ယွဲ့ယဲ့ကို ကြည့်ရင်း လုံဟောင်ချန်း စိတ်ထဲတွင် တုန်လှုပ်သွား၏။ မည်သို့ပင် ဆိုစေကာမူ လုံဟောင်ချန်းမှာ ငယ်ရွယ်ပြီး ရိုးသားဖြူစင်သည့် စိတ်ထား ရှိနေဆဲပင်။ ချိူက်အာ ယွဲ့ယဲ့ ၏ ခန္ဓာကိုယ်ထဲတွင် ထိုကဲ့သို့သော ကန့်သတ်ချက် တစ်ခု ထားခဲ့ပြီးနောက် သူ၏ စိတ်ထဲတွင် အနည်းငယ် စိတ်မကောင်း ဖြစ်သကဲ့သို့ ခံစားရသည်။ သူ့အမြင်အရ တိုတောင်းသော အချိန်ကာလ တစ်ခု အတွင်း ယွဲ့ယဲ့ သည် ပစ္စည်းများစွာ ထုတ်ပေးခဲ့ခြင်းက သူမ၏ ရိုးသားမှုကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်ပြီး သူမ၌ မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း ပြသနေသည်။
“ နားထောင်နေပါတယ်”
လုံဟောင်ချန်း ၏ အသံသည် သိသိသာသာ ပိုမို နူးညံ့လာသည်။
ယွဲ့ယဲ့ ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်မရဲ့ လက်အောက်ငယ်သားတွေကို သတိလစ်အောင် လုပ်ပေးပါ။ သူတို့ရဲ့ မှတ်ဉာဏ်ကို ဖျောက်ဖျက်ပစ်မယ့် မန္တာန် ကျွန်မမှာ ရှိတယ်။ သူတို့ရဲ့ မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ပစ်လိုက်တာက ရှင်တို့ အတွက် အလုံခြုံဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်”
“ကောင်းပြီလေ”
လုံဟောင်ချန်း သည် အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ သဘောတူညီမှုကို ပေးလိုက်ပြီး လှည်းရှိရာ ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။ ချက်ချင်းဆိုသလို လှည်းအတွင်းမှ တဗုန်းဗုန်း ရိုက်နှက်သံများ ထပ်ကာတလဲလဲ ထွက်ပေါ်လာသည်။
ယွဲ့ယဲ့ ၏ ကျန်ရှိနေသော လက်အောက်ငယ်သားများ အားလုံးသည် မှော်ဆရာများ ဖြစ်ကြသည်။ ဤကဲ့သို့ ရက်စက်သော အနီးကပ် တိုက်ခိုက်ရေးသမားများကို ရင်ဆိုင်ရသောအခါ သူတို့၌ မည်သို့ ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်နည်း။
မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ မှ အဖွဲ့ဝင်များသည် တန်းစီလျက် လုံဟောင်ချန်း ဘေးသို့ လျှောက်လာကြသည်။
