“ဝေါင်း …”
လန်ရှောင်က ရုတ်တရက် ခေါင်းမော့ကာ သူမထံမှ နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာကာ တောက်ပ ကြီးစိုးသည့် အနီရောင် အလင်းတစ်ခု ပေါက်ကွဲ ထွက်လာသည်။
အနီရောင် အလင်းအား မြင်သည့်အချိန်တွင် ရွှေရောင် ငှက်မိစ္ဆာမှာ ရပ်တန့် သွားပြီး အံ့အားသင့်စွာဖြင့် ကြည့်နေသည်။
လန်ရှောင် ၏ ပုံသဏ္ဍာန်မှာ ပြောင်းလဲ သွား၏။ သူမ၏ ခန္ဓာကိုယ်မှာ ပိုမို ကြီးမားလာပြီး အနက်ရောင် ကြေးခွံများက သူမ၏ အရေပြားထက်၌ ထွက်ပေါ်လာကာ ၎င်းတို့ထံမှ ကြောက်မက်ဖွယ်ရာ မျိူးဆက်သွေး အရှိန်အဝါ ပေါက်ကွဲ ထွက်လာသည်။
“နိမ့်ကျတဲ့ ငှက်မိစ္ဆာကောင် … နင်က ငါ့ကို အာခံရဲတယ်ပေါ့ …. အသက်ရှင်ရတာ ငြီးငွေ့နေပြီလား … ”
လန်ရှောင်က ရွှေရောင်ငှက်မိစ္ဆာအား အေးစက်စွာ ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထိုအချိန်တွင် ရွှေရောင် ငှက်မိစ္ဆာသာမက အခြား ငှက်မိစ္ဆာများမှာလည်း သူမအား ထပ်မံတိုက်ခိုက်ရန် မဝံ့ရဲတော့ချေ။
ထိုစဉ် ရွှေရောင် ငှက်မိစ္ဆာ၏ မျက်လုံးများထဲတွင် ကောက်ကျစ်ရက်စက်သည့် အလင်းတစ်ချက် ဖြတ်ပြေး သွားကာ ပြောလိုက်သည်။
“မင်းက မိစ္ဆာနဂါးမျိူးနွယ်အဖြစ် ဟန်ဆောင်ရဲတယ်ပေါ့လေ …. ယုတ်မာတဲ့ လူသား သေစမ်း …. ”
ထိုသို့ ပြောဆို ပြီးနောက် ရွှေရောင် ငှက်မိစ္ဆာမှာ ချက်ချင်းဆိုသလို လန်ရှောင်အား တိုက်ခိုက်လိုက်သည်။
နာရိခ်ျ စီရင်စုနယ်မှ ဤမျိုးနွယ်စု သုံးစုမှာ မထူးဇာတ်ခင်းတော့မည် ဖြစ်ရာ သူမ၏ သရုပ်ကို ထုတ်ဖော်ခြင်းမှာ မည်သည့် အကျိုးသက်ရောက်မှုမှ မရှိခဲ့ချေ။
“အစ်မ ယွဲ့၊ အမြန်ဆုံး ပြီးအောင် လုပ်ပါ”
လန်ရှောင်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ရွှေရောင်ငှက်မိစ္ဆာကို ရင်ဆိုင်ရန် ရှေ့သို့ ပြေးဝင်သွားလေသည်။ ထိုရွှေရောင် ငှက်မိစ္ဆာ၏ စွမ်းအားမှာ သူမထက် သာလွန်သည်။
လန်ရှောင်၏ ကိုယ်ခန္ဓာ တစ်ခုလုံး နက်မှောင်သော အကြေးခွံများ ဖြင့် ဖုံးလွှမ်း နေပြီး ပခုံး၊ ဒူးခေါင်း၊ နောက်ကျော နှင့် လက်မောင်းများ တွင် ချွန်ထက်သော ဆူးများ ရှိသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးနီရောင် အလင်းတစ်ခု ဖုံးလွှမ်းနေပြီး ရွှေရောင် ငှက်မိစ္ဆာအားရင်ဆိုင်တိုက်ခိုက် နေ၏။
