လနတ်ဆိုးနတ်ဘုရား ၏ ဆင်းသက်လာမှုနှင့် အတူ တုနှိုင်းမဲ့ အားကောင်းသည့် အရှိန်အဝါ တစ်ခု လိုက်ပါလာခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ ၎င်းသည် လုံးဝ တိတ်ဆိတ်စွာ ထွက်ပေါ်လာခြင်းပင်။
ထို့နောက် ခရမ်းရောင် လမင်းသည် လျင်မြန်စွာ ပြန်လည် ကျုံ့ဝင်သွားပြီး ခဏအကြာတွင် ပျောက်ကွယ်သွားသည်။ ကျန်ရစ်ခဲ့သည်မှာ ကျယ်ပြန့်သော အလင်းရောင်ဝါ တစ်ခုမျှသာ ဖြစ်သည်။
လရောင်ပျံ့နှံ့ သွားသော မီတာတစ်ထောင် ပတ်လည် အတွင်းတွင် မည်သည့် မိစ္ဆာတစ်ကောင်မှ မကျန်တော့ချေ။ တားမြစ်မန္တာန်၏ တိုက်ခိုက်မှု အောက်တွင် အင်အား ၅သောင်း ပါဝင်သည့် မိစ္ဆာစစ်တပ်မှာ ၁သောင်းခန့်သာ ကျန်တော့သည်။ ခရမ်းရောင် လအလင်း၏ အောက်တွင် သူတို့မှာ ခုခံရန်မဝံ့ရဲသည့် သိုးငယ်လေးများ အဖြစ် ပြောင်းလဲသွားသည်။
“ရှောင်ရှောင်၊ လှည်းမောင်း … မှော်ဆရာတွေ အထဲဝင်၊ အနီးကပ် တိုက်ခိုက်ရေးသမားတွေ လိုက်ခဲ့ … ဖောက်ထွက်ရမယ့် အချိန် ရောက်ပြီ”
ယွဲ့ယဲ့၏ ပုံရိပ်သည် လှည်းခေါင်မိုးပေါ်တွင် ပြန်ပေါ်လာပြီး ချက်ချင်းဆိုသလို အမိန့်ပေးကာ ဖောက်ထွက်ရန် ပြင်လိုက်သည်။ သို့သော် သူမ၏ ပုံစံအား ကြည့်ရသည်မှာ အခြေအနေ မဟန်ချေ။ မျက်နှာတစ်ခုလုံး လူသေကောင် တစ်ကောင်ကဲ့သို့ ဖြူဖျော့နေပြီး သူမ မျက်နှာရှိ ဒွါရ ခုနှစ်ပေါက်မှ သွေးများ စီးကျနေသည်။ သူမမှာ ပြိုလဲလုနီးပါး ဖြစ်နေသော်လည်း လက်ရှိ အခြေအနေမှ ဖောက်ထွက်ရန် အတွက် စိတ်ကြည်လင်မှုကို ထိန်းထားနိုင်ဆဲပင်။
လုံဟောင်ချန်း ခန့်မှန်းခဲ့သကဲ့သို့ပင် တားမြစ်မန္တာန် ပြီးဆုံးသွားသည့် အချိန်သည် ဖောက်ထွက်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ မိစ္ဆာ စစ်တပ်ကြီးသည် အလွန် ကြောက်လန့်နေသော အခြေအနေတွင် ရှိနေသဖြင့် ကုန်ပစ္စည်း အမြောက်အမြားကို စွန့်ပစ်ခဲ့ရလျှင်ပင် ဤသည်မှာ သူတို့ လွတ်မြောက်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။