လုံဟောင်ချန်းသည် ယွဲ့ယဲ့ကို အားနာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ကျွန်တော်တို့ သွားရမယ့် ခရီးက ရှည်ဝေးသေးတယ်။ ခင်ဗျားရဲ့ ‘လည်ဆံမွှေးမြင်း’ အချို့ကို ငှားရမ်းဖို့ လိုအပ်လိမ့်မယ်။ ၁၀ ကောင်လောက် ဆိုရင် လုံလောက်ပါပြီ။ ကျန်တာတွေကို ခင်ဗျားတို့ အတွက် ချန်ထားခဲ့ပါ့မယ်။ ကျေးဇူးပြုပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်သွားကြပါ။ ဒီဧရိယာက နာရိခ်ျ စီရင်စုနယ် ရဲ့ နယ်မြေ အတွင်းမှာ ရှိနေတုန်းပဲ။ လုံခြုံတဲ့ နေရာ မဟုတ်ဘူး”
“သဘောပေါက်ပါပြီ”
ယွဲ့ယဲ့ သည် ယခင်က သူမ၏ အလွန် ဉာဏ်ကောင်းသော ပုံစံမှ လုံးဝ ပြောင်းလဲသွားပြီး သခင်ကို ခရီးပို့သော အစေခံ တစ်ဦး ကဲ့သို့ နာခံမှု ရှိစွာ ပြန်ဖြေလိုက်သည်။
ချိူက်အာ မျက်မှောင်ကြုတ်လိုက်သည်။ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် အချိန်ကြာလာသည်နှင့် အမျှ ဤမိန်းမကို သူမ ပိုမို သဘောမကျ ဖြစ်လာလေသည်။
လုံဟောင်ချန်း၏ မျက်လုံးထဲတွင် အေးစက်သောအလင်းတစ်ချက် ခပ်ရေးရေး ဖြတ်ပြေး သွားပြီးနောက် ပြောလိုက်သည်။
“ အားလုံးပဲ ၊ ခရီးဆက်ဖို့ အချိန်တန်ပြီ”
လူတိုင်း ‘လည်ဆံမွှေးမြင်း’ များကို လက်ခံ ရရှိကြသည်။ လုံဟောင်ချန်း၊ လီရှင်း နှင့် ချိူက်အာ တို့မှ လွဲ၍ ကျန်သူများ အားလုံး တစ်ကောင်စီ ရွေးချယ်ပြီး အပေါ်သို့ တက်လိုက်ကြသည်။ လုံဟောင်ချန်း ၏ ဦးဆောင်မှု အောက်တွင် သူတို့သည် အရှိန်အပြည့်ဖြင့် ဒုန်းစိုင်း ထွက်ခွာသွားကြသည်။
ထွက်ခွာသွားသော သူတို့၏ ပုံရိပ်များကို ကြည့်ရင်း ယွဲ့ယဲ့ ၏ အကြည့်သည် တဖြည်းဖြည်း ပိုမို အေးစက်လာသည်။ သူမ၏ ညာလက်ကို ဘယ်ဘက် ရင်အုံပေါ်သို့ တင်လိုက်ပြီး နူးညံ့သော နေရာ တစ်ခုကို ထိတွေ့လိုက်သည်။
“နင် ဘယ်လောက်ပဲ ကြောက်စရာ ကောင်းပါစေ၊ နင့်မှာ ကြီးမားတဲ့ အားနည်းချက် တစ်ခု ရှိနေတုန်းပဲ။ လုံဟောင်ချန်းကိုသာ တောင်းဆိုလိုက်ရင် နင် ငါ့အပေါ်က ဒီ ကန့်သတ်ချက်ကို သေချာပေါက် ဖယ်ရှားပေးမှာပါ။ လုံဟောင်ချန်း … ငါ့ရဲ့ ရည်မှန်းချက်တွေကို ဘာပဲ ဖြစ်ဖြစ် ငါ အောင်မြင်အောင် လုပ်မယ်”
ယွဲ့ယဲ့၏ မြင့်မြတ် တည်ကြည်သည့်ဟန်က ပြန်လည် ထွက်ပေါ်လာ၏။ သူမသည် လုံဟောင်ချန်း ကို လိမ်ညာခဲ့ခြင်း မရှိပေ။ သူမသည် အမှန်တကယ်ပင် လနတ်ဆိုး ကလန် ၏ မင်းသမီး ဖြစ်ပြီး လုံဟောင်ချန်း ၏ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ ကို ကူညီထောက်ပံ့ပေးရန် ဝန်မလေးခဲ့ပေ။ ဤသို့ ပြုလုပ်ရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ လုံဟောင်ချန်း ကြောင့် ဖြစ်သည်။
