“စကြ … ”
လုံဟောင်ချန်း ရုတ်တရက် အော်ဟစ်လိုက်သည်။
ဟောင်ယွဲ့ ၏ ကြီးမားသော ပုံရိပ်သည် မျက်စိတစ်မှိတ် အတွင်း ပေါ်လာပြီး ဖရိုဖရဲ အနှစ်သာရမှာချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။
မဟာ မိစ္ဆာ မြင်းစီးတပ်ဖွဲ့ ပေါ်လာသည့် အချိန်တွင် လုံဟောင်ချန်း သည် တိုက်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်ပြီး ဖြစ်သည်။ ယွဲ့ယဲ့ ကုန်သည်အဖွဲ့ နှင့် ဖြစ်ပွားခဲ့သော နောက်ဆုံး တိုက်ပွဲ ပြီးနောက် ဟောင်ယွဲ့ အနေဖြင့် ပြောင်းလဲ တိုးတက်လာမှုကြောင့် ‘ဖရိုဖရဲ အနှစ်သာရ’ သည် ယခင်က ကဲ့သို့ သူ၏ စိတ်ဝိညာဉ် စွမ်းအင် အားလုံးကို တစ်ပြိုင်နက် ကုန်ဆုံးစေမည့် အစား ယခုအခါ ၈၀ ရာခိုင်နှုန်း ခန့်သာ ကုန်ဆုံးစေတော့မည် ဖြစ်ကြောင်း လုံဟောင်ချန်း ကို ပြောပြခဲ့သည်။
လုံဟောင်ချန်း ၏ အဖွဲ့သည် မိစ္ဆာ နယ်မြေထဲသို့ ဝင်ရောက်လာပြီး လည်ဆံမွှေးမြင်း များကို စွန့်ပစ်ရန် ရွေးချယ်စရာ မရှိ ဖြစ်လာသော အခါ ဟောင်ယွဲ့ သည် သူ့ဘာသာ သီးခြား နေထိုင်ရန် ရွေးချယ်ခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သူသည် လုံဟောင်ချန်း ဘေးတွင် နေနေပါက အလွန် ထင်ရှားနေပေလိမ့်မည်။ ထို့အပြင် သူတို့ နှစ်ဦးကြားတွင် သွေးစာချုပ် ကဲ့သို့သော ချက်ချင်း ဆက်သွယ်နိုင်သည့် အရာ ရှိနေခြင်းကြောင့် လုံဟောင်ချန်းသည် သူ့ လုံခြုံရေး အတွက် စိတ်မပူခဲ့ပေ။
မဟာ မိစ္ဆာ မြင်းစီးတပ်ဖွဲ့ ကို မြင်လိုက်ရသည့် ခဏတွင် လုံဟောင်ချန်းသည် ဟောင်ယွဲ့ အား သူ၏ ဖရိုဖရဲ အနှစ်သာရ ကို စတင် ပြင်ဆင်ခိုင်းခဲ့သည်။ ထိုအချိန်က လုံဟောင်ချန်းမှာ မဟာ မိစ္ဆာ များကို တိုက်ခိုက်သင့် မတိုက်ခိုက်သင့် မသေချာသေးသော်လည်း အရေးကြုံပါက အဆင်သင့် ဖြစ်နေစေရန် ဆန္ဒရှိခဲ့သည်။ ဟောင်ယွဲ့ အပေါ် စွမ်းအင် ကုန်ဆုံးမှုမှာ အမှန်တကယ်ပင် ကြီးမားမည် ဖြစ်သော်လည်း စိတ်ဝိညာဉ် စွမ်းအင် ကုန်ဆုံးပြီးနောက် ယင်းကို ပြန်လည်ဖြည့်တင်းရန် အများဆုံး တစ်နာရီ သို့မဟုတ် နှစ်နာရီခန့်သာ လိုအပ်ပေလိမ့်မည်။ သို့သော် တိုက်ပွဲ တကယ် စတင်ပါက ဖရိုဖရဲ အနှစ်သာရ ၏ အကျိုးသက်ရောက်မှုများသည် အမှန်တကယ်ပင် အလွန် ကြီးမားပေလိမ့်မည်။
ထိုစဉ်ကသာ ဟောင်ယွဲ့ ၏ အကူအညီ မပါခဲ့ပါက မဟာ ငှက်မိစ္ဆာ ဒါဇင်နှင့် ချီ၍ ပေါ်လာချိန်တွင် လုံဟောင်ချန်း နှင့် လန်ရှောင် တို့သည် သူတို့ကို ခုခံနိုင်ခဲ့ကြမည် မဟုတ်ပေ။
