ထိုအခါ လုံဟောင်ချန်း က ပြုံးကာ ပြန်ပြောလိုက်သည်။
"အစ်မ၊ သူ့အပေါ် တစ်မျိုးမထင်ပါနဲ့ ... ကျွန်တော်တို့ အဖွဲ့ထဲမှာ လူတိုင်းက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပြီး ဘယ်သူ့ကိုမှ ဖယ်ထုတ်ထားလို့ မရဘူး ... လင်းရှန် လည်း အတူတူပဲ"
လုံဟောင်ချန်း စကားကို ကြားသောအခါ လီရှင်း မှာ တစ်စုံတစ်ခုကို တွေးမိသွားပြီး အလျင်အမြန် ပြန်ပြောလိုက်၏။
"အိုး ... တောင်းပန်ပါတယ် မောင်လေးရယ် ... ငါက နင့် အဖွဲ့ရဲ့ ဆက်ဆံရေးကို သွေးခွဲဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး"
လုံဟောင်ချန်း က ခေါင်းခါကာ ထပ်ပြောလိုက်၏။
"အစ်မ၊ ကျွန်တော်က အမှန်တရားကို ပြောနေတာပါ ... နောက်မှ အစ်မ မြင်ရလိမ့်မယ် ... အထီးကျန် လှိုဏ်ဂူ ထဲမှာ အန္တရာယ်တွေနဲ့ ကြုံလာရရင် လင်းရှန် ရဲ့ အသုံးဝင်မှုကို မြင်ရလိမ့်မယ်"
လက်ရှိ အချိန်တွင် မဟာပြန်လည် ကောင်းမွန်ခြင်း ဆေးလုံးကို သောက်သုံးခဲ့သော လုံဟောင်ချန်း မှလွဲ၍ ကျန်သူများမှာ ဆေးလုံးများကို အသုံးမပြုရသေးချေ။ ချန်ရင်အာ သည်လည်း မှော်အမြူတေ တစ်ခုကိုသာ အသုံးပြုခဲ့ပြီး လရောင်ည ကုန်သည် အဖွဲ့ ဘက်မှ တိုက်ပွဲတွင် အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
"ခေါင်းဆောင် ... ငါတို့ သယ်မသွားနိုင်တဲ့ အလောင်းတွေကို ဖျက်ဆီးပစ်ရမလား"
စစ်မာရှန်းက လုံဟောင်ချန်းကို ကျယ်လောင်စွာ မေးလိုက်သည်။
ထိုအခါ လုံဟောင်ချန်းမှာ ခဏတာ တွေးတော လိုက်ပြီးနောက် ပြန်ဖြေလိုက်၏။
"မလိုဘူး ... မှော်အမြူတေ တွေ အကုန်လုံးကို ထုတ်ယူပြီး အလောင်းတွေကို တစ်ပုံတည်း စုလိုက် ... နောက်မှ ဟောင်ယွဲ့ ကို မီးရှို့ခိုင်းလိုက်မယ်"
အလောင်းများကို မီးရှို့ရခြင်းသည် စစ်မြေပြင် ၏ အစအနများကို ဖုံးကွယ်ရန် ဖြစ်သည်။ ငှက်မိစ္ဆာများ၊ ရူးသွပ်သူ မိစ္ဆာများကို တိုက်ခိုက်ခဲ့သော တိုက်ပွဲအစအနများ သည် တစ်ခုနှင့် တစ်ခု မတူညီကြချေ။ ၎င်းတို့ကို အတူတကွ မီးရှို့လိုက်ပါက မည်သို့ ဖြစ်ခဲ့သည်ကို ခွဲခြားနိုင်မည်မဟုတ်ချေ။
မဟာမိစ္ဆာများသည် သတင်း မပေးပို့နိုင်ခဲ့သောကြောင့် စစ်မြေပြင် ကို အေးချမ်းစွာ ရှင်းလင်း နိုင်ခဲ့ကြလေသည်။ ဟန်ယုသည် မိစ္ဆာ မျက်လုံးမှ တဆင့် ပတ်ဝန်းကျင်ကို ကင်းထောက် ပေးနေသောကြောင့် သူတို့ အနေဖြင့် ချုံခို တိုက်ခိုက် ခံရမည်ကို စိုးရိမ်ရန် မလိုတော့ချေ။
