ရှန်းမုံ့သာ့လု တိုက်ကြီး တွင် မိမိထက် အဆင့်မြင့်မားသော အစွမ်းထက် ပုဂ္ဂိုလ်များကို စိန်ခေါ်ခြင်းမှာ အလွန် ခက်ခဲသော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်တစ်ခုနှင့် တစ်ခုကြားတွင် ကြီးမားသော အရည်အသွေးပိုင်းဆိုင်ရာ ကွာဟချက် ရှိနေသောကြောင့်ပင်။ သို့သော် လုံဟောင်ချန်းအတွက်မူ မိမိထက် အဆင့်မြင့်သော ပြိုင်ဘက်ကို စိန်ခေါ်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်တော့ချေ။ ထို့အပြင် သူ့ထံတွင် သာမန်လူများ မပိုင်ဆိုင်နိုင်သော အားသာချက်များစွာ ရှိနေလေသည်။
ပုံမှန်အခြေအနေမျိုးတွင် ထိုကဲ့သို့သော ရန်သူကို အနိုင်ယူရန်မှာ လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ချေ။ ဟောင်ယွဲ့၏ အကူအညီသာ မပါခဲ့ပါက ကြမ်းတမ်းခက်ခဲသည့် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ရမည် ဖြစ်ကာ အနိုင်ရခဲ့လျှင်တောင်မှ အလွန် သနားစဖွယ် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
သို့သော် မိစ္ဆာတပ်မှူးမှာ ဆဋ္ဌမအဆင့်တွင် ရှိသော်လည်း ဆဋ္ဌမအဆင့် အထွတ်အထိပ်နှင့်မူ များစွာ ကွာဝေးနေသေး၏။ ထို့ကြောင့် ဖရိုဖရဲ အနှစ်သာရ၏ သက်ရောက်မှုကို အပြည့်အဝ ခံစားလိုက်ရပြီး သူ့ ခန္ဓာကိုယ်ရှိ ဒြပ်စင်စွမ်းအင်များမှာ အကြီးအကျယ် ကုန်ဆုံးသွားခဲ့ကာ ဒဏ်ရာ အပြင်းအထန် ရရှိသွားသည်။ ထို့ကြောင့် လုံဟောင်ချန်းမှာ သူနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။
လုံဟောင်ချန်းသည် ချက်ချင်းဆိုသလို အစွမ်းကုန် ပေါက်ကွဲ ထွက်ပေါ်လာသော တိုက်ခိုက်မှုများကို ကျွမ်းကျင်သည့် တိုက်ခိုက်ရေး သူရဲကောင်း တစ်ဦး အနေဖြင့် လှုပ်ရှားနေသည်။အားကောင်းသော တန်ပြန် ရိုက်ခတ်မှု ကြောင့် လုံဟောင်ချန်း မှာ လေထဲသို့ လွင့်ထွက်သွားခဲ့သည်။ သို့သော် နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်မှာ အလွန် မြန်ဆန်သော အရှိန်ဖြင့် လည်ပတ် သွားလေသည်။
အပြစ်ပေးလှည့်ပတ်ဓားချက် …
အလင်းဒြပ်စင် နတ်သမီးမှာ အနည်းငယ် ဝေးကွာသော နေရာသို့ ပျံသန်းသွားပြီး မန္တာန်ကို အဆက်မပြတ် ရွတ်ဆိုနေ၏။ လုံဟောင်ချန်းနှင့် မိစ္ဆာတပ်မှုး၏ တိုက်ခိုက်မှုတို့ ထိတွေ့သွားချိန်တွင် အားကောင်းသည့် ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာသည်။ မိစ္ဆာတပ်မှူးမှာ အစွမ်းကုန် ခုခံလိုက်ရ၏။ သူ၏ လှံရှည်ထက်တွင် ကြီးမားသော ချိုင့်တစ်ခု ဖြစ်ပေါ်လာပြီး သူ့အောက်ရှိ အိမ်မက်ဆိုး နတ်ဆိုးမြင်း၏ ခြေတံလေးချောင်းမှာလည်း တောင့်တင်းသွားကာ မြေပြင်ထက်တွင် နက်ရှိုင်းသော ခြေရာများ ထင်ကျန်ရစ်လေသည်။
မြင့်မြတ်ဓား….
