နတ်ဆိုး နဂါး ကလန်၏ မျိုးပွားနှုန်းမှာ အလွန်နိမ့်ပါးပေသည်။ သူတို့သည် နှစ်ပေါင်း တစ်ရာလျှင် တစ်ကြိမ်သာ မွေးဖွားနိုင်ပြီး တစ်ကြိမ်လျှင် မျိုးဆက် တစ်ဦးတည်းသာ မွေးဖွားလေ့ ရှိသည်။ သူတို့၏ သွေးမျိူးဆက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နဂါးနက်များ၏ မွေးဖွားမှုသည် အခြားနဂါးများနှင့် လုံး၀ ကွဲပြားခြားနား၏။ သူတို့သည် ဥ အနေဖြင့် မွေးဖွားလာခြင်း မဟုတ်ဘဲ သားအိမ်မှ သန္ဓေသား အဖြစ် မွေးဖွားလာခြင်း ဖြစ်သည်။ ဤသည်မှာ နတ်ဆိုး နဂါးများ မွေးဖွားစ ကတည်းက ဤမျှ စွမ်းအားကြီးမား နေရခြင်း၏ ပထမဆုံး အကြောင်းရင်း ဖြစ်၏။ အမြွှာမွေးဖွားခြင်း ဆိုသည်မှာ နှစ်ပေါင်း ၁,၀၀၀ လျှင် တစ်ကြိမ်သာ ပေါ်ပေါက်လေ့ ရှိသည်။
နဂါးနက်များ ၏ ခွန်အားကို သူတို့၏ အရွယ်အစားကို ကြည့်ရုံမျှဖြင့် ဆုံးဖြတ်နိုင်သည်။ အလျား မီတာ ၂၀ အောက် ရှိသူများသည် ငယ်ရွယ်သော အဆင့် ဟု သတ်မှတ်ကြသည်။ မီတာ ၂၀ နှင့် ၅၀ ကြား ရှိသူများသည် အရွယ်ရောက်ပြီးသော မျိုးဆက် ဖြစ်ပြီး အဋ္ဌမအဆင့် နှင့် ညီမျှသည်။ အလျား မီတာ ၅၀ အထက် ရှိသူများမှာ နတ်ဆိုး နဂါး ဧကရာဇ် ၏ တိုက်ရိုက် လက်အောက်ငယ်သားများ ဖြစ်ကြသည်။ ထို့အပြင် မိစ္ဆာနတ်ဘုရား ဧကရာဇ် ဖုန်းရှို့ ၌ အရွယ်အစား မီတာ ၈၀ အထက် ရှိသော နတ်ဆိုး နဂါး ဘုရင် လက်အောက်ငယ်သား အပါး ၂၀ ရှိပြီး သူတို့သည် စိတ်ဝိညာဉ် စွမ်းအင် အမှတ် ၃၀,၀၀၀ အထက် ရှိသည်ဟု ဆိုကြသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် နတ်ဆိုး နဂါးများ ၏ ခွန်အားကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
မိစ္ဆာနတ်ဘုရား သတ်ဖြတ်သူများမှာ ကြောက်မက်ဖွယ် လက်နက်များသာ မရှိခဲ့ပါက သူတို့သည် မိစ္ဆာနတ်ဘုရား ဧကရာဇ် အတွက် ခြိမ်းခြောက်မှု တစ်ခုပင် ဖြစ်လာလိမ့်မည် မဟုတ်ပေ။
မီတာ ၅၀ ကျော် ရှိသည့် ကြီးမားသည့် နဂါးနက်ကြီးမှာ ၎င်း၏ တောင်ပံကို ဖြန့်ကာ လှည်းခေါင်မိုးပေါ်သို့ ဆင်းသက်လာသည်။ ၎င်းတွင် ကြီးစိုးသည့် အရှိန်အဝါ မရှိသော်လည်း သူ လှည်းခေါင်မိုးပေါ်သို့ ဆင်းသက်လိုက်သည့် ခဏတွင် မိစ္ဆာစစ်တပ်ကြီးမှာ ကစဉ့်ကလျားနှင့် ထိတ်လန့်တကြား ထွက်ပြေးသွားကြလေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ ရင်ဆိုင်နေရသည်မှာ မိစ္ဆာနတ်ဘုရား ဧကရာဇ် ၏ တိုက်ရိုက် စစ်သည်တော် ဖြစ်သော နဂါးနက် တစ်ကောင် ဖြစ်ကြောင်း ရှင်းလင်းစွာ သိလိုက်ရသော်ကြောင့်ပင်။