နာရီဝက် အကြာတွင် အားလုံး ကို မီးရှို့ လိုက်ပြီးနောက် လုံဟောင်ချန်း သည် သူ၏ အဖွဲ့သားများကို ဦးဆောင်ကာ သူတို့၏ ခရီးစဉ် ကို ပြန်လည် စတင်ခဲ့သည်။
ဤတစ်ကြိမ်တွင် လုံဟောင်ချန်း သည် ဟောင်ယွဲ့ ကို ပြန်မလွှတ်သေးချေ။ သူတို့သည် အထီးကျန် လှိုဏ်ဂူ သို့ ရောက်ရှိတော့မည် ဖြစ်ပြီး သူ့အား ဘေးတွင် ထားရှိခြင်းက လုံဟောင်ချန်း အတွက် အကောင်းဆုံးပင်။ ဟောင်ယွဲ့ သည် ဖရိုဖရဲ အနှစ်သာရကဲ့သို့ ကြောက်မက်ဖွယ် စွမ်းရည်ကို အသုံးပြုနိုင်ရုံ သာမက သူတို့၏ သွေးသား ဆက်သွယ်မှု မှ အပြန်အလှန် နားလည်မှုပင် ဖြစ်ပေသည်။ ဤအချက်သည် ချိူက်အာ ပင်လျှင် နှိုင်းယှဉ်၍ မရနိုင်ေချ။
ဖရိုဖရဲ အမြူတေ ၏ အသုံးဝင်မှု ကြောင့် မဟာမိစ္ဆာ မြင်းတပ် နှင့် တိုက်ပွဲ သည် သိပ်ပြီး ခက်ခဲမှု မရှိခဲ့သော်လည်း များပြားသော စစ်ပွဲ ဆုလာဘ်များကို ရရှိခဲ့ပေသည်။ နံပါတ် ၄ စစ်သည်အဆင့် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ ပင်လျှင် မှော်အမြူတေ အများအပြားကို ရရှိခဲ့ပြီး ၎င်းတို့ကို အသုံးမပြုနိုင်လျှင်တောင် ကောင်းမှု အမှတ်များ နှင့် လဲလှယ် နိုင်သေး၏။
မဟာမိစ္ဆာ မြင်းတပ် နှင့် သူတို့၏အိမ်မက်ဆိုး နတ်ဆိုးမြင်းများ သည် စတုတ္ထအဆင့် တွင် ရှိနေသော်လည်း အစိမ်းနက်ရောင် ဓားနှစ်လက် မိစ္ဆာများ ထက်ပင် ပိုမို အားကောင်း ကြပေသည်။ ထို့ကြောင့် ၎င်းတို့အား သတ်ဖြတ်ခြင်း အတွက် ကောင်းမှု အမှတ် ၁၅ မှတ် ရရှိမည် ဖြစ်၏။ ဆဋ္ဌမအဆင့် ရှိ မဟာမိစ္ဆာ တပ်မှူး နှင့် သူ၏ စီးတော်ယာဉ် တို့ပါ ပေါင်းထည့်လိုက်သော အခါ ဤ တိုက်ပွဲ သည် အဖွဲ့ နှစ်ဖွဲ့လုံး အတွက် စုစုပေါင်း ကောင်းမှု အမှတ် ၁,၀၀၀ ကျော်ကို ဆောင်ကြဉ်း ပေးခဲ့လေသည်။
ထို့အပြင် ဤတိုက်ပွဲ ၏ အတွေ့အကြုံသည် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့စလုံး အတွက် တစ်ဦးချင်း အရ ဖြစ်စေ၊ အဖွဲ့လိုက် ပူးပေါင်းမှု အရ ဖြစ်စေ တိုးတက် လာခဲ့သည်ဟု ဆိုနိုင်ပေသည်။
ကျောင်းတော် မဟာမိတ် ၏ အကြီးအကဲအားလုံး နီးပါး သည် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ ၏ လေ့ကျင့်မှုများကို ဖြတ်သန်းခဲ့ရကာ ၎င်းသည် သူတို့ တိုးတက်ရန် အတွက် အလွယ်ကူဆုံး နည်းလမ်း ဖြစ်သည်။မိစ္ဆာနှိမ်နှင်းရေး အဖွဲ့များ တွင် သေဆုံး ဒဏ်ရာရမှု အရေအတွက်သည်လည်း အလွန်များပြားသည်။ အဖွဲ့ ဆယ်ဖွဲ့ တွင် အများအားဖြင့် အနှစ်နှစ်ဆယ် အကြာတွင် သုံးဖွဲ့ခန့်သာ ကျန်ေလ့ရှိသည်။ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ တစ်ဖွဲ့ ဖျက်သိမ်းခံရသော အခါ မဟာမိတ် သည် ၎င်း၏ အဖွဲ့ဝင်များ အတွက် အခြား ရာထူးများကို စီစဉ်ပေးလေ့ ရှိပေသည်။
