ယွဲ့ယဲ့မှာ သူမ၏ လက်ကို မြှောက်ကာ ညာဘက်လက်သည်းဖြင့် ဘယ်ဘက် လက်ကောက်ဝတ်ကို ဒဏ်ရာ ရစေကာ သွေးတစ်စက် ထွက်ပေါ်လာစေသည်။ ထိုအခါ သူ၏ ဖြူဖွေးသော လက်ကောက်ဝတ်ထက်တွင် အနီရင့်ရင့် သွေးတစ်စက် စီးကျလာ၏။
သူမ၏ လက်ကောက်ဝတ်မှ စီးကျလာသည့် သွေးကိုမြင်သောအခါ လုံဟောင်ချန်းနှင့် ချိူက်အာ နှစ်ဦးစလုံး အလွန်အံ့အားသင့်သွားကြသည်။ အဆင့်မြင့် မိစ္ဆာများသည် လူသားများနှင့် အလွန် တူညီသော ပုံပန်းသဏ္ဍာန်ကို ယူဆောင်နိုင်သော်လည်း သူတို့၏ လက္ခဏာ အချို့သည် လူသားများနှင့် ကွဲပြားနေဆဲ ဖြစ်သည်။ မိစ္ဆာများနှင့် လူသားများ အကြား တစ်ခုတည်းသော အရေးကြီးသည့် ပြင်ပ ကွာခြားချက်မှာ သူတို့၏ သွေး တွင် တည်ရှိသည်။ မည်သည့် မိစ္ဆာမဆို၊ မည်သည့် မျိုးနွယ်စုဝင် ဖြစ်ပါစေ အနီရောင် သွေး ရှိမည် မဟုတ်ပေ။ အချို့တွင် ခရမ်းရောင်၊ အပြာရောင်၊ အစိမ်းရောင် သို့မဟုတ် အနက်ရောင် သွေးများ ရှိကြသော်လည်း မည်သူမျှ အနီရောင် သွေး မရှိကြချေ။
ယွဲ့ယဲ့ သည် သူမ၏ အထောက်အထားကို သက်သေပြရန် လက်တွေ့ လုပ်ဆောင်ပြခဲ့သည်။ သူမ၏ သွေးသည် အနီရောင် ဖြစ်သောကြောင့် သူမသည် မိစ္ဆာစစ်စစ် မဖြစ်နိုင်ပေ။ သူမ၏ ဘယ်ဘက်လက်မှ ဒဏ်ရာကို သုတ်လိုက်ပြီးနောက် သွေးစီးဆင်းမှု ရပ်တန့်သွားကာ ယွဲ့ယဲ့ က လုံဟောင်ချန်း ကို ပြောလိုက်သည် ။
“အမှန်တိုင်း တိတိကျကျပြောရရင် ကျွန်မက လူသားနဲ့ မိစ္ဆာ သွေးနှောပဲ။ အမေက လူသား တစ်ယောက် ၊ ပြီးတော့ အဖေဆီက ရရှိခဲ့တဲ့ အမွေအနှစ် အပြင် အမေရဲ့ လူသား သွေးကိုလည်း အမွေဆက်ခံခဲ့တယ်။ ဒါကြောင့် ကျွန်မကို လူသားတစ်ပိုင်းလို့ သတ်မှတ်နိုင်တယ်။ ပြီးတော့ ကျွန်မ အဖေက လက်ရှိ လနတ်ဆိုးနတ်ဘုရား ပဲ။ ဒါပေမဲ့ ကျွန်မရဲ့ သွေးနှော အမွေအနှစ်ကြောင့် သူ့ရဲ့ နေရာကို ဆက်ခံပြီး နောက်ထပ် လနတ်ဆိုးနတ်ဘုရား ဖြစ်လာဖို့ အရည်အချင်း မပြည့်မီခဲ့ဘူး။ အဲ့ဒီ အကြောင်းရင်းကြောင့်ပဲ လရောင်ည ကုန်သည် အဖွဲ့ ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာပါ”
ထိုအချိန်တွင် သူမ ရုတ်တရက် နူးညံ့သော အပြုံးတစ်ခုကို ဖော်ပြလိုက်သော်လည်း ဤ ဆွဲဆောင်မှု ရှိသော အပြုံးသည် ဝမ်းနည်းမှု အရိပ်အယောင် အချို့ သယ်ဆောင်ထားသည်။