ထိုမိစ္ဆာများ၏ အတွေးထဲတွင် အစွမ်းထက်ဆုံးသော လူသား ကျွမ်းကျင်သူ တစ်ဦးသည်ပင် ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည် မဟုတ်ပေ။ မိစ္ဆာမျိူးနွယ်၏ အစာကွင်းဆက် ထိပ်ဆုံးမှ ဖြစ်တည်မှုနှင့် ထိပ်တိုက် တွေ့ဆုံခြင်းသည် သူတို့အား အလွန်အမင်း ထိတ်လန့်သွားစေသည်။ သူတို့၏ ကိုယ်ခန္ဓာ အတွင်းပိုင်း နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုကို သူတို့ လုံးဝ ဖိနှိပ်ထားနိုင်ခြင်း မရှိကြပေ။ ထိုအဖြစ်အပျက်က လန်ရှောင်၊ ယွဲ့ယဲ့ အပြင် လုံဟောင်ချန်း နှင့် ချန်ရင်အာ မှလွဲ၍ ကျန်သူများ အားလုံးကို ကြောင်ငေးသွားစေခဲ့သည်။ ထိုးဖောက်၍ မရနိုင်သော သဘာဝ ခံတပ်ကြီးသည် ထိုကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့သည်။
“အရှိန်မြှင့်လိုက် … ”
လုံဟောင်ချန်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဟောင်ယွဲ့ သည် ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး လီရှင်း ၏ နှင်းဆီ ယူနီကွန်း နှင့် အတူ ရှေ့ဆုံးသို့ ရောက်ရှိလာသည်။ လန်ရှောင် သည်လည်း ‘လည်ဆံမွှေးမြင်း’ များကို အားကုန် မောင်းနှင်လိုက်သည်။ သူတို့သည် ပျံဝဲနေသော လှည်းကို ဆွဲရင်း လုံဟောင်ချန်း ၏ ဦးဆောင်မှု နောက်သို့ အလျင်အမြန် လိုက်ပါသွားကြသည်။ ကောင်းကင်တွင် ပေါ်လာသော ကြီးမားသော နဂါးနက် သည် အမှန်တကယ်ပင် ကြီးစိုးလွန်းလှသည်။ သူ ပေါ်လာသည်နှင့် တပြိုင်နက် မိစ္ဆာ စစ်တပ်ကြီးသည် လုံးဝ ပြိုကွဲသွားပြီး မည်သည့် မိစ္ဆာတစ်ကောင်မျှ တိုက်ခိုက်ရန် သတ္တိ မရှိကြတော့ချေ။
ယွဲ့ယဲ့မှာ သူမဘေးရှိ လန်ရှောင် ကို တီးတိုး မေးလိုက်သည်။
“နင့်ရဲ့ အစောင့်လား”
လန်ရှောင်မှာ အကူအညီမဲ့သော အပြုံးဖြင့် ခေါင်းခါပြီး ပြောလိုက်သည်။
“ ညီမက ခိုးထွက်လာတာလေ … ဘယ်လိုလုပ် အစောင့်ပါလာမှာလဲ … အဲ့ဒါ … အဲ့ဒါက အတု ဖြစ်ပုံရတယ် … သူ့ ကိုယ်ပေါ်မှာ ညီမ မျိုးနွယ်ဝင်တွေရဲ့ အရှိန်အဝါ မရှိဘူး”
“အတု ဟုတ်လား”
ယွဲ့ယဲ့ ကြောင်ငေးသွားသည်။ သို့သော် သူမမှာ လုံဟောင်ချန်း အစောပိုင်းက ချန်ရင်အာ အား လှမ်းအော်လိုက်ခြင်းနှင့် ချက်ချင်း ဆက်စပ် တွေးတောမိလိုက်သည်။ ခေါင်းသုံးလုံးပါ သားရဲ၏ ကျောပေါ်တွင် ထိုင်နေသော လူငယ်ကို ကြည့်ရင်း သူမ လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။ သူမ တွေးမိသည်မှာ
' သူက ဘယ်သူလဲ … သူက တကယ်ပဲ သူ့ရုပ်ရည်အတိုင်း ငယ်ငယ်လေး ရှိသေးတာလား … '