ယာတင်းမှာ လုံဟောင်ချန်း၏ တိုက်ခိုက်မှုကို မြင့်မြတ်ဓား၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့် ပေါင်းစပ်ထည့်သွင်းပေးလိုက်ခြင်းပင်။
သို့သော် ဤအခိုက်အတန့်တွင် အိမ်မက်ဆိုး နတ်ဆိုးမြင်း၏ တိုက်ခိုက်နိုင်စွမ်းမှာ အပြည့်အဝ ထွက်ပေါ်လာတော့သည်။ ၎င်း၏ ခန္ဓာကိုယ်မှ မှေးမှိန်သော အနက်ရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး မဟာမိစ္ဆာ တပ်မှူး ၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွား၏။ မဟာမိစ္ဆာ တပ်မှူးမှာ ပါးစပ်မှ တစ်စုံတစ်ရာ ရေရွတ်ပြောဆိုချင်သော်လည်း သူ၏ ခန္ဓာကိုယ် တစ်ခုလုံး အနက်ရောင်မြူခိုးများဖြင့် ဝန်းရံခြင်း ခံထားရပြီး နာကျင်စွာ အော်ဟစ်နေသည့် အသံနက်ကြီးသာ ထွက်ပေါ်လာလေသည်။
မဟာမိစ္ဆာများ ၏ အထူးကျွမ်းကျင်မှု မှာ အနီးကပ် တိုက်ခိုက်ခြင်း ဖြစ်ပြီး အိမ်မက်ဆိုး နတ်ဆိုးမြင်းများသည် ဒြပ်စင် စွမ်းရည်များကို အသုံးပြုရာတွင် ပိုမို ကျွမ်းကျင်ကြပေသည်။ ၎င်းတို့သည် အလွန် မြန်ဆန်သော အရှိန်ဖြင့် ပြေးလွှားနိုင်ပြီး အမှောင် မှော်တိုက်ခိုက်မှုများကို အသုံးပြုရာတွင် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ထို့ကြောင့်ပင် ဖရိုဖရဲအနှစ်သာရ၏ သက်ရောက်မှု ဒဏ်ကို ခံရသောအခါ ၎င်းတို့၏ ဆုံးရှုံးမှု သည် မဟာမိစ္ဆာများ ထက်ပင် ပိုမို ကြီးမားခဲ့သည်။ စွမ်းအင်များ အကြီးအကျယ် ကုန်ဆုံးနေပြီ ဖြစ်သောကြောင့် အိမ်မက်ဆိုး နတ်ဆိုးမြင်း အနေဖြင့် လုံဟောင်ချန်းအား တိုက်ရိုက် မတိုက်ခိုက်နိုင်တော့ချေ။
ဘန်း …
အပြစ်ပေးလှည့်ပတ်ဓားချက်သည် မြင့်မြတ်ဓားချက်၏ ကြောက်မက်ဖွယ်စွမ်းအားကို ထပ်မံသယ်ဆောင်လာပြီး မဟာမိစ္ဆာ တပ်မှူး လက်ထဲရှိ လှံကို ထက်ပိုင်း ကျိုးသွားစေသည်။
မဟာမိစ္ဆာ တပ်မှူးသည် သူ၏ သန်မာသော လက်သည်း နှစ်ဖက်ကို မရပ်မနား ဝှေ့ယမ်းကာ လုံဟောင်ချန်း ၏ အပြစ်ပေးလှည့်ပတ်ဓားချက်များကို ကာကွယ် ပိတ်ဆို့ထားလေသည်။ ၎င်းတို့ ထိတွေ့သွားသည့် အချိန်တိုင်း အနက်ရောင် မီးခိုးများ ထွက်ပေါ်လာလေသည်။ ဤသည်မှာ အလင်းနှင့်အမှောင် စွမ်းအင် ထိတွေ့သည့် အခါ၌ ထွက်ပေါ်လာသည့် ရလဒ်ပင်။
အချိန်နှင့်အမျှ ပိုမို ပြင်းထန်လာသော အပြစ်ပေးလှည့်ပတ်ဓားချက် ကို ကာကွယ်ရန်မှာ ပြောသလောက် မလွယ်ကူလှချေ။ နောက်ဆုံးတွင် မဟာမိစ္ဆာ တပ်မှူးမှာ ဆက်လက် တောင့်ခံထားနိုင်ခြင်း မရှိတော့ချေ။
ရွှပ် … အား ….