လန်ရှောင် ရွှေရောင် ငှက်မိစ္ဆာနှင့် ရင်ဆိုင်နေရချိန်တွင် မြေပြင်ရှိ လုံဟောင်ချန်း သည်လည်း အားကောင်းသော ရန်သူ တစ်ဦးနှင့် ရင်ဆိုင်နေရသည်။ သွေးနီရောင် အကြေးခွံများ ဖြင့် ဖုံးအုပ် ထားသော ထူးခြားသည့် ရူးသွပ်သူ မိစ္ဆာ တစ်ကောင်သည် သူ၏ ရှေ့သို့ ပြေးဝင် လာကာ အပြင်းအထန် တိုက်ခိုက်လာသည်။
ထို ရူးသွပ်သူ မိစ္ဆာ သည် သုံးမီတာ ကျော် ရှည်လျားပြီး ၎င်း၏ ချွန်ထက်သော လက်များကို အသုံးပြု၍ ကြောက်မက်ဖွယ် ထိုးဖောက် စွမ်းအား ဖြင့် လုံဟောင်ချန်းကို ဝှေ့ယမ်းတိုက်ခိုက်လေသည်။
“ဘန်း – ဘန်း – ဘန်း”
ကျယ်လောင်သည့် ပေါက်ကွဲသံ သုံးချက် ထွက်ပေါ်လာကာ လုံဟောင်ချန်းမှာ နောက်သို့ သုံးလှမ်း ဆုတ်လိုက်ရပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာများ ထင်ကျန် ရစ်ကာ ရူးသွပ်သူ မိစ္ဆာ၏ ကြောက်မက်ဖွယ်ရာ ခွန်အားက သူ၏ မြင့်မြတ်ဝိညာဉ် ဒိုင်းပေါ်တွင် နက်ရှိုင်းသော လက်သည်းရာ သုံးခု ချန်ထားရစ်လေသည်။ ကောင်းကင် အဟန့်အတား သုံးဆင့်နှင့် အလင်းဒြပ်စင် နတ်သမီး၊ ဟန်ယုတို့၏ အကူအညီ ရှိသည့်တိုင် လုံဟောင်ချန်းမှာ ထိုတိုက်ခိုက်မှုကို မနည်းခုခံ ခဲ့ရသည်။
လင်းရှန်၏ တုံ့ပြန်မှုမှာ လျင်မြန်၏။ ၎င်းမှာ ချက်ချင်းဆိုသလို မီးဒြပ်စင် အကာအကွယ် ဒိုင်း ထုတ်လွှတ်ကာ လုံဟောင်ချန်းအား ကာကွယ်ပေးလိုက်သည်။ တချိန်တည်းတွင် လုချီမှာ မြင့်မြတ် အလင်း ဒိုင်းကို ထုတ်ဖော်ကာ ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာ၏ လေးကြိမ်မြောက် တိုက်ခိုက်မှုမှ ခုခံ ကာကွယ်ပေးလိုက်သည်။
ဤမျှ အားကောင်းသော ရန်သူ နှင့် ရင်ဆိုင်ရသောအခါ လုံဟောင်ချန်း သည် တွန့်ဆုတ်ခြင်း မရှိဘဲ သူ၏ သူတော်စင် ဝိညာဉ် မီးဖို ကို ချက်ချင်း အသုံးပြုလိုက်သည်။
ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာ ၏ ခွန်အား သည် သတ္တမအဆင့် တွင် ရှိသည်မှာ ရှင်းလင်း၏။ လုံဟောင်ချန်း ၏ ကောင်းကင် အဟန့်အတား ဖြင့်ပင် သူ၏ တိုက်ခိုက်မှုကို တန်ပြန်ရန် အလွန် ခက်ခဲသည်။
ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာဟု ခေါ်ဆိုရခြင်းမှာ သူတို့၏ သွေးအရောင်ကြောင့် မဟုတ်ချေ။ မိစ္ဆာများတွင် မည်သူမှ ကြက်သွေးရောင် သွေးကို မပိုင်ဆိုင်ထားချေ။ ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာဟု ခေါ်ဆိုရခြင်းမှာ တိုက်ခိုက်သည့် အခါတွင် သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံး ကြက်သွေးရောင် အလင်းများတောက်ပနေပြီး ချွန်ထက်သည့် လက်သည်းများ ပိုင်ဆိုင်ထားခြင်းကြောင့်ပင်။
ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာ ၏ တိုက်ခိုက်မှုများမှာ အလွန်ပြင်းထန်ကာ ထိုးဖောက် စွမ်းအား သည် အလွန် အားကောင်း ၏။ မြင့်မြတ် ဝိညာဉ် ကာကွယ်မှု ၏ အထောက်အကူ သက်ရောက်မှု ဖြင့်ပင် လုံဟောင်ချန်း ၏ ဒိုင်း သည် မခံနိုင်ခဲ့ချေ။
လုံဟောင်ချန်းမှာ သူ၏ ဒိုင်း ပျက်စီးသွားသောကြောင့် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း ဆက်လက် ခုခံရုံမှ လွဲ၍ ရွေးချယ်စရာ မရှိချေ။ သူမှလွဲ၍ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ မှ မည်သူမျှ ဤ သတ္တမအဆင့် မိစ္ဆာ ကို ရပ်တန့်နိုင်စွမ်း မရှိပေ။
မည်သို့ပင် ဖြစ်စေ သူသည် နောက်သို့ မဆုတ်နိုင် ။ အစွမ်းကုန် ထုတ်သုံးကာ တားဆီးနေလေသည်။ သတ္တမအဆင့် မိစ္ဆာကို ရင်ဆိုင်နေရင်း လုံဟောင်ချန်း၏ ခွန်အားမှာ အပြည့်အ၀ ပေါက်ကွဲ ထွက်ပေါ်လာသည်။ သူက မြင့်မြတ် အလင်းဒိုင်းကို ကောင်းကင် အဟန့်အတားနှင့် ပေါင်းစပ် အသုံးပြုကာ ခုခံနေ၏။
သူ၏ ခြေလှမ်းများသည် ပိုမို ခိုင်မာ လာသည်။ လှမ်းလိုက်သော ခြေလှမ်းတိုင်း သည် မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာ ကို ချန်ထားခဲ့၏။
ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာ ၏ အရှိန် နှင့် ခွန်အား သည် သူ့ထက် များစွာ သာလွန် သော်လည်း လုံဟောင်ချန်း သည် ကောင်းကင် အဟန့်အတား ကိုသာ အားကိုးခြင်းဖြင့် သူ့အား ပိတ်ဆို့ ထားနိုင်ခဲ့သည်။ သူတော်စင် ဝိညာဉ် မီးဖို၏ သက်ရောက်မှု အောက်တွင် သတ္တမအဆင့် မိစ္ဆာမှာ အခြားသူများကို မတိုက်ခိုက်နိုင်ချေ။
