"ငါတို့ အချင်းချင်း ပူးပေါင်းပြီး ဧရိယာအလိုက် သက်ရောက်မှုရှိတဲ့ ကာကွယ်ရေး စွမ်းရည်တွေကို အသုံးပြုမယ် ဆိုရင် ... တစ်ကြိမ်ကို ငါတို့ရဲ့ စိတ်ဝိညာဉ် စွမ်းအင် ဆယ်ပုံတစ်ပုံ လောက်ပဲ ကုန်ဆုံးလိမ့်မယ် ... လှိုဏ်ဂူ ရဲ့ အစွန်အဖျားမှာတော့ ပြဿနာ အရမ်း မကြီးမားဘူး ... ဒါပေမဲ့ အတွင်းပိုင်း နက်နက်မှာ အက်ကွဲကြောင်း ကြီး တစ်ခုကို ငါ တွေ့ခဲ့တယ် ... အဲ့ဒါက အောက်ခြေကို မမြင်ရလောက်အောင် နက်ရှိုင်းပြီး ... ဟိန်းဟောက်သံတွေ ထွက်ပေါ်လာတဲ့ နေရာ အတိအကျပဲ ... အထဲမှာ ဘာရှိလဲဆိုတာ ငါတို့ထဲက ဘယ်သူမှ မသိဘူး ... ဒါပေမဲ့ အောက်ဘက်မှာ မကောင်းဆိုးဝါး ရည်ရွယ်ချက်တွေ ပြည့်နှက်နေတဲ့ စိတ်ဝိညာဉ် စွမ်းအင် လှိုင်းတွေကို ငါ ခံစားမိတယ် ... အဲ့ဒီမှာ မှော်သားရဲ တစ်ကောင် ဒါမှမဟုတ် မသိနိုင်တဲ့ အန္တရာယ် တစ်ခုခု ရှိနေနိုင်ခြေ အလွန် များတယ် ... ငါ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည် ကို အားလုံး မြင်တွေ့ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ... ဘာလို့လဲ ဆိုတာကို နားလည်ကြပါလိမ့်မယ် ... ဒါကြောင့် ဒီ စူးစမ်းလေ့လာမှု ကို ငါ တစ်ယောက်တည်း လုပ်ဖို့ စီစဉ်ထားတယ် ... ဒီတစ်ကြိမ်မှာတော့ အရာအားလုံးကို မှတ်တမ်းတင်ဖို့ မှတ်တမ်းတင် သလင်းကျောက် ကို သေချာ အသုံးပြုသွားမယ်"
"ငါ့ကိုပါ လိုက်ခွင့်ပြုရင် ဘယ်လိုလဲ"
ချိူက်အာ က လုံဟောင်ချန်း ကို မေးလိုက်၏။
လုံဟောင်ချန်း က ခေါင်းခါလိုက်ပြီး …
"ငါ တစ်ယောက်တည်း သွားတာ ပိုကောင်းမယ် ... ဟောင်ယွဲ့ ဒီမှာ ရှိနေတဲ့အတွက် ... ငါ အချိန်မရွေး ချက်ချင်း ပြန်ရောက်လာနိုင်တယ်လေ"
ချိူက်အာ သည် တိတ်ဆိတ်စွာ ခေါင်းညိတ် လိုက်လေသည်။ တကယ်တမ်းတွင် လုံဟောင်ချန်း ၏ လက်ရှိ ခွန်အား ဖြင့် အစွမ်းထက်သော ရန်သူ တစ်ဦး ၏ ချုံခို တိုက်ခိုက်မှု ကို ခံရပြီး ချက်ချင်း အရေးနိမ့်သွားခြင်း မျိုး မရှိသရွေ့ သူ၏ လုံခြုံရေး အတွက် စိုးရိမ်စရာ အကြောင်း မရှိချေ။