သို့သော်ငြားလည်း ဆင့်ခေါ်လိုက်သည်နှင့် ချက်ချင်း မန္တာန် တစ်ခု ပေါက်ကွဲထွက်ပေါ်လာအောင် ပြုလုပ်ခြင်းသည် မည်သူမဆို လုပ်နိုင်သော အရာ မဟုတ်ပေ။ သွေးစာချုပ် တစ်ခုကို ချက်ချင်း ဆင့်ခေါ်မှုဖြင့် ဆင့်ခေါ်နိုင်သော်လည်း တစ်ချိန်တည်းမှာပင် ဟောင်ယွဲ့ သည် သူ၏ ထူးခြားသော ခန္ဓာကိုယ်ကြောင့် ဆင့်ခေါ်ခံရစဉ် သူ၏ ကိုယ်ပိုင် မှော်ပညာကို အနှောင့်အယှက် မဖြစ်စေဘဲ ထိန်းသိမ်းထားနိုင်သည်။ ဤသည်မှာ မှော်ဆရာများ၏ ဆင့်ခေါ်ခြင်း အစီအရင်များ ယခင်က ဘယ်သောအခါမျှ မအောင်မြင်ခဲ့ဖူးသော အရာ ဖြစ်သည်။
ဖရိုဖရဲ အနှစ်သာရ မှ အလင်းတန်း သုံးခု ပျံ့နှံ့သွားပြီး အချင်း မီတာ ၅၀ ပတ်လည်အထိ ကျယ်ပြန့်သွားကာ အတွင်းရှိ မဟာ မိစ္ဆာ အကောင် ၅၀ ပါဝင်သော မြင်းစီးတပ်ဖွဲ့ကို လွှမ်းခြုံသွားသည်။
မဟာ မိစ္ဆာ များ ဖြစ်စေ၊ သူတို့၏ အိပ်မက်ဆိုး နတ်ဆိုး မြင်း များ ဖြစ်စေ သူတို့၏ ကိုယ်ခန္ဓာ အားလုံးမှ သိပ်သည်းသော အနက်ရောင် မြူခိုးများ ထွက်ပေါ်လာသည်ကို ချက်ချင်း မြင်တွေ့နိုင်သည်။ စူးရှသော အော်ဟစ်သံများနှင့် အတူ မြင်းစီးတပ်ဖွဲ့သည် ချက်ချင်းပင် ဖရိုဖရဲ ဖြစ်သွားသည်။
မဟာ မိစ္ဆာ များသည် တိုက်ပွဲ အတွက် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အဓိက အသုံးပြုကြသော်လည်း ဤ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာအများစုတွင် တူညီသော အရာတစ်ခု ရှိ၏။ လ နတ်ဆိုး ကလန် နှင့် နတ်ဆိုး နဂါး ကလန် တို့ အတွက် ဖြစ်သကဲ့သို့ပင် မိစ္ဆာ ကလန် အတွက်လည်း ထိုအတိုင်းပင်။
မည်သည့် မိစ္ဆာ၏ စွမ်းအင်တွင် မဆို အမှောင် အမျိုးအစား စိတ်ဝိညာဉ် စွမ်းအင် ပါဝင်သည်။ သူတို့တွင် လေထဲရှိ အမှောင် အနှစ်သာရကို စုပ်ယူနိုင်စွမ်း ရှိပြီး ယင်းကို ချေဖျက်ခြင်းဖြင့် သူတို့၏ ကျင့်ကြံခြင်း စွမ်းအား တိုးမြင့်စေရန် အသုံးပြုကာ တဖြည်းဖြည်းချင်း ပြောင်းလဲ တိုးတက်သော အခြေအနေသို့ ရောက်ရှိလာကြသည်။ ထို့ကြောင့် တိုက်ခိုက်သည့် အချိန်တွင် မဟာ မိစ္ဆာ များ၏ မည်သည့် တိုက်ခိုက်မှု မဆို အစွန်းရောက် စွမ်းအားများဖြင့် ပြည့်နှက်နေသော အမှောင် စွမ်းအင်များ ပါဝင်နေပေလိမ့်မည်။ သို့သော် အလားတူပင် သူတို့၏ ကိုယ်ခန္ဓာများသည်လည်း အမှောင် အမျိုးအစား ဂုဏ်သတ္တိများ ရှိနေပေလိမ့်မည်။ သန့်စင်သော အမှောင် စစ်သည်များပင်လျှင် ဖရိုဖရဲ အနှစ်သာရ ၏ ပြင်းထန်သော လွှမ်းမိုးမှုကို ခံစားရမည် ဖြစ်ရာ မူလကတည်းက အမှောင် ဂုဏ်သတ္တိ ဖြစ်သော ဤ မဟာ မိစ္ဆာ များကို ဆိုဖွယ်ရာ မရှိပေ။