မိစ္ဆာတပ်မှူး၏ ညာဘက် လက်သည်း အလယ်ပိုင်း အဆစ်မှာ ပြတ်ထွက် သွားပြီး နာကျင်ဖွယ် အော်ဟစ် လိုက်သည်။ တစ်ချိန်တည်းမှာပင် ၎င်းမှာ ဆုတ်ခွာရန် တွေးလိုက်၏။ ထိုလက်သည်းမှာ မတော်တဆ ပြတ်တောက်သွားခြင်း မဟုတ်ဘဲ ကိုယ်တိုင် အပြတ်ခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အပြစ်ပေးလှည့်ပတ်ဓားချက် သည် မဟာမိစ္ဆာ တပ်မှူး နောက်သို့ လိုက်ပါလာချိန်တွင် သူသည် အိမ်မက်ဆိုး နတ်ဆိုးမြင်း ကို အကာအကွယ်အဖြစ် ဆွဲယူလိုက်ပြီး ဘေးသို့ ချက်ချင်း ယိမ်းကာ သူ့ထံသို့ ဦးတည်လာသော ဓားချက်များကို ကာကွယ်လိုက်သည်။
အိမ်မက်ဆိုး နတ်ဆိုးမြင်း သည် ဖရိုဖရဲ အနှစ်သာရကြောင့် ၎င်းမှာ လွန်စွာ အားနည်း နေခဲ့သည်။ယခုအခါ သခင် ဖြစ်သူ၏ ဒိုင်းကာ အဖြစ် အတင်းအကျပ် အသုံးပြုခံရချိန်တွင် လုံဟောင်ချန်း ၏ ဓားချက်များကို ခံနိုင်ရည်မရှိတော့ချေ။
နားကွဲမတတ် ပေါက်ကွဲသံ နှင့်အတူ အိမ်မက်ဆိုး နတ်ဆိုးမြင်းသည် အပြစ်ပေးလှည့်ပတ်ဓားချက်များကြောင့် အသားကြိတ်စက် အတွင်း ထည့်ကြိတ်ခံရသည့် အလား အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။
မဟာမိစ္ဆာ တပ်မှူးမှာ ဤ အခွင့်အရေးကို အသုံးချ၍ ဆန့်ကျင်ဘက် အရပ်သို့ အလျင်အမြန် ထွက်ပြေး လိုက်သည်။ အလွန် မြန်ဆန်သော အရှိန်ဖြင့် ပြေးလွှားလိုက်ရာ ခြေလှမ်း အနည်းငယ် အတွင်းပင် မီတာ ဆယ်ကျော် အကွာသို့ ရောက်ရှိသွားသည်။
လုံဟောင်ချန်း လက်ထဲရှိ အပြာရောင်မိုး ခေါင်းရမ်းအလင်းဓားသည် တောက်ပစွာ လင်းလက် လာသည်။ ထို့နောက် အပြာရောင် နှင့် ရွှေရောင် အလင်းသည် လေထဲတွင် တောက်ပသော သက်တံ တစ်ခု အသွင်ဖြင့် မဟာမိစ္ဆာ တပ်မှူး ၏ နောက်သို့ လိုက်ပါသွားသည်။
ကျောဘက် မှ အန္တရာယ်ကို ခံစားလိုက်ရသော မဟာမိစ္ဆာ တပ်မှူး သည် သူ၏ လက်သည်းများကို အသုံးပြု၍ ကာကွယ်လိုက်သည်။ ပြင်းထန်သော အနက်ရောင် အလင်းများသည် သူ၏ ရင်ဘတ်မှ ချက်ချင်း ထွက်ပေါ်လာပြီး တောက်ပသော အနက်ရောင် အလင်းတုံး တစ်ခု အဖြစ် ပြောင်းလဲသွား၏။
ဒုန်း …
မဟာမိစ္ဆာ တပ်မှူး ၏ ခန္ဓာကိုယ်သည် အပြာရောင်မိုး ခေါင်းရမ်းအလင်း၏ စွမ်းအား ထိမှန်ကာ ထိုးဖောက် ခံလိုက်ရပြီး သူ၏ လက်နှစ်ဖက်သည်လည်း အစိတ်စိတ် အပိုင်းပိုင်း ကြေမွ သွားလေသည်။ သို့တိုင် မိစ္ဆာတပ်မှုးမှာ သေဆုံးမသွားသေးဘဲ နောက်တစ်ကြိမ် ပြန်ထကာ လွတ်မြောက်ရန်အတွက် ထပ်မံ ထွက်ပြေးပြန်လေသည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်မှ အနက်ရောင်အလင်း တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။