သို့သော် သူ့ကို ချက်ချင်း အနိုင်ယူရန် ဆိုသည်မှာ ထိုမျှ လွယ်ကူပါမည်လား။ အမှန်တကယ်တော့ သူ၏ အခြား အဖွဲ့သား ခြောက်ဦး နှင့် စိတ်ဝိညာဉ် အရ ဆက်သွယ်ထားသော စိတ်ဝိညာဉ် မျှဝေခြင်း သံကြိုးများ ရှိနေသည် ဆိုသည့် အချက်ကို မေ့ထား၍ မရချေ။ အဋ္ဌမအဆင့် ကျွမ်းကျင်သူ တစ်ဦး ပင်လျှင် ဤအရာကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ချိူက်အာ ပင်လျှင် သဘောတူလိုက်ပြီ ဖြစ်ရာ အခြားသူများ အနေဖြင့် ကန့်ကွက်ရန် အကြောင်းပြချက် မရှိတော့ချေ။ လုံဟောင်ချန်း သည် သူ၏ စူးစမ်းလေ့လာမှုကို မှတ်တမ်းတင်ရန် မှတ်တမ်းတင် သလင်းကျောက် ကို အသုံးပြုမည် ဟု ပြောဆိုခဲ့ခြင်း ကပင် သူ၏ စိတ်ထဲတွင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိကြောင်း သက်သေပြနေပြီ ဖြစ်သည်။ အကယ်၍ သူ့အနေဖြင့် တန်ဖိုးကြီးမားသော ရတနာ များကို ရှာဖွေတွေ့ရှိခဲ့လျှင်တောင် ၎င်းတို့ကို မှတ်တမ်းတင် သလင်းကျောက် က မှတ်တမ်းတင် ထားမည် ဖြစ်၏။ ချက်ချင်း နေရာရွှေ့ပြောင်းနိုင်သည့် အကျိုးကျေးဇူး ပါဝင်သော သွေးသစ္စာဆိုထားသည့် စာချုပ် သည် ဤကဲ့သို့သော စူးစမ်းလေ့လာရေး မစ်ရှင် မျိုး အတွက် လုံးဝ ပြီးပြည့်စုံ လေသည်။ ဤသည်မှာ လုံဟောင်ချန်း အနေဖြင့် ဤ မစ်ရှင် ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အတော်လေး ခက်ခဲမည်ကို သိနေသည့်တိုင် လက်ခံရန် ဆုံးဖြတ်ခဲ့သည့် အကြောင်းရင်းများ ထဲမှ တစ်ခု ပင် ဖြစ်သည်။
ခဏတာ အနားယူပြီး ပြန်လည် ပြင်ဆင်ပြီးနောက် လုံဟောင်ချန်း သည် အထီးကျန် လှိုဏ်ဂူ အတွင်းသို့ ဒုတိယအကြိမ် ဝင်ရောက် သွားလေသည်။
ယခင် စူးစမ်းလေ့လာမှု မှ သူ ရရှိခဲ့သော အတွေ့အကြုံများ ကြောင့် သူ့အနေဖြင့် အက်ကွဲကြောင်း ကြီး ရှိရာ နေရာ အထိ လမ်းကြောင်းကို လွယ်ကူစွာ လျှောက်လှမ်း သွားနိုင်ခဲ့၏။ သို့သော် ဤ နေရာသို့ ရောက်သောအခါ သူ သည် အလောတကြီး ရှေ့သို့ ဆက်မသွားတော့ဘဲ သူ အရင်က ထိုင်ခဲ့သော နေရာတွင် ရပ်တန့် လိုက်သည်။
စတုတ္ထအကြိမ်မြောက် ဟိန်းဟောက်သံများ စတင်လာသည့် အချိန်တွင် လုံဟောင်ချန်း သည် ကျေနပ်သော အပြုံး တစ်ခုကို ပြသလိုက်၏။ သူ သည် ဒုတိယ အကြိမ်မြောက် ကောင်းကင် အဟန့်အတား ကို ဖြန့်ကျက် လိုက်သောအခါ အံ့မခန်း မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာလေသည်။
အပေါ်ယံ ကြည့်လျှင် လုံဟောင်ချန်း ၏ မြင့်မြတ် အလင်း အကာအကွယ် တွင် အပြောင်းအလဲ မရှိသကဲ့သို့ ထင်ရသော်လည်း သေချာစွာ ကြည့်ရှုလိုက်ပါက ထို ရွှေရောင် အကာအကွယ် သည် ပိုမို မှုန်ဝါးဝါး အသွင်အပြင် ရှိနေကြောင်း သတိပြုမိပေလိမ့်မည်။
တုန်ခါမှုများကို အသုံးပြုခြင်း ...
