ယခင် တိုက်ပွဲမှ ရရှိခဲ့သော အကျိုးအမြတ်များသည် လွန်ခဲ့သည့် သုံးလတာ ကာလအတွင်း သူတို့ ရရှိခဲ့သော စုစုပေါင်း အမြတ်အစွန်းကို ကျော်လွန်ခဲ့ပြီဟု ပြောနိုင်သည်။ သို့သော် ၎င်းသည် အလင်းဒြပ်စင် ဝိညာဉ် မီးဖို ရရှိခဲ့ခြင်းကို ဖယ်ထုတ်ထားပြီးမှသာ ဖြစ်သည်။
အနားယူချိန်မှာ တိုတောင်းပြီး လုံဟောင်ချန်း ၏ ဦးဆောင်မှုဖြင့် သူတို့သည် ခရီးဆက်ခဲ့ကြကာ နာရိခ်ျ စီရင်စုနယ် မှ ထွက်ခွာရန် ဦးတည်လိုက်ကြသည်။
ကံဆိုးမိုးမှောင် ကျရောက်မှုသည် သူတို့နှင့် အတူ ထာဝရ ရှိနေခဲ့ခြင်း မဟုတ်ပေ။ မြေပုံကို အသုံးပြုပြီး သူတို့သည် လူသူကင်းမဲ့သော နေရာများကို တတ်နိုင်သမျှ ဖြတ်သန်းခဲ့ကြသည်။ ရက်အနည်းငယ် ကြာပြီးနောက် မိုးသောက်ချိန်တွင် သူတို့သည် နောက်ဆုံး၌ နာရိခ်ျ စီရင်စုနယ် မှ လွတ်မြောက်လာနိုင်ခဲ့ကြသည်။
ဤအချိန်တွင် လုံဟောင်ချန်း မရတော့ချေ။ ကြမ်းတမ်းလှသည့် တိုက်ပွဲ၊ သူ၏ အဖွဲ့ကို ဦးဆောင်ကာ မလိုအပ်သည့် ပြဿနာများ မဖြစ်စေရန် ခရီးနှင်ရခြင်းတို့မှာ လုံဟောင်ချန်းအား စိတ်ရော ကိုယ်ပါ ပင်ပန်း နွမ်းနယ် စေ၏။ အသက်စတေးခြင်း နည်းစနစ်ကို အသုံးပြုပြီးနောက် သူ၏စိတ်ဝိညာဉ် စွမ်းအင် အလွန်အကျွံ့ သုံးစွဲခဲ့ရမှုအပြင် တိုက်ပွဲ၌ ရရှိခဲ့သော ဒဏ်ရာများကို ခရီးအပြင်းနှင်ရသောကြောင့် အမြစ်ပြတ်အောင် မကုသခဲ့ရသေးချေ။ နောက်ဆုံး လုံခြုံသော နေရာသို့ ရောက်သည့် အခါတွင်မူ လုံဟောင်ချန်းမှာ ချိူက်အာ၏ ရင်ခွင်အတွင်းသို့ လဲကျ သတိလစ်သွားတော့လေသည်။
လုံဟောင်ချန်း သတိလစ်နေစဉ် ကာလအတွင်း မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ သည် အနားယူရန် ဤနေရာတွင် စခန်းချသင့် မသင့် အသေအချာ ဆွေးနွေးခဲ့ကြသည်။
သူတို့သည် လူသူကင်းမဲ့သော တောင်ကုန်းများတွင် ရှိနေကြသည်။ ရှန်းမုံ့သာ့လု တိုက်ကြီး၏ နယ်မြေ အများစုကို မိစ္ဆာများ သိမ်းပိုက်လိုက်ကတည်းက မြုံသော မြေများသည် ပိုမို များပြားလာခဲ့ပြီး ထွန်ယက် စိုက်ပျိုးမည့် လူသား အင်အား မရှိသဖြင့် မူလက မြေဆီလွှာ ကောင်းမွန်သော မြေများတွင် ပေါင်းပင်များ နေရာအနှံ့ ပေါက်ရောက်နေသည်။
တောင်ကုန်း ထူထပ်သော နေရာတစ်ခုတွင် သူတို့သည် လတ်တလော နေထိုင်ရန် သတိမပြုမိနိုင်သော နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။ လူသားများ ဖြစ်ကြောင်း အထောက်အထားကို လျှို့ဝှက်ထားရန် အတွက် သူတို့သည် တဲထိုးရန် မဝံ့ရဲဘဲ မြင့်မားသော နေရာရှိ သတိထားမိရန် ခက်ခဲသော နေရာတစ်ခုတွင်သာ နေထိုင်ခဲ့ကြသည်။ သူတို့သည် လူတိုင်း အနားယူနိုင်မည့် လှိုဏ်ဂူ တစ်ခုကို ရွေးချယ်ခဲ့ကြသည်။
ဤနေရာတွင် နေထိုင်ပြီး အနားယူရန် ဆုံးဖြတ်ရခြင်း၏ အကြောင်းရင်းမှာ ရိုးရှင်း၏။ အဖွဲ့ကို လမ်းပြရန် လုံဟောင်ချန်းကို လိုအပ်ပြီး သူ မရှိဘဲ အဖွဲ့တစ်ခုလုံးသည် လုံလောက်သော ခွန်အားကို ထုတ်ဖော်နိုင်မည် မဟုတ်ကြောင်း သူတို့ တညီတညွတ်တည်း သဘောတူခဲ့ကြသည်။ စိတ်မရှည်ဘဲ အလျင်စလို လုပ်ဆောင်ခြင်းသည် လိုချင်သော ရလဒ်နှင့် ဆန့်ကျင်ဘက်ကိုသာ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်ရာ အနားယူခြင်းက ပိုကောင်းပြီး ပြီးခဲ့သော တိုက်ပွဲမှ သူတို့၏ ရလဒ်များကို ပြန်လည် သုံးသပ်ရင်း ကျင့်ကြံသည်က ပိုမို ကောင်းမွန်ပေသည်။ ဤသို့ဖြင့် သုံးရက် ကြာမြင့်သွား၏။