လုံဟောင်ချန်း မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က လုံရှင်းယု သူ့အား သင်ကြားပေးခဲ့သည့် တိုက်ခိုက်ရေးသူရဲကောင်း ခြေလှမ်း သိုင်းကွက်ကို အသုံးပြုနေသည်။ ထိုခြေလှမ်း နည်းစနစ်ကို ကိုးသွယ် ခြေလှမ်းဟု ခေါ်၏။ ၎င်းကို ကိုးသွယ် ခြေလှမ်း နည်းစနစ်ဟု ခေါ်ဆိုရခြင်းမှာ တိုက်ပွဲအတွင်း မတူညီသည့် အခြေအနေ အမျိူးမျိူးနှင့် အသုံးပြုနိုင်သော ကြောင့်ပင်။ ရန်သူအများအပြားနှင့် ရင်ဆိုင်သည့် အခါတွင် အလယ်အလတ် ခြေလှမ်းကို အသုံးပြုခြင်းက သင့်တော်ပြီး ယခုကဲ့သို့ တစ်ယောက်ခြင်း ရင်ဆိုင် တိုက်ခိုက်ရသည့် အခြေအနေတွင် လုံဟောင်ချန်းမှာ ဖိနှိပ်ခြင်း ခြေလှမ်းကို အသုံးပြုနေ၏။
ကောင်းမွန်သော ခြေလှမ်း နည်းစနစ် သည် တိုက်ပွဲ အတွင်းတွင် အရေးပါ ၏။ ၎င်းမှာ မိမိ၏ ခွန်အားကို ချွေတာရာ ရောက်သည့် အပြင် တိုက်ခိုက်မှုတိုင်းအား အေးဆေးစွာ ရှောင်တိမ်းနိုင်ကာ တိုက်ပွဲ စည်းချက်အား ထိန်းချူပ်နိုင်စေသည်။ အကယ်၍ ထိုသတ္တမအဆင့် မိစ္ဆာ တစ်ကောင်တည်းသာ ဆိုပါက လုံဟောင်ချန်းက ထိုမိစ္ဆာအား ထိပ်တိုက်ရင်ဆိုင်ပြီး ကျန်သည့် မိစ္ဆာ နှိမ်နှင်းရေး အဖွဲ့ ဝင်များမှာ ထိုမိစ္ဆာအား ၀ိုင်းထားကာ သတ်ဖြတ်၍ ရပေသည်။ သို့သော် ကံမကောင်းစွာပင် ယခုအချိန်တွင် များပြားလှသော မိစ္ဆာများကို ရင်ဆိုင်နေရသည်။ လုံဟောင်ချန်းမှာ သတ္တမအဆင့် ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာအား ရင်ဆိုင် ပိတ်ဆို့ ထားစဉ် ကျန်သည့် များပြားလှသည့် ရူးသွပ်သူ မိစ္ဆာများမှာ အဆက်မပြတ် တိုးဝင်လာလေသည်။
တျန်းယန် သည် ဒိုင်းကာ စစ်သည် ဖြစ်သည်။ သူ၏ ဒိုင်းကာသည် လုံဟောင်ချန်း၏ မြင့်မြတ် ဝိညာဉ် ဒိုင်းထက် ပို၍ ကြီးမား၏။ သို့သော် သူနှင့် လုံဟောင်ချန်းကြား ကွာခြားမှုများ ကြီးမားပေသည်။ သတ္တမအဆင့် ကြက်သွေးရောင် မိစ္ဆာ ဝင်ရောက် မတိုက်ခိုက်လာစဉ်တွင် လုံဟောင်ချန်းမှာ ရှေ့တန်းတွင် နေကာ သူ၏ ဆယ်မီတာ ပတ်လည်ကို သက်တောင့်သက်သာဖြင့် ကာကွယ်နိုင်ခဲ့ပေသည်။ သို့သော် တျန်းယန်မှာမူ အဆင့်ငါး စစ်သည်တော် တစ်ယောက် ဖြစ်လင့်ကစား သုံးမီတာ ပတ်လည် အကာအဝေးကို ထိန်းသိမ်းရန် အတွက် သူ၏ ခွန်အား အကုန် သုံးစွဲနေရသည်။
လုံဟောင်ချန်း သတ္တမအဆင့် ကြက်သွေးရောင် မိစ္ဆာအား ရင်ဆိုင်နေသည့် အခိုက်အတန့်တွင် ဟန်ယုမှာ ပြောင်းလဲ သွားသော အခြေအနေနှင့် လိုက်လျောညီထွေစွာ လှုပ်ရှားလိုက်သည်။ သူက ရှေ့သို့ ပြေးထွက်ကာ သူ၏ ကြီးမားလေးလံသော ဒိုင်းကို ဝှေ့ယမ်းကာ ရှေ့တန်းကို ကာကွယ်လိုက်သည်။ နောက်တန်းမှာမူ လှည်းခံတပ် ရှိသောကြောင် စိုးရိမ်စရာမလိုချေ။