“ ကျွန်မက အရည်အချင်း ပြည့်မီတဲ့ လွတ်လပ်သော ကုန်သည် တစ်ယောက်ပါ။ ပြီးတော့ ကျွန်မ စိတ်ရင်း အမှန်က မိစ္ဆာတွေ အပေါ်မှာရော၊ လူသားတွေ အပေါ်မှာရော သံယောဇဉ် တွယ်တာမှု မရှိပါဘူး။ ဒါကြောင့် မိစ္ဆာတွေကို တိုက်ခိုက်ဖို့ လူသားတွေကို ကူညီမှာ မဟုတ်သလို လူသားတွေကို တိုက်ခိုက်ဖို့ မိစ္ဆာတွေကိုလည်း ကူညီမှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှင်တို့ကတော့ ကွဲပြားတယ်။ ရှင်တို့သာ အချိန်မီ ပေါ်မလာခဲ့ရင် အခုချိန်ဆို ကျွန်မ အလောင်းကောင် တစ်ခု ဖြစ်နေလောက်ပြီ။ ရှင်တို့ ဝင်စွက်ဖက်ခဲ့တဲ့ ရည်ရွယ်ချက်က ဘာပဲ ဖြစ်ဖြစ် ရှင်တို့က ကျွန်မရဲ့ အသက်သခင် ကျေးဇူးရှင်တွေ ဆိုတဲ့ အချက်ကို ပြောင်းလဲလို့ မရပါဘူး။ ဒီ အကြောင်းပြချက်ကြောင့် ကျွန်မကို သတ်လိုက်တာထက်စာရင် အရှင်ထားတာက ရှင်တို့ အတွက် ပိုပြီး အသုံးဝင်လိမ့်မယ် …. ”
ထိုသို့ပြောပြီးနောက် ယွဲ့ယဲ့ ခေတ္တ ရပ်လိုက်ပြီး လုံဟောင်ချန်း ကို နက်ရှိုင်းသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“ခေါင်းဆောင် လုံ၊ ရှင်က အရမ်း ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ။ လနတ်ဆိုးနတ်ဘုရား ရဲ့ သမီး၊ လနတ်ဆိုး ကလန် ရဲ့ မင်းသမီး တစ်ပါး အနေနဲ့ ကျွန်မမှာ မိစ္ဆာ နတ်ဘုရား ရာထူးကို ဆက်ခံခွင့် မရှိပေမယ့် မိစ္ဆာတွေ ကြားမှာ ကျွန်မရဲ့ အဆင့်အတန်းက အရေးပါတယ်။ ကျွန်မကို သတ်လိုက်လို့ ရှင်တို့ ဘာ ကောင်းမှု အမှတ်မှ ရမှာ မဟုတ်ပေမယ့် လွှတ်ပေးလိုက်မယ် ဆိုရင် ရှင်တို့ရဲ့ အနာဂတ် မိစ္ဆာ နှိမ်နှင်းရေး မစ်ရှင်တွေ အတွက် အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ရှင်တို့က ကျွန်မရဲ့ အသက်သခင် ကျေးဇူးရှင်တွေ ဖြစ်ပြီး ဒီအချက်ကို ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”
“ဒါပေမဲ့ ဒီလို ကတိတွေကို ယုံကြည်ဖို့ ရှင်တို့ အတွက် ခက်ခဲမယ် ဆိုတာ ကျွန်မ သိပါတယ်။ ပြီးတော့ ရှင်တို့က မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ ဖြစ်တဲ့ အတွက် ကန့်သတ် ထိန်းချုပ်နိုင်မယ့် နည်းလမ်း တစ်ချို့ ရှိမှာပဲ။ အဲ့ဒီ နည်းလမ်းတွေ ကျွန်မအပေါ် အသုံးပြုလိုက်ပါ။ ကျွန်မ အသက်ကို ကာကွယ်ဖို့ အတွက်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရှင်တို့ အပေါ် တင်ရှိနေတဲ့ ကျေးဇူးကြွေးကို ဆပ်ဖို့ပဲ ဖြစ်ဖြစ် ကျွန်မ ရှင်တို့ကို ခွင့်ပြုပေးရမှာပါပဲ။ ဒါပေမဲ့ ကျွန်မ သူငယ်ချင်း လန်ရှောင် ကိုတော့ မထိခိုက်စေဖို့ တောင်းဆိုချင်ပါတယ်။ သူက ရှင်တို့ အကြောင်း ဘာမှ မသိပါဘူး။ သူက ကျွန်မနဲ့ အတူ အပျော်လိုက်လာတာပါ၊ ဒါပါပဲ။ ကျွန်မ သူ့ကို သတိလစ်အောင် လုပ်လိုက်ရတဲ့ အကြောင်းရင်းက သူ အသက်ဆက်ရှင်နိုင်ဖို့ အတွက် ဒီအရာတွေ အားလုံးကို မသိစေချင်လို့ပါ”
ယွဲ့ယဲ့ ကို ကြည့်ရင်း လုံဟောင်ချန်း ရုတ်တရက် ကြီးမားသော ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ သူမ ပြောသည်များ မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ ဤ မိန်းကလေးသည် အလွန် ပါးနပ်လွန်းလှသည်။ လုံဟောင်ချန်း ၏ အတွေးများ အားလုံးကို သူမ ပြီးပြည့်စုံစွာ တွက်ချက်ထားသည်ဟု ဆိုနိုင်ပြီး သူမ၏ စကားလုံး ရွေးချယ်မှုများသည် သူ၏ တွန့်ဆုတ်မှုများကို ဖယ်ရှားရန် ပြီးပြည့်စုံသော အဖြေ ဖြစ်နေသည်။
မျက်လုံး နှစ်လုံးကို မှိတ်လိုက်ပြီး လုံဟောင်ချန်း လေးနက်သော လေသံဖြင့် မေးလိုက်သည်။
“မင်းကို အရှင်ထားလိုက်မယ် ဆိုရင် မင်း ငါတို့ကို ဘယ်လို အကူအညီ ပေးနိုင်မှာလဲ”
ယွဲ့ယဲ့ နှိမ့်ချသော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ သူမ လုံဟောင်ချန်း ကို စည်းရုံးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သူမ သိလိုက်သည် ။
“မိစ္ဆာ နယ်မြေထဲကို လူသားတွေ ထိုးဖောက် ဝင်ရောက်ဖို့ ကူညီရာမှာ လွတ်လပ်သော ကုန်သည်တွေထက် ဘယ်သူမှ ပိုပြီး မကျွမ်းကျင်ပါဘူး။ လနတ်ဆိုး ကလန် က ကျွန်မရဲ့ စစ်ကူတွေ ရောက်လာတာကို ရှင်တို့ထဲက ဘယ်သူမှ စောင့်ချင်မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ရှင်တို့ရဲ့ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲဖို့ ကူညီပေးနိုင်တဲ့ အထူး ပစ္စည်းတွေ ရှိတယ်၊ အဲ့တာက ရှင်တို့ကို အထက်တန်းလွှာ မိစ္ဆာတွေရဲ့ ပုံစံကို ရရှိစေလိမ့်မယ် … ဒါ့အပြင် ဒီ လှည်းထဲမှာ မရှိမဖြစ် လိုအပ်တဲ့ တခြား ပစ္စည်းတွေ အများကြီး ရှိပါသေးတယ်။ ရှင်တို့ လုပ်ရမှာက အနီးဆုံး မြို့ကို ရောက်အောင်သွားဖို့ပဲ၊ ပြီးရင် မိစ္ဆာ နယ်မြေထဲကို ထိုးဖောက်ဝင်ရောက်ပြီး ရှင်တို့ရဲ့ ပစ်မှတ် နေရာကို အားစိုက်ထုတ်စရာ မလိုဘဲ ရောက်ရှိနိုင်ပါလိမ့်မယ်…”