သူတို့ အခြေချရန် ရွေးချယ်ခဲ့သော ဤ ဝေးလံခေါင်ဖျားသည့် တောင်ကုန်းများတွင် မြက်များနှင့် ခြုံပုတ်များ ပြည့်နှက်နေသော မြေမျက်နှာသွင်ပြင်သည် ‘ လည်ဆံမွှေးမြင်း’ များကို အစာကျွေးရန် ပြီးပြည့်စုံစွာ သင့်လျော်သည်။
‘အသက်စတေးခြင်း’ ကို အသုံးပြုခဲ့ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိူးများမှာ တစ်ရက်တည်းဖြင့် ပြန်လည် သက်သာလာခဲ့သော်လည်း လုံဟောင်ချန်းမှာ နောက်ထပ် နှစ်ရက် ထပ်နေရန် ဆုံးဖြတ်ခဲ့သည်။
တိုက်ပွဲကြီး တစ်ခု ပြီးဆုံးပြီးနောက် အခိုက်အတန့်သည် စွမ်းအား တိုးတက်ရန် အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်သည်။ သူတို့၏ ရည်မှန်းချက်မှာ မိစ္ဆာနှိမ်နှင်းရေး မစ်ရှင်ကို ပြီးမြောက်ရန် သာမက သူတို့၏ ကိုယ်ပိုင် ခွန်အားကို တတ်နိုင်သမျှ တိုးတက်စေရန်လည်း ဖြစ်သည်။ သူတို့ မျက်စိမှိတ် အလျင်စလို သွားစရာ မလိုပေ။
သူ၏ အတွင်းပိုင်း စိတ်ဝိညာဉ် စွမ်းအင်သည် ၃၀၀၀ အမှတ် နယ်ပယ်ကို ကျော်ဖြတ်သွားပြီးနောက် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် သိသိသာသာ တိုးတက်လာကြောင်း လုံဟောင်ချန်း တွေ့ရှိခဲ့သည်။ ၎င်းသည် အလင်းဒြပ်စင် နတ်သမီး ယာတင်း ရှိနေခြင်းနှင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ ပြင်ပလောကတွင် ပါဝင်သော အလင်း အနှစ်သာရကို သူ ကိုယ်တိုင် အာရုံခံနိုင်စွမ်းသည်လည်း များစွာ တိုးတက်လာသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ဤ တိုက်ပွဲအပြီး သုံးရက် အကြာတွင် သူ၏ ကိုယ်ပိုင် အတွင်းပိုင်း စိတ်ဝိညာဉ် စွမ်းအင်သည် စုစုပေါင်း တစ်ရာကျော် တိုးလာကြောင်း လုံဟောင်ချန်း တွေ့ရှိခဲ့သည်။
လုံဟောင်ချန်း၏ စိတ်ဝိညာဉ် စွမ်းအင်မှာ အရည်အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ရာ ဤသည်က အရည်အသွေး ပြောင်းလဲမှု ဖြစ်ပြီး လုံဟောင်ချန်း၏ တိုးတက်မှု အရှိန်ကို အလွန်မြန်ဆန်စေသည်။
သို့သော် လေးရက်မြောက်သော နေ့တွင် သူ၏ တိုးတက်မှု အရှိန်အဟုန်သည် သိသိသာသာ နှေးကွေးသွားပြီး တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော သူ၏ အလားအလာ နိုးကြားမှု အကျိုးသက်ရောက်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် လက္ခဏာ ဖြစ်သည်။ သို့သော် ဂရုတစိုက် အာရုံစိုက် ကြည့်ပြီးနောက် သူ ကျင့်ကြံခြင်း၌ သူ၏ စွမ်းအင် အားလုံးကို ထည့်သွင်းထားပါက သူ၏ အတွင်းပိုင်း စိတ်ဝိညာဉ် စွမ်းအင်သည် နေ့စဉ် အနည်းဆုံး ယူနစ် ၂၀ တိုးလာမည် ဖြစ်ကြောင်း လုံဟောင်ချန်း သတိပြုမိသည်။
၂၀ - ဤသည်မှာ ကြောက်မက်ဖွယ် ကောင်းသော ကိန်းဂဏန်း တစ်ခု ဖြစ်သည်။ ဤ ကျင့်ကြံခြင်း အရှိန်အဟုန် အရ ဆိုလျှင် အများဆုံး နှစ်လ အကြာတွင် သူသည် ဆဋ္ဌမအဆင့် ‘သက်တန့် သူရဲကောင်း’ နယ်ပယ်သို့ ရောက်ရှိလိမ့်မည်။