ကောင်းကင် သည် ပိုမို မှောင်မိုက် လာပြီး မှုန်မှိုင်းသော ရာသီဥတု သည် အချိန်တစ်လျှောက်လုံး ဆက်လက် တည်ရှိနေသည်။
လုံဟောင်ချန်းတို့ တက်လာခဲ့သော တောင်သည် မီတာ ခုနစ်ရာ သို့မဟုတ် ရှစ်ရာခန့် အမြင့် ရှိပြီး အတော်လေး မြင့်မားသည်ဟု ဆိုနိုင်ပေသည်။ လူတိုင်း သည် ယွဲ့ ကလန် ၏ မှူးမတ်များ အသွင် ဝတ်ဆင် ထားဆဲပင်ဖြစ်သည်။နာရီဝက်ခန့် အကြာတွင် တောင်ထိပ် သို့ ရောက်ရှိသွားကြသည်။
တောင်ထိပ် မှ ကြည့်လိုက်သော အခါ အဝေးမှ တောင်တန်း တစ်ခုကို မြင်တွေ့ရပြီး ၎င်းသည် မြေပုံ ၏ အချက်အလက်များ နှင့် လုံးဝ ကိုက်ညီ နေပေသည်။ တောင်များ သည် သိပ်မမြင့်မားသော်လည်း အပင်များကို တွေ့ရခဲပြီး ယခုကဲ့သို့ ဆောင်းရာသီ အချိန် တွင် မြေပြင် သည် ပိုမို ဟာလာဟင်းလင်း ဖြစ်နေပုံ ရကာ လွမ်းဆွေးဖွယ်ရာ ခံစားချက်ကို ပေးစွမ်း နေလေသည်။
လုံဟောင်ချန်း သည် မြေပုံ ကို ဖြန့်လိုက်ကာ မြေပြင် အနေအထား နှင့် နှိုင်းယှဉ် ကြည့်လိုက်သည်။ သူတို့ မစ်ရှင်များကို လက်ခံခဲ့စဉ် က မြေပုံ နှစ်ခု ရရှိခဲ့ကာ တစ်ခုမှာ လှိုဏ်ဂူ ၏ အကြမ်းဖျင်း တည်နေရာကို ညွှန်ပြပြီး ဒုတိယ တစ်ခုမှာ တောင်တန်း ၏ အသေးစိတ် မြေပုံ ဖြစ်ပေသည်။ မြေပုံ တွင် အနီရောင် အမှတ်အသား တစ်ခု ပါရှိပြီး ၎င်းသည် လှိုဏ်ဂူ ၏ တည်နေရာ ဖြစ်၏။
အခြားသူများ သည် လုံဟောင်ချန်း ကို ဝန်းရံထားကြပြီး သူ့ထံသို့ တိုက်ခတ်လာသော တောင်ပေါ် လေပြင်းများကို ကာကွယ် ပေးကာ မြေပုံကို အဆင်ပြေစွာ ကြည့်ရှုနိုင်ရန် ကူညီပေးကြလေသည်။
" မဟာမိစ္ဆာ တပ်မှူး အရင်က ရည်ညွှန်းခဲ့တဲ့ အထီးကျန် လှိုဏ်ဂူ ဆိုတာ ငါတို့ ဒီ မစ်ရှင် အတွက် သွားမယ့် လှိုဏ်ဂူပဲ ... မိစ္ဆာတွေ ဘက်က စစ်ကူတွေကို ဖြတ်တောက်လိုက်ပြီး ဘယ်သတင်းမှ မပို့နိုင်အောင် လုပ်လိုက်ပြီ ... လာမယ့် ရက်တွေ အတွင်းမှာ နောက်ထပ် စစ်ကူတွေ ရောက်လာဖို့ မရှိတော့ဘူး ... သူတို့ တောင်းဆိုခဲ့တဲ့ အကူအညီတွေ အပေါ် အခြေခံပြီး ကြည့်ရင် ကျန်နေတဲ့ မိစ္ဆာတွေက စိုးရိမ်စရာ မရှိလောက်ဘူး ... အကြီးမားဆုံး အန္တရာယ်က လှိုဏ်ဂူ ထဲမှာ ရှိနေတဲ့ အန္တရာယ်ပဲ ဖြစ်လိမ့်မယ်"