ဟန်ယု၏ နဖူးထက်မှ အလင်းတစ်ခု ထွက်ပေါ်လာပြီး ၎င်းက ရူးသွပ်သူ မိစ္ဆာ ဒါဇင်များစွာ ကို ယာယီ ထိုင်းမှိုင်း သွားစေသည်။ ထို့နောက် သူ၏ ညာလက်တွင် ကိုင်ဆောင်ထားသော ဓားမှာ လှုပ်ရှားသွားပြီး ဆူးခင်းလင်းရောင်အား အသုံးပြုကာ ရူးသွပ်သူ မိစ္ဆာများ၏ လည်ပင်းအား ပိုင်းဖြတ်ကာ အဆုံးသတ်ပေးလိုက်သည်။
ကြီးမားသည့် မိစ္ဆာမျက်လုံးများ ဟန်ယု၏ ဦးခေါင်းထက်တွင် ထွက်ပေါ်လာသည်။ ၎င်း၏ စိတ်စွမ်းအင် တိုက်ခိုက်မှု စွမ်းအားမှာ မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်သည်ဟု ပြောလို့ မရသော်လည်း အသိဉာဏ် မရှိလုနီးပါးဖြစ်သည့် သာမန် ရူးသွပ်သူ မိစ္ဆာများအတွက်မူ သက်ရောက်မှု အလွန်ကြီးမား၏။ ဟန်ယုမှာ ရှေ့တန်းကို ကောင်းမွန်စွာ ကာကွယ်ထားသည်။ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ စလုံးတွင် သူတစ်ယောက်သာ လုံဟောင်ချန်း၏ စကားကို နားထောင်ကာ ခွန်အားအကုန် အသုံးမပြုပဲ နောက်တန်းတွင်သာ နေခဲ့သူ ဖြစ်သည်။
ယခင်တုန်းက လုံဟောင်ချန်း၏ ကောင်းမွန်သော စွမ်းဆောင်ရည် တိုက်ခိုက်နိုင်စွမ်းရည်များကြောင့် ဟန်ယုမှာ နောက်တန်းတွင်သာ နေခဲ့ပြီး ရန်သူအား ရင်ဆိုင် တိုက်ခိုက်သည်မှာ ရှားပါးလှ၏။ ယခုတွင်မူ သူ၏ အစောင့်အရှောက် သူရဲကောင်း တစ်ယောက် ခွန်အားများမှာ အပြည့်အ၀ ပေါက်ကွဲ ထွက်ပေါ်လာသည်။ အဆင့် ၄ စစ်သည်အဆင့် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ဝင်များမှာ ပထမဆုံး အကြိမ် ဟန်ယု၏ အစစ်အမှန် ခွန်အားက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း မြင်တွေ့လိုက်ရသည်။ သူ၏ ခွန်အားမှာ လုံဟောင်ချန်းအား မမှီသော်လည်း သိပ်မကွာခြားပေ။ ဤသည်က ပဉ္စမအဆင့် သူရဲကောင်း တစ်ယောက်၏ ခွန်အားသည်လား။ သူတို့မှာ ပဟေဠိ ဖြစ်နေကြသည်။ ထိုမျှ ကြောက်မက်ဖွယ်ရာ ခွန်အား ရှိသည့် သူက မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ ပြိုင်ပွဲတွင် ထိပ်ဆုံး အဆင့် ခြောက်ဆယ်ကို အဘယ့်ကြောင့် မဝင်ရောက်ခဲ့သနည်း။ ထိုအစား အဘယ့်ကြောင့် လုံဟောင်ချန်း၏ အစေခံ သူရဲကောင်း လုပ်ရသည်ကို သူတို့ နားမလည်နိုင်ချေ။
ဘန်း ….