သူမ၏ အသက်သခင် ကျေးဇူးရှင်ကို ကျေးဇူးဆပ်ခြင်းမှ လွဲ၍ ဤသို့ ပြုလုပ်ရခြင်း အတွက် သူမ၌ အခြား အကြောင်းပြချက် တစ်ခု ရှိသေးသည်။
ယွဲ့ယဲ့တွင် လူသား သွေး ပါဝင်နေသဖြင့် သူမသည် လနတ်ဆိုးနတ်ဘုရား ရာထူးကို ဆက်ခံရန် မဖြစ်နိုင်သော်လည်း လနတ်ဆိုး ကလန် အတွင်း ရွှမ်းယွီ ဟု သူမအား ခေါ်ဆိုကြ၏။ သူမ၏ မွေးရာပါ ပါရမီသည် အလွန် မြင့်မားပြီး သူမ၏ ဉာဏ်ပညာသည် သူမ၏ မျိုးနွယ်ဝင်များကို များစွာ ကျော်လွန်နေသည်။ လနတ်ဆိုးနတ်ဘုရား ပင်လျှင် ဤ ကဏ္ဍတွင် သူမ အပေါ် များစွာ အားကိုးရပြီး သူမကို လနတ်ဆိုး ကလန်၏ ဉာဏ်ကြီးရှင် ဟု ဆိုနိုင်သည်။
ထို့ကြောင့် ယွဲ့ယဲ့ သည် ငယ်စဉ် ကတည်းက မာနကြီး၏။ သူမ၏ ထူးချွန်မှုကြောင့် အဆင့်မြင့် မိစ္ဆာ နတ်ဘုရား အများအပြားက လနတ်ဆိုး နတ်ဘုရားအား သူတို့၏ ဆက်ခံသူများ နှင့် လက်ထပ် ထိမ်းမြားခြင်းဖြင့် ဆက်နွယ်လိုသော ဆန္ဒကို ထုတ်ဖော်ခဲ့ကြသော်လည်း ယွဲ့ယဲ့ သည် ထို ကမ်းလှမ်းမှု အားလုံးကို တွန့်ဆုတ်ခြင်း မရှိဘဲ ငြင်းပယ်ခဲ့သည်။ သူမ ငြင်းပယ်ခဲ့သည့် အခါတိုင်းတွင် အမြဲတမ်း အကြောင်းအရာ တစ်ခုတည်းကိုသာ ပြောလေ့ရှိသည်။ သူမနှင့် ရွယ်တူတန်းတူများ အကြားတွင် သူမ၏ ခွန်အားနှင့် ဉာဏ်ရည်ကို ကျော်လွန်သူ တစ်ဦးကိုသာ သူမ၏ ခင်ပွန်း အဖြစ် လက်ခံရန် အရည်အချင်း ပြည့်မီသူဟု ထည့်သွင်း စဉ်းစားမည် ဟူ၍ ဖြစ်သည်။
သေချာသည်မှာ မိစ္ဆာနတ်ဘုရား ဧကရာဇ် ၏ ဆက်ခံသူမှ လွဲ၍ မည်သူမျှ ဤ အခြေအနေကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ သို့သော် မိစ္ဆာနတ်ဘုရား ဧကရာဇ် သည် ပြင်ပလူ တစ်ဦးနှင့် လက်ထပ် ထိမ်းမြားခြင်းဖြင့် ဆက်နွယ်ခွင့် ပြုမည် မဟုတ်ပေ။ သူတို့၏ သွေးမျိုးဆက် သန့်စင်မှုကို ထိန်းသိမ်းရန် သူတို့ ကလန်မှ အမျိုးသားများသည် သူတို့ ကလန်မှ အမျိုးသမီးများကိုသာ လက်ထပ်နိုင်သည်။
ယခုနှစ်တွင် အသက် ၂၂ နှစ် ပြည့်မည့် ယွဲ့ယဲ့ သည် နောက်ဆုံးတွင် သူမ သဘောကျသော လူတစ်ယောက်၊ သူမအား လုံးဝ ယုံကြည် လက်ခံလာအောင် စွမ်းဆောင်နိုင်သော အမျိုးသား တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ တစ်ဖက်လူမှာ လူသား တစ်ဦး ဖြစ်သော်လည်း သူသည် သူမ ယခင်က တစ်ခါမှ မကြုံဖူးသော ခံစားချက် တစ်ခုကို ပေးစွမ်းခဲ့သည်။