ဤသည်မှာ ထို ဖြစ်စဉ် ၏ ရှင်းလင်းချက် ပင်။ ကောင်းကင် အဟန့်အတား သည် ဟိန်းဟောက် အသံလှိုင်းများ နှင့် တူညီသော ကြိမ်နှုန်း ဖြင့် တုန်ခါ နေလေသည်။ ဤသည်မှာ လုံဟောင်ချန်း ရရှိခဲ့သော ထိုးထွင်းသိမြင်မှု ၏ ရလဒ် ဖြစ်ပြီး ၎င်းကို သူက ‘အလင်း လှိုင်းဂယက်များ’ ဟု အမည်ပေးထား၏။
သူ ယခင်က ရရှိခဲ့သော ထိုးထွင်းသိမြင်မှု ပေါက်ကွဲထွက်လာခြင်းသည် ဟိန်းဟောက် အသံများ ၏ တုန်ခါမှု လမ်းကြောင်းများ၊ ပုံစံများ နှင့် အသံလှိုင်းများ အတွင်း ပါဝင်သော စွမ်းအင်များ နှင့် တိုက်ရိုက် သက်ဆိုင် နေပေသည်။ ဤ အခိုက်အတန့် တွင် သူ့အနေဖြင့် တူညီသော လုပ်ဆောင်မှု နည်းလမ်းကို အသုံးပြုကာ ၎င်း၏ လမ်းကြောင်းကို သူ၏ ကိုယ်ပိုင် စိတ်ဝိညာဉ် စွမ်းအင် ဖြင့် ကူးယူ ဖန်တီးလိုက်ခြင်း ပင် ဖြစ်သည်။
လုံဟောင်ချန်းမှာ အလုံးစုံ နားလည် သဘောပေါက်ရန် အနည်းငယ် ခက်ခဲ နေသေးသော်လည်း ကောင်းကင် အဟန့်အတား ၏ ခံနိုင်ရည် အချိန် သည် အသံလှိုင်းများ ကြောင့် အစိတ်စိတ် အမွှာမွှာ မကွဲအက်သွားမီ နှစ်ဆခန့် တိုးလာခဲ့၏။
ဤသည်ကို မြင်သောအခါ လုံဟောင်ချန်းမှာ ပြုံးပျော်စွာဖြင့် ကောင်းကင် အဟန့်အတားကို ဒုတိယအကြိမ် ထပ်မံ အသုံးပြုလိုက်သည်။ ယခင်တစ်ခေါက် လာချိန်က အကြောင်းအရာတစ်ချိူ့ကို သဘောပေါက်သော်လည်း ယခုတစ်ကြိမ်တွင်မူ လုံဟောင်ချန်းမှာ လက်တွေ့စမ်းသပ်ရန် ရည်ရွယ်ထားလေသည်။
သာမန်လူများ ထက် များစွာ သာလွန်သော သူ၏ နားလည်နိုင်စွမ်း နှင့် အာရုံခံနိုင်စွမ်း တို့၏ အကူအညီဖြင့် ကောင်းကင် အဟန့်အတား ငါးခု ကို ပြီးမြောက်အောင် ဖန်တီးလိုက်သည့် အချိန်တွင် ၎င်းသည် အသံလှိုင်းများ နှင့် နီးစပ်သည့် ပြီးပြည့်စုံမှု အဆင့်သို့ ရောက်ရှိသွားသည်။ ၎င်းသည် လှိုင်းများ နှင့် လုံးဝ ရောယှက် သွားသည် နှင့်အမျှ အသံများ ဝင်ရောက်လာခြင်း ကို လုံးဝ ပိတ်ဆို့ထားရုံ သာမက သူ၏ ထံသို့ ရောက်ရှိလာမည့် တိုက်ခိုက်မှုများ မှလည်း ကာကွယ်ပြီးသား ဖြစ်သွားစေသည်။
မြင့်မြတ်ဝိညာဉ်ဓား သည် လုံဟောင်ချန်း၏ ညာဘက် လက်တွင် နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ချက်ချင်း ဆိုသလို စိတ်ဝိညာဉ် စွမ်းအင်များ ဖြင့် ပြည့်နှက် သွားကာ တောက်ပသော ရွှေရောင် အလင်းများကို ထုတ်လွှတ် လိုက်သည်။ ထိုရွှေရောင် အလင်းသည် အလင်း လှိုင်းဂယက်များ ၏ မြန်ဆန်သော ကြိမ်နှုန်း နှင့် တူညီ နေ၏။ အလင်း လှိုင်းဂယက်များ နှင့် ပေါင်းစပ်၍ စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြုခြင်း သည် သာမန် ထက် စွမ်းအင် ကုန်ဆုံးမှု နှစ်ဆ ရှိလာမည် ဖြစ်သော်လည်း ကောင်းကင် အဟန့်အတား ၏ ကာကွယ်ရေး စွမ်းအားကို နှစ်ဆ တိုးလာရုံ သာမက ... အလင်း ဒြပ်စင် ဒိုင်းကာများ နှင့် နီးစပ်သော အဆင့် တစ်ခု အထိ ရောက်ရှိ သွားကြောင်းကို လုံဟောင်ချန်း ရှင်းရှင်းလင်းလင်း နားလည် သွားသည်။
ကောင်းကင် အဟန့်အတား ကို အလင်း လှိုင်းဂယက်များ နှင့် အတူ ထုတ်လွှတ်လိုက်သော အခါ ... အရေးအကြီးဆုံး အားသာချက်များ မှာ အံ့အားသင့်ဖွယ် ကောင်းသော ရလဒ်များ နှင့် ၎င်း၏ စိတ်ဝိညာဉ် စွမ်းအင် ကုန်ဆုံးမှု အချိုး ပင် ဖြစ်သည်။
ထိုအခြေအနေတွင် စိတ်ဝိညာဉ် စွမ်းအင် ကုန်ဆုံးမှု သည် နှစ်ဆ ဖြစ်လာမည် ဆိုသော်လည်း ၎င်းသည် ပဉ္စမအဆင့် မှော်ပညာများ နှင့် နှိုင်းယှဉ် နိုင်လာ၏။ ပို၍ အရေးကြီးသည်မှာ ၎င်းသည် ကောင်းကင် အဟန့်အတား ကဲ့သို့ အလွန် တိုတောင်းသော ပြန်လည် အသုံးပြုနိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်းပင်။
လုံဟောင်ချန်းမှာ မြင့်မြတ်ဝိညာဉ် ဓား ကို တည်ငြိမ်စွာ ဝှေ့ယမ်း လိုက်ရင်း သူ၏ ဓား မှ မြည်ဟည်းသံ များ ထွက်ပေါ်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ၎င်းသည် ကျယ်လောင်သော အသံ မဟုတ်သော်လည်း အပြင်ဘက်ရှိ ဟိန်းဟောက်သံများ နှင့် တူညီသော ကြိမ်နှုန်း ကို သယ်ဆောင် ထားလေသည်။
ကောင်းကင် အဟန့်အတား၏ ကာကွယ်မှုဖြင့် ဟိန်းဟောက်သံများသည် မည်သည့် သက်ရောက်မှုမျှ မရှိတော့ချေ။ ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီးနောက် ကျောက်နံရံ အနီးသို့ ချဉ်းကပ် သွားကာ သူ၏ လက်ထဲရှိ မြင့်မြတ်ဝိညာဉ် ဓား ကို အသုံးပြု၍ ၎င်းကို တိုက်ရိုက် ထိုးဖောက် လိုက်၏။
ထိုအချိန်တွင် လုံဟောင်ချန်း ကိုယ်တိုင် ပင် အံ့အားသင့် သွားစေသည့် မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာသည်။
သာမန် မှော်လက်နက် တစ်ခု သာ ဖြစ်သော မြင့်မြတ်ဝိညာဉ် ဓား သည် ကျောက်နံရံများ ကို ထောပတ် တစ်တုံး ကဲ့သို့ အလွယ်တကူ ထိုးဖောက် ဝင်ရောက် သွားခြင်းပင်။
