"အဲ့ဒီလူက တကယ်တော့ ဘယ်သူလဲ။ ဖန်ရှုကျိန်း တို့ကို တစ်ယောက်ယောက်လွှတ်ပြီး စမ်းသပ်ခိုင်းလိုက်၊ ဒါဆိုရင် ငါတို့ သိရမှာပဲ"
"စစ်အင်အားနဲ့ ပတ်သက်ရင်တော့..."
"တကယ်တမ်း လူသုံးထောင်ပဲ ရှိတာပါ"
"အင်အားကြီးသယောင် လှည့်စားတာက ဖန်ချင်းယွမ် အကျွမ်းကျင်ဆုံး အလုပ်ပဲ မဟုတ်လား။ ငါက စစ်ရေးသတင်းမှားတွေ ပေးပို့နေတယ်ဆိုတာကတော့ လုံးဝ အဓိပ္ပာယ်မရှိတာပဲ"
ဒုဗိုလ်ချုပ် လျူဟွမ်ရုံ က စိုးရိမ်တကြီးဖြင့်"ဒါပေမဲ့ အပြန်အလှန် မယုံကြည်မှုတွေ ဖြစ်နေပြီဆိုတော့ ကျွန်တော်တို့ ဘာပဲပြောပြော သူတို့ အလွယ်တကူ ယုံမှာ မဟုတ်တော့ဘူး"
"ငါ့သားကို သူတို့ဆီ လွှတ်လိုက်မယ်"
လီဂုန်းက အံကြိတ်လျက်"ငါ့မှာ သားတစ်ယောက်တည်း ရှိတာ။ ဒါဆိုရင်တော့ သူတို့ ငါ့ကို ယုံကြည်လောက်ပြီ မဟုတ်လား"
သူ၏ သားကြီးမှာ လင်ကျိုး အနောက်ဘက်ရှိ ယောင်ပြည်နယ်တွင် တပ်စွဲထားသူ ဖြစ်သည်။
"မြို့ကိုတိုက်ဖို့ နောက်ထပ် အချိန်ဆွဲနေဦးမယ်ဆိုရင် ငါတို့အတွက် စစ်ရေးအခွင့်အရေးတွေ ဆုံးရှုံးကုန်လိမ့်မယ်လို့ သူတို့ကို သွားပြောလိုက်"
...
ဟူလောင်တောင်ကြား။
"ဘာ"
"မနေ့ညက မင်းတို့ တစ်ထောင်ငါးရာတည်းနဲ့ လူတစ်သောင်းကျော်ကို အနိုင်ယူခဲ့တာ ဟုတ်လား"
"မိုးကြိုးနတ်မင်းရဲ့ ကူညီမှုနဲ့ပေါ့လေ"
"ဒါက သိပ်တော့ မဆန်းပါဘူး။ ငါ့မျက်စိရှေ့တင်ပဲ ခုနက ငါ့ကို စိုက်ကြည့်နေတဲ့ မုတ်ဆိတ်ဗလကြီးက ခဏနေတော့ မီးကျွမ်းနေတဲ့ ပြာပုံဖြစ်သွားတာပဲ"
"ငါတို့ရဲ့ ဒါရှန်နိုင်ငံ အနက်ရောင်သံချပ်ကာတပ်ကတော့ တကယ်ပဲ နတ်ဘုရားတွေရဲ့ စောင့်ရှောက်မှုကို ရနေပြီထင်တယ်"
"လျှောက်မပြောနဲ့၊ ဒါက ကောင်းကင်ဘုံကျမ်းထဲက ဗျူဟာကြောင့်ပါ"
မြို့ထဲတွင် အနက်ရောင်သံချပ်ကာ စစ်သည်တော်များမှာ မနေ့ညက အဖြစ်အပျက်များကို အားရပါးရ ပြန်လည်ပြောပြနေကြပြီး သူတို့၏ စိတ်ဓာတ်များမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
"တကယ့်ကို ရင်ခုန်စရာပဲ" ရှာဝမ်လုံ ပင်လျှင် အလွန်ကျေနပ်နေပုံရသည်။ "ဗိုလ်ချုပ်ဖန် ကတော့ သူ့ရဲ့ နာမည်နဲ့ လိုက်ဖက်အောင် တကယ်ကို စွမ်းဆောင်နိုင်တာပဲ"