၎င်းသည် သူမ လုံဟောင်ချန်း ကို ချစ်မိသွားခြင်းမျိုး မဟုတ်ဘဲ သူမ အတွင်း၌ ပြိုင်ဆိုင်လိုစိတ် တစ်ခုကို နိုးကြားလာစေခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤ အမျိုးသားသည် သူမနှင့် ထိုက်တန်လိမ့်မည်ဟု သူမ ခံစားလိုက်ရသည်။
ယွဲ့ယဲ့၏ ယခင် စကားများသည် သူမ၏ နှလုံးသား အနက်ရှိုင်းဆုံး နေရာမှ လာခြင်း ဖြစ်သည်။ သူမသည် မိမိကိုယ်ကို မိစ္ဆာ တစ်ကောင် အဖြစ် ဘယ်သောအခါမျှ မသတ်မှတ်သလို လူသား တစ်ယောက် အဖြစ်လည်း မသတ်မှတ်ပေ။ နှစ်ဖက်စလုံး အပေါ် သူမသည် ကြီးမားသော သံယောဇဉ် မရှိသလို အစွန်းရောက် ရွံရှာမုန်းတီးမှုလည်း မရှိပေ။ သူမ လိုက်နာသော အရာမှာ အားကြီးသူကသာ လေးစားမှုကို ရထိုက်သည် ဟူသော ခံယူချက်ပင်။
အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားပြီး စာလိပ် တစ်ခု ယွဲ့ယဲ့ လက်ထဲတွင် ပေါ်လာသည်။ ထို့နောက် သူမသည် သတိလစ်နေသော သူမ၏ လက်အောက်ငယ်သားများ ရှိရာလှည်း အရှေ့ဘက်သို့ ဖြည်းညှင်းစွာ လမ်းလျှောက်သွားပြီး စာလိပ်ကို ဖွင့်လိုက်ရာ ၎င်းမှ ပြင်းထန်သော မီးတောက် တစ်ခု ချက်ချင်း တောက်လောင်လာသည်။ သူမသည် စာလိပ်ကို လှည်းထဲသို့ ပစ်ထည့်လိုက်ပြီး တံခါးကို ပိတ်လိုက်သည်။
စက္ကန့် အနည်းငယ် ကြာပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး လေးလံသော လှည်းကြီးများသည် ပေါက်ကွဲမှုနှင့် အတူ လွင့်စဉ်သွားသည်။
သို့သော် ဤ လှည်းများသည် အမှန်တကယ်ပင် ခိုင်ခံ့လှသည်၊ ဤကဲ့သို့သော အခြေအနေများတွင်ပင် ပေါက်ကွဲ ပျက်စီးခြင်း မရှိပေ။
လှည်းမောင်းသူ နေရာရှိ လန်ရှောင်သည်လည်း လေထဲသို့ လွင့်စင်သွားပြီး ‘ လည်ဆံမွှေးမြင်း’ များသည် ထိတ်လန့်တကြား ထွက်ပြေးရန် ကြံစည်ကြသည်။ သို့သော် လှည်းသည် လေးလံလွန်းပြီး ‘လေပေါ်ပျံဝဲခြင်း နည်းစနစ်များ’ကို အသုံးမပြုဘဲ မရွေ့လျားနိုင်ရာ သူတို့ ပြေးချင်လျှင်ပင် ပြေးနိုင်ကြမည် မဟုတ်ချေ။
“သေလူကပဲ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်လိမ့်မယ်”
ယွဲ့ယဲ့ ၏ မျက်နှာထားသည် အရေးမကြီးသော ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေသကဲ့သို့ တည်ငြိမ်နေသည်။
အောက်သို့ ပြုတ်ကျပြီးနောက် လန်ရှောင် သတိပြန်ဝင်လာသည်။
“ဘာဖြစ်နေတာလဲ … ဘာတွေ ဖြစ်ကုန်တာလဲ”