လုံဟောင်ချန်းသည် သူ၏ ကိုယ်ပိုင် ခွန်အား နှင့် မြင့်မြတ်ဝိညာဉ် ဓား ၏ စွမ်းဆောင်ရည်များကို ရှင်းရှင်းလင်းလင်း နားလည် ထားရာ သူ၏ ရှေ့မှ ဖြစ်ရပ်က သူ့အား အတော်လေး အံ့အားသင့်စေ၏။ သူ၏ မြင့်မြတ်ဝိညာဉ် ဓား မှ သယ်ဆောင်လာသော စိတ်ဝိညာဉ် စွမ်းအင် ၏ မြင့်မားသော ကြိမ်နှုန်း တုန်ခါမှုများ အောက်တွင် ကျောက်နံရံသည် အရည်ပျော် သွားသကဲ့သို့ ဖြစ်သွားကြောင်းကို လုံဟောင်ချန်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။ ၎င်းက သူ့ကို ထူးဆန်းသော ခံစားချက် တစ်ခု ပေးစွမ်းပြီး အလင်း လှိုင်းဂယက်များ ၏ တည်ရှိမှု နှင့်အတူ မြင့်မြတ်ဝိညာဉ် ဓား တစ်လက်တည်း ၏ ကြောက်မက်ဖွယ် စွမ်းအား သည် အရင်ကထက် အနည်းဆုံး ဆယ်ဆ ခန့် တိုးလာသည် ဟု ဆိုနိုင်ပေသည်။ ထို့အပြင် ဤသည်မှာ သူ၏ ကြောက်မက်ဖွယ်ကောင်းသော လောင်ကျွမ်းခြင်း အခြေအနေ ကို အသုံးမပြုရသေးဘဲ ဖြစ်ပေါ်လာခြင်း ပင်။
ဤကဲ့သို့ စွမ်းအားတိုးမြှင့်မှုသည် လုံဟောင်ချန်း သိထားသမျှ အရာအားလုံး ကို အများကြီး ကျော်လွန် နေပြီ ဖြစ်၏။ အကယ်၍ သူ့အနေဖြင့် လောင်ကျွမ်းခြင်း ကို အသုံးပြုလိုက်ပါက အလင်း လှိုင်းဂယက်များ ၏ တိုးမြှင့်မှု သည် ဤမျှ သာမကဘဲ အဆင့် တစ်ခုလုံး ၏ တိုက်ခိုက်ရေး စွမ်းအား ကွာဟချက် ကို ပြဿနာ မရှိဘဲ ကျော်လွှားနိုင်ရန် လုံလောက် ပေလိမ့်မည်။
စဉ်းစားကြည့်ပါ။ ဆဋ္ဌမအဆင့် ၏ မြင့်မြတ်အလင်းဓားချက် နှင့် ပဉ္စမအဆင့် ၏ မြင့်မြတ်အလင်းဓားချက် တို့သည် တူညီ ပါမည်လား။ ပုံမှန် အခြေအနေများ အောက်တွင် ဆဋ္ဌမအဆင့်ရှိ စွမ်းရည်များ သည် ပဉ္စမအဆင့် ထက် စိတ်ဝိညာဉ် စွမ်းအင် သုံးဆ မှ ငါးဆ အထိ ပိုမို ကုန်ဆုံး စေပေသည်။ သို့သော် အလင်း လှိုင်းဂယက်များ သည် လုံဟောင်ချန်း အား စိတ်ဝိညာဉ် စွမ်းအင် နှစ်ဆ ပိုမို ကုန်ဆုံး စေရန်သာ လိုအပ်လေသည်။ ထို့အပြင် ၎င်းသည် ဆဋ္ဌမအဆင့် စွမ်းရည် တစ်ခု၏ စွမ်းအား ကို ပိုင်ဆိုင်နိုင်သော ပဉ္စမအဆင့် စွမ်းရည် တစ်ခု ဖြစ်ပြီး ရုတ်တရက် အလစ်အငိုက် ဖြစ်စေသည့် အသွင်အပြင် ပါဝင်ကာ ပဉ္စမအဆင့် စွမ်းရည် တစ်ခု ၏ ပြင်ဆင်ချိန် သာ လိုအပ်လေသည်။
ဤသည်မှာ လုံဟောင်ချန်း ၏ ပထမဆုံး ကိုယ်ပိုင် ဖန်တီးထားသော နည်းစနစ် ဖြစ်ပြီး သံသယ ဝင်စရာ မလိုအောင်ပင် သူ၏ အလားအလာများကို ဖော်ထုတ်ရန် အတွက် ကြီးမားသော အကူအညီ တစ်ခုပင်။
အလင်းဒြပ်စင် နတ်သမီး ယာတင်း သည် လုံဟောင်ချန်း ၏ ရင်ဘတ် မှ ပျံသန်း ထွက်လာပြီးသူ့ကို အပြုံး တစ်ခု ဖြင့် ကြည့်ကာ သူမ၏ ပါးစပ် မှ ထူးဆန်းသော အသံ တစ်ခုကို ထုတ်လွှတ် လိုက်သည်။ လုံဟောင်ချန်းနှင့် စာချူပ်ချူပ်ဆိုထားသော ဒြပ်စင်နတ်သမီး တစ်ပါး အနေဖြင့် ... သူမ သည် လုံဟောင်ချန်း အသုံးပြုနိုင်သော မည်သည့် စွမ်းရည်ကို မဆို သင်ယူ နိုင်စွမ်း ရှိ၏။ ရှင်းလင်းစွာပင် သူမ သည်လည်း အလင်း လှိုင်းဂယက်များ ဟု အမည်ရသော ဤ စွမ်းရည် ၏ ကြီးမားသော အသုံးဝင်မှု ကို ခံစားမိလေသည်။