"ဟုတ်ပါတယ် စီနီယာအစ်ကို"
ချန်ဆန်းရှီက "အစ်ကို ခင်းကျင်းလိုက်တဲ့ မိုးကြိုးက သူတို့ကို တကယ့်ကို ထိတ်လန့်သွားစေတာပါ"
"ညီလေး... ငါ့ကို မြှောက်ပင့်မနေပါနဲ့၊ ဒါက အပိုတွေပါ" ဖန်ချင်းယွမ် က အေးအေးဆေးဆေးပင် ဆိုသည်။
"ငါတို့ နောက်ထပ် လုပ်မယ့် ဗျူဟာတွေကိုပဲ ဆက်ပြီး ဆွေးနွေးကြရအောင်။ ဒီရှုံးနိမ့်မှု နှစ်ကြိမ်ပြီးရင် နန်ရွှီရဲ့ ဗိုလ်ချုပ်တွေ အကုန်လုံး ရှေ့တန်းကို ထွက်လာကြတော့မှာပဲ"
"သူတို့ဆီမှာ နက်နဲပုံရိပ်အဆင့် သိုင်းပညာရှင် လေးဦးရှိပြီး နှစ်ဦးက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေကြတာ"
"စီနီယာအစ်ကို... ရန်သူကို အနိုင်ယူမယ့် ဗျူဟာကို အမြန်ဆုံး မျှဝေပေးပါဦး။ ကျွန်တော် တကယ်ကို သိချင်နေပြီး အစ်ကို့ဆီကနေ သင်ယူဖို့ စောင့်နေတာပါ"
"ညီလေးကလည်း နှိမ့်ချလွန်းနေပြန်ပြီ။ မင်းက ငါ့ကို ပိုပြီး စိတ်လှုပ်ရှားအောင် လုပ်နေတာပဲ"
"ကဲ... နောက်ပြောင်နေတာတွေ တော်ပြီ၊ အရေးကြီးတာ ဆွေးနွေးရအောင်" ဖန်ချင်းယွမ် က"ညီလေးရဲ့ အရင်အစီအစဉ်အရဆိုရင် နန်ရွှီနဲ့ ချင်နိုင်ငံ တပ်တွေကြားမှာ သွေးခွဲပြီး ဟူလောင်တောင်ကြားရဲ့ အင်အားကို ဝေခွဲမရအောင် လုပ်ဖို့ပဲ။ ဒါက သူတို့ ချီတက်မှုကို အချိန်ဆွဲနိုင်လိမ့်မယ်။ ဒါပေမဲ့ ရန်သူကို အပြတ်အသတ် အနိုင်ယူဖို့ နည်းလမ်းကိုတော့ ငါလည်း စဉ်းစားမရသေးဘူး"
ဘာပဲဖြစ်ဖြစ်... ရန်သူက အင်အားတစ်သိန်းပါဝင်တဲ့တပ်မတော် မဟုတ်ပါလား။ ရှေ့က အောင်ပွဲတွေက သူတို့ရဲ့ စိတ်ဓာတ်ကို ထိခိုက်စေခဲ့တာ မှန်ပေမဲ့ အဲ့ဒီလောက်ပဲ ရှိသေးတာ ဖြစ်သည်။
"သွေးခွဲရုံတင် မလုံလောက်ဘူး" ချန်ဆန်းရှီ က ဖြည်းဖြည်းချင်း ဆိုသည်။ "လီဂုန်းက နန်ရွှီရဲ့ ယုံကြည်မှုကို ရဖို့ အစွမ်းကုန် ကြိုးစားမှာ ဖြစ်လို့ နန်ရွှီတပ်တွေက မြို့ကို လာတိုက်ဦးမှာပဲ။ ငါတို့ သူတို့ကို နောက်တစ်ကျော့ အပြတ်အသတ် သုတ်သင်ပြရမယ်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ရုံတင်မကဘဲ ဟူလောင်တောင်ကြားကိုပါ ကြောက်ရွံ့သွားအောင် လုပ်ရမယ်။ အဲ့ဒီအချိန်ကျမှ သူတို့ရဲ့ အားနည်းချက်တွေက ပေါ်ထွက်လာလိမ့်မယ်"