လန်ရှောင်မှာ ကောင်းကင်မှ ရုတ်တရက် ပြုတ်ကျလာခဲ့ပြီး လှည်းခေါင်မိုးနှင့် ဘန်းခနဲ ရိုက်မိသွားသည်။ သို့သော် မည်သည့် ထိခိုက်မှုမှ မဖြစ်ပေါ်ခဲ့ချေ။ ယွဲ့ယဲ့၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော ခရမ်းရောင် အလင်းမှာတုန်ခါသွားရုံသာ ဖြစ်သွား၏။
ယွဲ့ယဲ့ သည် မန္တာန်၏ အရေးကြီးဆုံး အပိုင်း သို့ ရောက်ရှိနေသည်။ သူမ၏ ခန္ဓာကိုယ်ထက်ရှိ သိပ်သည်းသော ခရမ်းရောင် အလင်းများမှာ ပျောက်ကွယ်သွားပြီ ဖြစ်ကာ ဆန်းကြယ်သည့် ရောင်စုံ စာလိပ်မှာ ပွင့်လာတော့မည် ဖြစ်သည်။
မန္တာန် ပြီးဆုံးရန် နီးစပ်လာပြီ ဖြစ်သည်။
လန်ရှောင်မှာ အမှန်တကယ် အားကောင်း၏။ အကယ်၍ အဆင့်ခြောက် ကျွမ်းကျင်သူတစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် သူမ၏ ကြောက်မက်ဖွယ် မျိူးဆက်သွေး ၊ မာကြောသည့် ခန္ဓာကိုယ်တို့ဖြင့် ရင်ဆိုင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပေသည်။ သို့သော် ကံမကောင်းစွာပင် သူမ ယခု ရင်ဆိုင် တိုက်ခိုက်နေရသည်မှာ သတ္တမအဆင့် ကျွမ်းကျင်သူ တစ်ယောက်ပင်။ ထို့အပြင် ထိုရွှေရောင်ငှက် မိစ္ဆာမှာ သတ္တမအဆင့် အထွတ်အထိပ်တွင် ရှိပြီး ပျံသန်းနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သူမ ထုတ်လွှတ်ထားသော အော်ရာမှာ ရွှေရောင်ငှက် မိစ္ဆာအား တစိတ်တပိုင်း သက်ရောက်မှု ရှိသော်လည်း သူမတို့ကြား ခွန်အား ကွာခြားမှုမှာ ကြီးမားလှသည်။
ရွှေရောင် ငှက်မိစ္ဆာမှာ လန်ရှောင်အား နောက်ဆုတ်စေပြီးနောက် သူမအား အဆုံးသတ်ပေးရန် မကြိုးစားခဲ့ချေ။ ထိုအစား သူ၏ ရွှေရောင် လှံရှည်က ယွဲ့ယဲ့ထံသို့ တိုးဝင်သွားသည်။
လေထဲတွင် နားကွဲမတတ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ ရွှေရောင် လှံရှည်မှာ လေထဲတွင် ကခုန်သွားသည်။ ရွှေရောင် ငှက်မိစ္ဆာမှာ ယွဲ့ယဲ့အား တားဆီးရန် အစွမ်းကုန် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ သတ္တမအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်သောကြောင့် ယွဲ့ယဲ့ ထုတ်ဖော် နေသော မန္တာန်စွမ်းအားမှာ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းကြောင်း အာရုံခံမိပေသည်။ ၎င်းကြောင့်သာ မဟုတ်ပါက သူမှာ တိုက်ပွဲကို ကိုယ်တိုင် ဝင်ရောက် စွက်ဖက်လိမ့်မည် မဟုတ်ချေ။ လန်ရှောင်မှာ ခြိမ်းခြောက်မှု တစ်ခု ဖြစ်သည် မှန်သော်လည်း ယွဲ့ယဲ့၏ မန္တာန်အား မပြီးမြောက်စေရန် ပြုလုပ်ရမည်က ဦးစားပေး ဖြစ်ပေသည်။ ထိုမန္တာန်သာ ပျက်ပြယ် သွားပါက အရာအားလုံးမှာ မကြာခင်တွင် ပြီးဆုံး သွားမည် ဖြစ်သည်။
လန်ရှောင်၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူမ၏ ခန္ဓာကိုယ်မှာ မလှုပ်ရှားနိုင် ဖြစ်နေသည်။ ယွဲ့ယဲ့ကို ကယ်တင်ရန် အချိန်မမှီတော့ချေ။ သူမ၏ မျက်ဝန်းများထဲတွင် စိတ်ပျက် အားငယ်သည့် အလင်းတန်းများ ဖြတ်ပြေး သွားသည်။
***