မိစ္ဆာစစ်တပ်နှင့် ရင်ဆိုင်ခဲ့ရသည့် အခိုက်အတန့်တွေ လုံဟောင်ချန်းမှာ အစွမ်းထက်ဆုံး မိစ္ဆာများကို ရင်ဆိုင်ခဲ့သည်။ ထို့အပြင် ခေါင်းဆောင်တစ်ဦး အနေနှင့် သူ၏ အဖွဲ့အတွက် အရာအားလုံးကို ကြိုတင်စီစဉ် အစီအစဉ် ချကာ သေချာပေါက်နီးပါး သေဆုံးရမည့် အခြေအနေမှ မည်သူ တစ်ဦးတစ်ယောက်မှ ထိခိုက်သေဆုံးခြင်း မရှိပဲ ဖြတ်ကျော်နိုင်အောင် စီစဉ် နိုင်ခဲ့သည်။ မည်သည့်ဘက်မှ ကြည့်သည် ဖြစ်စေ၊ လုံဟောင်ချန်း၏ လုပ်ပုံကိုင်ပုံ ဆောင်ရွက်ပုံများမှာ အထင်ကြီးစရာပင်။ လုချီ၏ စိတ်ထဲတွင် လုံဟောင်ချန်းကို လုံး၀ အသိအမှတ် ပြုလိုက်ပြီဖြစ်သည်။
လုံဟောင်ချန်း ၏ လမ်းညွှန်မှု အောက်တွင် အဆင့် ၂၁ တပ်မှုးအဆင့် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ ၏ တိုက်ခိုက်ရေး စွမ်းအားသည် အပြည့်အဝ ထွက်ပေါ်လာခဲ့ပြီး သူတို့၏ ခွန်အားကို ထိရောက်စွာ ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော် လုံဟောင်ချန်း တစ်ဦးတည်းသည်ပင် သူတို့ အဖွဲ့တစ်ခုလုံးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။ လုချီ သည်လည်း သူ့ကဲ့သို့ ဘုန်းတော်ကြီး တစ်ဦး အနေဖြင့် အဖွဲ့တစ်ဖွဲ့ကို ကွပ်ကဲရန် မည်မျှ စိန်ခေါ်မှု ကြီးမားကြောင်း နားလည်လာခဲ့သည်။ ဘုန်းတော်ကြီးများတွင် တိုက်ခိုက်ရေး စွမ်းအား အချို့ ရှိသော်လည်း သူတို့၏ အရေးကြီးဆုံး အခန်းကဏ္ဍမှာ ကုသပေးခြင်း အပေါ်တွင် စိတ်နှလုံး အပြည့်အဝ နှစ်မြှုပ်ထားရန် ဖြစ်သည်။ သူတို့သည် ရှေ့တန်းတွင် ဆုံးဖြတ်ချက်များ ချမှတ်ရသော သူရဲကောင်း တစ်ဦးနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ သူရဲကောင်း တစ်ဦးကို မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ ၏ အဓိက အရေးပါသူ ဟု ခေါ်ဆိုရခြင်း၏ အကြောင်းရင်းမှာ သူသည် သူ၏ စွမ်းရည်များဖြင့် စစ်မြေပြင် တစ်ခုလုံးကို သက်ရောက်မှု ရှိစေနိုင်သောကြောင့် ဖြစ်သည်။
လုချီ ၏ ရိုးသားမှုကို မြင်သောအခါ လုံဟောင်ချန်း သည် ဖျော့တော့သော အပြုံးတစ်ခုကို ဖော်ပြလိုက်ပြီး ပြောလိုက်သည်။