သေချာသည်မှာ လုံဟောင်ချန်း သည် သူတို့၏ မျှော်လင့်ချက်များကို မတော်တဆ မြှင့်တင်မပေးလိုသဖြင့် ဤ ပြောင်းလဲမှု အကြောင်း အခြားသူများကို မပြောပြခဲ့ပေ။ သို့သော် ဤ မစ်ရှင် ပြီးမြောက်ပြီးနောက် မြင့်မြတ် မြို့တော် သို့ ပြန်ရောက်သည့် အခါ ‘သက်တန့် သူရဲကောင်း’ အဆင့်သို့ ရောက်ရှိရန် အတွက် တံခါးပိတ် ကျင့်ကြံရန် တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။ အကယ်၍ သူ၏ ခွန်အားကို ဆဋ္ဌမအဆင့်သို့ အမှန်တကယ် မြှင့်တင်နိုင်ခဲ့ပါက သူတို့သည် ပိုမို စိန်ခေါ်မှု ရှိသော မစ်ရှင်များကို ရည်မှန်းနိုင်ကြပေလိမ့်မည်။
‘ လည်ဆံမွှေးမြင်း’ များသည် မိစ္ဆာ နယ်မြေ၏ နက်ရှိုင်းသော နေရာများသို့ ဦးတည်ရင်း နောက်တစ်ကြိမ် ခရီးဆက်ခဲ့ကြသည်။
သူတို့သည် ကျောင်းတော် မဟာမိတ် မှ သူတို့၏ လက်ရှိ ပန်းတိုင်သို့ ရောက်ရန် ကီလိုမီတာ ၂,၀၀၀ အကွာအဝေးကိုသာ သွားရမည် ဖြစ်သော်လည်း လက်တွေ့တွင်မူ သူတို့သည် မျဉ်းဖြောင့် အတိုင်း ဆက်တိုက် သွားနိုင်ရန် မဖြစ်နိုင်ပေ။ ရက်ပေါင်း ခုနစ်ရက်ထက် မနည်း ခရီးနှင်ပြီးနောက် သူတို့သည် နောက်ဆုံးတွင် ဗဟို မိစ္ဆာ စီရင်စုနယ်သို့ ရောက်ရှိခဲ့ပြီး သူတို့၏ ပန်းတိုင်သို့ ပိုမို နီးကပ်လာခဲ့သည်။
သို့သော် အဆုံးတွင် သူတို့၏ အရှိန်ကို လျှော့ချရုံမှ လွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ အကြောင်းမှာ ဗဟို စီရင်စုနယ်နှင့် နီးကပ်လေလေ သူတို့ ကြုံတွေ့ရမည့် မိစ္ဆာများ ပိုများလေလေ ဖြစ်ပြီး ရံဖန်ရံခါ လူသားများနှင့်ပင် တွေ့ဆုံခဲ့ရသည်။ သို့သော် ဤ လူသားများသည် ခြံများတွင် အလုပ်လုပ်နေကြသူများသာ ဖြစ်သည်။
လနတ်ဆိုး ကလန် ပိုင်ဆိုင်သော ဝတ်စုံများသည် ကြီးမားသော အသုံးဝင်မှု ရှိသည်။ သူတို့ မည်သည့် မိစ္ဆာ မျိုးနွယ်စုနှင့် ကြုံတွေ့ရသည် ဖြစ်စေ ဤ မိစ္ဆာများ အားလုံးသည် သူတို့ အဖွဲ့ကို လျင်မြန်စွာ ရှောင်ရှားသွားကြသည်။ ကံမကောင်းစွာဖြင့် အခြား မိစ္ဆာများ၏ ပထမဆုံး အကြည့်များကို မြင်တွေ့ရပြီးနောက် သံသယ ဖြစ်စေမည့် လည်ဆံမွှေးမြင်း များကို စွန့်ပစ်ကာ ခြေလျင်လျှောက်ရန်မှ တစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
လုံဟောင်ချန်း သည် သူ့ ခွင့်ပြုချက် မရှိဘဲ မည်သူမျှ မိစ္ဆာများကို ဆန့်ကျင် လှုပ်ရှားခြင်း မပြုလုပ်ရန် အမိန့် တစ်ခု ပေးပို့လိုက်သည်။ မိစ္ဆာများကို သတ်ဖြတ်ခြင်းသည် သူတို့၏ ကောင်းမှု အမှတ် ပမာဏကို တိုးလာစေမည် ဖြစ်သော်လည်း သူတို့၏ သရုပ် ပေါ်သွားနိုင်ခြေကိုလည်း တိုးလာစေလိမ့်မည်။
မြေပုံကို စစ်ဆေးပြီး မြေမျက်နှာသွင်ပြင်ကို စေ့စပ်သေချာစွာ ထောက်လှမ်းရင်း လုံဟောင်ချန်း သည် ရံဖန်ရံခါ ဟန်ယု ၏ ‘မိစ္ဆာ မျက်လုံး’ ကို အသုံးပြုကာ မြင့်မားသော အမြင့်တွင် ပျံသန်း၍ ထောက်လှမ်းခြင်း ပြုလုပ်သည်၊ သို့မဟုတ် လီရှင်း ၏ ‘နှင်းဆီ ယူနီကွန်း’ အကူအညီကို တောင်းခံကာ သူ့ကို လေပေါ်သို့ ခေါ်ဆောင်သွားစေသည်။ သို့သော် လီရှင်း ၏ အကူအညီကိုသာ အမြဲ မတောင်းခံရခြင်း၏ အကြောင်းရင်းမှာ ‘နှင်းဆီ ယူနီကွန်း’ သည် အလွန်အမင်း မျက်စိကျစရာ ကောင်းနေသောကြောင့် ဖြစ်သည်။