လရောင်ည ကုန်သည် အဖွဲ့မှာ အရှိန်ကုန်တင်ပြီး ပြေးထွက်လာခဲ့ရာ သူတို့သည် ဆယ်မိနစ် အတွင်း ငါး ကီလိုမီတာ နီးပါး ရောက်ရှိခဲ့ကြသည်။ ယခုအခါ မိစ္ဆာ စစ်တပ်ကြီးကို အဝေးကြီးတွင် ချန်ထားခဲ့ပြီး ဖြစ်သဖြင့် သူတို့နောက်သို့ လိုက်လာချင်လျှင်ပင် မီတော့မည် မဟုတ်ချေ။
ထိုအချိန်တွင် ကောင်းကင်ထက်၌ ခြိမ်းခြောက်မှု အပြည့်နှင့် ကြီးစိုးသော နဂါးနက် ကြီးသည် မည်သည့် အရိပ်အယောင်မှ မပြဘဲ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ငွေရောင် အလင်းစက် တစ်ခု ချန်ရင်အာ ၏ မျက်လုံးများထဲတွင် လက်ခနဲ ဖြစ်သွားသည်။ မှန်ပုံရိပ် ရတနာရှာ ဝက်နတ်ဆိုးသည် ပင်ပန်းနွမ်းနယ်နေသော ပျင်းရိသည့် ပုံစံဖြင့် ချန်ရင်အာ ၏ ရင်ခွင်ထဲတွင် ပေါ်လာသည်။ သူသည် မျက်လုံး နှစ်လုံးကို မှိတ်ထားပြီး ကျယ်လောင်စွာ ဟောက်နေလေသည်။ သူ၏ နူးညံ့သော အရေပြားပေါ်တွင် မှိန်ဖျော့သော ငွေရောင် အလင်းတန်းများ ပြန့်ကျဲနေပြီး သူ၏ အရှိန်အဝါတွင် ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်နေ၏။
မှန်ပုံရိပ် ရတနာရှာ ဝက်နတ်ဆိုး ၏ အဆင့်တက်ခြင်း နည်းလမ်းသည် အခြား မှော်သားရဲများနှင့် လုံးဝ ကွဲပြားသည်။ သူ၏ မှော်အမြူတေ ကိုယ်တိုင်က တိုးတက် ပြောင်းလဲနိုင်ခြင်း မရှိပေ၊ ၎င်းသည် သူ၏ ကိုယ်ခန္ဓာထဲတွင် စွမ်းအင်ကို စုဆောင်းခြင်းသာ ပြုလုပ်နိုင်သည်။ သူ၏ အသွင်ယူခြင်း စွမ်းရည်ကို အသုံးပြုမှသာ ထိုစွမ်းရည်၏ သဘောသဘာဝနှင့် ပတ်သက်ပြီး တိုးတက်မှု အချို့ကို ပြုလုပ်နိုင်သည်။ ဤ ဆင့်ကဲပြောင်းလဲမှု လုပ်ငန်းစဉ်သည် အလွန် ရှုပ်ထွေးသော်လည်း ယခုလေးတင် သူ ကြုံတွေ့ခဲ့ရသော အရာသည် သူ၏ ဆင့်ကဲပြောင်းလဲမှု လုပ်ငန်းစဉ်အတွက် တွန်းအားပေးသော အကူအညီ တစ်ခု ဖြစ်သည်မှာ ထင်ရှားသည်။ ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်ရန် အချိန် မည်မျှ ကြာမည် ဆိုသည်ကိုမူ ပြောရန် ခက်ခဲပေသည်။
ချန်ရင်အာ သည်လည်း သိသိသာသာ ပင်ပန်းနွမ်းနယ်နေပုံ ပေါ်ပြီး လှည်းကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။ အန္တရာယ်ကင်းမည့်ပုံ ပေါက်သော ဤ ဝက်ကလေးသည် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော နဂါးကြီး တစ်ကောင် အဖြစ် စုစည်းသွားသည်ကို ကိုယ်တိုင် မျက်မြင် တွေ့ရှိခဲ့ရပြီးနောက် လူတိုင်းသည် သူမအား မတူညီသော မျက်လုံးများဖြင့် စတင် ကြည့်ရှုလာကြသည်။ အမှတ် ၄ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ ဝင်များမှာ မူလက အသုံးမကျသူဟု ယူဆခဲ့ကြသော ထိုမိန်းမငယ်လေး အပေါ်တွင် အမြင်များ ပြောင်းလဲ သွားလေသည်။