မဟာမိစ္ဆာ မြင်းတပ် ၏ ခရီးစဉ် သည် အထီးကျန်လှိုဏ်ဂူ မဟုတ်ပါက လုံဟောင်ချန်း သည် သူ၏ အဖွဲ့သားများကို ၎င်းတို့ကို ရှင်းလင်းရန် အမိန့်ပေးမည် မဟုတ်ချေ။ မဟာမိစ္ဆာ မြင်းတပ် သည် အထီးကျန် လှိုဏ်ဂူ သို့ ရောက်ရှိသွားပြီး မိစ္ဆာ တပ်ဖွဲ့ နှစ်ခုသာ ပေါင်းစပ်သွားပါက တိုက်ပွဲ ၏ ခက်ခဲမှု သည် အဆမတန် တိုးလာမည် ဖြစ်သည်။
"အဲ့ဒီမှာ ဖြစ်ရမယ်"
လုံဟောင်ချန်းသည် တစ်ဖက်ရှိ တောင်ခါးပန်း အသေးလေး တစ်ခုဆီသို့ ညွှန်ပြလိုက်သည်။
"ရှင်းရှင်းလင်းလင်းတော့ မမြင်ရဘူး ... ဒါပေမဲ့ မြေပုံရဲ့ အချက်အလက်တွေ အရ လှိုဏ်ဂူ က ဒီလမ်းကြောင်းမှာ ရှိရမယ်"
ထိုအချိန်မှာပင် ဟိန်းဟောက်သံ တစ်ခု သည် ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
"ဟူး ...."
နားကွဲမတတ် ဟိန်းဟောက်သံကြီး သည် တစ်တောင်လုံး တွင် ပဲ့တင်ထပ်သွားပြီး တစ်ကြိမ်ပြီး တစ်ကြိမ် ပဲ့တင်ထပ်ကာ လူတိုင်း၏ တစ်ကိုယ်လုံးကို စိမ့်တက်သွားစေလေသည်။
ဟိန်းဟောက်သံများသည် ထိုမျှဖြင့် ရပ်တန့် မသွားဘဲ တစ်ခုပြီး တစ်ခု ပဲ့တင်ထပ်လာသည်။ အသံများ ကျယ်လောင်လာသည် နှင့်အမျှ တောင်တန်းကြီး ပင်လျှင် တုန်ခါနေသည်။ ကြမ်းတမ်းသော အသံလှိုင်းများ ကြောင့် ကျောက်တုံး အချို့ပင် ကွဲအက် သွားသည်။
လူတိုင်း သည်သူတို့၏ နားများကို ဖုံးအုပ်လိုက်ကြသည်။ ထိုအသံများကြောင့် သူတို့၏ နှလုံးသား နက်ရှိုင်းသော နေရာမှ အကြောက်တရားဖြစ်ေပါ်လာကြသည်။ အထူးသဖြင့် မိန်းကလေး အချို့၏ မျက်နှာများမှာ ဖြူရော် နေကြပြီ ဖြစ်လေသည်။
ဟိန်းဟောက်သံများ သည် တစ်ဆယ့်ငါးမိနစ် ထက် မနည်း ကြာမြင့်ပြီးနောက် တဖြည်းဖြည်း ရပ်တန့်သွားသည်။ ၎င်းတွင် ဒဏ်ရာရစေနိုင်သော စွမ်းအား မရှိသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပေသည်။
" အဲ့အသံ တွေက အထီးကျန် လှိုဏ်ဂူ ထဲကနေ လာတာ ဖြစ်ရမယ် ... လှိုဏ်ဂူ ထဲက လာတဲ့ အသံတွေက ဒီလောက်တောင် ကျယ်နေရင် ငါတို့ အထဲရောက်ရင် နားပင်းသွားမှာကိုတောင် စိုးရိမ်မိတယ်"
လုချီ က ရှုံမဲ့ကာ ပြောလိုက်သည်။
ထိုစဉ် နံပါတ် ၄ စစ်သည်အဆင့် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ မှ မှော်ဆရာ ရီကျွင်းက ပြောလိုက်သည်။
"ဒါက တကယ့် ပြဿနာပဲ ... ငါ့ရဲ့ မှော်ပညာ က အသံကို အတိုင်းအတာ တစ်ခုအထိ ဖြတ်တောက်နိုင်တယ် ... ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ငါ့ရဲ့ စိတ်ဝိညာဉ် စွမ်းအင်ကို ကုန်ဆုံးစေလိမ့်မယ် ... ဒါကြောင့် အချိန်အကြာကြီး တောင့်ခံထားနိုင်မယ် မထင်ဘူး ... ငါက အချိန် ငါးမိနစ် လောက်ပဲ ဖြတ်တောက်ပေးနိုင်လိမ့်မယ် ... တကယ်လို့ ငါက တိုက်ပွဲ မဝင်ဘူး ဆိုရင်တော့ ဆယ်မိနစ် လောက်အထိ တောင့်ခံနိုင်မယ် ထင်တယ်"