“ဘယ်လောက်တောင် အားကောင်းတဲ့ အသက်စွမ်းအင်လဲ… ”
လုံဟောင်ချန်း မှာ အံ့အားသင့် သွား၏။ သူ၏ အပြာရောင်မိုး ခေါင်းရမ်းအလင်း ပင်လျှင် မဟာမိစ္ဆာတပ်မှုး၏ အသက်ကို အဆုံးသတ်ရန် မလုံလောက်သေးကြောင်း မတွေးမိခဲ့ချေ။ ယခုအချိန်တွင် သူသည်လည်း စွမ်းအင် ကုန်ဆုံးမှု ကြီးမားနေပြီ ဖြစ်သောကြောင့် မဟာမိစ္ဆာတပ်မှုး နောက်သီု့ လိုက်နိုင်တော့မည် မဟုတ်ချေ။
ထိုအချိန်တွင် လေထဲမှ အနီရောင်အလင်းတစ်ခုက ဥက္ကာခဲ တစ်ခု အလား မဟာမိစ္ဆာ တပ်မှုး ဆီသို့ တိုးဝင် လာ၏။ ငါးမီတာ ရှည်လျားသည့် ဧရာမ မီးတောက် ဓားကြီးသည် မဟာမိစ္ဆာ တပ်မှူး ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ် ပေါ်သို့ ကျရောက်သွားသည်။
ဘန်း…
ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မဟာမိစ္ဆာ တပ်မှုးမှာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားကာ သေဆုံးသွားလေသည်။
မီးတောက်များ ပျောက်ကွယ် သွားပြီးနောက် လီရှင်း ၏ ပုံရိပ် ထွက်ပေါ်လာသည်။ သူမသည် နှင်းဆီ ယူနီကွန်း ကို စီးနင်းထားပြီး လုံဟောင်ချန်း ကို တောင်းပန်သော အကြည့် ဖြင့် တစ်ချက် ကြည့်လိုက်၏။
မိစ္ဆာနှိမ်နှင်းရေး အဖွဲ့များ ၏ ကောင်းမှု အမှတ်များကို မိစ္ဆာများ အား သတ်ဖြတ်သည့် အခါတွင် ရရှိခြင်း ဖြစ်ပြီးမဟာမိစ္ဆာ တပ်မှူး သေဆုံးမှု အတွက် ကောင်းမှု အမှတ်များကို လီရှင်း က ရယူသွားခြင်းပင်။
လုံဟောင်ချန်း က စစ်မြေပြင် ကို ဝေ့ဝဲ ကြည့်လိုက်သည်။ တိုက်ပွဲ သည် လုံးဝ ပြီးဆုံး သွားပြီ ဖြစ်၏။ ဖရိုဖရဲအနှစ်သာရ ၏ ကြီးမားလှသော အကူအညီ အောက်တွင် တိုက်ပွဲ သည် မျှော်လင့်ထားသည်ထက်ပင် ပိုမို လွယ်ကူစွာ အဆုံးသတ် သွားခဲ့သည်။
မဟာမိစ္ဆာများ ၏ တိုက်ခိုက်မှု သည် အိမ်မက်ဆိုး နတ်ဆိုးမြင်းများ နှင့် တွဲဖက်လိုက်သော အခါ တောက်ပသော တမန်တော်သူရဲကောင်း တပ်ဖွဲ့ ကိုပင် အသာစီး ရယူနိုင်စွမ်း ရှိသည်။
သူတို့ ယနေ့ တွေ့ဆုံခဲ့ရသော ပြိုင်ဘက် မှာ ကောက်ကျစ် စဉ်းလဲလွန်းသည်။ သို့သော် ရုတ်တရက် ချုံခို တိုက်ခိုက်မှု နှင့်အတူ ဖရိုဖရဲအနှစ်သာရ ၏ စွမ်းအားများ ပေါင်းစပ်သွားသော အခါ မဟာမိစ္ဆာများ နှင့် အိမ်မက်ဆိုး နတ်ဆိုးမြင်းများ ၏ အသက်များ သည် နိဂုံးချုပ် သွားခဲ့ရလေသည်။ကျန်ရှိနေသော မဟာမိစ္ဆာများ မှာ သူတို့၏ စီးတော်ယာဉ်များ ဖြင့် လွတ်မြောက်ရန် ကြိုးစားခဲ့ကြသော်လည်း ချိူက်အာ ၏ တိုက်ခိုက်မှုများ အောက်တွင် ဇာတ်သိမ်း သွားခဲ့ကြသည်။
