာမနေဘဲ မြင်းဆီသို့ လျှောက်သွားသည်။ အခုနကအထိ ငြိမ်သက်နေသော မြင်းစိမ်းမှာ သူ့ကို မြင်သောအခါ နောက်သို့ ဆုတ်ရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် ဖမ်းဆီးခြင်း ခံလိုက်ရသည်။
မြင်းပေါ်သို့ စီးနင်းပြီးနောက် တိန့်ဖုန်းမှာ အလွန်ဝမ်းသာသွားသည်။
"ဒီမြင်းက တကယ့်ကို ကောင်းတာပဲ။ ဒီမြင်းနဲ့ဆိုရင် နောင်လာမယ့် တိုက်ပွဲတွေမှာ ကျွန်တော် ဗိုလ်ချုပ်ချန် အတွက် နက်နဲပုံရိပ်အဆင့်ရှိတဲ့ ရန်သူ့ခေါင်းကို သေချာပေါက် ဖြတ်ယူပေးပါ့မယ်"
"ကောင်းပြီ၊ သူ့ကို တန်ဖိုးထားပြီး ဂရုစိုက်ပါ"ချန်ဆန်းရှီက မှာကြားလိုက်သည်။
"ဒါဆိုရင် ကျွန်တော်တို့လည်း ထွက်ခွာဖို့ ပြင်ကြစို့"
[စွမ်းရည် - စစ်သည်များကို ကွပ်ကဲခြင်း (သေးငယ်သောအောင်မြင်မှု့)]
[တိုးတက်မှု- ၁၉၅၅/၂၀၀၀]
စစ်သည်များကို ကွပ်ကဲခြင်းမှာ နောက်တစ်ဆင့်ရောက်ရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။
တူညီသော ဝတ်စုံကို ဝတ်ဆင်ထားသူများ ကို ဝိညာဉ်ပုတီးစေ့ နှင့် ပေါင်းစပ်အသုံးပြုခြင်းမှာ ဤမျှအထိ ထိရောက်မှု ရှိခဲ့သည်။ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားပါက တိုက်ခိုက်ရေးစွမ်းရည်မှာ ပိုမို၍ပင် မြင့်မားလာပေလိမ့်မည်။
မိုးမှာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ယံမှာလည်း အလင်းဖျော့ဖျော့ဖြင့် စတင် လင်းထိန်လာခဲ့သည်။
လွင်ပြင်ပြင်ကြီးပေါ်တွင် လူသုံးသောင်းရှိသော တပ်မတော်ကြီး မရှိတော့ပေ။ အရာအားလုံးမှာ ကောက်ရိုးရုပ်များနှင့် ကောက်ရိုးမြင်းများသာ ဖြစ်ကြသည်။
အစစ်နှင့် အတု၊ အမြဲတမ်း ပြောင်းလဲနေခြင်း။ ဤသည်မှာ လှည့်စားခြင်းဗျူဟာပင် ဖြစ်သည်။ အကြိမ်ပေါင်းများစွာတွင် မိမိလက်အောက်၌ လူဘယ်လောက်ရှိသလဲဆိုတာထက် ရန်သူက မိမိမှာ လူဘယ်လောက်ရှိတယ်လို့ ထင်သလဲဆိုတာက ပို၍ အရေးကြီးလှသည်။
...
နန်ရွှီစခန်း။
အလယ်ပိုင်းတပ်မတော်။
"ဘာ"
"ငွေရောင်ထင်ရှုးတောင်ကုန်း မှာ ငါတို့ရဲ့ ရှေ့ပြေးတပ်က လူတစ်သောင်း ဆုံးရှုံးပြီး အကြီးအကျယ် ရှုံးနိမ့်သွားတယ် ဟုတ်လား"
"ပြီးတော့ ငါ့ရဲ့ ၁၄ ယောက်မြောက် ညီလေးလည်း ပျောက်ဆုံးနေတယ် ဟုတ်လား"
ဖန်ရှုကျိန်းသည် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
"လူသုံးသောင်းရှိတဲ့ တပ်မတော်ကြီး ဟုတ်လား"
"ဟူလောင်တောင်ကြားမှာ ဘယ်ကနေ လူသုံးသောင်း ရောက်လာမှာလဲ"
တပ်စခန်းသို့ အလုအယက် ပြန်လာကြသော တပ်မှူးအချို့မှာ ငိုသံပါပါဖြင့် ပြောပြနေကြသည်။
"ဒါကတကယ်ကို အမှန်ပါအရှင် ကျွန်တော်တို့ ငွေရောင်ထင်ရှုးတောင်ကုန်း မှာ ရှိနေခဲ့တာပါ။ ကျွန်တော်တို့က သူတို့ကို ဝိုင်းဖို့ ကြိုးစားခဲ့ပေမဲ့ အဲ့ဒီအစား ကျွန်တော်တို့ကိုယ်တိုင် ဝိုင်းရံခံလိုက်ရတာပါ။
စစ်သည်တွေက နေရာအနှံ့မှာ ပြည့်နှက်နေတာပဲ။ ဒါက ဖီးနစ်ငှက်ဖန်ချင်းယွမ် ရဲ့ ဗျူဟာပဲ။ သူက ကျွန်တော်တို့ အားလုံးကို လှည့်စားခဲ့တာ။
ပြီးတော့ ရှာဝမ်လုံ တစ်ယောက်တည်း ရှိတာ မဟုတ်ဘူး"
***