လုံဟောင်ချန်း တွန့်ဆုတ်နေမိသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မိစ္ဆာ နယ်မြေထဲသို့ လျှို့ဝှက်စွာ ထိုးဖောက်ဝင်ရောက်ရန် အကောင်းဆုံး နည်းလမ်းမှာ သံသယ ဖြစ်ဖွယ် မရှိဘဲ ယွဲ့ယဲ့ နှင့် သူမ၏ အဖွဲ့ကို နှုတ်ပိတ်လိုက်ခြင်း ပင် ဖြစ်သည်။ သို့သော် ယွဲ့ယဲ့ ၏ စွမ်းရည်နှင့် ပတ်သက်ပြီး သူ စိုးရိမ်နေမိသည်။ သူမ ၌ မည်ကဲ့သို့သော မှော်စာလိပ်များ သို့မဟုတ် လက်နက်များ ကျန်ရှိနေသေးသည်ကို မည်သူ သိနိုင်မည်နည်း။ ချိူက်အာ နှင့် သူ ပင်လျှင် သူမကို ကိုင်တွယ်ဖြေရှင်းပြီး ထိခိုက်မှု မရှိဘဲ ပြန်ဆုတ်နိုင်မည်ဟု အာမခံချက် မရှိပေ။ ပို၍ အရေးကြီးသည်မှာ ယွဲ့ယဲ့ သည် သာမန် အရိုင်းအစိုင်း မိစ္ဆာ တစ်ကောင် မဟုတ်ပေ။ သူမကို လွှတ်ပေးလိုက်ခြင်းသည် သူတို့ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် အလွန် အကျိုးရှိလိမ့်မည်။ ဤ အကျိုးကျေးဇူးများက လုံဟောင်ချန်း ကို အတော်လေး တွန့်ဆုတ်စေ၏။
“ဟောင်ချန်း၊ ငါ သူ့ကို သီးသန့် စကားပြောချင်တယ်”
ထိုစဉ် လုံဟောင်ချန်း ဘေးတွင် ထိုင်နေခဲ့သော ချိူက်အာ ရုတ်တရက် ပြောလိုက်သည်။
လုံဟောင်ချန်း အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည် ။
“ကောင်းပြီလေ”
ချိူက်အာက ယွဲ့ယဲ့ ကို လက်ယပ်ခေါ်ကာ ပြောလိုက်သည်။
“ငါ့ နောက်လိုက်ခဲ့”
ချိူက်အာ ၏ ကြည်လင်ပြီး ခံစားချက် ကင်းမဲ့သော မျက်လုံးများကို မြင်လိုက်ရသောအခါ ယွဲ့ယဲ့ သည် သူမ၏ တွက်ချက်ထားသည့် ယုံကြည်မှုများ အနည်းငယ် ယိုင်နဲ့ သွားသကဲ့သို့ ခံစားလိုက်ရသည်။ လုံဟောင်ချန်း ဘေးတွင် ရပ်နေပြီး မျက်နှာဖုံး စွပ်ထားသော ဤ မိန်းကလေးသည် များစွာ ပို၍ အန္တရာယ် များသည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။ လုံဟောင်ချန်း သည် စွမ်းအားကြီးပြီး အလွန် ဉာဏ်ကောင်းသော်လည်း သူမ သူ့ကို စည်းရုံးနိုင်သေးသည်။ သို့သော် ချိူက်အာ ရပ်နေပုံမှာ သူမကို အချိန်မရွေး ထိုးစိုက်နိုင်သော အေးစက်ပြီး ခံစားချက် မရှိသည့် ဓားသွား တစ်လက်ကဲ့သို့ပင်။