“ ရောင်ရင်း လု၊ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် လျှော့မတွက်သင့်ပါဘူး။ ကျွန်တော်တို့ အတူတူ ဆုံးဖြတ်ထားတဲ့ ကိစ္စတွေ အပေါ်မှာ ဘာအပြောင်းအလဲမှ ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကတိပေးထားတဲ့ အတိုင်း အရာအားလုံးကို လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့က ဆုလာဘ်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရယူမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပိုလုပ်ရတာ သဘာဝပါပဲ”
“ခေါင်းဆောင် လုံ…”
လုချီမှာ တစ်ခုခု ထပ်ပြောချင်သေးသော်လည်း လုံဟောင်ချန်း ၏ လက်ကာပြမှုကြောင့် ရပ်တန့်သွားခဲ့သည်။
ထို့နောက် လုံဟောင်ချန်း၏ မျက်နှာ အမူအရာက လေးနက်သွားကာ ပြောလိုက်၏။
“အခုက ဒီကိစ္စတွေကို ဆွေးနွေးရမယ့် အချိန် မဟုတ်ဘူး။ ကျွန်တော် ပြောစရာ နှစ်ခုပဲ ရှိတယ်။ ပထမ တစ်ချက် အနေနဲ့ ကျွန်တော် ဒီအပေါ်မှာ အလေးအနက် ပြောချင်တယ်။ စစ်မြေပြင်မှာ လူတိုင်း အမိန့်ကို တိတိကျကျ လိုက်နာရမယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်တည်းရဲ့ အမှားက အဖွဲ့တစ်ခုလုံးကို ပျက်စီးစေနိုင်လို့ပဲ။ မိစ္ဆာတွေက ကျွန်တော်တို့ရဲ့ ရန်သူတွေ ဖြစ်တာ မှန်ပါတယ်။ ကျွန်တော်တို့ အားလုံး မိစ္ဆာတွေကို သတ်ဖို့ အစွမ်းကုန် ကြိုးစားရမယ် ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ရေရှည် စဉ်းစားကြည့်ရင် စိတ်လိုက်မာန်ပါ လုပ်ဆောင်တာက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ ကျွန်တော်တို့ရဲ့ မျိုးနွယ်ဝင်တွေ အတွက် လက်စားချေဖို့ မိစ္ဆာတွေကို ပိုပြီး သတ်ချင်ရင် ပထမဆုံး လုပ်ရမှာက ကျွန်တော်တို့ ကိုယ်တိုင် အသက်ရှင်နေဖို့ပဲ။ ကျွန်တော့်ရဲ့ ကွပ်ကဲမှု အပေါ် ဘယ်သူမဆို မကျေနပ်တာ ရှိရင် စစ်မြေပြင် အပြင်ဘက်မှာ ကန့်ကွက်နိုင်တယ်။ အဲ့ဒီကျရင် ကျွန်တော်တို့ အတူတူ ဆွေးနွေးကြမယ်။ အကယ်၍ ကျွန်တော်က အဖွဲ့တစ်ခုလုံးကို ဦးဆောင်ဖို့ လုံလောက်တဲ့ အရည်အချင်း မရှိဘူး ဆိုရင် ထိုက်တန်တဲ့သူ ဦးဆောင်ဖို့ ကျွန်တော် နေရာဖယ်ပေးဖို့ အသင့်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နောက်တစ်ခါ စစ်မြေပြင်မှာ ပြီးခဲ့တဲ့ အခြေအနေမျိုး ထပ်မဖြစ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ တကယ်လို့ တိုက်ပွဲ အတွင်းမှာ တစ်ယောက်ယောက်က ပြဿနာ ရှာပြီး အဖွဲ့တစ်ခုလုံးရဲ့ ရှင်သန်ရပ်တည်မှုကို ထိခိုက်စေခဲ့ရင် ခင်ဗျားတို့ကို အဖွဲ့ကနေ နှင်ထုတ်ဖို့ ကျွန်တော် တွန့်ဆုတ်နေမှာ မဟုတ်ဘူး ဆိုတာ သိထားပါ”
“ဟုတ်ကဲ့”