လီရှင်း သည် မဟာမိစ္ဆာ တပ်မှူး ၏ အလောင်းကို လုံဟောင်ချန်း ၏ ရှေ့သို့ ဆွဲယူလာပြီး သူ့အား တောင်းပန်သော လေသံ ဖြင့် ပြောလိုက်၏။
“တောင်းပန်ပါတယ် ဟောင်ချန်းရယ် … နင့်ရဲ့ ကောင်းမှု အမှတ်တွေကို ငါ တမင် လုယူလိုက်တာ မဟုတ်ပါဘူး … နောက်မှ ဒီ မဟာမိစ္ဆာ တပ်မှူး သေဆုံးမှု အတွက် ရတဲ့ ကောင်းမှု အမှတ် တစ်ချို့ကို နင့်ကို ပြန်ပေးပါ့မယ်”
လုံဟောင်ချန်း က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အစ်မ၊ အစ်မ ဘယ်တုန်းက စပြီး ကျွန်တော့်ကို သူစိမ်း တစ်ယောက်လို သဘောထား သွားတာလဲ … အစ်မ ဝင်ရောက် တိုက်ခိုက် လိုက်လို့သာ ဒီ မိစ္ဆာ က ကျွန်တော်တို့ ရှိနေတဲ့ သတင်းအချက်အလက်ကို မဖြန့်နိုင်အောင် တားဆီးနိုင်ခဲ့တာလေ … ဒီ ကောင်းမှု အမှတ်တွေက အစ်မနဲ့ ထိုက်တန်ပါတယ်ဗျာ … ”
“ဒါပေမဲ့ …”
လီရှင်း သည် တစ်စုံတစ်ခု ထပ်ပြောချင်ပုံ ရသော်လည်း လုံဟောင်ချန်းသည် သူမအား ညင်သာစွာ ဖက်လိုက်သည်။
“အစ်မ၊ ကျွန်တော့် ဘာပဲဖြစ်နေနေ ကျွန်တော်က အစ်မရဲ့ တစ်သက်လုံး မောင်လေးပါ … ကျွန်တော့် နှလုံးသားထဲမှာ အစ်မက အမြဲတမ်း ကျွန်တော့်ရဲ့ ချစ်ရတဲ့ အစ်မကြီး ဖြစ်နေမှာပါ”
လီရှင်း ၏ စိတ်အခြေအနေ အပြောင်းအလဲ အချို့ကို သူ ခံစားမိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လုံဟောင်ချန်း ၏ ခွန်အား ကြီးမားလာပြီး ပိုမို တောက်ပ လာသောကြောင့်ပင်။ လီရှင်း သည် ဤ သွေးသား မတော်စပ်သော မောင်လေး နှင့် ပိုပိုပြီး ဝေးကွာ လာသလို ခံစားခဲ့ရ၏။ ထို့ကြောင့် သူမသည် လုံဟောင်ချန်းအတွက် အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သဖြင့် သူ့အား စကားပြောဆိုခြင်း အများကြီး လျော့နည်း သွားခဲ့သည်။
လုံဟောင်ချန်း ၏ ပွေ့ဖက်မှု နှင့် စကားများကြောင့် လီရှင်း သည် သူ့အား တင်းကြပ်စွာ ပြန်ဖက်ထားရင်း ရှိုက်ကြီးတငင် ငိုချလိုက်သည်။
ချိူက်အာ သည် လုံဟောင်ချန်းဘေးသို့ ရောက်လာပြီး တိတ်ဆိတ်စွာ ရပ်နေ၍ ထိုမြင်ကွင်းကို ကြည့်ေနသော်လည်း သူမ၏ ရင်ထဲတွင် မည်သည့် သဝန်တိုမှုမျှ ဖြစ်ပေါ်မလာခဲ့ချေ။
ဆမ်ဆာရာ ဝိညာဉ် မီးဖို ၏ ပိုင်ရှင် တစ်ဦး အနေဖြင့် သူမ၏ အာရုံခံနိုင်စွမ်း သည် လုံဟောင်ချန်း ထက်ပင် သာလွန် နေကာ လီရှင်း က လုံဟောင်ချန်း အပေါ် ထားရှိသော ခံစားချက် သည် သူမ ထားရှိသော ခံစားချက် နှင့် ကွာခြားကြောင်းကို ခံစား သိရှိနိုင်ပေသည်။