လုံဟောင်ချန်းသည် သူ၏ အဖွဲ့သားများကို အကြည့်တစ်ချက် ပေးလိုက်ရာ သူတို့သည် ချက်ချင်းပင် တွန့်ဆုတ်ခြင်း မရှိဘဲ လှည်းပေါ်သို့ တက်လိုက်ကြသည်။ လှည်းသည် အလွန် ကျယ်ဝန်းပြီး လူ ၂၀ ခန့်ကို အခက်အခဲ မရှိ တင်ဆောင်နိုင်သည်။ ၎င်းကို သာမန် မြင်းများဖြင့် ဆွဲစေခြင်း မဟုတ်ဘဲ ‘ လည်ဆံမွှေးမြင်း’ များဖြင့် ဆွဲစေခြင်း ဖြစ်သည်။ ဤကဲ့သို့သော မှော်သားရဲများသည် မည်သည့် တိုက်ခိုက်ရေး စွမ်းရည်မှ မရှိသော်လည်း အလွန် ကောင်းမွန်သော ခံနိုင်ရည် ရှိပြီး မည်သည့် မြေပြင်တွင်မဆို သွားလာနိုင်သည်။ သဲကန္တာရ တွင်ပင် ကုလားအုတ်များထက် များစွာ ပို၍ အသုံးဝင်သည်။ ထို့အပြင် သူတို့၏ ကြီးမားသော ခန္ဓာကိုယ် တည်ဆောက်ပုံသည် သာမန် မြင်းကောင်းများထက် အနည်းဆုံး မီတာ သုံးပုံတစ်ပုံခန့် ပိုမြင့်၏။
ယွဲ့ယဲ့ ၏ လှည်းကို ‘လည်ဆံမွှေးမြင်း’ ၁၆ ကောင်ဖြင့် ဆွဲစေသည်။ ယခင် တိုက်ပွဲသည် အတော်လေး ပြင်းထန်ခဲ့သော်လည်း ဤ မြင်းများသည် မှော်ဆရာများ၏ ကာကွယ်မှုကို ကောင်းစွာ ရရှိခဲ့ကြသည်။ ဤသည်မှာ ယွဲ့ယဲ့ သူတို့အား ပေးခဲ့သော အမိန့် ဖြစ်သည်။ ‘ လည်ဆံမွှေးမြင်း’ များသည် သူတို့ ဖောက်ထွက် လွတ်မြောက်ရန်အတွက် အဆုံးစွန်သော မျှော်လင့်ချက် ဖြစ်သည် မဟုတ်ပါလော။
မည်သူမျှ ငြင်းဆန်ခြင်း မရှိကြဘဲ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ များထဲမှ လုချီ၊ ယီကျွင်း၊ ပိုင်ရှောင်မို၊ လင်းရှန် နှင့် ချန်ရင်အာ တို့သည် ဦးဆောင်၍ လှည်းထဲသို့ အလျင်အမြန် ဝင်ရောက်သွားကြသည်။ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ ၏ ထူးချွန်သော စွမ်းဆောင်ရည်သာ မရှိခဲ့ပါက ကုန်သည် အဖွဲ့၏ မှော်ဆရာ ၂၀ သည် ဤ တိုက်ခိုက်မှုမှ အသက်ရှင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အထူးသဖြင့် လုံဟောင်ချန်း ၏ ကိုယ်ကျိုးစွန့် သူရဲကောင်းဆန်သော လုပ်ရပ်သည် ထိုမှော်ဆရာများအား သူ့ကို စိတ်ရင်းမှန်ဖြင့် လေးစားသွားစေခဲ့သည်။
အနီးကပ် တိုက်ခိုက်ရေးသမားများသည် လှည်းပေါ်သို့ မတက်ကြဘဲ လှည်းကို ဝိုင်းရံလိုက်ကြသည်။ လုံဟောင်ချန်းက အနီးရှိ လီရှင်း ကို ပြောလိုက်သည်။
“အစ်မ၊ ကျွန်တော်တို့ ရှေ့ကနေ သွားပြီး အဲ့ဒီကနေ ဖောက်ထွက်ကြမယ်။ ကျန်တဲ့ အနီးကပ် တိုက်ခိုက်ရေးသမားတွေက လှည်းကို ကာကွယ်ပေး ”
မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ မှ အနီးကပ် တိုက်ခိုက်ရေးသမား အားလုံးသည် လုံဟောင်ချန်း ၏ အမိန့်ကို ချက်ချင်း လိုက်နာကြသည်။