သူတို့သည် အခြား မိစ္ဆာများကို သွားရောက် မေးမြန်း၍ မရနိုင်သဖြင့် တည်နေရာကို ဆုံးဖြတ်ရန် သူတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် မြေပုံကိုသာ အားကိုးရသော်လည်း ဤသည်မှာ သံသယ ဖြစ်ဖွယ် မရှိဘဲ ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။
ဆယ်ရက်ကြာ အလွန် သတိထား ခရီးနှင်ပြီးနောက် သူတို့သည် ယခင် တိုက်ပွဲ အပြီးကထက် ပို၍ပင် ပင်ပန်းနွမ်းနယ်နေပြီဟု ပြောနိုင်သည်။
“ငါတို့ အရင် လမ်းကြောင်းမှာ မမှားခဲ့ဘူး ဆိုရင် ဒီတောင်ကို ကျော်ပြီးရင် ပန်းတိုင်ကို ရောက်သင့်ပြီ”
လုံဟောင်ချန်း အသက်ပြင်းပြင်း ရှူလိုက်သည်။ ‘မြေကမ္ဘာ သူရဲကောင်း’ တစ်ဦး အနေဖြင့် သူ၏ ကျင့်ကြံမှုနှင့်ပင် သူသည် အလွန် ပင်ပန်းနွမ်းနယ်မှုကို မခံစားဘဲ မနေနိုင်ပေ။
လီရှင်း သည် သူမ၏ လက်များကို အားပါပါ ဝှေ့ယမ်းလိုက်သည်။
“ဒါဆို ငါတို့ နောက်ဆုံးတော့ ရောက်တော့မှာပေါ့။ ကောင်းလိုက်တာ။ ငါတို့ လှိုဏ်ဂူ စူးစမ်းရှာဖွေခြင်းကို ပြီးမြောက်အောင် လုပ်နိုင်သရွေ့ ငါတို့ရဲ့ မစ်ရှင်ကို အောင်မြင်တယ်လို့ သတ်မှတ်လို့ ရပြီ”
လင်းရှန် က တုံ့ပြန် ပြောဆိုသည် ။
“အချိန်ဖြုန်းစရာ မရှိဘူး။ အနားမယူခင် ‘အထီးကျန် လှိုဏ်ဂူ’ ကို ရောက်အောင် သွားကြမလား။ ငါတို့ အားကုန်ထုတ်ပြီး အမြန်သွားလို့ရတယ်လေ ….”
လုံဟောင်ချန်းက ခေတ္တ စဉ်းစားပြီးနောက် ပြန်ဖြေသည်။
“ဘယ်သူမှ ပြဿနာ မရှိဘူး ဆိုရင် တောင်ကို စတက်ကြရအောင်”
သူတို့ ဤ စစ်ဆင်ရေးကို စတင်ရန် ပြင်ဆင်နေချိန်တွင် အဝေးမှ လူတစ်စုသည် သူတို့ ဦးတည်ရာ ဘက်သို့ အလျင်စလို လာနေကြသည်။ မိစ္ဆာ နယ်မြေ အတွင်း ဤမျှ နက်ရှိုင်းသော နေရာတွင် မိတ်ဆွေ အင်အားစုများနှင့် တွေ့ဆုံရန် မဖြစ်နိုင်ဟု ယုံကြည်ကြသဖြင့် လူတိုင်း ချက်ချင်း ရပ်တန့်လိုက်ကြသည်။
၎င်းသည် လူတိုင်းကို အံ့အားသင့်စေသော မြင်းစီးတပ်ဖွဲ့ တစ်ခု ဖြစ်သည်။ ဤ စစ်သည် တစ်ဦးချင်းစီသည် မိစ္ဆာမျိူးနွယ်များထဲတွင် အဓိကတည်ရှိမှုဟု ပြောနိုင်သည့် ‘မိစ္ဆာ ကလန်’မှ ‘မဟာ မိစ္ဆာ’များ ဖြစ်ကြသည်။ သူတို့သည် အရေအတွက် အများဆုံး မဟုတ်သလို အစွမ်းထက်ဆုံး ကလန်လည်း မဟုတ်သော်လည်း သူတို့တွင် မျှတသော လူဦးရေ အများဆုံး ရှိသည်။
အရေအတွက် အားဖြင့် ‘မိစ္ဆာ ကလန်’ သည် ‘ဓားနှစ်လက် မိစ္ဆာများ’ ပြီးလျှင် ဒုတိယ ဖြစ်သော်လည်း ‘မိစ္ဆာ ကလန်’ တွင် အမြောက်စာ အဖြစ်သာ အသုံးဝင်သော ‘မိစ္ဆာလေးများ’ သာ ပါဝင်သည် မဟုတ်ပေ။ သူတို့သည် ‘မိစ္ဆာလေးများ’ အဆင့်မှ နေ၍ ‘နတ်ဆိုး ဘုရင်’ အဆင့် အထိ၊ ထို့အပြင် ‘မိစ္ဆာ ကလန်’ ၏ ဘုရင်၊ မိစ္ဆာ နတ်ဘုရား ၇၂ ပါး အနက် စတုတ္ထ အဆင့် ရှိသော ‘သေမင်းသခင် ဆာမီဂီနာ’ အထိ ပြန့်နှံ့ တည်ရှိသည်။