မှန်ပုံရိပ် ရတနာရှာ ဝက်နတ်ဆိုး သည် သူ၏ ကိုယ်ပိုင် စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြုပြီး သူတို့ ယခင်က ကြုံတွေ့ခဲ့ဖူးသော မည်သည့် မှော်သားရဲကိုမဆို အသွင်ယူနိုင်စွမ်း ရှိသည်။ ခုနက သူသည် အသွင်ယူခြင်း စွမ်းရည်ကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ‘မှန်ပုံရိပ် ပုံတူပွားခြင်း’ မဟုတ်ချေ။ ဤ အခြေအနေတွင် သူ့၌ ကြီးမားသော အားနည်းချက် တစ်ခု ရှိ၏။ သူ့ ကိုယ်ပေါ်တွင် နဂါးနက် ၏ အရှိန်အဝါ လုံးဝ မရှိခြင်းပင်။ သူ အသွင်ယူခဲ့သော ဤ နဂါးနက် သည် ပယောဂမြို့ တံခါးဝတွင် မိစ္ဆာနတ်ဘုရား ဧကရာဇ် နှင့် အတူ ပေါ်လာခဲ့သော နဂါး ဖြစ်သည်။
သို့သော် နာရိခ်ျ စီရင်စုနယ် ၏ မိစ္ဆာ စစ်တပ်သည် တားမြစ်မန္တာန်ကြောင့် ကြောက်လန့်နေပြီး ဖြစ်သည်။ ၎င်းကို ကြုံတွေ့ခဲ့ရပြီးနောက် သူတို့၏ အစာကွင်းဆက် ထိပ်ဆုံးမှ ဖြစ်တည်မှု ပေါ်ထွက်လာခြင်းနှင့် ရင်ဆိုင်ရသောအခါ သူတို့၏ ခံစစ်စည်း မည်သို့ မပြိုကွဲဘဲ နေမည်နည်း။ မည်သို့ တည်ငြိမ်စွာ နေနိုင်ပြီး နဂါးနက် ၏ အရှိန်အဝါကို အာရုံစိုက်နိုင်မည်နည်း။ ထို့အပြင် သူတို့ အထဲတွင် နဂါးနက် ၏ စစ်မှန်သော အရှိန်အဝါကို ထောက်လှမ်းနိုင်သူ တစ်ဦးမှ မရှိကြချေ။ သို့ရာတွင် နဂါးနက် ၏ ပြင်ပ ပုံပန်းသဏ္ဍာန်ကိုသာ အသွင်ယူသည့်တိုင် ၎င်းသည် များပြားလှသည့် စိတ်ဝိညာဉ် စွမ်းအင်ကို ကုန်ဆုံးစေသည်။ မှန်ပုံရိပ် ရတနာရှာ ဝက်နတ်ဆိုး ၏ စွမ်းအင်ကို ဖြည့်တင်းရန် အတွက် ပဉ္စမအဆင့် မှော်အမြူတေ တစ်ခုကို သုံးစွဲခဲ့ရသည်။ သို့မဟုတ်ပါက သူသည် ဤမျှ ကြီးမားသော ပုံရိပ်ယောင်ကို ဖန်တီးနိုင်မည် မဟုတ်ပေ။ ၎င်းသည် နဝမအဆင့် နဂါးနက် တစ်ကောင်၏ လွှမ်းမိုးချုပ်ကိုင်သော ပုံပန်းသဏ္ဍာန် ဖြစ်သည် မဟုတ်ပါလော။
အချို့က ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားသော ချန်ရင်အာ ၏မှော်သားရဲကို လေးစားအားကျစွာ ကြည့်ကြသော်လည်း အချို့ကမူ လုံဟောင်ချန်း ၏ အမြော်အမြင်ရှိမှုနှင့် သူ၏ ပြင်ဆင်မှုများတွင် ရှိသော ယုံကြည်နိုင်လောက်ဖွယ် မရှိသော ကြိုတင် တွက်ချက်နိုင်စွမ်းကို လေးစားကြသည်။ ယခင်က သူတို့ လှည်းကို ကာကွယ်နေစဉ် အချိန်က အန္တရာယ် အကြီးမားဆုံး