မြေကြီးပေါ်မှ တွားသွား ထလာရင်း လန်ရှောင်သည် ယွဲ့ယဲ့ ကို ကြည့်လိုက်၏။
ထိုစဉ် ယွဲ့ယဲ့မှာ စိတ်မကောင်း နောင်တရနေသည့် သူမ၏ ခရမ်းရောင် မျက်ဝန်းများဖြင့် လန်ရှောင်အား တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် လန်ရှောင် ၏ မျက်လုံးများသည် တဖြည်းဖြည်း မှိတ်ကျသွားပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
မှန်ပေသည်၊ ယွဲ့ယဲ့ တွင် မှတ်ဉာဏ် ဖျောက်ဖျက်နိုင်သော စွမ်းရည် တစ်ခု ရှိသည်၊ သို့သော် ကံမကောင်းစွာဖြင့် ဤ စွမ်းရည်သည် ကြီးမားသော စွမ်းအင် ကုန်ဆုံးမှုနှင့် အတူ ပါလာသဖြင့် သူမသည် လူအများအပြား အပေါ် အသုံးပြုနိုင်ခြင်း မရှိပေ။ နှုတ်ပိတ်ရန် အတွက် သူမ၏ လက်အောက်ငယ်သားများကို သူမ သတ်ပစ်နိုင်သော်လည်း လန်ရှောင် ကိုမူ ထိုကဲ့သို့ မလုပ်နိုင်ပေ။
ကုန်သည်အဖွဲ့နှင့် လမ်းခွဲလာပြီးနောက် လုံဟောင်ချန်း နှင့် သူ၏ အဖွဲ့သည် ဖြစ်ပျက်ခဲ့သည်များကို မသိရှိခဲ့ကြပေ။ သူတို့သည် ခရီးကို အလျင်စလို နှင်ခဲ့ကြပြီး အရုဏ်တက်ချိန်တွင် ကီလိုမီတာ ၁၀၀ နီးပါး ခရီးပေါက်ခဲ့ကြကာ အနားယူရန် ဝေးလံခေါင်ဖျားသော နေရာ တစ်ခုကို ရွေးချယ်လိုက်ကြသည်။
ယခင်ကသာ ဆိုလျှင် ယွဲ့ယဲ့ နှင့် သူမ၏ အဖွဲ့ကို လွှတ်ပေးခဲ့သော လုံဟောင်ချန်း ၏ ရွေးချယ်မှုကို သူ၏ ရဲဘော်များက သေချာပေါက် မေးခွန်းထုတ်ကြပေလိမ့်မည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူတို့သည် အလွန် တည်ငြိမ်နေကြပြီး အထူးသဖြင့် နံပါတ် ၄ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ မှ လူ ခြောက်ဦးသည် မည်သည့် မေးမြန်းမှုမှ မရှိကြချေ။
၎င်းသည် ကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ ယုံကြည်မှုကြောင့် ဖြစ်သည်။ အကြောင်းမှာ သူတို့သည် လုံဟောင်ချန်း အပေါ် မျက်ကန်း ယုံကြည်မှု နီးပါး ရှိနေသောကြောင့်ပင်။ ကျောင်းတော် မဟာမိတ် မှ ထွက်ခွာလာကတည်းက လုံဟောင်ချန်း သည် သူ၏ ဆုံးဖြတ်ချက်များတွင် မည်သည့် အမှားအယွင်းမျှ မပြုလုပ်ခဲ့ဘဲ ခေါင်းဆောင် တစ်ဦး အနေဖြင့် သူ၏ ထူးချွန်သော စွမ်းဆောင်ရည်ကို လူတိုင်းအား သက်သေပြရန် သူ၏ ကိုယ်ပိုင် အရည်အချင်းကို အသုံးပြုခဲ့သည်။