ဝမ်းနည်းပူဆွေးနေသော တျန်းယန် အပါအဝင် ၁၂ ဦး စလုံး ကျယ်လောင်စွာ သဘောတူလိုက်ကြသည်။
လုံဟောင်ချန်း ဆက်ပြောသည် ။
“ဒုတိယ အချက်ကတော့ ကျွန်တော်တို့ရဲ့ နောက်ထပ် လှုပ်ရှားမှု အကြောင်းပါ။ ကျွန်တော်တို့ စောစောက ထွက်ပြေးဖို့ အလျင်လိုနေခဲ့တာကြောင့် လမ်းကြောင်းကို မချိန်ညှိခဲ့မိဘူး … ကျွန်တော်တို့မှာ ပြန်လှည့်စရာ လမ်း မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ နာရိခ်ျ မိစ္ဆာ စီရင်စုနယ် ရဲ့ အင်အားကြီး မျိူးနွယ်တွေက ကျွန်တော်တို့ရဲ့ အနောက်ဘက်မှာ ရှိနေလို့ပဲ။ အဲ့ဒီက မိစ္ဆာတွေက လရောင်ည ကုန်သည် အဖွဲ့ ရဲ့ ကုန်ပစ္စည်း အားလုံးကို လုယက်ရဲတယ် ဆိုကတည်းက သူတို့က လူတိုင်းကို နှုတ်ပိတ်ချင်မှာ အသေအချာပဲ။ ဒါကြောင့် ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ပဲ ရှိတော့တယ်။ အခု ကျွန်တော်တို့ မိစ္ဆာ နယ်မြေ အတွင်းပိုင်း ကီလိုမီတာ ၂၀၀ ကျော် အထိ ဝင်ရောက်လာခဲ့ပြီးပြီ။ နာရိခ်ျ စီရင်စုနယ် ရဲ့ နယ်မြေက ရှည်လျားပြီး ကျဉ်းမြောင်းပေမယ့် ဧရိယာ အားဖြင့် သိပ်မကျယ်ပြန့်ပါဘူး။ နောက်ထပ် သုံးနာရီလောက် ဆိုရင် ကျွန်တော်တို့ ဒီ စီရင်စုနယ်ရဲ့ နယ်စပ်ကို ရောက်နိုင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ မိစ္ဆာ နယ်မြေထဲမှာ ရှိနေသရွေ့ ဘယ်တော့မှ လုံးဝ လုံခြုံစိတ်ချရမှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး အားလုံး သတိရှိကြပါ။ အခု ကျွန်တော် အားလုံးရဲ့ သဘောထားကို မေးချင်ပါတယ်။ ကျွန်တော်တို့ မစ်ရှင်ကို ဆက်ပြီး လုပ်ကြမလား။ ဒါမှမဟုတ် လမ်းကြောင်းလွှဲပြီး မဟာမိတ် ဆီ ပြန်ကြမလား”
အစောပိုင်းက တိုက်ပွဲကို ဖြတ်ကျော်ပြီးနောက် လုံဟောင်ချန်းသည် သံသယ ဖြစ်ဖွယ် မရှိဘဲ တညီတညွတ်တည်း သဘောတူညီမှုကို ရရှိထားပြီး ဖြစ်သည်။ သို့သော် သူသည် မိမိသဘောဖြင့် ရှေ့တိုးပြီး အဖွဲ့၏ အနာဂတ် လမ်းကြောင်းကို တစ်ဦးတည်း မဆုံးဖြတ်နိုင်ပေ။ လူတိုင်း၏ အမြင်များကို ပေးခွင့် ပြုရမည် ဖြစ်သည်။ ဤအချက်က လုချီ အား လုံဟောင်ချန်း ကို ပိုမို လေးစားသွားစေခဲ့သည်။ တူညီသော အခြေအနေမျိုးတွင် သူသာ ဆိုလျှင် ဤအချက်ကို တွေးမိလိမ့်မည် မဟုတ်ကြောင်း လုချီ သဘောပေါက်လိုက်သည်။