ဤ အကြောင်းပြချက်ကြောင့် မိစ္ဆာ ကလန် ဝင်များသည် အလွန် များပြားသော်လည်း သူတို့၏ ခွန်အား အဆင့်သည် အားအနည်းဆုံး ‘မိစ္ဆာလေးများ’ မှ စတုတ္ထ မိစ္ဆာ နတ်ဘုရား အထိ အလွန် ကွာခြားလှသည်။ အဖွဲ့အစည်း တစ်ခုလုံး အနေဖြင့် သူတို့၏ အင်အားသည်လည်း ‘နတ်ဆိုး နဂါး’ မျိုးနွယ်စု ပြီးလျှင် ဒုတိယ လိုက်ကာ အတော်လေး ကြီးမားသည်။ အဆင့်သတ်မှတ်ချက်တွင် သူ့ အထက်ရှိ အခြား မိစ္ဆာ နတ်ဘုရား နှစ်ပါး၏ ကလန်များသည် ‘မိစ္ဆာ ကလန်’ ထက် များစွာ နိမ့်ကျပေသည်။ မိစ္ဆာကလန်မှ သူများမှာ ‘မိစ္ဆာ အုပ်စိုးသူ’ ဟု သိထားကြသော ‘သေမင်းသခင် ဆာမီဂီနာ’ ကိုသာ နာခံကြသည်။
‘မိစ္ဆာ ကလန်’ ၏ အကြီးမားဆုံး ဝိသေသလက္ခဏာသည် ၎င်း၏ ပြောင်းလဲ တိုးတက်နိုင်စွမ်းတွင် တည်ရှိသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ၎င်းသည် ပြောင်းလဲ တိုးတက်ရာတွင် အကျွမ်းကျင်ဆုံး မိစ္ဆာ မျိုးနွယ်စု ဖြစ်သည်။ အားအနည်းဆုံး ‘မိစ္ဆာလေး’ ပင်လျှင် လုံလောက်သော ကံတရားရှိပါက ‘နတ်ဆိုး ဘုရင်’ အဆင့် အထိ တက်လှမ်းနိုင်ပေသည်။
သူတို့ ရှေ့မှ မိစ္ဆာ တပ်ဖွဲ့သည် စတုတ္ထအဆင့် ‘မဟာ မိစ္ဆာ’ များဖြင့် ဖွဲ့စည်းထားပြီး အင်အား ၅၀ ရှိသည်။ သူတို့၏ စီးတော်ယာဉ်များမှာ ‘အိပ်မက်ဆိုး နတ်ဆိုး မြင်းများ’ ဖြစ်ကြသည်။
‘အိပ်မက်ဆိုး နတ်ဆိုး မြင်းများ’ သည် တစ်ကိုယ်လုံး နက်မှောင်နေပြီး သူတို့၏ ကိုယ်ခန္ဓာကို အနီရောင်ရင့်ရင့် အစင်းကြောင်းများဖြင့် ဖုံးအုပ်ထားသည်။ မိစ္ဆာများ ကဲ့သို့ပင် သူတို့၏ နဖူးပေါ်တွင် ဦးချို တစ်စုံ ရှိသဖြင့် သူတို့ကို ကြောက်မက်ဖွယ် ကောင်းသော ခြေလေးချောင်း သားရဲများ၏ ပုံပန်းသဏ္ဍာန်ကို ပေးစွမ်းထားသည်။ ဤ ‘အိပ်မက်ဆိုး နတ်ဆိုး မြင်းများ’ သည် သူတို့၏ သခင်များ ကဲ့သို့ပင် စတုတ္ထအဆင့်တွင် ရှိကြသည်။ ဆိုကြသည်မှာ အစွမ်းထက်ဆုံး ‘အိပ်မက်ဆိုး နတ်ဆိုး မြင်းများ’ သည် နဝမအဆင့် အထိ ရောက်ရှိနိုင်ပြီး ကြောက်မက်ဖွယ် ‘အိပ်မက်ဆိုး ဘုရင်များ’ ဖြစ်လာနိုင်သည့် အဓိပ္ပါယ်ပင်။
မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ မှ အဖွဲ့ဝင်များသည် လုံဟောင်ချန်း ကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။ ၁၂ ယောက်နှင့် ၅၀ တိုက်ပွဲတွင် ထို မိစ္ဆာ ၅၀ ၌ စီးတော်ယာဉ် ၅၀ ပါရှိသည်ကို ထည့်တွက်ကြည့်ပါက သူတို့တွင် အနိုင်ရရန် အခွင့်အရေး အနည်းငယ်မျှ မရှိပေ။ သူတို့သည် ဗဟို မိစ္ဆာ စီရင်စုနယ် အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်နေပြီ ဖြစ်ရာ ရန်သူ တစ်ဦးတည်းကို လွတ်ပေးလိုက်လျှင်ပင် ကြီးမားသော ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေမည့် အချက်ကို ထည့်ပြောစရာပင် မလိုတော့ပေ။
လုံဟောင်ချန်း လက်သင်္ကေတ တစ်ခု ပြုလုပ်လိုက်ပြီး သူ၏ အဖွဲ့သားများကို တည်ငြိမ်စွာ နေရန် အရိပ်အမြွက် ပြလိုက်သည်။ ရှေ့သို့ လျှောက်ထွက်သွားရင်း သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ မျက်နှာပေါ်တွင် မာန်မာန ထောင်လွှားသော အမူအရာကို တပ်ဆင်လျက် မိစ္ဆာ မြင်းစီးတပ်ဖွဲ့ ထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။