ယွဲ့ယဲ့ သည် လုံဟောင်ချန်း ကို လှမ်းကြည့်လိုက်သော်လည်း သူ့ထံမှ မည်သည့် တုံ့ပြန်မှုမှ မမြင်ရသဖြင့် စိတ်ထဲတွင် စိတ်ပျက်သွားသော်လည်း ချိူက်အာ နောက်သို့ လိုက်ပါသွားခဲ့သည်။ ချိူက်အာ သည် သူမကို ခြေလှမ်း ၂၀ ခန့် အကွာအဝေးရှိ နေရာ တစ်ခုကို ခေါ်သွားပြီးနောက် ရပ်တန့်လိုက်ပြီး လှည့်ကာ ယွဲ့ယဲ့ ကို မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။
“နင့်မှာ လူသား သွေးနှောနေတာကို ထောက်ထားပြီး ငါတို့ နင့်အပေါ် သက်ညှာပေးခဲ့တယ်။ ဒါပေမဲ့ ဘယ်လို လှည့်ကွက်မျိုးမဆို သုံးဖို့ ကြိုးစားတာက နင့်ရဲ့ အသက်ကို အဆုံးသတ်စေတာက လွဲပြီး ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး”
ထိုသို့ ပြောလိုက်ရင်း ချိူက်အာ ၏ ဘယ်လက်သည် ရုတ်တရက် လှုပ်ရှားသွားပြီး ယွဲ့ယဲ့ ၏ ရင်ဘတ်ဆီသို့ တည့်တည့် တိုးဝင်သွားသည်။
ယွဲ့ယဲ့ လန့်ဖျပ်သွားပြီး ဤ ‘တိုက်ခိုက်မှု’ ကို ရှောင်တိမ်းရန် မသိစိတ်မှ ကြိုးစားလိုက်သော်လည်း ချိူက်အာ သည် ရုတ်တရက် ပုံရိပ်ယောင် ဖြစ်သွားသည်။ ချက်ချင်းဆိုသလို သူမ၏ ကိုယ်ခန္ဓာကို ဝန်းရံထားသော အရာ အားလုံး ပျောက်ကွယ်သွားသကဲ့သို့ ယွဲ့ယဲ့ ခံစားလိုက်ရပြီး အဆုံးမဲ့ ပျက်သုန်းခြင်းကို ခံစားလိုက်ရသည်။
ဒါ ဘာစွမ်းအားလဲ။
ယွဲ့ယဲ့ အလွန် ထိတ်လန့်သွားပြီး သူမ၏ အရိုးများ အားလုံး ရေခဲကဲ့သို့ အေးစက်သွားကာ ပတ်ဝန်းကျင်သည် မီးခိုးရောင် ပြောင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သေးငယ်ပြီး ရေခဲတမျှ အေးစက်သော လက်တစ်ဖက်သည် သူမ၏ ရင်ဘတ်ပေါ်တွင် အမှတ်အသား တစ်ခု ချန်ထားလိုက်သည်။ သူမ၏ ရင်ဘတ်တွင် စူးရှသော အရာတစ်ခုကို ခံစားလိုက်ရပြီး ယွဲ့ယဲ့ သနားစဖွယ် အော်ဟစ်လိုက်ကာ တစ်ခဏချင်းတွင် ပုံခနဲ လဲကျသွားသည်။
လျင်မြန်စွာ ရောက်ရှိလာပြီးနောက် ဤ သတ်ဖြတ်လိုစိတ်သည် လျင်မြန်စွာပင် ပျောက်ကွယ်သွားသည်။ မီးခိုးရောင် မြင်ကွင်း ပျောက်ကွယ်သွားပြီးနောက် ချိူက်အာ သည် ဘာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ သူမ ရှေ့တွင် နောက်တစ်ကြိမ် ပြန်လည် ပေါ်လာသည်။ ယွဲ့ယဲ့ သည် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးကို ကြည့်ရင်း တွေဝေသွားသည်။ သူမ အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင် ခုနက တိုက်ခိုက်မှုကို ရှောင်ရှားနိုင်မည်လား ဟူ၍သာ တွေးတောနေမိသည်။ အဖြေက မသေချာပေ။ အဝေးမှ တိုက်ခိုက်သော တိုက်ပွဲတွင် သူမ၌ အခွင့်အရေး ရှိကောင်း ရှိနိုင်သော်လည်း ဤကဲ့သို့ အကွာအဝေးတွင် သူမ၏ ခွန်အား ပို၍ ကြီးမားနေလျှင်တောင်မှ သူမသည် ဤ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ဘယ်လောက် အစွမ်းထက်တဲ့ လုပ်ကြံသတ်ဖြတ်သူလဲ။
ရွှေရောင် ငှက်မိစ္ဆာအား ဒဏ်ရာ ရအောင် လုပ်နိုင်သည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။ သူမမှာ လုံဟောင်ချန်းထက် နည်းနည်းလေးမှ အားမနည်းချေ။
ထိုသို့ တွေးပြီးနောက် ယွဲ့ယဲ့မှာ သူမ ကိုယ်ခန္ဓာပေါ်ရှိ ပြောင်းလဲမှုများကို ခံစားကြည့်လိုက်ရာ ကြောက်ရွံ့မှုကြောင့် ဖြူရော်သွားသည်။ အကြောင်းမှာ အပ် တစ်မျိုးမျိုးသည် သူမ၏ နှလုံးနားတွင် အမှန်တကယ် ကျန်ရစ်နေခဲ့သည်ကို တုန်လှုပ်စွာ တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။ ၎င်းသည် သေးငယ်ပြီး လုံးဝ မီးခိုးရောင် ဖြစ်ကာ တောက်ပနေသော ထိုးဖောက်နိုင်စွမ်းရှိသည့် အပ်တစ်ချောင်း ဖြစ်သည်။ သူမ၏ နှလုံး ရှေ့တွင် အလွန် သေးငယ်သော အက်ကွဲကြောင်း တစ်ခု ကျန်ရစ်ခဲ့သည်။ ဤသည်မှာ ရှင်းလင်းစွာပင် စုစည်းထားသော စိတ်ဝိညာဉ် စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော အပ်ငယ်လေး တစ်ချောင်း ဖြစ်သည်။ ရံဖန်ရံခါ ထွက်ပေါ်လာသော အေးစက်မှုမှ လွဲ၍ ၎င်းသည် သူမ၏ ကိုယ်ခန္ဓာကို အန္တရာယ် ပေးမည့်ပုံ မပေါ်ချေ။
သို့သော် ဤ ခံစားမှုသည် မျက်နှာပြင် ပေါ်တွင်သာ ရှိနေသည်မှာ ထင်ရှားသည်။ သူမ၏ နှလုံးပေါ်တွင် ထားရှိသော ထိုကဲ့သို့သော အရာတစ်ခုသည် မည်သို့ အမှန်တကယ် လုံးဝ အန္တရာယ်ကင်းနိုင်မည်နည်း။ ယွဲ့ယဲ့ အတော်လေး မျက်နှာ ပျက်ယွင်းသွားသည်။ သူမကို အလွန် ဉာဏ်ကောင်းသည်ဟု ပြောနိုင်သည်။ လုံဟောင်ချန်း ၏ ကြင်နာတတ်သော စရိုက်ကို မြင်ပြီးနောက် သူမသည် သူမ၏ ကိုယ်ခန္ဓာကို ကန့်သတ်ချုပ်ချယ်ရန် လုံဟောင်ချန်း ကို အကြံပြုခဲ့ပြီး သူ့ကို ရင်ဆိုင်ရသည့် အတွက် အတော်လေး ကံကောင်းသည်ဟု ခံစားခဲ့ရသည်။ သို့သော် ယခုတွင်မူ ဤ ကံကောင်းသည် ဟူသော ခံစားချက် ရှင်းလင်းစွာ မရှိတော့ပေ။