ဟောင်ယွဲ့ ၏ မျက်လုံး ခြောက်လုံးမှာ ပုံမှန်ထက် ပို၍ မှေးမှိန်နေ၏။ လုံဟောင်ချန်းမှာ ဟောင်ယွဲ့ကို မဆင့်ခေါ်မီ ဖရိုဖရဲ၏ အမြူတေကို ပြင်ဆင်ထားရန် စိတ်ချင်းဆက်သွယ်ပြီး ပြောခဲ့သည်။ သို့မဟုတ်ပါက ထိုကဲ့သို့သော စွမ်းအားကို ချက်ချင်း အသုံးပြုနိုင်မည် မဟုတ်ချေ။
ဟောင်ယွဲ့မှာ သူ့ထက် တဆင့်မြင့်သည့် နည်းစနစ်တစ်ခုကို အသုံးပြုခဲ့သည့်တိုင် ယခင်က ကဲ့သို့ ခွန်အား အကုန်နီးပါး ဆုံးရှုံးသွားသည့် အခြေအနေသို့ မရောက်တော့ချေ။ ပင်ပန်းနွမ်းနယ် ရုံသာ ရှိ၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဟောင်ယွဲ့၏ ခွန်အားမှာ မြင့်တက်လာကြောင်း တွေ့နိုင်ပေသည်။
ယွဲ့ယဲ့ သည် လန်ရှောင် ၏ အကူအညီဖြင့် လှည်းမောင်းသူ နေရာသို့ ခုန်တက်လိုက်သည်။ လန်ရှောင် သည် လှည်းမောင်းခြင်းနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော်လည်း သူမ၏ သဘာ၀ ကြမ်းတမ်းသော ဗီဇ အရ မြင်းကျာပွတ်ကို ဝှေ့ယမ်းလိုက်လေသည်။ ထို့နောက် လည်ဆံမွေးမြင်းများသည် သူမ မောင်းနှင်ရာသို့ နာခံစွာ ပြေးလွှားသွားကြလေသည်။ ယခုအချိန်တွင် မည်သည့်အရပ်ကို ဦးတည်မည်က အရေးမကြီးတော့ချေ။ လက်ရှိ ဝိုင်းခံထားရသော အခြေအနေမှ ဖောက်ထွက်ရန်က အရေးကြီးဆုံးပင်။
ယွဲ့ယဲ့မှာ လန်ရှောင် ကို မှီရင်း ဟောင်ယွဲ့ ထက်ရှိ လုံဟောင်ချန်းကို ကြည့်လိုက်သည်။
ချိူက်အာမှာ လှည်းထဲသို့ မဝင်ဘဲ ယွဲ့ယဲ့ ဘေးတွင် တည်ငြိမ်စွာ ရပ်နေသည်။ အကယ်၍ လုံဟောင်ချန်း ကို ရန်သူ တစ်ဦးက တားဆီးခဲ့လျှင် သူမသည် ပထမဆုံး လှုပ်ရှားမည့်သူ ဖြစ်လိမ့်မည်။
ထိုအချိန်တွင် လုချီ သည် လှည်းပြတင်းပေါက်မှ အပြင်သို့ ကိုင်းထွက်ကာ သူ၏ တောင်ဝှေးကို တိတ်ဆိတ်စွာ ဝှေ့ယမ်းလိုက်ပြီး တောက်ပသော သန့်စင်သည့် အဖြူရောင် အလင်းတန်း တစ်ခုကို ပေးပို့ကာ လုံဟောင်ချန်း နှင့် ဟောင်ယွဲ့ ကို လွှမ်းခြုံလိုက်သည်။
ဤသည်မှာ လုံဟောင်ချန်း အနေဖြင့် ပဉ္စမအဆင့် ဘုန်းတော်ကြီး တစ်ဦး ပေးစွမ်းနိုင်သော ကုသမှု အပြည့်အဝကို ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။ လုချီ လက်ရှိ အသုံးပြုနေသော စွမ်းရည်ကို သူ မသိသော်လည်း လုချီ ၏ ကုသမှုဖြင့် သူ၏ ယခင် ကြီးမားသော အတွင်း ဝိညာဉ် စွမ်းအင် ကုန်ဆုံးမှုသည် အံ့အားသင့်ဖွယ် အရှိန်ဖြင့် ပြန်လည် ပြည့်ဝလာသည်။ ‘အသက်စတေးခြင်း’ စွမ်းရည် အသုံးပြုခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများပင် ပျောက်ကင်းသွားခဲ့သည်။