“ဆက်သွားကြတာပေါ့။ မိစ္ဆာ စစ်တပ်ရဲ့ ဝိုင်းရံပိတ်ဆို့မှုမျိုး ကြုံတွေ့ရဖို့က ဖြစ်နိုင်ခြေ အလွန် နည်းပါတယ်။ သတ္တမအဆင့် ကျော်လွန်တဲ့ မိစ္ဆာတွေနဲ့ မတွေ့သရွေ့ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ကျွန်တော်တို့က တစ်ဒါဇင်လောက်ပဲ ရှိတာဆိုတော့ ကျွန်တော်တို့ကို ရှာတွေ့ဖို့ သိပ်လွယ်ကူမှာ မဟုတ်ဘူး။ မိစ္ဆာ နယ်မြေက အန္တရာယ် များပေမယ့် အန္တရာယ်နဲ့ အခွင့်အလမ်း ဆိုတာ ဒင်္ဂါးပြား တစ်ခုရဲ့ ခေါင်းနဲ့ ပန်း လိုပါပဲ။ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ တစ်ဖွဲ့ ကြီးထွားလာဖို့ ဆိုတာ မိစ္ဆာတွေကို သတ်ဖြတ်ပြီး လျှောက်လမ်းကြရတာပါပဲ”
လုချီ သည် သူ၏ ကိုယ်ပိုင် အမြင်ကို ထုတ်ဖော် ပြောဆိုလိုက်သည်။
လူအများစုမှာ လုချီ၏ စကားကို လက်ခံကြပေသည်။ နာရိခ်ျ စီရင်စုနယ် ရှိ ယခင် တိုက်ပွဲမှ ရရှိခဲ့သော ကြောက်ရွံ့မှုများ ရှိလင့်ကစား မိစ္ဆာနှိမ်နှင်းရေးသမားများသည် သူတို့ မျိုးဆက်၏ လက်ရွေးစင်များ ဖြစ်ကြပြီး အားလုံးသည် မဟာမိတ် အပေါ် သစ္စာရှိမှု၊ မိစ္ဆာများကို တွန်းလှန် တိုက်ခိုက်ရာတွင် သူတို့၏ စိတ်ဓာတ်ခိုင်မာမှုနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုတို့ကို သေချာစေရန် မဟာမိတ် ၏ တင်းကျပ်သော စစ်ဆေးခြင်းကို ဖြတ်သန်းခဲ့ကြရသူများ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ လုံဟောင်ချန်း ၏ ကွပ်ကဲမှု အောက်တွင် သူတို့သည် သူတို့၏ တိုက်ခိုက်ရေး ခွန်အားကို ထိန်းသိမ်းထားနိုင်ခဲ့ရာ ဤကဲ့သို့သော အချိန်တွင် သူတို့ မည်သို့ နောက်တွန့်နေနိုင်မည်နည်း။
လူတိုင်း တူညီသော သဘောထား ရှိသည်ကို မြင်သောအခါ လုံဟောင်ချန်း ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ အရာအားလုံး ဆုံးဖြတ်ပြီးပြီ ဆိုတော့ ကျွန်တော်တို့ရဲ့ လက်ရှိ အကြပ်အတည်းကနေ လွတ်မြောက်ဖို့ နည်းလမ်းကို ချက်ချင်း စဉ်းစားကြရအောင်” ထိုသို့ ပြောရင်း သူသည် သူ၏ ဘေးရှိ လှည်းကို ဝှေ့ယမ်း ကြည့်လိုက်သည်။
နှစ်နာရီကြာ အနားယူပြီးနောက် ယွဲ့ယဲ့ သတိပြန်လည်လာခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်နှာသည် ဖြူရော်နေဆဲ ဖြစ်သော်လည်း သူမ၏ မျက်လုံးများသည် စူးစမ်းလိုစိတ် အချို့ဖြင့် ပြည့်နှက်နေသည်။ ဆေးလုံး အချို့ သောက်ပြီးနောက် သူမသည် လှည်းပေါ်တွင် လန်ရှောင် ဘေး၌ ထိုင်ကာ တစ်စုံတစ်ရာ ပြောဆိုနေသည်။ တစ်နာရီကြာ အနားယူချိန် လျင်မြန်စွာ ကုန်ဆုံးသွားပြီး မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ မှ မိစ္ဆာနှိမ်နှင်းရေးသမားများနှင့် မှော်ဆရာ အနည်းငယ်သည် လှည်းထဲသို့ ဝင်ရောက်သွားကြသော်လည်း လန်ရှောင် နှင့် ယွဲ့ယဲ့ တို့သည် လှည်း၏ အပြင်ဘက် မြင်းများ၏ ရှေ့တွင် ထိုင်နေဆဲ ဖြစ်သည်။