အချိန်များတွင်ပင် သူသည် ချန်ရင်အာ ကို ဝင်ရောက် စွက်ဖက်ခွင့် လုံးဝ မပေးခဲ့ပေ။ အကယ်၍ နဂါးနက်သည် အချိန်ကိုက်တွင် ပေါ်လာခဲ့ပါက သူတို့သည် အရေးပါသော အချိန် ပမာဏ တစ်ခုကို သေချာပေါက် ရရှိနိုင်ပေလိမ့်မည်။ ရိပ်မိသွားခံရလျှင်တောင်မှ သူတို့သည် လှည်းကို ကာကွယ်ရန် ပိုမို လွယ်ကူသော အချိန်ကို ရရှိနိုင်ပေလိမ့်မည်။ သို့သော် ချန်ရင်အာ သာ ထိုအချိန်တွင် လှုပ်ရှားရန် ရွေးချယ်ခဲ့ပါက သူတို့သည် ရှုပ်ထွေးမှုများ မရှိဘဲ ဝိုင်းရံပိတ်ဆို့မှုမှ မည်သို့ ဖောက်ထွက်နိုင်မည်နည်း။ ပုံရိပ်ယောင် စွမ်းရည် တစ်ခုသည် အလွယ်တကူ မရိပ်မိနိုင်သော ပထမဆုံး အကြိမ် အသုံးပြုမှုများ အတွင်းသာ ကောင်းမွန်သော သက်ရောက်မှု ရှိလေ့ ရှိပြီး ပြိုင်ဘက် တစ်ဦးတည်းအပေါ် အကြိမ်ကြိမ် အသုံးပြုပါက ၎င်းသည် ဟာသ တစ်ခုသာ ဖြစ်လာမည်ဖြစ်ပြီး အခြား မည်သည့် အရာမျှ ဖြစ်လာမည် မဟုတ်ပေ။
ယွဲ့ယဲ့မှာ လုံဟောင်ချန်းအား လေးနက်စွာ ကြည့်လိုက်ပြီးနောက် လန်ရှောင်၏ ရင်ခွင်ထဲ လဲကျကာ သတိလစ်သွား၏။ နှစ်နာရီခန့် အဆက် မပြတ် ခရီးနှင်ပြီးသည့်တိုင် ကုန်သည်အဖွဲ့မှာ ရပ်တန့်ခြင်း မရှိခဲ့ကြချေ။ သို့သော် လည်ဆံမွေးမြင်းများမှာ နှစ်နာရီခန့် အားကုန် ခရီးနှင်ခဲ့ရသဖြင့် သိသိသာသာ ရှိန်လျော့ကျသွားသည်။ သို့တိုင် သူတို့မှာ အနားမယူရဲသေးချေ။ အခြေအနေမှာ စိတ်ချ၍ ရသည် မဟုတ်သေးပေ။
လှည်းအတွင်းတွင် လူတိုင်းမှာ ရရှိသည့် အချိန်ကို အမိအရ ဆုပ်ကိုင်ပြီး စွမ်းအင်များ ပြန်လည် ဖြည့်တင်းနေကြသည်။ လုချီ သည် လုံဟောင်ချန်း နှင့် လီရှင်း တို့အား ရံဖန်ရံခါ ကုသရေး မှော်ပညာများဖြင့် အားဖြည့်ပေးသည်။ ယခုအချိန်သည် အနားယူရန် အချိန် မဟုတ်သေးချေ။ ကျယ်ပြန့်သော တောအုပ် တစ်ခုကို တွေ့လိုက်ပြီးနောက် လုံဟောင်ချန်း သည် နောက်ဆုံးတွင် ဟောင်ယွဲ့ အားအရှိန်လျော့ချစေပြီးနောက် လှည်းအတွင်းသို့ ဝင်ရောက်လိုက်သည်။ ဟောင်ယွဲ့ ရပ်တန့်လိုက်ပြီးနောက် သူ့အနောက်မှ ပင်ပန်းနွမ်းနယ်နေသော ‘ လည်ဆံမွှေးမြင်း’ များလည်း ထိုနည်းတူ လုပ်ဆောင်ကြသည်။ လန်ရှောင်မှာ ဒဏ်ရာ မရရှိခဲ့သော်လည်း တိုက်ပွဲအတွင်း အစွမ်းကုန်တိုက်ခိုက်ရမှု၊ တိုက်ပွဲပြီးသော်လည်း နှစ်နာရီခန့် အဆက်မပြတ် ခရီးနှင်ရမှုတို့ကြောင့် အလွန်ပင်ပန်း နွမ်းနယ်နေကာ လှည်းကို မှီရင်း အသက်ပြင်းပြင်း ရှုနေရသည်။
“ဒီနေရာမှာ ခဏ နားကြမယ်။ တစ်နာရီ ကြာရင် ခရီး ဆက်ကြမယ်။ အားလုံး တစ်ခုခု စားထားကြပါ”