ဟန်ယု သည် ကုသရေး စွမ်းရည်များ ပိုမို သင်ယူထားလျှင်ပင် သူသည် အဆုံးတွင် အစောင့်အရှောက် သူရဲကောင်း တစ်ဦးသာ ဖြစ်ပြီး စစ်မှန်သော ဘုန်းတော်ကြီး မဟုတ်ပေ။ အဖွဲ့တစ်ဖွဲ့တွင် စွမ်းအားကြီးသော ဘုန်းတော်ကြီး တစ်ဦး၏ အသုံးဝင်မှုသည် ထိုမျှ လွယ်ကူစွာ အစားထိုးနိုင်သော အရာ မဟုတ်ပေ။
လန်ရှောင် သည် သူမ ဘေးတွင် အသုံးပြုနေသော ကုသရေး မှော်ပညာကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကာ ရွံရှာသော အသံနိမ့်ဖြင့် မေးလိုက်သည် ။
“နင်က သူတို့ကို အစောင့်တွေ အဖြစ် ဖိတ်ခေါ်ခဲ့တဲ့ သူလား”
ယွဲ့ယဲ့က ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းခါလိုက်သည်။
ကျန်ရှိနေသော မိစ္ဆာများ အားလုံးသည် ကမ္ဘာပျက်ကပ် တစ်ခုကဲ့သို့ ထင်ရသော တားမြစ်မန္တာန်ကြောင့် လုံးဝ ကြောက်လန့်နေကြသော်လည်း ၎င်းသည် အဆုံးတွင် အကောင်ရေ ၁၀,၀၀၀ ရှိသော စစ်တပ် ဖြစ်ပြီး သူတို့ကို အရပ်မျက်နှာ အစုံမှ ဝိုင်းရံထားသည်။ သူတို့၏ အရေအတွက်ကို ထည့်သွင်းစဉ်းစားပါက အကယ်၍ လုံဟောင်ချန်း ၏ အဖွဲ့ ဖောက်ထွက်ချင်လျှင် ထိပ်တိုက်တွေ့ဆုံမှုသည် ရှောင်လွှဲ၍ ရမည် မဟုတ်ပေ။
“ရင်အာ”
မိစ္ဆာ စစ်တပ်နှင့် အကွာအဝေးသည် မီတာ တစ်ရာအတွင်း ရောက်လာသည်ကို မြင်သောအခါ လုံဟောင်ချန်းက ရုတ်တရက် အော်ပြောလိုက်သည်။
“ရပြီ”
ချန်ရင်အာ သည် သူမ၏ ချစ်စရာ ကောင်းသော အသံဖြင့် ပြန်ဖြေလိုက်သည်။ ၎င်းကို ကြားသောအခါ ယွဲ့ယဲ့၊ လန်ရှောင် နှင့် ကုန်သည် အဖွဲ့၏ မှော်ဆရာများသည် အထူးတလည် ထူးဆန်းသည်ဟု မထင်ကြချေ။ သို့သော် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ မှ အဖွဲ့ဝင်များသည် ဤ အမျိုးသမီး ဆင့်ခေါ်သူ ပြတင်းပေါက် နားသို့ တိုးကပ်လာသည်ကို မြင်သောအခါ အမှန်တကယ် အံ့အားသင့်သွားကြသည်။
တိုက်ပွဲ စတင်ချိန်မှ ယခုထိ ချန်ရင်အာ သည် လင်းရှန် ဘေးတွင်သာ နေခဲ့ပြီး တိုက်ပွဲ မည်မျှ ပြင်းထန်စေကာမူ သူမသည် မည်သည့်အရာမျှ မလုပ်ခဲ့ပေ။