လီရှင်း သည် လုံဟောင်ချန်း နောက်သို့ ဆက်လက် လိုက်ပါခြင်း မရှိဘဲ လှည်းထဲသို့ ဝင်ရောက်သွားသည်။ လုံဟောင်ချန်း သည် ချိူက်အာ ကိုသာ ခေါ်ဆောင်လျက် ယွဲ့ယဲ့ နှင့် လန်ရှောင် တို့ထံသို့ သွားလိုက်သည်။
သူတို့ နှစ်ဦး လာနေသည်ကို မြင်သောအခါ ယွဲ့ယဲ့၏ မျက်နှာထက်တွင် အဓိပ္ပါယ်ရှိသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“မင်းကို ကြည့်ရတာ ငါနဲ့ ဆွေးနွေးချင်နေပုံပဲ … ဒါပေမဲ့ ငါတို့ စကားမစခင် မင်း နာမည်ကို မေးလို့ ရမလား။ ငါ အရင် မိတ်ဆက်ပါရစေ။ ငါ့နာမည်က ယွဲ့ယဲ့ ၊ လရောင်ည ကုန်သည် အဖွဲ့ ရဲ့ လက်ရှိ ခေါင်းဆောင်ပါ သူကတော့ ငါ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း လန်ရှောင် ပါ”
လုံဟောင်ချန်းမှာ အံ့အားသင့်သွားသော်လည်း လျင်မြန်စွာပင် သတိပြန်ဝင်လာသည်။
“တွေ့ရတာ ဝမ်းသာပါတယ် ခေါင်းဆောင် ယွဲ့ယဲ့။ ကျွန်တော့် နာမည်က လုံဟောင်ချန်း ပါ”
“လုံဟောင်ချန်း”
ယွဲ့ယဲ့ သည် ဤ အမည်ကို စဉ်းစားနေပုံ ပေါ်သည်။ လုံဟောင်ချန်း ၏ ခန့်ညားသော မျက်နှာကို ကြည့်ရင်း သူမ ပြုံးကာ မေးလိုက်သည်။
“မင်း အသက် ဘယ်လောက် ရှိပြီလဲ ဆိုတာ ငါ တကယ် သိချင်တယ်။ ပြောပြလို့ အဆင်ပြေမလား”
လုံဟောင်ချန်း ခေါင်းခါလိုက်ပြီး ပြန်ဖြေသည် ။
“တောင်းပန်ပါတယ်၊ အဲ့ဒီ အချက်အလက်ကိုတော့ ကျွန်တော် ထုတ်ဖော်ပြောပြလို့ မရဘူး”
ယွဲ့ယဲ့သည် မဆက်မီ သက်ပြင်း ခပ်ဖွဖွ ချလိုက်သည်။
“ငါ့ရဲ့ ကုန်သည် အဖွဲ့မှာ မင်းလို ထူးချွန်တဲ့ လူငယ် အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက်သာ ရှိခဲ့ရင် ငါတို့ ဒီလို ဆိုးရွားတဲ့ အချိန်မျိုး ကြုံရမှာ မဟုတ်ဘူး။ မင်း ငါတို့ရဲ့ ကုန်သည် အဖွဲ့ဝင် မဟုတ်တာ နှမြောစရာပဲ။ ငါတို့ ကုန်သည် အဖွဲ့ရဲ့ မှတ်တမ်းတွေထဲမှာ လုံဟောင်ချန်း ဆိုတဲ့ နာမည်ကို ငါ လုံးဝ မမှတ်မိဘူး။ ပြီးတော့ ငါတို့ဆီမှာ သူတော်စင် ဝိညာဉ် မီးဖို ပိုင်ဆိုင်ထားတဲ့ ဘယ် သူရဲကောင်းမှ မရှိဘူး ဆိုတာ ငါ သိတယ်။ မင်း ငါတို့ကို ကူညီပေးခဲ့တဲ့ အတွက် တောင်းဆိုချင်တာ တစ်ခုခု ရှိလား”
ထိုစကားကို ကြားသောအခါ လုံဟောင်ချန်းမှာ သက်ပြင်းချကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ရွေးချယ်ရတာ အတော်လေး ခက်ခဲလိမ့်မယ် ခေါင်းဆောင် ယွဲ့ယဲ့”
ဤ အခိုက်အတန့်တွင် လုံဟောင်ချန်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြတ်ပြေးသွားသည်။
“ နင် ဘာလုပ်ဖို့ ကြံစည်နေတာလဲ”
လန်ရှောင်မှာ လုံဟောင်ချန်း၏ အကြည့်များထဲမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိသောအခါ ယွဲ့ယဲ့၏ ရှေ့တွင် ရပ်ကာ ကာကွယ်လိုက်သည်။ တစ်နာရီကြာ အနားယူပြီးနောက် သူမ၏ ကိုယ်ခန္ဓာသည် အတော်အတန် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သည်။ ချိူက်အာမှာ ခြေတစ်လှမ်း ဖြည်းညှင်းစွာ ရှေ့တိုးလာပြီး သူမ၏ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် လန်ရှောင်ကို ချက်ချင်း ပစ်မှတ်ထားလိုက်သည်။
ထိုစဉ် မည်သူမှ မထင်ထားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားသွားသည်။
ဘုန်း ….
ဖြူဖွေးသော လက်ဖဝါး တစ်ဖက်သည် လန်ရှောင် ၏ ကျောဘက်ကို ရိုက်ခတ်လိုက်သည်။ တုန်ယင်မှု တစ်ခုနှင့် အတူ သူမသည် နားမလည်နိုင်သော အကြည့်ဖြင့် ယွဲ့ယဲ့ ကို လှမ်းကြည့်လိုက်ပြီးနောက် သူမ၏ ရင်ခွင်ထဲသို့ သတိလစ်ကာ လဲကျသည်။ ယွဲ့ယဲ့ သည် လန်ရှောင် ၏ ကိုယ်ခန္ဓာကို ပွေ့ဖက်ထားပြီး လှည်းကို မှီထားစေလိုက်သည်။ ထို့နောက် သူမ ခေါင်းမော့ကာ လုံဟောင်ချန်း နှင့် ချိူက်အာ တို့ကို ဂရုမစိုက်သော ပုံစံဖြင့် ကြည့်ကာ ပြောလိုက်၏ ။
“အခု ငါတို့ ကောင်းကောင်း စကားပြောလို့ ရပြီလို့ ငါ ထင်တယ်”
လုံဟောင်ချန်း သည် စိတ်လိုက်မာန်ပါ မလုပ်ဆောင်ရန် အရိပ်အမြွက် ပြသသည့် အနေဖြင့် ချိူက်အာ ၏ လက်ကို ကိုင်ထားလိုက်ပြီး တည်ငြိမ်သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည် ။
“ကျွန်တော် ဘာလုပ်ချင်လဲ ဆိုတာ ခင်ဗျား သေချာပေါက် ခန့်မှန်းမိမှာပါ ခေါင်းဆောင် ယွဲ့ယဲ့၊ ဟုတ်တယ်မလား”
ယွဲ့ယဲ့ သက်ပြင်းချလိုက်သည်။
“နာရိခ်ျ စီရင်စုနယ် က ကောင်စုတ်တွေ နဲ့ အတူတူပဲလေ - လူတိုင်းကို နှုတ်ပိတ်ဖို့၊ ဟုတ်တယ်မလား။ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ ခေါင်းဆောင် လူငယ်လေး”
ထိုစကားကို ကြားသောအခါ လုံဟောင်ချန်း၏ မျက်လုံးများမှာ ချက်ချင်း ကျဉ်းမြောင်းသွားသည်။
“ခေါင်းဆောင် ယွဲ့ယဲ့ က တကယ်ကို ဉာဏ်ကောင်းတာပဲ ….”