ယွဲ့ယဲ့ သတိလစ်သွားပြီးနောက် လုံဟောင်ချန်းသည် ဤနေရာတွင် ခေါင်းဆောင် ဖြစ်လာသကဲ့သို့ပင်။ လုံဟောင်ချန်း ၏ ညွှန်ကြားချက် မလိုဘဲ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ မှ အဖွဲ့ဝင်များသည် လုံဟောင်ချန်း ၏ ရှေ့တွင် အစီအရီ ထိုင်နေကြပြီ ဖြစ်သည်။ လုံဟောင်ချန်းမှာ သူတို့ကို ဝှေ့ဝဲကြည့်ကာ မေးလိုက်သည်။
“အားလုံးပဲ… အခြေအနေဘယ်လိုလဲ…. အတိုင်းအတာ တစ်ခုအထိ ပြန်သက်သာလာကြပြီလား … ”
အားလုံးမှာ အသီးသီး ခေါင်းညိတ်ပြကြသည်။ လှည်း အတွင်းပိုင်းသည် ပြည့်ကျပ်နေသော်လည်း နှစ်နာရီကြာ ထွက်ပြေးစဉ် အတွင်း လူတိုင်း လုံလောက်စွာ အနားယူနိုင်ရန် အဆင်ပြေ ချောမွေ့နေဆဲ ဖြစ်သည်။ ယခင် တိုက်ပွဲ အတွင်း သူတို့သည် အစွမ်းထက်ဆုံး ရန်သူ မည်သူ့ကိုမျှ ရင်ဆိုင်ခဲ့ရခြင်း မရှိဘဲ ဒဏ်ရာ အသေးစားများသာ ရရှိခဲ့ကြသည်။ လုချီ နှင့် ဟန်ယု တို့၏ ကုသမှုဖြင့် သူတို့သည် အတော်အတန် ပြန်လည် ကောင်းမွန်လာကြပြီ ဖြစ်သည်။
လုံဟောင်ချန်း သည် ဝမ်းနည်းပူဆွေးမှု အပြည့် ဖြစ်နေသော တျန်းယန် ကို ကြည့်ပြီး အသံနိမ့်ဖြင့် ပြောလိုက်သည် ။
“ငါ စိတ်မကောင်းပါဘူး …. ”
ကုန်သည် အဖွဲ့၏ အစောင့် ခေါင်းဆောင် ဖြစ်သော တျန်းယန် ၏ ဦးလေး တျန်းရွှမ်မှာ မိစ္ဆာ စစ်တပ်၏ ပြင်းထန်သည့် တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားခဲ့သည်။ ပြင်းထန်သော ဝိုင်းရံပိတ်ဆို့မှု ကာလတွင် မည်သူမျှ သူ့ကို ကယ်တင်နိုင်စွမ်း မရှိခဲ့ကြချေ။ တျန်းယန်သည် စကား တစ်ခွန်းမျှ မပြောဘဲ ခေါင်းကိုသာ ငုံ့ထားပြီး သူ၏ မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်နေသည်။ စစ်မာရှန်း သည် သူ၏ ဘေးတွင် ရပ်နေပြီး သူ၏ ကြီးမားသော လက်ကို မြှောက်ကာ တျန်းယန်၏ ပခုံးကို ပုတ်ပေးလိုက်သည်။ မိစ္ဆာများအပေါ် မုန်းတီးမှုသည် ဤအချိန်တွင် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ဝင်များ၏ စိတ်ထဲတွင် အပြင်းအထန် ပေါက်ကွဲထွက်လာသည်။ သူတို့ အထဲတွင် မိစ္ဆာများ၏ လက်ချက်ကြောင့် ဆွေမျိုးသားချင်းများ ဆုံးရှုံးခဲ့ရသူ များလွန်းလှသည်။
“ခေါင်းဆောင် လုံ၊ အဆင်ပြေရဲ့လား။ အစောပိုင်းက တိုက်ပွဲမှာ ခင်ဗျားရဲ့ စွမ်းအင် ကုန်ဆုံးမှုက တကယ်ကို များလွန်းတယ်။ ခင်ဗျား အချိန်တို အတွင်း ပြန်လည် ကောင်းမွန်မလာမှာ ကျွန်တော် စိုးရိမ်တယ်”