နံပါတ် ၄ စစ်သည်အဆင့် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ သည် အခြေအနေကို အတိုင်းအတာ တစ်ခုအထိ နားလည်ကြသည်၊ အကြောင်းမှာ ဤ မိန်းကလေးသည် ဆင့်ခေါ်သူ တစ်ဦး အနေဖြင့် သိပ် အားကိုးမရကြောင်း သူတို့ သိထားကြသောကြောင့် ဖြစ်သည်။ သူတို့ စိတ်မရှိကြသော်လည်း သူတို့ မသိသောအရာမှာ ယခု သူမသည် မှန်ပုံရိပ် ရတနာရှာ ဝက်နတ်ဆိုး ကဲ့သို့သော သားရဲ တစ်ကောင်ဖြင့် စာချူပ် ချူပ်ထားနိုင်ခဲ့ပြီး ဖြစ်ရြ သူမသည် ထိုမျှ အားနည်းခြင်း မရှိပေ။ ထို့အပြင် သူတို့သည် တိုက်ပွဲ မစတင်မီ လုံဟောင်ချန်း သူမအား ပေးခဲ့သော ညွှန်ကြားချက်တစ်ခု ပေးခဲ့သည်ကို မှတ်မိကြသည်။ မူလက သူတို့ ထင်ခဲ့ကြသည်မှာ သူသည် သူမအား တတ်နိုင်သမျှ နည်းပါးစွာ ဝင်ရောက် စွက်ဖက်စေလိုပြီး သူမ၏ မှော်အမြူတေများကို ထိန်းသိမ်းစေလိုသည် ဟူ၍ပင်။ သို့သော် ယခု သူတို့ ပြန်စဉ်းစားကြည့်သောအခါ ၎င်းသည် ထိုမျှ ရိုးရှင်းနိုင်မည် မဟုတ်ပေ။ သို့မဟုတ်ပါက သူတို့ စတင် ထိုးဖောက်မည့် အချိန်ကျမှ လုံဟောင်ချန်း သူမကို ဘာကြောင့် ခေါ်မည်နည်း။
ချန်ရင်အာ ၏ လှုပ်ရှားမှုသည် မြန်ဆန်သည်။ သူမသည် မှန်ပုံရိပ် ရတနာရှာ ဝက်နတ်ဆိုး ကို ပဉ္စမအဆင့် မှော်သားရဲ တစ်ကောင်၏ မှော်အမြူတေ တစ်ခု ကျွေးလိုက်ရာ မှန်ပုံရိပ် ရတနာရှာ ဝက်နတ်ဆိုး ၏ ကိုယ်ခန္ဓာမှ ငွေရောင် အလင်းတန်း တစ်ခု ရုတ်တရက် လင်းလက်လာသည်။
ထိုငွေရောင် အလင်းသည် နေရာဟင်းလင်းပြင် ဂုဏ်သတ္တိရှိသော မှော်ဆရာများ ပုံမှန် ထုတ်လွှတ်လေ့ရှိသော အလင်းနှင့် မတူညီပေ။ ပုံမှန် အခြေအနေများတွင် သူတို့၏ မှော်ပညာသည် သန့်စင်သော ငွေရောင်ကို ထုတ်လွှတ်လေ့ ရှိသော်လည်း ချန်ရင်အာ နှင့် သူမ၏ မှန်ပုံရိပ် ရတနာရှာ ဝက်နတ်ဆိုး ကို ဝန်းရံထားသော လှိုင်းဂယက်များသည် ငွေရောင် ကြယ်အလင်း အရောင်ကို ပိုင်ဆိုင်ထား၏။ ယခင်က ချန်ရင်အာ ၏ ရင်ခွင်တွင် ပျင်းရိစွာ ခိုကပ်နေခဲ့သော မက်ဒူးလ် သည် မှော်အမြူတေကို ချက်ချင်း စားသုံးလိုက်သည်။ ထို့နောက် သူ၏ စိတ်ဝိညာဉ် စွမ်းအားမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အရှိန်အဝါသည်လည်း ပြောင်းလဲ သွားကာ လှည်းအတွင်းမှ ရုတ်တရက် ပျံတက်သွားသည်။