"ငါ့အမိန့်ကို ထုတ်ပြန်လိုက်ပါ။ လူနှစ်ထောင်က နေ့တိုင်း မြင်းတွေကို မနားတမ်း မောင်းနှင်နေရမယ်။ ပြီးတော့ စီနီယာအစ်ကို... ပြီးခဲ့တဲ့ နှစ်
ပတ်အတွင်းက ကောင်းကင်ဖြစ်စဉ်တွေ အားလုံးကို ကျွန်တော့်အတွက် ရေးပေးပါဦး"
"နောက်ဆုံးအနေနဲ့ တပ်မှူးတွေနဲ့ စစ်သည်တွေ အားလုံးကနေ့ရောညပါ ကောင်းကင်ဘုံကျမ်းဗျူဟာကို မပေါ့မဆဘဲ လေ့ကျင့်နေကြရမယ်"
ရက်အနည်းငယ် အတောအတွင်းမှာပင် စစ်သည်များသည် နောက်ထပ် ဖြစ်ပေါ်လာမယ့် ကောင်းကင်ဖြစ်စဉ်တွေအပေါ် မူတည်ပြီး ဟူလောင်တောင်ကြား အပြင်ဘက်မှာ ဗျူဟာတွေကို အပတ်တကုတ် လေ့ကျင့်နေကြသည်။
နောက်ဆုံးတွင် ချန်ဆန်းရှီ ၏ စစ်ကွပ်ကဲမှု စွမ်းရည်မှာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
[စွမ်းရည် - စစ်သည်များကို ကွပ်ကဲခြင်း (ပြီးပြည့်စုံခြင်း)]
[တိုးတက်မှု့ - ၀]
[စွမ်းဆောင်ရည် - စစ်ပွဲသွေးကြွခြင်း]
[စစ်ပွဲသွေးကြွခြင်း - ကွပ်ကဲမှုပညာရပ်မှာ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းလှသည်။ လေ့ကျင့်ပေးထားသော စစ်သည်များသည် ကျားရဲနှင့် ဝံပုလွေများကဲ့သို့ ရက်စက်လာပြီး သွေးကို မြင်သည်နှင့် သွေးကြွကာ မရပ်မနား တိုက်ခိုက်နိုင်သည့် စွမ်းအားများ ရရှိလာလိမ့်မည်]
ဒါဟာ စစ်သည်တွေကို စစ်စက်ရုပ်တွေအလား မကြောက်မရွံ့ တိုက်ခိုက်နိုင်စေမယ့် စွမ်းအား ဖြစ်သည်။ အကျပ်အတည်းမှာ တည်ငြိမ်စေတဲ့ မဏ္ဍိုင်၊ စည်းလုံးစေတဲ့ တူညီသော ဝတ်စုံကို ဝတ်ဆင်ထားသူများ၊ ပြီးတော့ ကောင်းကင်ဘုံကျမ်းနဲ့ ဝိညာဉ်ပုတီးစေ့ တို့ ပေါင်းစပ်လိုက်ရင် ရန်သူ့ဘက်မှာ အင်အားကြီး သိုင်းပညာရှင်တွေ မပါလာရင်တော့ တိုက်သမျှ အကုန်နိုင်မှာ ဖြစ်သည်။
ပြဿနာက ရန်သူ့ဘက်မှာ နက်နဲပုံရိပ်အဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်နေတဲ့ ဗိုလ်ချုပ် နှစ်ဦး ရှိနေတာပဲ ဖြစ်သည်။ ဒါဟာ အင်အားတစ်သိန်းပါဝင်တဲ့တပ်မတော်ကို အနိုင်ယူဖို့အတွက် တတိယခြေလှမ်းကို သတိထားဖို့ လိုအပ်နေသည်။