‘မဟာ မိစ္ဆာ’ အဖွဲ့သည် လျင်မြန်စွာ နီးကပ်လာသည်။ သူတို့ကို အထူးသဖြင့် အရပ်ရှည်သော မိစ္ဆာ တစ်ကောင်က ဦးဆောင်လာပြီး သူ၏ ‘အိပ်မက်ဆိုး နတ်ဆိုး မြင်း’ သည်လည်း အခြား မြင်းများထက် များစွာ ပိုမို ခမ်းနားထည်ဝါနေပုံ ပေါ်သည်။ ‘အိပ်မက်ဆိုး နတ်ဆိုး မြင်းများ’ သည် လုံဟောင်ချန်း နှင့် မီတာ ၂၀ အကွာသို့ ရောက်ရှိလာပြီး ရပ်တန့်လိုက်ကြသည်။ ထို့နောက် ၎င်းကို စီးနင်းလာသော ‘မဟာ မိစ္ဆာ’ သည် မြင်းပေါ်မှ ဆင်းကာ လုံဟောင်ချန်း ရှိရာ ဘက်သို့ လျှောက်လာသည်။
ထို ‘မဟာ မိစ္ဆာ တပ်မှူး’ တွင် ခရုပတ် ပုံသဏ္ဍာန် ဦးချို တစ်စုံ၊ လင်းနို့ ကဲ့သို့ အတောင်ပံများ ပါရှိပြီး ခမ်းနားသော ကိုယ်ခန္ဓာ တည်ဆောက်ပုံနှင့် အထူးသဖြင့် ကြီးမားသော လက်သည်း တစ်ခု ရှိကာ ကြမ်းကြုတ်သော ပုံပန်းသဏ္ဍာန် ရှိသည်။ သူ၏ ခန္ဓာကိုယ်မှ အလွန် ညှီစော် နံကာ ပါးလွှာသော အစိမ်းရောင် အငွေ့များကို ထုတ်လွှတ်နေသည်။
‘မိစ္ဆာ ကလန်’ တွင် ‘မဟာ မိစ္ဆာများ’ သည် အနီးကပ် တိုက်ပွဲများ၌ ကျွမ်းကျင်ကြကာ မှော်ပညာ၊ အထူးသဖြင့် မီးအမျိုးအစား မှော်ပညာကို ကြောက်ရွံ့ကြသည်။
အတောင်ပံများ ရှိနေခြင်းက ဤ ‘မဟာ မိစ္ဆာ’ သည် ပျံသန်းနိုင်စွမ်း ရှိသော ဆဋ္ဌမအဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားပြီး ဖြစ်ကြောင်း သက်သေပြနေသည်။ ဤ အဆင့်တွင် သူ့ကို ‘မိစ္ဆာ တပ်မှူး’ ဟု ခေါ်ဆိုနိုင်သည်။
“တော်လောက်ပြီ၊ အဲ့ဒီမှာ ရပ်နေ။ မင်းရဲ့ ညစ်ပတ်တဲ့ ကိုယ်ခန္ဓာကြီးနဲ့ အနားမကပ်နဲ့”
လုံဟောင်ချန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။
မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် အနေဖြင့် ထို မိစ္ဆာသည် အမှန်တကယ် နားထောင်ပြီး ရပ်တန့်လိုက်သော်လည်း ပြန်လည် အော်ဟစ် ပြောဆိုလိုက်သည်။
“မင်းက လနတ်ဆိုး ကလန်က သူကောင်းမျိူးနွယ်တစ်ယောက် ဖြစ်ရင်တောင်မှ ငါ့လို မိစ္ဆာ တပ်မှူး တစ်ယောက်ကို စော်ကားဖို့ အခွင့်အရေး မရှိဘူး။ မင်း နာမည် ပြောစမ်း ….. လ နတ်ဆိုး”
အဆင့်မြင့် မိစ္ဆာများ အားလုံး လူသား စကား ပြောဆိုနိုင်ကြပြီး သူတို့ အထဲတွင် လ နတ်ဆိုးကလန် မိစ္ဆာများသည် ၎င်းကို အနှစ်သက်ဆုံး ဖြစ်သည်။ ထို့ကြောင့် လုံဟောင်ချန်းမှာ လူသားဘာသာစကားဖြင့် ထိုမိစ္ဆာကို ပြောရဲခြင်း ဖြစ်၏။ သို့သော် နှိုင်းယှဉ်ကြည့်လျှင် ‘မဟာ မိစ္ဆာ’ ၏ လူသား စကားသံသည် သိသိသာသာ ပိုမို ကြမ်းတမ်းပြီး တုန်ယင်နေသည်။
လုံဟောင်ချန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တံဆိပ်ပြား တစ်ခုကို ‘မဟာ မိစ္ဆာ’ ထံသို့ ပေါ့ပါးစွာ ပစ်ပေးလိုက်သည်။
‘မိစ္ဆာ တပ်မှူး’သည် သူ၏ ကျယ်ပြန့်သော လက်ဖဝါးဖြင့် ၎င်းကို အလျင်အမြန် ဖမ်းယူလိုက်သည်။ ထို့နောက် သူ၏ အစိမ်းရောင်ရင့်ရင့် မျက်လုံးများ ပြင်းထန်စွာ ကျုံ့သွားပြီး သူ၏ လက်ထဲမှ တံဆိပ်ပြားမှာ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ထို့နောက် ရုတ်တရက် ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး လုံဟောင်ချန်း ရှေ့တွင် မမျှော်လင့်ဘဲ ဒူးထောက်လိုက်လေသည်။