ချန်ရင်အာသည် ခပ်တိုးတိုးဖြင့် တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။ ထို့နောက် သူမ၏ မျက်ဝန်းများမှာ မှန်ပုံရိပ် ရတနာရှာ ဝက်နတ်ဆိုး ထံမှ ထွက်ပေါ်လာသည့် တူညီသော တူညီသော ကြယ်အလင်းရောင်ဖြင့် တောက်ပစွာ လင်းလက်လာသည်။ ပတ်ဝန်းကျင်ရှိ လူတိုင်းသည် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်သည့် စိတ် စွမ်းအင် အတက်အကျများကို ခံစားလိုက်ရသည်။ မိစ္ဆာ စစ်တပ်သည် ရူးသွပ်သော အခြေအနေတွင် ရှိနေသော်လည်း အဆုံးတွင် သူတို့သည် အရေအတွက် အားဖြင့် ယုံကြည်နိုင်လောက်အောင် လွှမ်းမိုးထားပြီး တားမြစ်မန္တာန်၏ အာနိသင်များ ပျောက်ကွယ်သွားသည်နှင့် အမျှ သူတို့ ခံစားခဲ့ရသော ကြောက်ရွံ့မှုသည် တဖြည်းဖြည်း အားနည်းသွားသည်။ စစ်မြေပြင်၌ ပျံနှံ့နေသော သွေးညီနံ့မှာ သူတို့၏ အရိုင်းဆန်သော စိတ်အား ပြန်လည် ထကြွလာစေသည်။ ထို့ကြောင့် ဝိုင်းရံပိတ်ဆို့ထားမှုမှ ဖောက်ထွက်ရန်မှာ ရှင်းလင်းစွာပင် ထင်သလောက် လွယ်ကူမည် မဟုတ်ပေ။
လန်ရှောင် နှင့် ယွဲ့ယဲ့ မှာ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့သည် အစွမ်းကုန် ထုတ်သုံးခဲ့ကြသဖြင့် ယွဲ့ယဲ့မှာ မည်သည့် စွမ်းအားမှ ထပ်မံ အသုံးမပြုနိုင်တော့ချေ။ ကြီးမားသည့် စိတ်စွမ်းအင် ကုန်ဆုံးမှုသည် သူမအား အချိန်မရွေး သတိလစ်သွားစေနိုင်ပေသည်။ ထို့အပြင် သူမမှာ လုချီ၏ ကုသမှုကိုလည်း လက်မခံရဲချေ။ အဘယ့်ကြောင့်ဆိုသော သူမနှင့် လန်ရှောင် နှစ်ယောက်စလုံးမှာ အမှောင်ဂုဏ်သတ္တိကို ပိုင်ဆိုင်ထားသောကြောင့်ပင်။ ထို့ကြောင့် ဘုန်းတော်ကြီး တစ်ပါး၏ ကုသမှု အလင်းစွမ်းအင်သည် သူမတို့ အတွက် အဆိပ်နှင့် မခြားနားလှပေ။ လန်ရှောင်သည်လည်း သူမ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ကာ လှည်းကို ကြိုးစား၍ မောင်းနှင်နေရသည်။ လှည်းအတွင်းရှိ ကုန်သည် အဖွဲ့၏ မှော်ဆရာများသည် သူတို့၏ ကျန်ရှိသော စိတ်ဝိညာဉ် စွမ်းအင် အနည်းငယ်ကို ဆင့်ခေါ်ရန် ကြိုးစားနေကြပြီး အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။
ရှေ့ဆုံးရှိ လုံဟောင်ချန်းနှင့် လီရှင်းတို့မှာ မိစ္ဆာများနှင့် ထိပ်တိုက်တွေ့တော့မည် ဖြစ်၏။ ထိုအချိန်တွင် ရုတ်တရက် ကျယ်လောင်သော နဂါးဟိန်းသံ တစ်ခု ပဲ့တင်ထပ်လာပြီး သူတို့ကို လုံးဝ တုန်လှုပ်သွားစေသည်။