ဒါ့အပြင် နောက်ဆုံးတိုက်ပွဲ မတိုင်ခင်မှာ သူ၏ ဓားချီမန္တန် ကိုလည်း အဆင့်မြှင့်တင်ဖို့ လိုအပ်နေသေးသည်။
"သတင်းပို့ပါတယ်" ကျောက်ကန်က အလောတကြီး ရောက်လာသည်။ "အရှင်... နန်ရွှီတပ်မတော် တစ်ခုလုံးဟာ မိုင် ၅၀ အကွာမှာရှိတဲ့ ရွာကြီးကို ရောက်နေပါပြီ။ သူတို့က စစ်သည် နှစ်သိန်းလို့ ကြေညာထားပြီး နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ် လေးဦး ပါလာပါတယ်။ သူတို့ထဲက ဗိုလ်ချုပ်ဖုန်ဆိုတဲ့လူက ရှေ့ပြေးတပ်နဲ့အတူ ရှိနေပြီး မြင်းစီးတပ်သား နှစ်ရာကျော်နဲ့ မြို့တံခါးဝမှာ လာရောက် စိန်ခေါ်နေပါတယ်"
"ဖုန်"ချန်ဆန်းရှီ က ထိုလူကို ချက်ချင်း သတိရလိုက်သည်။
'ဖုန်ယွင်ဟန် နက်နဲပုံရိပ်အဆင့် ပြီးပြည့်စုံခြင်း။ နန်ရွှီနိုင်ငံမှာ အလွန်ကျော်ကြားတဲ့ ဗိုလ်ချုပ်ကြီး ဖြစ်သည်။'
"ငါနဲ့အတူ မြို့ရိုးပေါ်ကို လိုက်ခဲ့"
နန်ရွှီစခန်း။
"ကောင်းပြီ"
ဖန်ရှုကျိန်း သည် သူ့ရှေ့က ယောင်ပြည်နယ်က အရာရှိကို ကြည့်လျက် ဆုံးဖြတ်လိုက်သည်။
"ဗျူဟာမှူး... လီဂုန်းက သူ့ရဲ့ တစ်ဦးတည်းသော သားကိုတောင် အာမခံအဖြစ် လွှတ်ပေးလိုက်ပြီဆိုတော့ ဟူလောင်တောင်ကြားမှာ လူသုံးထောင်ကနေ ငါးထောင်ထက် ပိုမရှိနိုင်တော့ဘူး။ ပြီးခဲ့တဲ့ညက ပေါ်လာတဲ့ ဗိုလ်ချုပ်ကြီးကလည်း ဒါရှန်နိုင်ငံ အိမ်ရှေ့မင်းသား စေလွှတ်လိုက်တာ ဖြစ်နိုင်ပေမဲ့ တတိယမြောက် နက်နဲပုံရိပ်အဆင့် သိုင်းပညာရှင်တော့ ရှိမှာ မဟုတ်ဘူး။ မြို့ကို စိတ်ကြိုက် တိုက်ခိုက်လို့ ရပြီ"
ရန်ကျင်ရွှမ်က တည်ငြိမ်စွာဖြင့် "လောစရာ မလိုပါဘူး။ကျွန်တော် ဗိုလ်ချုပ်ဖုန်ကို မြို့ရှေ့မှာ သွားပြီး စိန်ခေါ်ခိုင်းထားပါတယ်။ ဗိုလ်ချုပ်ဖုန် က နက်နဲပုံရိပ်အဆင့် ပြီးပြည့်စုံခြင်းဆိုတော့ ရှာဝမ်လုံ က သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူတို့မှာ အဲ့ဒီ လက်ဗလာနဲ့ တိုက်တဲ့ ဗိုလ်ချုပ်ကြီးကိုပဲ လွှတ်ရလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် သူတို့ရဲ့ အင်အားကို အကဲဖြတ်ပြီးမှ မြို့ကို တိုက်ဖို့ ဆုံးဖြတ်ကြတာပေါ့"