ဤတစ်ကြိမ်တွင် လူတိုင်းသည် သုံးလစာ ခရီးအတွက် ရေနှင့် အစားအစာ ရိက္ခာများကို သယ်ဆောင်လာကြသဖြင့် ဝလင်စွာ စားသောက်ရန် ပြဿနာ မရှိပေ။ မိမိတို့ကိုယ်ကို ပြန်လည် ဖြည့်တင်းပြီးနောက် လုံဟောင်ချန်း သည် အလျင်စလို ထွက်ခွာရန် မပြုဘဲ သူ၏ မြေပုံကို ဖြန့်ကျက်လိုက်ပြီး ယွဲ့ယဲ့ ထံမှ ရရှိခဲ့သော ပစ္စည်းများကို ထုတ်ယူလိုက်သည်။
“အားလုံးပဲ … အဝတ်အစားတွေ လဲလိုက်ကြပြီး ဒါတွေကို အသုံးပြုလိုက်ကြပါ … ”
လုံဟောင်ချန်းမှာ မှော်စွမ်းအင် လှိုင်းများဖုံးလွှမ်းနေသည့် သလင်းကျောက်များကို ထုတ်ပေးကာ အသုံးပြုပုံကို ပြောပြလိုက်သည်။
ခဏအကြာတွင် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ဝင် ၁၃ ဦး စလုံး၏ ပုံပန်းသဏ္ဍာန်က လုံးဝ ပြောင်းလဲသွားကြသည်။
အားလုံးသည် ဆင်တူနီးပါး ဖြစ်သော ခရမ်းရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ ထိုဝတ်ရုံများမှာ အတော်လေး ရှည်လျား၏။ အဖွဲ့ထဲရှိ မိန်းကလေးများ၏ ပြုပြင်မှုကြောင့် နောက်ဆုံးတွင် ၎င်းတို့သည် ပြီးပြည့်စုံစွာ အံဝင်ခွင်ကျ ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် သူတို့၏ မျက်လုံး အရောင်များ ပြောင်းလဲသွားပြီး လူတိုင်းသည် ခရမ်းရောင် မျက်လုံးအိမ်များ ပိုင်ဆိုင်ထားကြလေသည်။
ခရမ်းရောင် ဝတ်ရုံများ၏ ကျောဘက်တွင် ကွေးညွှတ်နေသော လပုံသဏ္ဍာန် ဒီဇိုင်း ရေးဆွဲထားသည်။
ပါးလွှာပြီး လက်ရာမြောက်သော ဖောက်ထွင်းမြင်နိုင်သည့် အလွှာသည် လန်ရှောင် နှင့် ယွဲ့ယဲ့ ယခင်က ဝတ်ဆင်ခဲ့သော မှော် မျက်လုံး အမျိုးအစားနှင့် အတိအကျ တူညီပြီး တစ်ခုတည်းသော ကွာခြားချက်မှာ ယွဲ့ယဲ့ က လုံဟောင်ချန်း ၏ အဖွဲ့အား ခရမ်းရောင် ရှိသော အရာများကို ပေးခဲ့ခြင်း ဖြစ်သည်။
ဝတ်စားဆင်ယင်မှု တစ်ခုလုံး ပြောင်းလဲခြင်းနှင့် မျက်လုံး အရောင် ပြောင်းလဲခြင်းတို့ ပေါင်းစပ်လိုက်သောအခါ လုံဟောင်ချန်း ၏ အဖွဲ့သည် လနတ်ဆိုး ကလန်ဝင်များ၏ ပုံပန်းသဏ္ဍာန်နှင့် တူညီ သွားကြသည်။ သူတို့မှာ ပုံပန်းသွင်ပြင်ကိုသာ ပြောင်းလဲခဲ့ခြင်း မဟုတ်ချေ။ လနတ်ဆိုး ကလန်တွင် သူတို့၏ အဆင့်အတန်းကို ဖော်ပြသည့် အဆောင်အယောင် တံဆိပ်များကိုလည်း ဝတ်ဆင်ထားကြသည်။ ဤ တံဆိပ်များသည် မှော်ပစ္စည်းများ မဟုတ်သော်လည်း လနတ်ဆိုးကလန် ၏ သွေးမျိုးဆက် ပိုင်ဆိုင်သော အရှိန်အဝါကို သယ်ဆောင်ထားပြီး ပြုလုပ်ရန် မလွယ်ကူပေ။ ၎င်းတို့ကို ဝတ်ဆင်လိုက်သောအခါ လုံဟောင်ချန်းတို့မှာ အဆင့်မြင့် မိစ္ဆာများ၏ ထူးခြားသော အေးစက်ခြင်း၊ ဆွဲဆောင်မှု ရှိခြင်းနှင့် ခမ်းနားထည်ဝါသော အရှိန်အဝါများကို ပိုင်ဆိုင်သွားသည်။