လုံဟောင်ချန်း က ခေါင်းညိတ် လိုက်ကာ မေးလိုက်၏။
"ငါတို့ဆီ လာနေတဲ့ အသံတွေကို တားဆီးပေးနိုင်မယ့်သူ ဘယ်သူ ရှိသေးလဲ"
သူတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြကာ အဆုံးတွင် စကားပြောလာသူမှာ ချန်ရင်အာ ပင်။
"ငါ့ဆီမှာ လေဟာနယ် ဒြပ်စင် မှော်အမြူတေ နှစ်ခု ရှိတယ် ... ဒါက မက်ဒူးလ် ကို ဆဋ္ဌမအဆင့် လေဟာနယ် မှော်သားရဲ အဖြစ် ပြောင်းလဲသွားစေနိုင်တယ် ... သူက ဒါနဲ့ ငါတို့ကို အချိန်တစ်ခု အထိ ကာကွယ်ပေးနိုင်လိမ့်မယ် ... ဒါပေမဲ့ ငါ ခန့်မှန်းရသလောက် ငါက ငါးမိနစ် လောက်ပဲ တောင့်ခံနိုင်လိမ့်မယ် ... ရီကျွင်း နဲ့ ပူးပေါင်းလိုက်ရင် ငါတို့ တစ်ဆယ့်ငါးမိနစ် လောက် တောင့်ခံနိုင်မယ် ... ပြဿနာက ငါ့ဆီမှာ အဲ့ဒါ နှစ်ခုပဲ ရှိတာ"
ထို့နောက် လုံဟောင်ချန်းက အားလုံးကို ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။
"ဒါဆို သွားကြစို့ ... ငါတို့ လှိုဏ်ဂူ ကို အရင် ရှာကြမယ် ... ပြီးမှ ဒါကို ပြန်ပြောကြတာပေါ့ ... တကယ်လို့ အထဲမှာ ဒီ ကြမ်းတမ်းတဲ့ ဟိန်းဟောက်သံ ပြဿနာတွေကို ငါတို့ မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ စူးစမ်းလေ့လာမှုကို စွန့်လွှတ်ပြီး ထွက်ခွာရမှာပဲ"
တောင်အောက်ဆင်းခြင်း သည် တောင်တက်ခြင်း ထက် ပိုမိုမြန်ဆန်ပြီး နာရီဝက် အကြာတွင် သူတို့သည် တောင်၏ တစ်ဖက်ခြမ်း သို့ ရောက်ရှိသွားကြလေသည်။သို့သော် တောင်ထိပ် ၏ တည်ရှိမှုကို မမြင်တွေ့နိုင်သေးချေ။
အထီးကျန် လှိုဏ်ဂူ ကို စတင်ရှာဖွေလိုက်သည့် အချိန်မှာပင် ကြမ်းတမ်းသော ဟိန်းဟောက်သံများ နောက်တစ်ကြိမ် ထွက်ပေါ်လာလေသည်။ အကွာအဝေး နီးလာသောကြောင့် ဟိန်းဟောက်သံများ နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသည့် အချိန်တွင် လူတိုင်း ခေါင်းမူး သွားကြပြီး မိမိကိုယ်ကိုယ် ကာကွယ်ရန် ကိုယ်ပိုင် စိတ်ဝိညာဉ် စွမ်းအင်များကို အသုံးပြုလိုက်ကြရသည်။
အလွန် အားကောင်းသော အသံလှိုင်းများ သည် သူတို့၏ ခန္ဓာကိုယ်များကိုပါ ပြင်းထန်စွာ တုန်ခါစေခဲ့၏။ တုန်ခါမှု များကြောင့် ခန္ဓာကိုယ် အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအင်များ သည်လည်း ကုန်ဆုံးသွားခဲ့ရလေသည်။