ယွဲ့ယဲ့ ခါးသီးစွာ ပြုံးလိုက်သည် ။
“ငါ တကယ်သာ လုံလောက်အောင် ဉာဏ်ကောင်းခဲ့ရင် ဒီတစ်ကြိမ် ကုန်သည် အဖွဲ့ကို ဒီလို အန္တရာယ်မျိုး ကြုံတွေ့အောင် လုပ်မိမှာ မဟုတ်ဘူး။ ငါ ကုန်သည် အဖွဲ့ကို တာဝန်ယူတာ မကြာသေးပေမယ့် ဒီလမ်းကြောင်းကို ဒါဇင်နဲ့ချီပြီး သွားလာခဲ့ဖူးတယ်။ မင်းလို လူငယ် အစွမ်းထက် ပုဂ္ဂိုလ်တွေကို မြင်ရတဲ့အခါ ငါ တွေးမိတာက ကျောင်းတော် မဟာမိတ် ရဲ့ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ တွေ ပဲ ရှိတယ်။ ငါ ခန့်မှန်းတာ မှန်ရင် မင်းဘက်က အချက်ပြလိုက်တာနဲ့ လှည်းထဲမှာ ရှိတဲ့ ငါ့ရဲ့ လက်အောက်ငယ်သားတွေ အားလုံး ချက်ချင်း အသတ်ခံရတော့မယ်၊ ဟုတ်တယ်မလား။ ရှက်စရာ ကောင်းလိုက်တာ၊ မင်းရဲ့ အထောက်အထားကို ငါ မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့ပေမယ့် မင်း ဒီလောက် မြန်မြန် လုပ်ဆောင်လိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး။ မင်းတို့ရဲ့ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ ရဲ့ အဖွဲ့လိုက် ခွန်အားကို ထည့်တွက်ကြည့်ရင် ငါတို့က မင်းတို့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာဖို့ အဝေးကြီး လိုနေသေးတယ် မဟုတ်လား”
လုံဟောင်ချန်းက ဖျော့တော့စွာ ပြုံးလိုက်ပြီး ပြန်ဖြေသည်။
“ခင်ဗျားရဲ့ ဝှက်ဖဲတွေကို လျှို့ဝှက် ထားနိုင်လောက်အောင် ခင်ဗျား ဉာဏ်ကောင်းတာကို ကျွန်တော် မြင်ပါတယ်။ ကျွန်တော် ခန့်မှန်းတာ မမှားဘူး ဆိုရင် ခေါင်းဆောင် ယွဲ့ယဲ့ မှာ စစ်ဘက်ဆိုင်ရာ ကျောထောက်နောက်ခံ ရှိရမယ်။ ပြီးတော့ ခင်ဗျားရဲ့ အဲ့ဒီ နောက်ခံ အင်အားက အတော်လေး ကြောက်မက်ဖွယ် ကောင်းလိမ့်မယ်”
ယွဲ့ယဲ့ ကြောင်ငေးသွားသော်လည်း ၎င်းကို ဖုံးကွယ်ရန် လုံးဝ မကြိုးစားဘဲ စူးစမ်းလိုစိတ်ဖြင့် ပြန်မေးလိုက်သည် ။
“မင်း ဘယ်လို ခန့်မှန်းမိတာလဲ”
လုံဟောင်ချန်း ပြန်ဖြေသည်။
“ ခေါင်းဆောင် ယွဲ့ယဲ့၊ ခင်ဗျားရဲ့ ကိုယ်ပိုင် ခွန်အားက သိပ်မကြီးမားပေမယ့် လနတ်ဆိုးနတ်ဘုရား ကို ဆင်းသက်စေတဲ့ နဝမအဆင့် တားမြစ်မန္တာန် စာလိပ် တစ်ခုကို ထုတ်ယူနိုင်တယ် ဆိုတော့ ခင်ဗျားက လနတ်ဆိုး ကလန် ထဲမှာ အတော်လေး မြင့်မားတဲ့ ရာထူး ရှိရမယ်။ မိစ္ဆာ နတ်ဘုရား ၇၂ ပါး အနက် ဒုတိယ အစွမ်းထက်ဆုံး ဖြစ်တည်မှု အနေဖြင့် လနတ်ဆိုးနတ်ဘုရား