“လေးစားအပ်ပါသော လ နတ်ဆိုး ကလန် ရဲ့ ဗိုင်းကောင်း ကျွန်တော့်ရဲ့ ယခင် စိတ်လိုက်မာန်ပါ အပြုအမူ အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်”
( ဘာသာပြန်သူ၏ စကားချပ်- ဗိုင်းကောင်းဆိုသည်မှာ ဗြိသျှ အသုံးအနှုန်းတစ်ခု ဖြစ်ပြီး ဘုရင် (သို့) ဘုရင်မ မှ သူကောင်းပြုထားသည့် လူတစ်ယောက်ဟု ခေါ်ဆိုနိုင်ပြီး တော်ဝင်မျိူးနွယ်ဝင် မဟုတ်သော်လည်း လူကုံထံ အသိုင်းအဝိုင်းမှ မြင့်မားသည့် လူတစ်ယောက်ကို ခေါ်ဆိုခြင်း ဖြစ်သည်။ )
ထို ‘မိစ္ဆာ တပ်မှူး’ သည် ချက်ချင်း ပိုမို ယဉ်ကျေးသိမ်မွေ့လာသည်။ သူသည် ဤ တံဆိပ်ပြားကို လက်ထဲတွင် ကိုင်ထားဆဲ ဖြစ်သော်လည်း ပိုမို နီးကပ်လာရန် မဝံ့ရဲတော့ပေ။
အဖြူရောင် အလင်းတန်း တစ်ခုနှင့် အတူ တံဆိပ်ပြားသည် ‘သူတော်စင် ဝိညာဉ် မီးဖို’ ၏ ဆွဲငင်အားကြောင့် လုံဟောင်ချန်း လက်ထဲသို့ အတိအကျ ပြန်ရောက်လာသည်။ ‘သူတော်စင် ဝိညာဉ် မီးဖို’ သည် သီးသန့် စွမ်းအင် တစ်ခုဖြစ်ပြီး အလင်း ဂုဏ်သတ္တိများ အမှန်တကယ် မရှိသဖြင့် လုံဟောင်ချန်း ၎င်းကို အေးဆေး အသုံးပြုနိုင်ပေသည်။ အရေးကြီးဆုံးမှာ ထိုမိစ္ဆာကို အနီးကပ်လာခွင့် မပေးရန် ဖြစ်သည်။ သူတို့သည် လူသားများ ဖြစ်ကြသဖြင့် သူ့တွင် ဤ ကာကွယ်ရေး တံဆိပ်ပြားသာ မရှိပါက အနံ့ခံအာရုံ ကောင်းမွန်သော မိစ္ဆာများက လွယ်ကူစွာ ရှာတွေ့သွားနိုင်ပေလိမ့်မည်။
“ထစမ်း၊ ညစ်ပတ်ပေရေနေတဲ့ ကောင်။ ပြောစမ်း၊ မင်းတို့ ဘယ်သွားနေကြတာလဲ”
လုံဟောင်ချန်းသည် သူ၏ ခန့်ညားသော ပုံပန်းသဏ္ဍာန်နှင့် လိုက်ဖက်သော၊ တစ်ချိန်တည်းမှာပင် ဆိုးသွမ်းသော လူကုံထံ တစ်ဦး၏ ပုံစံကို ပေးစွမ်းသော လွှမ်းမိုးချုပ်ကိုင်လိုသည့် အမူအရာဖြင့် ပြောလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ ဤသည်မှာ သူ ထိုကဲ့သို့ အပြုအမူကို ပထမဆုံး အကြိမ် ပြုလုပ်ခြင်း ဖြစ်ရာ သိသိသာသာ သဘာဝ မကျဘဲ လုံဟောင်ချန်းအားမှာ အနည်းငယ် တုန်လှုပ်နေ၏။
‘မိစ္ဆာ တပ်မှူး’က လေးစားစွာ ပြောကြားလိုက်သည်။
“ဂုဏ်သရေရှိသော လနတ်ဆိုး ကလန် ရဲ့ ဗိုင်းကောင်း၊ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ မျိုးနွယ်ဝင်တွေ ‘အထီးကျန် လှိုဏ်ဂူ’ ကို စူးစမ်းရှာဖွေဖို့ စေလွှတ်လိုက်တဲ့ စစ်ကူတွေပါ”
“အထီးကျန် လှိုဏ်ဂူ”
လုံဟောင်ချန်း အလွန် အံ့အားသင့်သွားသည်။
“အဲ့ဒါ ဘယ်လို နေရာမျိုးမို့လို့လဲ။ ဘာဖြစ်လို့ ငါ အရင်က မကြားဖူးရတာလဲ”
မိစ္ဆာ တပ်မှူးက ပြန်ဖြေလိုက်သည်။
“ဒါက ကျွန်တော်တို့ မိစ္ဆာ ကလန် ရှာတွေ့ခဲ့တဲ့ လှိုဏ်ဂူ တစ်ခုပါ။ မဟာ မိစ္ဆာ အရှင်သခင် ဆာမီဂီနာ က ကျွန်တော်တို့ရဲ့ အထွတ်အထိပ် အုပ်စိုးသူ မိစ္ဆာ နတ်ဘုရား ဧကရာဇ် ဆီကို အစီရင်ခံပြီးပါပြီ။ ကျွန်တော်တို့ မိစ္ဆာ ကလန် ရဲ့ လေ့လာချက်တွေ အရ ဒီ ‘အထီးကျန် လှိုဏ်ဂူ’ က အတော်လေး ထူးဆန်းတဲ့ နေရာ တစ်ခု ဖြစ်ပုံရပါတယ်။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင် အချို့ အဲဒါကို စူးစမ်းရှာဖွေနေတုန်း အကူအညီ လိုအပ်တဲ့ အချက်ပြမှု အချို့ လက်ခံရရှိခဲ့လို့ စစ်ကူ အဖြစ် ထွက်ခွာလာခဲ့ကြတာပါ”