အနက်ရောင် မြူခိုး တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး အမှောင် အနှစ်သာရများ ပေါက်ကွဲထွက်ပေါ်လာသည်။ ကွဲပြားခြားနားသော မှော် ဒြပ်စင် အမျိုးအစား အားလုံးသည် ဖရိုဖရဲ အနှစ်သာရ ကို အားဖြည့်ပေးသည်။ ဒြပ်စင် ဖရိုဖရဲ ဖြစ်မှု ကြီးမားလေလေ၊ မှော်ပညာ၏ အကျိုးသက်ရောက်မှု ပိုမို အစွမ်းထက်လာလေလေ ဖြစ်သည်။ ဟောင်ယွဲ့ ထုတ်လွှတ်လိုက်သော ဒြပ်စင် သုံးမျိုးစလုံးတွင် အလင်း ဒြပ်စင်၏ အစိတ်အပိုင်း တစ်ခု ပါဝင်ပြီး ၎င်း၏ အကျိုးသက်ရောက်မှုများသည် အမှောင်ကို ဆန့်ကျင်ရာတွင် မီး နှင့် ရေ ထက် များစွာ ပိုမို ကြီးမားသည်။ မိစ္ဆာများထံမှ ချက်ချင်း ထွက်ပေါ်လာသော အမှောင် မြူခိုး အတွင်း၌ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
အနည်းဆုံး မဟာ မိစ္ဆာ သုံးပုံတစ်ပုံသည် သူတို့၏ မြင်းကျောပေါ်မှ ပြုတ်ကျကုန်ကြပြီး အိပ်မက်ဆိုး နတ်ဆိုး မြင်း များ၏ ကာကွယ်ရေး စွမ်းအား ကြီးမားသော်လည်း သူတို့၏ ကျောပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်ကို မြင်တွေ့ရကာ ၎င်းမှ ကတ္တရာစေးကဲ့သို့ မဲနက်သော သွေးများ ပတ်ဝန်းကျင်သို့ ပန်းထွက်လာသည်။
ဟောင်ယွဲ့ တစ်ဦးတည်း လှုပ်ရှားခဲ့ခြင်း မဟုတ်ပေ။ လုံဟောင်ချန်း ၏ အချက်ပြမှုကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ မှ အခြား အဖွဲ့ဝင်များသည် ပြင်ဆင်မှုများကို ချက်ချင်း ပြုလုပ်ပြီး ဖြစ်သည်။ ‘ဖရိုဖရဲ အနှစ်သာရ’ ပေါက်ကွဲထွက်ပေါ်လာသည့် ခဏတွင် ချိူက်အာ သည် လုံဟောင်ချန်း ၏ ကျောနောက်မှ ပျောက်ကွယ်သွားပြီး အခြားသူများ၏ တိုက်ခိုက်မှုများသည် အရပ်မျက်နှာ အပေါင်းမှ ပေါက်ကွဲထွက်ပေါ်လာသည်။
သူတို့သည် ဤကိစ္စကို တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းရမည် ဖြစ်ပြီး ဆိုလိုသည်မှာ အစွမ်းကုန် ထုတ်သုံးရမည် ဖြစ်သည်။ ဤနေရာသည် မိစ္ဆာ နယ်မြေ၏ ဗဟို စီရင်စုနယ် ဖြစ်ရာ မိစ္ဆာများနှင့် တွေ့ကြုံရဖွယ် ရှိကြောင်း ဆိုလိုပြီး တစ်စက္ကန့်မျှ အချိန်မဖြုန်းဘဲ ဤ တိုက်ပွဲကို ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်သည်။
ဝမ်ရွှမ်ရွှမ်သည် နတ်ဘုရားဝိညာဉ် ဒိုင်းကာကို ကိုင်ဆောင်ထားပြီး ၎င်းအထက်တွင် သလင်းကျောက် သုံးခု ကို မြှုပ်နှံထားလေသည်။
‘အာကာသခွဲထွက်ခြင်းလှည့်ပတ်ဒိုင်းကာ’ ….