ရဲ့ အဆင့်အတန်းကို ထည့်တွက်ကြည့်ရင် နာရိခ်ျ စီရင်စုနယ် က မိစ္ဆာတွေက ခင်ဗျားကို စော်ကားရဲကြတဲ့ အတွက် ခင်ဗျား ဒီကိစ္စကို ဒီအတိုင်း ထားလိုက်မယ်လို့ ကျွန်တော် မယုံဘူး။ ခင်ဗျားရဲ့ ရာထူးကို ထည့်စဉ်းစားရင် လနတ်ဆိုး ကလန် ရဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေ မကြာခင် ရောက်လာသင့်တယ်၊ ကျွန်တော် ပြောတာ မှန်တယ်မလား။ ပြီးတော့ ဒီ လနတ်ဆိုး ကလန် က အစွမ်းထက် ပုဂ္ဂိုလ်တွေက ကျွန်တော်တို့လို သေးငယ်တဲ့ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ တွေ ယှဉ်ပြိုင်နိုင်မယ့် အရာမျိုး မဟုတ်လောက်ဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အထောက်အထားကို လျှို့ဝှက် ထားဖို့ အတွက် ခင်ဗျားကို ဆန့်ကျင် လုပ်ဆောင်ရုံကလွဲပြီး ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ကျွန်တော့် ခန့်မှန်းချက် မှားနေရင်တောင်မှ ကျွန်တော် ကျွန်တော့် ရဲဘော်တွေကို ဒီလို အန္တရာယ်မျိုးနဲ့ ကြုံတွေ့စေမယ့် စွန့်စားမှုကို မပြုလုပ်နိုင်ဘူး”
ယွဲ့ယဲ့ သည် လုံဟောင်ချန်း ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။ သူမမှာ ချိူက်အာထက်ပင် ပိုမို လှပလေရာ ပြုံးလိုက်သည့် အချိန်တွင် သူမ၏ ကြည့်လဲ့နေသော ခရမ်းမျက်ဝန်းများမှာ ထူးခြားသော ဆွဲဆောင်မှုနှင့် မြင့်မြတ်မှုတို့ကို ပေးစွမ်းလေသည်။
“မင်းက ငါ တွေ့ဖူးသမျှ သူရဲကောင်းတွေ ထဲမှာ အထူးချွန်ဆုံးပဲ။ ပြီးတော့ ငါ သူရဲကောင်းတွေ အများကြီးနဲ့ တွေ့ဖူးတယ်။ ငါသာ ဩဇာအာဏာရှိတဲ့ မိစ္ဆာတစ်ယောက် ဖြစ်ပြီး မင်းလို ထူးချွန်ပြီး ငယ်ရွယ်တဲ့ သူရဲကောင်း တစ်ယောက် ရှိနေတာကို သိခဲ့ရင် ငါ လုပ်နိုင်တုန်းမှာ မင်းကို သတ်ဖို့ ဘယ်လို တန်ဖိုးမျိုးမဆို ပေးဆပ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ အဲ့လိုမဟုတ်ရင် မင်းရဲ့ အနာဂတ်က မိစ္ဆာမျိုးနွယ် အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်ခြေ ရှိတယ်”
လုံဟောင်ချန်းက သူမကို အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားက မိစ္ဆာ မဟုတ်ဘူးလို့တော့ ကျွန်တော့်ကို မပြောနဲ့နော်။ ခင်ဗျားရဲ့ မျက်လုံး အရောင်က ခင်ဗျားကို သစ္စာဖောက်နေပြီ၊ လနတ်ဆိုး ကလန် ရဲ့ မိန်းကလေး …. ”
***