“ခေါင်းဆောင်၊ ကျွန်တော်တို့ နောက်ထပ် ဘာလုပ်ကြမလဲ။ အဲ့ဒီ ယွဲ့ယဲ့ ပြောသလိုမျိုး ကျွန်တော်တို့ တကယ်ပဲ မိစ္ဆာ မြို့ထဲကို ဗြောင်ကျကျ ဝင်ကြမှာလား”
စစ်မာရှန်းက မေးလိုက်သည်။
လုံဟောင်ချန်း ခေါင်းခါလိုက်ပြီး ပြန်ဖြေသည်။
“မဟုတ်ဘူး၊ ဘာပဲပြောပြော ငါတို့က မိစ္ဆာတွေ မဟုတ်ဘူးလေ။ ဒါက ငါတို့ရဲ့ အထောက်အထားတွေကို ဖုံးကွယ်ဖို့ လုံလောက်ပေမယ့် နေထိုင်မှု ဓလေ့ထုံးစံတွေပဲ ဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်တွေပဲ ဖြစ်ဖြစ် ငါတို့က မိစ္ဆာတွေနဲ့ လုံးဝ ကွဲပြားနေတုန်းပဲ။ တကယ်လို့ငါတို့ မိစ္ဆာ မြို့တစ်မြို့ထဲ ဝင်သွားရင် ဒီလောက် များပြားတဲ့ အဆင့်မြင့် မိစ္ဆာ အရေအတွက်က သေချာပေါက် အာရုံစိုက်မှုကို ဆွဲဆောင်မိမှာပဲ၊ ပြီးတော့ ပေါ်သွားနိုင်တယ်။ ဒါ့အပြင် ငါတို့က အဆင့်မြင့် မိစ္ဆာတွေ ဖြစ်ရမှာ ဆိုတော့ ဒီ ‘ လည်ဆံမွှေးမြင်း’ တွေလို အဆင့်နိမ့် မှော်သားရဲတွေကို စီးနင်းဖို့ မသင့်တော်ဘူး။ ငါတို့ မြို့တစ်မြို့ထဲ မဝင်ခင် ဒီ မှော်သားရဲတွေကို စွန့်ပစ်ခဲ့ရလိမ့်မယ်။ ဒီအကြောင်းပြချက်ကြောင့် ငါ စောစောက ငါတို့ လမ်းကြောင်းကို ပြန်ကြည့်ခဲ့တယ်။ ငါတို့ရဲ့ ရိက္ခာ လုံလောက်တဲ့ အတွက် ငါတို့ မူလ အစီအစဉ် အတိုင်းပဲ သွားပြီး မစ်ရှင်ကို အမြန်ဆုံး ပြီးမြောက်ဖို့ ‘အထီးကျန် လှိုဏ်ဂူ’ ကို အမြန်ခရီးနှင်သင့်တယ် … ”
လုံဟောင်ချန်း သည် သံသယ ဖြစ်ဖွယ် မရှိဘဲ အလွန် သတိကြီးပြီး ယွဲ့ယဲ့ ကို လုံးဝ အပြည့်အဝ မယုံကြည်ပေ။
လူတိုင်း အသီးသီး ခေါင်းညိတ်ကြပြီး သူတို့၏ သဘောတူညီမှုကို ဖော်ပြလိုက်ကြသည်။
ထို့နောက် လုံဟောင်ချန်းက အဆင့် ၂၁ တပ်မှုးအဆင့် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့မှ သူ၏ အဖွဲ့သားများကို ကြည့်ကာ ပြောလိုက်သည်။
“ကောင်းမှု အမှတ်တွေ မခွဲဝေခင် ငါတို့ အချင်းချင်း အရင် တိုင်ပင်ကြရအောင်”