မြင်းစီးတပ်ဖွဲ့ မှ မဟာ မိစ္ဆာ အားလုံးသည် ဖရိုဖရဲ အနှစ်သာရ ၏ တိုက်ခိုက်မှု စွမ်းအားကို မနည်း ခုခံနေရသည်။ ရူးသွပ်စွာ ရုန်းကန်နေရသော အခြေအနေတွင် သူတို့ စီးနင်းထားသည့် ‘အိပ်မက်ဆိုး နတ်ဆိုး မြင်း’ များသည် မည်သည့် အကူအညီမှ မပေးနိုင်ပေ။
ပေါက်ကွဲသံများ ထပ်ကာတလဲလဲ ထွက်ပေါ်လာပြီး ဖရိုဖရဲ အနှစ်သာရ ကြောင့် မြေကြီးပေါ် မပြုတ်ကျသေးသော မြင်းစီးတပ်ဖွဲ့ မှ မဟာ မိစ္ဆာ ငါးကောင်သည် အာကာသခွဲထွက်ခြင်း လှည့်ပတ်ဒိုင်းကာ တိုက်ခိုက်မှုကြောင့် တစ်ကောင်ပြီး တစ်ကောင် သတ်ဖြတ် ခံလိုက်ရသည်။ လုံဟောင်ချန်း ပင်လျှင် ‘နတ်ဘုရား ဝိညာဉ် ဒိုင်း ၏ ကြီးမားသော စွမ်းအားကို ထိပ်တိုက် မတွေ့ဆုံရဲရာ ဝမ်ရွှမ်ရွှမ် ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား သက်သက်ဖြင့်ပင် ဖိမိရုံနှင့် သေစေနိုင်ကာ စတုတ္ထအဆင့် မဟာ မိစ္ဆာ များကို ဆိုဖွယ်ရာ မရှိပေ။ အလောင်း ငါးလောင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
စစ်မာရှန်း သည်လည်း အခြား မဟာ မိစ္ဆာ ငါးကောင်ကို ကိုင်တွယ် ဖြေရှင်းလိုက်သည်။ သူ့ လက်ထဲမှ လူခေါင်း အရွယ်အစား ရှိသော အလင်း တန်းငါးခုကို ပစ်လွှတ်လိုက်ရာ လွှမ်းမိုးသော အလင်း အနှစ်သာရများကို သယ်ဆောင်လျက် မဟာ မိစ္ဆာ ငါးကောင်၏ ရင်ဘတ်များကို အညှာအတာ ကင်းမဲ့စွာ ထိမှန်သွားသည်။
‘မြင့်မြတ် အလင်း အစီအရင်’
ဤသည်မှာ စစ်မာရှန်း သင်ယူခဲ့သော ကျွမ်းကျင်မှု အသစ်များထဲမှ တစ်ခု ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် နောက်ဆုံး၌ သာမန် ဘုန်းတော်ကြီး တစ်ပါးနှင့် အနည်းငယ် တူညီလာပြီ ဖြစ်သည်။ အမှန်တကယ်တွင် သူသည် ကြမ်းတမ်းသော ခွန်အားကို အသုံးပြုသည့် ဘုန်းတော်ကြီး တစ်ပါး ဖြစ်သော်လည်း သူ၏ ကိုယ်ခန္ဓာတွင်း အလင်း အနှစ်သာရ စုစည်းမှုသည် လုချီ ထက်ပင် ပိုမို ကြီးမားသည်။ လုံဟောင်ချန်း ၏ အခြွေအရံ သူရဲကောင်း ဖြစ်လာပြီးနောက် ဤ ထိပ်ပြောင် ဘုန်းတော်ကြီး၏ မွေးရာပါ အတွင်းပိုင်း စိတ်ဝိညာဉ် စွမ်းအင်သည် အမှတ် ၈၀ ကျော်သို့ ရောက်ရှိသွားသည်။ ထို့ကြောင့် သူ အစွမ်းကုန်ထုတ်ကာ တိုက်ခိုက်သည့် အချိန်တွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို ခန့်မှန်း ကြည့်နိုင်ပေသည်။