သို့သော် လီရှင်း သည် ချိူက်အာ ကို မြင်သောအခါ လုံဟောင်ချန်းထံမှ အလျင်အမြန် ရုန်းထွက် လိုက်ပြီး ချက်ချင်းဆိုသလို ကပြာကယာပြောလိုက်သည်။
“ချိူက်အာ၊ ဒါကို အထင်မလွဲပါနဲ့နော် … ငါက …”
ထိုအခါ ချိူက်အာက ရှားပါးစွာ ပြုံးလိုက်ရင်း ပြောလိုက်၏။
“ငါက ဘာလို့ အထင်လွဲရမှာလဲ”
လုံဟောင်ချန်း က ချိူက်အာ ၏ လက်သေးသေးလေးကို ဆုပ်ကိုင် လိုက်ကာ သူတို့ နှစ်ဦးကြားရှိ အပြည့်အဝ ယုံကြည်မှုကို ခံစားလိုက်ရသည်။
“အစ်မ၊ အခုက စကားပြောရမယ့် အချိန် မဟုတ်ဘူး … ထွက်မသွားခင် ငါတို့ စစ်မြေပြင် ကို ချက်ချင်း ရှင်းလင်း သင့်တယ်”
လူတိုင်း သည် စစ်မြေပြင် ကို ရှင်းလင်းရန် အလုပ်ရှုပ် နေကြပြီး သူတို့ထဲတွင် အလုပ်အရှုပ်ဆုံး သူမှာ အဖွဲ့ထဲရှိ ငွေကို ရူးသွပ်သူ ပင် ဖြစ်သည်။
လင်းရှန် ၏ အပြုအမူ သည် မြင်ရသူတိုင်း မပြုံးဘဲ မနေနိုင်ပင်။ သူ၏ သိုလှောင်လက်စွပ်မှာ လုံးဝ ပြည့်နှက် နေပြီ ဖြစ်ကာ ရူးသွပ်သူ မိစ္ဆာများ နှင့် ငှက်မိစ္ဆာ အလောင်းများ ကို အပြင်သို့ ထုတ်လိုက်ပြီး မဟာမိစ္ဆာများ နှင့် အိမ်မက်ဆိုး နတ်ဆိုးမြင်း ၏ အလောင်း တစ်ချို့ကို အစားထိုး သိမ်းဆည်း လိုက်သည်။
နံပါတ် ၄ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ မှ အဖွဲ့ဝင်များ သည်လည်း သူ့ကို အတုယူ ကာ သူတို့၏ သိုလှောင် လက်စွပ် များထဲတွင် အလောင်း အချို့ကို ထည့်သွင်း ခဲ့ကြသည်။ မဟာမိစ္ဆာများ နှင့် အိမ်မက်ဆိုး နတ်ဆိုးမြင်းများ ၏ အလောင်းများ သည် နေရာ အများအပြား ယူလွန်း နေပြီး သူတို့ထဲမှ မည်သူမျှ လင်းရှန် ၏ လက်စွပ် ကဲ့သို့ သိုလှောင်နိုင်စွမ်း ရှိသော လက်စွပ် မျိုး မရှိကြချေ။ ထို့ကြောင့် သူတို့မှာ ဤ စစ်ပွဲ ဆုလာဘ်များ ၏ ထက်ဝက် ခန့်ကိုသာ သယ်ဆောင် နိုင်ခဲ့ကြသည်။
လီရှင်း သည် မဟာမိစ္ဆာ တပ်မှူး အတွက် ကောင်းမှု အမှတ်များကို ရရှိခဲ့သောကြောင့် မဟာမိစ္ဆာတပ်မှုး၏ မှော်အမြူတေ အပါအဝင် အခြားအရာများကို မယူခဲ့ချေ။ သို့သော် လင်းရှန်မှာမူ အပိုင်းပိုင်း အစစ ဖြစ်သွားသော အိပ်မက်ဆိုး နတ်ဆိုးမြင်းကိုပင် အလွတ်မပေးချေ။ ဤသည်ကို မြင်သောအခါ လီရှင်းမှာ လုံဟောင်ချန်း ဘေးသို့ သွားလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်လေသည်။
“ဒီ ကောင်လေးက တိုက်ခိုက်ရေး စွမ်းရည် မရှိပေမယ့် တော်တော်လေး လောဘကြီးတာပဲနော် …”
***