သူသည် လုံဟောင်ချန်း ၏ အဆင့်အတန်းကို ကြောက်ရွံ့နေကြောင်း ရှင်းလင်းစွာ ခံစားရသော်လည်း ‘အထီးကျန် လှိုဏ်ဂူ’ အကြောင်းကို ရှောင်ရှားကာ မိစ္ဆာ နတ်ဘုရား ဧကရာဇ် က ဤ လှိုဏ်ဂူ၏ အခြေအနေကို သိရှိပြီး ဖြစ်ကြောင်း အလေးပေး ပြောဆိုလိုက်သည်။
လုံဟောင်ချန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ငါ ခန့်မှန်းတာ မမှားဘူး ဆိုရင် မင်း ပြောနေတဲ့ ဒီ ‘အထီးကျန် လှိုဏ်ဂူ’ က တောင်ရဲ့ ဟိုဘက်ခြမ်းမှာ ရှိရမယ်၊ ဟုတ်တယ်မလား”
မိစ္ဆာ တပ်မှူး ၏ မျက်နှာ အမူအရာတွင် ကြီးမားသော ပြောင်းလဲမှု တစ်ခု ပေါ်လာပြီး မသိစိတ်မှ ပြန်မေးလိုက်သည်။
“ခင်ဗျား … ခင်ဗျား အဲ့ဒါကို ဘယ်လို သိတာလဲ”
လုံဟောင်ချန်းက ဟိတ်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ဒီလောကမှာ ငါ့ရဲ့ လနတ်ဆိုး ကလန် ရဲ့ ဉာဏ်ပညာကို ကျော်လွန်တဲ့သူ ရှိတယ်လို့ မင်း ထင်နေတာလား။ စိတ်ချပါ၊ ဒီလို လှိုဏ်ဂူ သေးသေးလေးက ငါတို့ ကလန် ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ မလုံလောက်ပါဘူး။ မင်းတို့ စစ်ကူ အဖြစ် တာဝန်ကို သွားထမ်းဆောင်နိုင်ပြီ။ ထွက်သွားတော့ …”
ဤ စကားလုံးများ သူ၏ ပါးစပ်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူသည် သူ၏ အဖွဲ့သားများ ရှိရာသို့ ဦးတည်ကာ ကျောနောက်မှ ညာလက်ဖြင့် လျင်မြန်သော လက်သင်္ကေတ တစ်ခု ပြုလုပ်လိုက်သည်။
ဤနေရာသည် တောင်အောက်ရှိ ပြန့်ပြူးသော နေရာ တစ်ခု ဖြစ်သည်။ ‘မဟာ မိစ္ဆာ’ တပ်ဖွဲ့ မပေါ်လာမီက ဤနေရာတွင် မည်သည့် သက်ရှိသတ္တဝါမျှ မရှိဟု ပြောနိုင်သည်။
ခွင့်လွှတ်မှု တောင်းခံသကဲ့သို့ ‘မဟာ မိစ္ဆာ တပ်မှူး’ သည် လုံဟောင်ချန်း ကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီးနောက် သူ၏ ‘အိပ်မက်ဆိုး မြင်း’ ကျောပေါ်သို့ ပြန်တက်လိုက်သည်။ သူ၏ လက်ကို ဝှေ့ယမ်းလျက် သူသည် ‘မဟာ မိစ္ဆာ’ ၅၀ ပါသော မြင်းစီးတပ်ဖွဲ့ကို နှိုင်းယှဉ်ချက် အားဖြင့် ပြန့်ပြူးသော နေရာ တစ်ခုသို့ ဦးဆောင် ခေါ်သွားလိုက်သည်။ ‘အိပ်မက်ဆိုး မြင်းများ’ ၏ စွမ်းရည်ကို ထည့်တွက်ကြည့်လျှင် သူတို့သည် ၎င်းကို အတော်လေး လွယ်ကူစွာ ဖြတ်ကျော်နိုင်ပေလိမ့်မည်။
သူတို့သည် တူညီသော ဦးတည်ချက်သို့ သွားနေကြသဖြင့် လုံဟောင်ချန်း ၏ အဖွဲ့နှင့် အတူ ခရီးပြုလုပ်ခဲ့ကြသည်။ ‘မဟာ မိစ္ဆာ မြင်းစီးတပ်ဖွဲ့’ ၏ သုံးပုံတစ်ပုံ ဖြတ်ကျော်သွားချိန်တွင် လုံဟောင်ချန်းက ရုတ်တရက် အော်ဟစ်လိုက်သည်။
“စကြ”
ကြီးမားသော ပုံရိပ် တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ ချက်ချင်းဆိုသလို အလင်းတန်း တစ်ဒါဇင်ခန့် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ ၏ အဖွဲ့ဝင်များ အပေါ်တွင် ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော အလင်းတန်း နှစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
လုံဟောင်ချန်း ၏ ယခင် လက်သင်္ကေတတွင် အဓိပ္ပာယ် နှစ်ခု ရှိသည်။
တိုက်ပွဲ အတွက် ပြင်ဆင်ရန် နှင့် မည်သူ့ကိုမျှ အရှင် မထားရန်။
***