ယာတင်းမှာ လုံဟောင်ချန်း၏ စိတ်ဝိညာဉ် စွမ်းအင် ကုန်ဆုံးမှု ကို ပြန်လည် ပြည့်ဝ စေရန် စိတ်ဝိညာဉ် စုစည်းခြင်း ရောင်ဝါ ကို ထုတ်လွှတ်ရင်း လေထဲတွင် ကခုန် ကာ လုံဟောင်ချန်း ၏ ပတ်လည်တွင် လှည့်ပတ် နေလေသည်။ ဤကဲ့သို့သော သခင် မျိုး ရရှိထားခြင်း က သူမကို အလွန် ကံကောင်း သည်ဟု ခံစားရစေ၏။
ဒြပ်စင် နတ်သမီးများ အတွက် အကြီးမားဆုံး ဆန္ဒ သည် ဆင့်ကဲ ပြောင်းလဲရန် မဟုတ်ဘဲ သူတို့၏ ခွန်အား ကို အဆက်မပြတ် တိုးတက်စေရန် ပင် ဖြစ်သည်။ လူသား သခင် တစ်ဦး ကို ရရှိပြီးနောက် သူတို့၏ ဆင့်ကဲ ပြောင်းလဲမှု သည် သူတို့ သခင် ၏ ခွန်အား တိုးတက်လာမှု နှင့် နီးကပ်စွာ ဆက်စပ် နေလိမ့်မည်။ အကယ်၍ ယာတင်း ၏ ကျင့်ကြံမှု သည် တစ်နေ့တွင် အဆင့် တစ်ခု သို့ ရောက်ရှိသွားပြီး နတ်သမီး ဘုရင်မ အဆင့် သို့ ဆင့်ကဲ ပြောင်းလဲသွားပါက သူမ သည် သူမ၏ ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကိုပင် ဖန်တီး နိုင်စွမ်း ရှိလာမည် ဖြစ်၏။ ထိုအချိန် ရောက်လျှင် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်း နီးပါးက မျိုးတုံး ပျောက်ကွယ် သွားခဲ့သော အဆင့်မြင့် နတ်သမီးများ ၏ မျိုးဆက် သည် တစ်ဖန် ပြန်လည် မွေးဖွား လာပေမည်။
အမှန်တကယ်တော့ ရှန်းမုံ့သာလုတိုက်ကြီးတွင် ဒြပ်စင် နတ်သမီးများ သည် ရှားပါးပြီး နည်းပါး သော်လည်း သူတို့ သည် ဆက်လက် တည်ရှိနေဆဲ ပင် ဖြစ်၏။ သို့သော် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်း ကတည်းက မည်သူမျှ အဆင့်မြင့် နတ်သမီး အဆင့် သို့ ဆင့်ကဲ ပြောင်းလဲ နိုင်ခြင်း မရှိခဲ့ချေ။
ထို့ကြောင့် ယာတင်းသည် လက်ရှိတွင် ဤ မျှော်လင့်ချက်များကို လုံဟောင်ချန်း အပေါ်တွင် ပုံအပ် ထားပြီး ဤ ဖြစ်နိုင်ချေ ကို ရှင်းရှင်းလင်းလင်း ယုံကြည် နေလေသည်။
ကြမ်းတမ်းသော ဟိန်းဟောက်သံများ သည် လုံဟောင်ချန်း ၏ လွှမ်းမိုးမှု ကြောင့် အားနည်း သွားပြီးနောက် တစ်ဖန် ပြန်လည် ပျောက်ကွယ် သွားလေသည်။ အလင်း လှိုင်းဂယက်ကို နားလည် သဘောပေါက် လာခြင်း နှင့်အတူလုံဟောင်ချန်းသည် အတော်လေး ယုံကြည်မှု ရှိလာ၏။ ထို့နောက် လှိုဏ်ဂူ အဝင်ဝ သို့ ပြန်လည် ဆုတ်ခွာ သွားပြီး မှတ်တမ်းတင် သလင်းကျောက် ကို ဖွင့်ကာ လှိုဏ်ဂူ အတွင်းသို့ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက် လိုက်သည်။ ဤတစ်ကြိမ် တွင် သူ သည် ရပ်တန့် မနေတော့ဘဲ အက်ကွဲကြောင်း အတွင်းသို့ တိုက်ရိုက် ခုန်ဆင်း လိုက်ပြီး တစ်ချိန်တည်းမှာပင် အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား ကို ထုတ်လွှတ် လိုက်ပေသည်။