ထိုစဉ် ချိူက်အာက ဂရုမစိုက်သော ပုံစံဖြင့် ပြောလိုက်သည် ။
“ငါ နင့်ကို အကြံတစ်ခု ပေးမယ်။ နင့်ရဲ့ ကိုယ်ထဲမှာ ငါ ထားခဲ့တဲ့ ကန့်သတ်ချက်ကို ဖယ်ရှားဖို့ မကြိုးစားပါနဲ့။ ဒီ ကမ္ဘာပေါ်မှာ အဲဒါကို ဖယ်ရှားနိုင်တဲ့သူက ငါ တစ်ယောက်တည်းပဲ ရှိတယ်။ မိစ္ဆာနတ်ဘုရား ဧကရာဇ် တောင်မှ အဲဒါကို ဖယ်ရှားဖို့ မဖြစ်နိုင်ဘူး။ သူ့ကို ကံစမ်းခိုင်းကြည့်တာက အလောင်းကောင် တစ်ခု ကျန်ရစ်စေရုံပဲ ဖြစ်လိမ့်မယ်”
ယွဲ့ယဲ့ ကြားရသလောက် ဤသည်မှာ ခြိမ်းခြောက်မှု တစ်ခု မဟုတ်ပေ။ ချိူက်အာ ၏ အသံသည် အလွန် တည်ငြိမ်နေပြီး အမှန်တရားကို ဖော်ပြရုံ သက်သက်သာ ဖြစ်သည်။ ထို့အပြင် သူမသည် ဗဟုသုတ ကြွယ်ဝပြီး အတွေ့အကြုံ ရှိသူ တစ်ဦး ဖြစ်ရာ ဤကဲ့သို့သော ကန့်သတ်ချက် မျိုးကို ယခင်က မမြင်ဖူးသည် မဟုတ်ပေ။
ချိူက်အာ လှည့်ထွက်သွားပြီး ရှေ့သို့ လျှောက်လှမ်းကာ လုံဟောင်ချန်း ဘေးသို့ ပြန်ရောက်လာသည်။ ယွဲ့ယဲ့ သည် မြေကြီးပေါ်မှ ထရပ်လိုက်ပြီး သူမ၏ ညာလက်ကို ဘယ်ဘက် ရင်အုံပေါ်တွင် တင်ကာ အသက်ပြင်းပြင်း ရှူနေရင်း ချိူက်အာ ထံသို့ ဦးတည်ထားသော သူမ၏ အကြည့်များသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ချိူက်အာ သည် လုံဟောင်ချန်း ကို ခေါင်းညိတ်ပြလိုက်ပြီး စကား အနည်းငယ် ပြောလိုက်သည်။ လုံဟောင်ချန်း သည် တုံ့ပြန်သည့် အနေဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ယွဲ့ယဲ့ ကို ကြည့်လိုက်သည်။
“ကျွန်တော်တို့ ခင်ဗျားရဲ့ အဆိုပြုချက်ကို လက်ခံပါတယ်။ အခု ကျွန်တော်တို့ အတွက် အထောက်အကူ ဖြစ်စေမယ့် ပစ္စည်းတွေကို ပေးပါ။ ကျွန်တော် ခင်ဗျားနဲ့ လန်ရှောင် ရဲ့ အသက်ကို ချမ်းသာပေးမယ်”
ယွဲ့ယဲ့ ၏ မျက်နှာ ဖြူရော်နေသည် ။
“ဒါဆိုရင် ဒီ ကန့်သတ်ချက်ကို ဘယ်လို ဖယ်ရှားနိုင်မလဲ”
ချိူက်အာ တည်ငြိမ်သော အဖြေကို ပေးလိုက်သည် ။
“နင် ငါနဲ့ တစ်နှစ် တစ်ကြိမ် တွေ့ဆုံနိုင်ပြီး ငါ ဘေးကင်း လုံခြုံနေသရွေ့ ဒီ ကန့်သတ်ချက်က ဘယ်တော့မှ ပေါက်ကွဲမှာ မဟုတ်ဘူး။ မင်း ဒီ ကန့်သတ်ချက်ကို လုံးဝ ဖယ်ရှားချင်တယ် ဆိုရင်တော့ မိစ္ဆာမျိုးနွယ် တစ်ခုလုံး လုံးဝ ပျက်သုဉ်းသွားပြီးမှပဲ ဖြစ်နိုင်လိမ့်မယ်”