သူတို့မှာ အမှတ် ၄ စစ်သည်အဆင့် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ အား ကောင်းမှု အမှတ်များကို ညီတူညီမျှ ခွဲဝေပေးလိမ့်မည် မဟုတ်ပေ။ အဆုံးတွင် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ အကြား ခွန်အား ကွာခြားချက် ရှိနေပြီး အဖွဲ့တစ်ခုလုံး အပေါ် သူတို့၏ ပံ့ပိုးမှုများသည် တူညီခြင်း မရှိခဲ့ပေ။ လုံဟောင်ချန်း သည် သူ၏ ကိုယ်ပိုင် အဖွဲ့သားများ၏ သဘောထားများကိုလည်း ထည့်သွင်း စဉ်းစားချင်သည်။
မိစ္ဆာ နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် သူတို့သည် ကြီးမားသော ပြဿနာ အချို့နှင့် ချက်ချင်း ကြုံတွေ့ခဲ့ရသော်လည်း သူတို့၏ ကောင်းမှု အမှတ် ရရှိမှုသည်လည်း များပြားလှသည်။
အမှတ် ၄ စစ်သည်အဆင့် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ မှာလည်း ရူးသွပ်သူ မိစ္ဆာ တစ်ကောင်လျှင် ကောင်းမှု အမှတ် လေးမှတ် ရရှိပြီး ငှက်မိစ္ဆာ များက ခြောက်မှတ် ရရှိသဖြင့် ကောင်းမှု အမှတ် ပမာဏ တစ်ခုကို စုဆောင်းမိပြီးသား ဖြစ်၏။ အခြား မိစ္ဆာ အမျိုးအစားများသည်လည်း ဓားနှစ်လက် မိစ္ဆာများထက် ပို၍ ကောင်းမှုအမှတ် ရရှိပေသည်။
လုံဟောင်ချန်းမှာ ကောင်းမှု အမှတ် ပို၍ များပြားစွာစုဆောင်းမိ၏။ ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာ သည် လုံဟောင်ချန်း လက်ချက်ဖြင့် သေဆုံးခဲ့ပြီး ရွှေရောင် ငှက်မိစ္ဆာ မှာမူ ချိူက်အာ လက်ချက်ဖြင့် သေဆုံးခဲ့ရာ ဤ အဆင့်မြင့် မိစ္ဆာများ၏ တန်ဖိုးသည် တစ်ထောင် ကျော်လွန်နေပြီ ဖြစ်သည်။ ၎င်းသည် လုံဟောင်ချန်း ၏ အဖွဲ့ အတွက် အမှတ်များ ဖောချင်းသောချင်း ရှိရန် လုံလောက်နေပြီ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ လုံဟောင်ချန်း သည် မဟာ ငှက်မိစ္ဆာ အမြောက်အမြားကို သတ်ဖြတ်ခဲ့ပြီး သူတို့၏ အလောင်းများကို လင်းရှန် က အကုန်အစင် သိမ်းဆည်းခဲ့သည်။ အလောင်းများ၏ တန်ဖိုးသည် မှော်အမြူတေများ အပြင် အတော်လေး များပြားလှသဖြင့် အဖွဲ့တစ်ခုလုံးတွင် အပျော်ရွှင်ဆုံးသူမှာ လင်းရှန် ဖြစ်သည်။
“ဒီလောက် ပစ္စည်း ပမာဏ နဲ့ ဆိုရင် ငါ ဆေးလုံးတွေ အများကြီး လုပ်လို့ ရပြီ … “
လင်းရှန်၏ ဆေးလုံးများမှာ နေရာတိုင်းတွင် ရောင်းချနိုင်ရုံသာမက မိစ္ဆာနှိမ်နှင်းရေး အဖွဲ့များ၏ အရောင်းအဝယ် စင်တာ တွင်ပင် လူအများအပြား ဝယ်ယူလိုကြပေလိမ့်မည်။
***