လုံဟောင်ချန်း သည် မည်သည့် နေရာသို့ ခုန်ဆင်းမည် ကို အချိန်အတော်ကြာ ကတည်းက ရွေးချယ် ထားပြီး ဖြစ်သည်။ အောက်သို့ ဆင်းသွားရင်း သူ့အနေဖြင့် မီတာ ဆယ်ကျော် အကွာအဝေး ရှိ ကျောက်နံရံ တစ်ခု ၏ လမ်းကြောင်း ဘက်သို့ လှည့်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ပေါ့ပါး စေရန် သူ၏ စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်း လိုက်ပြီး လုံဟောင်ချန်း သည် သူ၏ ခြေဖျားများ ဖြင့် ကျောက်စွန်းများ ပေါ်သို့ ညင်သာစွာ ဆင်းသက် လိုက်လေသည်။ တွန်းကန်အား ကို ဖယ်ရှား လိုက်ပြီးနောက် လုံဟောင်ချန်းသည် လမ်းကြောင်းကို အလင်းရစေရန် အလင်း ဆူးချွန် တစ်ခုကို အောက်ဘက် သို့ ချိန်ရွယ် ပစ်လွှတ် လိုက်ပြီး ၎င်း၏ နောက်သို့ လိုက်ပါ သွားလေသည်။
ယာတင်းသည် လုံဟောင်ချန်း ၏ ဘေးဘက် လေထဲတွင် လှည့်ပတ် ပျံသန်း နေပြီး ပတ်ဝန်းကျင်ကို အလင်းရစေရန် ကူညီပေးနေရင်း လုံဟောင်ချန်း ၏ စိတ်ဝိညာဉ် စွမ်းအင်များ ပြန်လည် ပြည့်ဝ လာစေရန် စိတ်ဝိညာဉ် စုစည်းခြင်း ရောင်ဝါ အတွက် မန္တာန်ကို မရပ်မနား ရွတ်ဆို နေလေသည်။
လုံဟောင်ချန်းကို အံ့အားသင့် စေခဲ့သည့် အရာမှာ ဤ အထီးကျန် လှိုဏ်ဂူ အတွင်းတွင် ယာတင်း သည် တကယ်ကို ရဲရင့် နေခြင်းပင်။ သူ၏ အလင်း၏ သားတော် ရုပ်ခန္ဓာ နှင့်အတူ သူမ ရရှိထားသော တန်ဖိုးကြီးမားသည့် ဆင့်ကဲ ပြောင်းလဲမှု နှစ်ခု ပေါင်းစပ် သွားသော အခါ သူမ၏ အသွင်အပြင်သည် ယခင်ကကဲ့သို့ သနားစဖွယ် ဖြစ်ခြင်း မှ အများကြီး လျော့နည်း သွားခဲ့၏။ ဤအရာများ အားလုံးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရန် ဆိုသည်မှာ ပုံမှန်အားဖြင့် သူမ အတွက် မဖြစ်နိုင်သော ကိစ္စ ဖြစ်သော်လည်း ကံကောင်း ထောက်မစွာဖြင့် သူ၏ စွမ်းအင် ကုန်ဆုံးမှု မှာ သိပ်မများပြား ခဲ့ပေ။ ထို့အပြင် သူတော်စင် ဝိညာဉ် မီးဖို ၏ သက်ရောက်မှုများ ဖြင့် ပြုစု ပျိုးထောင် ခံထားရသောကြောင့် သူမ သည် သူ၏ ကိုယ်ပိုင် စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြု၍ တိုးတက်မှုများကို ပြုလုပ် နိုင်ခဲ့လေသည်။
လုံဟောင်ချန်းသည် သတိအပြည့်ဖြင့် အောက်သို့ ဆင်းရသည့် လမ်းကြောင်း တစ်လျှောက် ဆင်းသက်လာခဲ့၏။ သူ့အနေဖြင့် အလစ်တိုက်ခိုက်မည်များကို သတိထားရမည့် အပြင် ပတ်ဝန်းကျင် ကိုလည်း ဂရုတစိုက် ကြည့်ရှု လေ့လာ နေလေသည်။