အသံလှိုင်းများ ၏ စွမ်းအားမှာ လုံးဝ ခံနိုင်ရည် မရှိတော့သည့် အနေအထားတော့ မဟုတ်သေးချေ။ ဤဆူညံသံ၏ အကြီးမားဆုံး အစိတ်အပိုင်းသည် တောင်တန်းများ၏ ပဲ့တင်သံ မှ လာခြင်း ဖြစ်ပေသည်။ ထိုအချိန်မှာပင် သူတို့နှင့် မီတာ ငါးဆယ် အကွာအဝေး မှ ပုံရိပ်များ ရုတ်တရက် ထွက်ပေါ်လာလေသည်။
"မိစ္ဆာတွေလား"
ပထမဆုံး ထွက်လာသူမှာ မဟာမိစ္ဆာ တစ်ကောင် ဖြစ်ပြီး သူ၏ နောက်တွင် အနက်ရောင် တောင်ဝှေးများကို ကိုင်ဆောင်ထားသော ပိန်ပါးသည့် မိစ္ဆာ မှော်ဆရာ နှစ်ကောင် လိုက်ပါလာပြီး နောက်တွင် မိစ္ဆာငယ် ငါးကောင် သို့မဟုတ် ခြောက်ကောင်ခန့် ရှိနေသေး၏။
မိစ္ဆာငယ်များ ၏ အသွင်အပြင် မှာ သနားစဖွယ် ဖြစ်နေပြီး သူတို့၏ ပါးစပ်၊ နှာခေါင်း နှင့် မျက်လုံး ထောင့်များ မှ အနက်ရောင် သွေးများ စီးကျနေကာ လှိုဏ်ဂူ ၏ အတွင်းပိုင်း မှ ထုတ်လွှင့်လိုက်သော ကြောက်မက်ဖွယ် အသံလှိုင်းများကို မခံနိုင်ခြင်းကြောင့် ဖြစ်ပေမည်။
လုံဟောင်ချန်း သည် ရှေ့သို့ လက်ကို ဝှေ့ယမ်း လိုက်ရာ နံပါတ် ၄ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ မှ လုပ်ကြံသူ ဟန်တောင်းစစ် သည် ရုတ်တရက် ရှေ့သို့ ပြေးထွက် သွားကာ မိစ္ဆာများကို အဆုံးသတ်ပေးလိုက်သည်။ ထိုမိစ္ဆာများ သည် အားနည်းသော အခြေအနေ တွင် ရှိနေသောကြောင့် သူတို့ထံမှ မည်သည့် သတင်းအချက်အလက် မျိုးကိုမျှ ရရှိရန် မျှော်လင့် မထားချေ။
ထို့နောက် လုချီသည် မန္တာန် အချို့ကို ရေရွတ်လိုက်ပြီး တောင်ဝှေးကို လှုပ်ရှားလိုက်ရာ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး အားလုံးကို ဖုံးအုပ်သွားသည်။ ထိုအခါ ချက်ချင်းဆိုသလို အသံလှိုင်းများ ကြောင့် ခံစားနေရသော ခံစားချက်များ လျော့ကျသွားခဲ့ကာ ၎င်းမှာ ဘုန်းတော်ကြီး တစ်ဦး၏ စွမ်းအားပင် ဖြစ်သည်။
ဟိန်းဟောက်သံများမှာ ဆယ်ငါးမိနစ်ခန့် ဆက်လက် ထွက်ပေါ်လာပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားရာ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ မှ အဖွဲ့ဝင်များသည် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားဟန် ခံစားလိုက်ရလေသည်။ ဂူနှင့် ပိုမို နီးကပ်သွားပြီးနောက် ဟိန်းဟောက်သံများသည်လည်း ပိုမို ကျယ်လောင်လာလေသည်။ သို့တိုင် သူတို့သည် ကိုယ်ပိုင် စိတ်ဝိညာဉ် စွမ်းအင်ကို အားကိုးခဲ့ကြပြီး အဆုံးတွင် ခက်ခဲစွာဖြင့် တောင့်ခံနိုင်ခဲ့ကြသည်။
***