မြင့်မြတ် အလင်း အစီအရင် ၏ တိုက်ခိုက်နိုင်စွမ်းသည် ကြီးမားလှပြီး ၎င်းတွင် စစ်မာရှန်း ၏ စိတ်ဝိညာဉ် စွမ်းအင် သုံးပုံတစ်ပုံခန့် ပါဝင်သည်။ အလင်းသည် အမှောင်ကို သဘာ၀ အရ ဖိနှိပ်နိုင်ပေသည်။ ထို့အပြင် ထိုမိစ္ဆာများမှာ ဟောင်ယွဲ့၏ ဖရိုဖရဲ အနှစ်သာရဖြင့် တိုက်ခိုက်ခြင်း ခံထားရသေးကာ ယခုအခါ၌ စစ်မာရှန်း၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို မည်သို့ ခုခံနိုင်မည်နည်း။ ဘန်းခနဲ ဟူသော အသံနှင့် အတူ မဟာမိစ္ဆာငါးကောင်မှာ သူတို့၏ အိပ်မက်ဆိုး နတ်ဆိုးမြင်းများပေါ်မှ ပြုတ်ကျကာ ဒဏ်ရာ အပြင်းအထန် ရရှိသွားသည်။
လုံဟောင်ချန်းမှာ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ လက်ထဲတွင် အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား နှင့် မြင့်မြတ် ဝိညာဉ်ဓားတို့ ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလို ငွေဖြူရောင်ဓားသွား၊ ဆူးခင်းလမ်းတွင် စစ်ချီခြင်း၊ လျှပ်စီးဓားချက်၊ ကောင်းကင်စစ်ခင်းဝင်္ကပါ ၊ နေမင်းရောင်စဉ်အလင်းရိုက်ချက်၊ အရန်သင့်ထောင့်ဖြတ်ခုတ်ချက်၊ ဆူးခင်းလင်းရောင် … စသည့် များပြားလှသော တိုက်ခိုက်ရေး သူရဲကောင်း နည်းစနစ်များ အဆက်မပြတ်ထုတ်ဖော်ကာ လုံဟောင်ချန်းမှာ သူ၏ ဓားတစ်ချက် ယမ်းလိုက်သည့် အခါတိုင်း အနည်းဆုံး မဟာ မိစ္ဆာ တစ်ကောင် သို့မဟုတ် အိပ်မက်ဆိုး နတ်ဆိုး မြင်း တစ်ကောင်၏ အလောင်းကို ချန်ထားခဲ့သည်။
အလင်းဒြပ်စင် နတ်သမီး ယာတင်း သည် လုံဟောင်ချန်း ၏ ကျောနောက်တွင် ပျံဝဲနေပြီး မရပ်မနား မန္တာန် ရွတ်ဆိုနေကာ အလင်းဒြပ်စင် မန္တာန်များကို လုံဟောင်ချန်း အပေါ် တစ်ခုပြီး တစ်ခု လွှတ်ပေးနေသည်။ ယာတင်း သည် လုံဟောင်ချန်း ၏ ဝိညာဉ် မီးဖို ဖြစ်လာပြီးနောက် သူတို့သည် ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှု အဆင့်သို့ ရောက်ရှိပြီဟု ပြောနိုင်သည်။ အလင်း၏ သားတော် ဖြစ်သည့် လုံဟောင်ချန်းနှင့် ပေါင်းစည်းပြီးနောက် ယာတင်းမှာ နှစ်ကြိမ်တိုင်တိုင် ဆင့်ကဲပြောင်းလဲ ခဲ့သည်။ ကုန်သည်ယာဉ်လှည်း တိုက်ခိုက်ခံရသည့် တိုက်ပွဲတွင် သူမမှာ စွမ်းအားများစွာ ကုန်ဆုံးခဲ့သည့်တိုင် ပြီးခဲ့သည့် နှစ်ရက် အတွင်း ယာတင်းမှာ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။
လုံဟောင်ချန်း နှင့် အတူ ဆိုလျှင် အလင်း ဒြပ်စင်နှင့် သူမ၏ လိုက်ဖက်ညီမှုသည် အဆပေါင်းများစွာ တိုးတက်လာသည်။ ထို့အတူ လုံဟောင်ချန်း၏ အတွင်း စိတ်ဝိညာဉ် စွမ်းအင်သည်လည်း ယခင်ထက် အဆပေါင်းများစွာ ပိုမိုလျှင်မြန်စွာ ပြည့်ဖြိုးလာသည်။ ယခုအချိန်တွင် လုံဟောင်ချန်း၏ ခန္ဓာကိုယ်ပတ်လည်တွင် မြင့်မြတ်သော မီးလျှံတစ်ခု ဝန်းရံတောက်လောင် နေလေသည်။