ညအမှောင်အောက်တွင် မထင်ရှားသော အနက်ရောင် ပုံရိပ်တစ်ခု ပေါ်လာပြီး နဂါးဟိန်းသံနှင့် အတူ အားလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။
ထူထဲသော အကြေးခွံများ၊ ဦးခေါင်းထက်တွင် ခရုပတ် ပုံသဏ္ဍာန် ရှိသော ကြီးမားသော ဦးချိုများ၊ ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းနိုင်မည့်အလား ထင်ရသော ကြောက်မက်ဖွယ် အတောင်ပံ တစ်စုံ နှင့် မျက်လုံးများမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါ။
ထိုအနက်ရောင် ပုံရိပ်သည် အမှန်တကယ်ပင် အမှောင် နဂါး တစ်ကောင် ဖြစ်၏။ ၎င်း၏ ကြီးမားသော အတောင်ပံများကို ခတ်ပြီး မိစ္ဆာ စစ်တပ် ဆီသို့ ထိုးဆင်းလာသည်။ မိစ္ဆာများအတွက် အင်အားကြီးသူက အင်အားနည်းသူကို စားသုံးသည်မှာ ပုံမှန်ပင်။ ဤသည်က တောရိုင်း ဥပဒေဖြစ်ပြီး အစာကွင်းဆက်၏ ရက်စက်သော အမှန်တရား တစ်ခု ဖြစ်၏။ လက်ရှိတွင် မိစ္ဆာ ကွင်းဆက်၏ ထိပ်ဆုံးတွင် ရှိနေသူမှာ သံသယ ဖြစ်ဖွယ် မရှိဘဲ မိစ္ဆာနတ်ဘုရား ဧကရာဇ် ပင်။
မိစ္ဆာနတ်ဘုရား ဧကရာဇ်တွင် သူ၏ ကိုယ်ပိုင် ကလန်ရှိပေသည်။ ၎င်းကို နတ်ဆိုး နဂါး ကလန် ဟုခေါ်ပြီး သူ့ကို နတ်ဆိုး နဂါး ဧကရာဇ် ဟု ခေါ်ဆိုရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ နတ်ဆိုး နဂါးဟူသော နာမည်မှာ မိစ္ဆာမျိူးနွယ်ဝင်များ သူတို့ကိုယ် သူတို့ ပေးထားသော နာမည်ဖြစ်ပြီး လူသားများသည်တော့ နဂါးနက်များဟု ခေါ်ဆိုကြပေသည်။
မိစ္ဆာနတ်ဘုရား ဧကရာဇ်သည် မိစ္ဆာ မျိုးနွယ် တစ်ခုလုံးကို တည်ငြိမ်သော နည်းလမ်းဖြင့် အုပ်ချုပ်နိုင်ခြင်းသည် သူ၏ ကိုယ်ပိုင် ခွန်အားကြောင့် သက်သက် မဟုတ်ပဲ သူ့ ကိုယ်ပိုင် ကလန်၏ အလွန် ခွန်အားနှင့်လည်း သက်ဆိုင်လေသည်။
နတ်ဆိုး နဂါးများသည် အရေအတွက် မများပြားပေ။ သူတို့၏ အထွတ်အထိပ် ကာလတွင်ပင် ၂,၀၀၀ ထက် မကျော်လွန်ခဲ့ပေ။ သို့သော် မွေးကင်းစ နဂါးနက် တစ်ကောင်သည်ပင် မွေးရာပါ သတ္တမအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။ အရွယ်ရောက်ပြီး တစ်ကောင်သည် အထူး ကြိုးစားအားထုတ်မှု မလိုဘဲ အဋ္ဌမအဆင့်သို့ ရောက်ရှိလိမ့်မည်။ နဝမအဆင့်သို့ ရောက်ရှိသော သူများ အနေဖြင့် သူတို့သည် မိစ္ဆာနတ်ဘုရား ဧကရာဇ် ဖုန်းရှို့ ၏ တိုက်ရိုက် လက်အောက်ငယ်သားများ ဖြစ်ကြပြီး နဂါးနက် တပ်ဖွဲ့ဟု ခေါ်ဆိုကြသည်။
***