အောက်သို့ ပိုရောက်လေလေ မကောင်းဆိုးဝါး စိတ်ဝိညာဉ် စွမ်းအင် အရှိန်အဝါ သည် ပိုမို ပြင်းထန် လာလေလေ ဖြစ်သည်။ ထိုစွမ်းအင် အရှိန်အဝါ အတွင်းတွင် သေဆုံးခြင်း အငွေ့အသက်များနှင့် အတူ တိတ်ဆိတ် ငြိမ်သက်သည့် အငွေ့အသက်တစ်ချိူ့လည်း ရောယှက်နေ၏။ ၎င်းသည် ချိူက်အာ ၏ သတ်ဖြတ်ခြင်း အငွေ့အသက် နှင့် ကွာခြားပြီး စစ်မှန်သည့် သေဆုံးခြင်း အရှိန်အဝါများပင်။ လုံဟောင်ချန်းမှာ ဤမျှ ပြင်းထန်သည့် သေဆုံးခြင်း အငွေ့အသက်များကို တစ်ခါမှ မခံစားဖူးခဲ့ချေ။
ဤ အက်ကွဲကြောင်း ကြီး သည် မယုံနိုင်လောက်အောင် နက်ရှိုင်း လွန်းပြီး နာရီဝက် ထက် မနည်း ကြာမြင့်သည့်တိုင် လုံဟောင်ချန်းမှာ အက်ကွဲကြောင်းကြီး ၏ အဆုံးသတ် ကို မမြင်နိုင်သေးချေ။
လမ်းကြောင်းတစ်လျှောက်လုံး လုံး၀ မည်းမှောင် နေသည့် အပြင် သိပ်သည်းလှသည့် သေဆုံးခြင်း အရှိန်အဝါ အငွေ့အသက်များကြောင့် လုံဟောင်ချန်းမှာ အလွန်အမင်း နေမထိထိုင်မသာ ဖြစ်လာ၏။ အလင်းဒြပ်စင် နတ်သမီး ယာတင်း ၏ အလင်းရောင် နှင့် သူ တစ်ခါတစ်ရံ ပစ်လွှတ် လိုက်သော အလင်း ဆူးချွန် သာ မရှိပါက ပတ်ဝန်းကျင် သည် လုံးဝ အမိုက်မှောင် အတိ ဖုံးလွှမ်း နေသော မြင်ကွင်း တစ်ခုသာ ဖြစ်နေပေလိမ့်မည်။
အောက်သို့ ဆင်းသက်နေစဉ် အတွင်း လုံဟောင်ချန်း သည် ကျောက်တုံးများ ပေါ်တွင် ချိတ်ဆွဲ နေသော မဟာမိစ္ဆာများ ၏ အလောင်း များကို ထပ်မံ မြင်တွေ့ခဲ့ရလေသည်။ ရှင်းလင်းစွာပင် ဤ မဟာမိစ္ဆာများ သည် သူတို့၏ စူးစမ်းလေ့လာမှု အတွင်း ဟိန်းဟောက်သံများ ၏ လွှမ်းမိုးမှု ကြောင့် သေဆုံး သွားခဲ့ကြခြင်း ဖြစ်ပေသည်။
ပဉ္စမအဆင့် တွင် ရှိနေပြီး အလင်း လှိုင်းဂယက်များ ၏ နားလည်မှုကို ရရှိထားသော လုံဟောင်ချန်း ပင်လျှင် ဖိအားများကို ခံစား နေရသည် ဖြစ်ရာ ဤ ပဉ္စမအဆင့် ရှိ မဟာမိစ္ဆာများကို ဆိုဖွယ်ရာပင် မရှိတော့ပေ။ သူတို့ ယခင်က ရှင်းလင်း ခဲ့သော မဟာမိစ္ဆာ အဖွဲ့ ပင်လျှင် ဤမျှ အထိ ရောက်လာနိုင်မည် မဟုတ်ချေ။
သူ၏ စိတ်ဝိညာဉ် စွမ်းအင် ပြန်လည် ပြည့်ဝမှု အရှိန် သည် သူ၏ စိတ်ဝိညာဉ် စွမ်းအင် ကုန်ဆုံးမှု အရှိန်ထက် အတော်လေး နှေးကွေးနေပြီ ဖြစ်ရာ လုံဟောင်ချန်း အနေဖြင့် ထိုင်၍ အနားယူရန် အတွက် ဖြစ်နိုင်သမျှ ပြန့်ပြူးသော ကျောက်စွန်း တစ်ခုကို ရှာဖွေရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
***