လုံဟောင်ချန်း အပြုံးဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ကျွန်တော် ဆက်သွားနိုင်ပါသေးတယ်၊ ကုသပေးတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ် ခေါင်းဆောင် လု”
လုချီ ခေါင်းကို ညင်သာစွာ ခါလိုက်ရင်း ပြော၏။
“ကျွန်တော့်ကို ခေါင်းဆောင်လို့ ခေါ်စရာ မလိုပါဘူး။ အခုက စပြီး ကျွန်တော်တို့မှာ ခေါင်းဆောင် တစ်ယောက်တည်းပဲ ရှိသင့်တယ်။ ကျွန်တော်တို့က ခင်ဗျားတို့ရဲ့ အဆင့် ၂၁ တပ်မှုးအဆင့် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ ရဲ့ လက်အောက်ငယ်သားတွေ အဖြစ် ဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် ခုနကပဲ ကျွန်တော့် အဖွဲ့သားတွေနဲ့ ဒီကိစ္စကို တိုင်ပင်ပြီးပြီ။ ကျွန်တော်တို့ရဲ့ ဆုလာဘ်တွေ အားလုံးနဲ့ ခင်ဗျားတို့ကို ငှားရမ်းခဲ့တဲ့ ကောင်းမှု အမှတ်တွေကိုပါ စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ကြပြီ”
လုံဟောင်ချန်းမှာ မှင်တက်သွားကာ “ခေါင်းဆောင် လု၊ ခင်ဗျား…”
လုချီမှာ အားတင်းကာပြုံးရင်း ပြောလိုက်သည်။
“ခင်ဗျား ကျွန်တော့်ကို ခေါင်းဆောင်လို့ ဆက်ခေါ်နေရင် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ထားစရာ မျက်နှာ ရှိတော့မှာ မဟုတ်ဘူး။ လွတ်လပ်သော ကုန်သည်တွေ နောက် လိုက်ပြီး မိစ္ဆာ နယ်မြေထဲ ဝင်ဖို့က ကျွန်တော်တို့ရဲ့ အကြံဉာဏ်လေ အဖွဲ့တစ်ခုလုံးကို ဒီလို အန္တရာယ်မျိုးနဲ့ ကြုံစေခဲ့တယ်။ ဒါကို ကျွန်တော်တို့ တာဝန်ယူရမယ် ။ တကယ်တော့ ကျွန်တော်တို့ အားလုံး ခင်ဗျားရဲ့ ခေါင်းဆောင်မှု စွမ်းရည်နဲ့ ခွန်အားကို မြင်တွေ့ခဲ့ကြပြီးပြီ။ ခေါင်းဆောင် လုံ …. ခင်ဗျား ဘေးမှာ နေပြီး ဒီမစ်ရှင်ကနေ ရရှိမယ့် အတွေ့အကြုံတွေ အားလုံးနဲ့ ဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး ဒီလောက် အလွန်အကျွံ့ တောင်းဆိုမှုတွေကို ဆက်လုပ်ရဲတော့မှာလဲ”
အစောပိုင်းက တိုက်ပွဲမှာ လုချီ နှင့် နံပါတ် ၄ စစ်သည်အဆင့် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ ၏ အဖွဲ့ဝင်များအတွက် လုံဟောင်ချန်း အပေါ် နက်ရှိုင်းသော အမြင်တစ်ခုကို ကျန်ရစ်စေသည်။ သူတို့သည် ယခင် နံပါတ် ၁ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့မှ အခြား အဖွဲ့ဝင်များနှင့် အတိုင်းအတာ တစ်ခုအထိ နှိုင်းယှဉ်နိုင်ကောင်း နှိုင်းယှဉ်နိုင်လိမ့်မည် ဖြစ်သော်လည်း ၎င်းတို့၏ ခေါင်းဆောင် လုံဟောင်ချန်း ကိုမူ နှိုင်းယှဉ်၍ မရနိုင်သော လေးစားမှု ထားရှိနေကြပြီ ဖြစ်သည်။
***