“နင်…” ယွဲ့ယဲ့ နောက်ဆုံးတွင် ဒေါသ ပေါက်ကွဲသွားသည်။
ချိူက်အာက အေးစက်စွာ ဝှေ့ယမ်း ကြည့်လိုက်သည်။
“နင့်မှာ ကန့်ကွက်နိုင်တဲ့ အရည်အချင်း ရှိလို့လား”
ယွဲ့ယဲ့ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမ၏ ဒေါသကို လျှော့ချလိုက်သည်။ သူမ မသေချင်ပေ။ ၎င်းသည် သဘာဝကျသော ကိစ္စပင်။ ဤ လောကတွင် မည်သူမဆို ကိုယ့်အသက် ကိုယ် တန်ဖိုးထားကြသည်သာ။
“ငါ နားလည်ပါပြီ”
ထိုသို့ ပြောလိုက်ရင်း ယွဲ့ယဲ့ ၏ လက်ချောင်းရှိ ပတ္တမြားရောင် လက်စွပ် လက်ခနဲ ဖြစ်သွားပြီး ပစ္စည်း တစ်ခုပြီး တစ်ခု ထွက်ပေါ်လာကာ သူမသည် လုံဟောင်ချန်း နှင့် ချိူက်အာ အား ၎င်းတို့၏ အသုံးပြုပုံများကို ရှင်းပြလိုက်သည်။
တစ်မိနစ် ကြာပြီးနောက် လုံဟောင်ချန်း သည် ယွဲ့ယဲ့ ပေးသော ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။
“ကူညီပေးတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ်။ တစ်နေ့ကျရင် လူသားတွေ ဘက်ကို ဝင်ဖို့ ခင်ဗျား စိတ်ကူးမိတယ် ဆိုရင် အဲ့ဒါက ကျွန်တော်တို့ အတွက် အရမ်း ကောင်းမွန်တဲ့ အရာ တစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ခင်ဗျား ကိုယ်ထဲမှာ ထားခဲ့တဲ့ ကန့်သတ်ချက် အတွက် စိတ်မပူပါနဲ့။ တစ်နေ့ကျရင် လူသားတွေ အပေါ် ခင်ဗျားရဲ့ သစ္စာစောင့်သိမှုကို ပြသနိုင်ရင် ကျွန်တော်တို့ အဲ့ဒါကို ခင်ဗျား အတွက် ဖယ်ရှားပေးပါ့မယ်။ ဒီနေရာက မလုံခြုံဘူး၊ ခင်ဗျားတို့ အမြန်ဆုံး ထွက်သွားသင့်တယ်”
ယွဲ့ယဲ့က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး လုံဟောင်ချန်း ကို ကြည့်လိုက်ကာ ချိူက်အာ ကို ဆက်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် စိတ်အတက်အကျများ ဖြစ်နေသည်ကို တွေ့နိုင်ပေသည်။ သူမမှာ မျက်ခုံးများ တွန့်ချိူးလျက် စိတ်ဒုက္ခရောက်နေသော အမူအရာ တစ်ခု ဖြစ်ပေါ်လာကာ သူမအား ချစ်စဖွယ် ကောင်းသော်လည်း သနားစရာ ကောင်းသော ပုံစံ ပေါက်စေသည်။
“ရှင်တို့ မသွားခင် ကျွန်မကို ကိစ္စ တစ်ခုလောက် ကူညီပေးလို့ ရမလား” - ယွဲ့ယဲ့ အသံနိမ့်ဖြင့် တောင်းပန်လိုက်သည်။
***