စတင်တိုက်ခိုက်လိုက်သည်နှင့် အစွမ်းကုန် တိုက်ခိုက်ကြရာ မဟာမိစ္ဆာများမှာ ချက်ချင်းဆိုသလို ၀ရုန်းသုန်းကားနှင့် ဖရိုဖရဲ ဖြစ်သွားကာ မိစ္ဆာတပ်မှုး အပါအဝင် မဟာမိစ္ဆာ ခုနှစ်ကောင် သို့မဟုတ် ရှစ်ကောင်ခန့်သာ ဟောင်ယွဲ့၏ ဖရိုဖရဲ အနှစ်သာရ အောက်မှ အပြင်သို့ မနည်း ပြေးထွက်နိုင်ခဲ့သည်။
“ချိူက်အာ”
အိပ်မက်ဆိုး မြင်း နှစ်ကောင်ကို ခုတ်ပိုင်းပြီးနောက် လုံဟောင်ချန်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုစဉ် အံ့အားသင့်စရာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ မြေပြင်အထက် သုံးမီတာခန့်တွင် ပုံရိပ်တစ်ခုမှာ တစ္ဆေတစ်ကောင် အလား ရုတ်တရက် ထွက်ပေါ်လာသည်။ တပြိုင်နက်တည်းတွင် လုံဟောင်ချန်း၏ ရင်ဘတ်မှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ရှောင်လွီမှာ လုံဟောင်ချန်းအား မျှောလွင့်ခြင်း မန္တာန် အသုံးပြုပေးလိုက်ရာ လုံဟောင်ချန်းမှာ သူတော်စင် ဝိညာဉ် မီးဖို၏ ဆွဲယူခြင်း စွမ်းရည်အား အသုံးပြုကာ ချိူက်အာ အနားသို့ လျှပ်စီးတစ်ခု အလား ပျံသန်းသွားလေသည်။ ဖရိုဖရဲ အနှစ်သာရ ၏ အကျိုးသက်ရောက်မှု အကွာအဝေး အတွင်း ကျန်ရှိနေသေးသော ရန်သူများသည် ပြဿနာ မရှိတော့ပေ၊ အကြောင်းမှာ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ သည် သူတို့ကို ကိုင်တွယ်ရန် လုံလောက်နေပြီ ဖြစ်သော်လည်း သူတို့သည် ‘မိစ္ဆာ တပ်မှူး’ ကို လွတ်မြောက်ခွင့် မပေးနိုင်ပေ။ သူတော်စင် ဝိညာဉ် မီးဖို ၏ ဆွဲယူခြင်း စွမ်းရည်သည် သူတို့ နှစ်ဦး ကြားရှိ နားလည်မှုနှင့် ပြီးပြည့်စုံသော လိုက်ဖက်မှုကို ဖြစ်ပေါ်စေခဲ့သည်။
မိစ္ဆာ တပ်မှူး တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိချိန်တွင် ဖရိုဖရဲ အနှစ်သာရ ကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိနေပြီး ဖြစ်သည်။ မည်သူမဆို ထိုကဲ့သို့ အလစ်တိုက်ခိုက်ခံရပြီ ဆိုပါက ဦးစွာ မိမိ အသက်ကို ကာကွယ်ကြမည်သာ ဖြစ်၏။ မိစ္ဆာတပ်မှုး၏ အိပ်မက်ဆိုး နတ်ဆိုမြင်းမှာ ၎င်းအား သယ်ဆောင်ကာ ဖရိုဖရဲ အနှစ်သာရ တိုက်ခိုက်မှု အကွာအဝေးမှ သယ်ထုတ်သွားပြီးနောက် မိစ္ဆာတပ်မှုးမှာ အခြေအနေအား ကြည့်ရန် လှည့်လိုက်သည့် အချိန်တွင် သူ၏ အဖွဲ့သားများမှာ ကြက်များ၊ ဝက်များကဲ့သို့ သတ်ဖြတ်ခံနေရသည့် သွေးပျက်စရာ မြင်ကွင်းကို မြင်လိုက်ရသည်။ ထိုအချိန်တွင် လုံဟောင်ချန်းနှင့် ချိူက်အာတို့မှာ ၎င်းတို့ အနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချိူက်အာကို မီသွားသောအခါ လုံဟောင်ချန်းသည် သူမ၏ နူးညံ့ပျော့ပျောင်းသော ကိုယ်ခန္ဓာကို သူ့ ရင်ခွင်ထဲတွင် ချက်ချင်း ပွေ့ဖက်လိုက်ပြီး လေထဲတွင် ရုတ်တရက် လည်ပတ်ကာ သူမကို အရှိန်အပြည့်ဖြင့် ပစ်လွှတ်လိုက်သည်။ သူမသည် မိစ္ဆာ တပ်မှူး ထံသို့ အနက်ရောင် ဥက္ကာခဲ တစ်စင်း အလား ပြေးဝင်သွားသည်။ လုံဟောင်ချန်း သည်လည်း ရပ်တန့်မနေပဲ သူတော်စင် ဝိညာဉ် မီးဖို ၏ ဆွဲငင်နိုင်စွမ်းကို နောက်တစ်ကြိမ် အသုံးပြုကာ မိစ္ဆာတပ်မှုးကို လိုက်ဖမ်းလေသည်။
ချိူက်အာ၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာကာ သူမ၏ လမ်းတွင် ရှိသော မဟာ မိစ္ဆာ နှစ်ကောင်နှင့် သူတို့၏ စီးတော်ယာဉ်များကို အစအန မကျန် ပျောက်ကွယ် သွားစေသည်။ ၎င်းတို့မှာ စတုတ္ထအဆင့်သာ ရှိကာ အစိမ်းရောင်ရင့်ရင့် ဓားနှစ်လက် မိစ္ဆာများနှင့် မကွာခြားချေ။ မိစ္ဆာ မြင်းစီးတပ်ဖွဲ့ ၏ အားသာချက်မှာ တိုက်ခိုက်မှု ဖြစ်ပြီး ခုခံကာကွယ်မှု မဟုတ်ချေ။ သူတို့တွင် မာကျောပြီး ခံနိုင်ရည် ရှိသော ကိုယ်ခန္ဓာများ ရှိသော်လည်း ၎င်းမှာ ခုခံကာကွယ်ရေး အတွက်မဟုတ်ချေ။
ထိုအချိန်တွင် လုံဟောင်ချန်းမှာ ချိူက်အာအနားသို့ ရောက်ရှိလာပြီး နေမင်းရောင်စဉ် အလင်းရိုက်ချက်ကို ထုတ်လွှတ်ကာ သူ၏ လေးလံသော ဓားနှစ်လက်ဖြင့် မိစ္ဆာတပ်မှုးကို တိုက်ခိုက်လိုက်သည်။
မိစ္ဆာ တပ်မှူးမှာ တစ်ချိန်တည်းမှာပင် ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းကို ခံစားနေရသည်။ သူသည် ငတုံးတစ်ကောင် ဖြစ်နေလျှင်ပင် လုံဟောင်ချန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရွှေရောင် စွမ်းအင်များမှာ မိစ္ဆာတစ်ကောင်တွင် ရှိသည့် အရာများ မဟုတ်ကြောင်း သိပေသည်။ ၎င်းမှာ သူလက်ထဲရှိ လှံရှည်ကို ကိုင်ဆောင်ကာ လုံဟောင်ချန်း၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။
ဘန်း ….
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး မိစ္ဆာတပ်မှုး အောက်ရှိ အိပ်မက်ဆိုး နတ်ဆိုးမြင်းမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်နဲ့ သွား၏။
***