တိုးတက်လာနေသော ကြွယ်ဝသည့် စိတ်ဝိညာဉ် စွမ်းအင်များကို ခံစားရင်း လုံဟောင်ချန်း သည် နောက်တစ်ကြိမ် ခုန်ဆင်းလိုက်ပြီး အလွန် မြန်ဆန်သော အရှိန် ဖြင့် အောက်သို့ ဆင်းသက် သွားလိုက်သည်။
အထီးကျန် လှိုဏ်ဂူ သည် လုံးဝ အမိုက်မှောင် အတိ ဖုံးလွှမ်း နေပြီး မည်သူ့ကိုမဆို ကြောက်ရွံ့ တုန်လှုပ် သွားစေလောက်အောင် ဆိုးရွား ကြောက်မက်ဖွယ် ကောင်းလှသော်လည်း လုံဟောင်ချန်းသည် တည်ငြိမ်နေ၏။ ဤတစ်ကြိမ် ဆက်လက် ဆင်းသက် ရသည့် အချိန် သည် သိပ်မကြာလိုက်ချေ။ တစ်မိနစ် ခန့် အကြာတွင် မှုန်မှိုင်းသော အလင်းရောင် တစ်ခု က သူ၏ အာရုံကို ဖမ်းစား လိုက်သည်။ နောက်ဆုံးတွင် သူ သည် တွင်းနက်ကြီး ၏ အောက်ခြေ ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
ထိုနေရာတွင် ကျယ်ဝန်းသော တွင်းကြီး သည် ရုတ်တရက် ကျဉ်းမြောင်း သွားပြီး လုံဟောင်ချန်း မြေပြင်ပေါ်သို့ ဆင်းသက် လိုက်သည့် အချိန်တွင် သူ၏ ရှေ့၌ မီးခိုးရောင် အလင်းတန်း တစ်ခုကို ခပ်ရေးရေး မြင်လိုက်ရ၏။
ထိုမီးခိုးရောင် အလင်းတန်း သည် မှေးမှိန် နေသော်လည်း မှောင်မည်းနေသော လှိုဏ်ဂူ အတွင်းတွင် အလွန် မျက်စိဖမ်းစား နိုင်စွမ်း ရှိလေသည်။
လုံဟောင်ချန်းသည် ဘယ်ဘက် လက်တွင် ဒိုင်း ကို ကိုင်ဆောင်ကာ ညာဘက် လက်တွင် ဓား ကို ကိုင်ဆောင်ရင်း ကောင်းကင် အဟန့်အတားနှင့်အတူ အလင်းလှိုင်းဂယက်များကိုပါ ထုတ်လွှတ်လိုက်ပြီး သတိအပြည့်ဖြင့် မီးခိုးရောင်အလင်းတန်း ရှိသည့် နေရာသို့ ချဉ်းကပ်လိုက်သည်။
"ဝူး ... ဝူး ..."
ထိုစဉ် မရပ်မနား ထွက်ပေါ်နေသော အသံနိမ့် တစ်ခုကို ကြားလိုက်ရပြီး ၎င်းသည် အထီးကျန် ဟိန်းဟောက် လှိုဏ်ဂူ ၏ ဟိန်းဟောက်သံများ အတွက် အစမ်းလေ့ကျင့် နေသည့် အသံ နှင့် တူလေသည်။
ရှေ့သို့ မီတာ သုံးရာ ခန့် အကွာတွင် မီးခိုးရောင် သည် ပိုမို ထင်ရှား လာပြီး အကွေးအကောက် တစ်ခု အဖြစ် ပြောင်းလဲ သွားကာ ရုတ်တရက် ပိုမို တောက်ပ လာပြီး အားကောင်း လာပုံ ရ၏။ နောက်ဆုံးတွင် တွေ့မြင်လိုက်ရသော ပြာနှမ်းနှမ်း မီးခိုးရောင် သည် လုံဟောင်ချန်း ၏ မျက်လုံးထဲတွင် အလွန် တောက်ပလွန်း နေသကဲ့သို့ ပင်။ သို့သော် နောက်တစ်ခဏ တွင် ... သူ့အနေဖြင့် မသိစိတ် မှပင် ခြေတစ်လှမ်း နောက်ဆုတ် လိုက်မိ၏။ သူ၏ ရှေ့မှ မြင်ကွင်းက သူ့အား အံ့အားမသင့်စေ့ပဲ မနေချေ။
ဤ မြင်ကွင်း သည် တကယ်ကို တုန်လှုပ်ဖွယ် ကောင်းလှပေသည်။ အထီးကျန် လှိုဏ်ဂူ နှင့် ပတ်သက်၍ လုံဟောင်ချန်း တွင် မည်မျှပင် မှန်းဆချက်များ ရှိနေပါစေ။ ထိုအရာများ အားလုံး သည် လက်တွေ့ အခြေအနေ နှင့် အလှမ်းဝေး လွန်းလှ၏။
သူ့ရှေ့ မီတာ တစ်ရာ အကွာတွင် အလွန် ကျယ်ဝန်းသော နေရာ လွတ် တစ်ခု ရှိနေပြီး ... ဧရာမ ကတော့ပုံစံ လှိုဏ်ဂူ ကြီး တစ်ခုကို ဖန်တီး ထားလေသည်။ လှိုဏ်ဂူ ၏ ကျောက်နံရံများ သည် မှန်များ ကဲ့သို့ ဖြစ်နေပြီး သေဆုံးခြင်း ၏ တိတ်ဆိတ် ငြိမ်သက်မှု ကို ပေးစွမ်း နေသော မီးခိုးရောင် အလင်းတန်းများ ကို ရောင်ပြန်ဟပ် နေကာ စိတ်ကူးယဉ် ဆန်သော ခံစားချက် တစ်ခုကို ပေးစွမ်း၏။ မျက်နှာကြက် သည် မီတာ ၁၅၀ ကျော် မြင့်မားပြီး ထိုနေရာတွင် ရပ်နေသော လုံဟောင်ချန်း သည် သေးငယ်သော ပိုးကောင်လေး တစ်ကောင် အလား သာ ဖြစ်နေလေသည်။
ဤသည်က အံ့အားသင့်စရာ အကောင်းဆုံး အရာ မဟုတ်သေးချေ။ လုံဟောင်ချန်း ကိုယ်တိုင် ပင် စိတ်ကူး၍ မရနိုင်လောက်အောင် ဖြစ်ခဲ့ရသည်မှာ မြေအောက် မီတာ သုံးထောင် အနက်တွင် တည်ရှိနေသော မျှော်စင် ကြီး တစ်ခု ပင်။
မှန်ပေသည်။ ဤသည်က မျှော်စင် ကြီး တစ်ခု ဖြစ်ပြီး အထပ် ခုနစ်ထပ် ပါဝင်ကာ မီတာ တစ်ရာ ကျော် မြင့်မား လေသည်။ ရိုးရှင်းပြီး အလှဆင်ထားခြင်း မရှိဘဲ ၎င်းသည် မီးခိုးရောင် အလင်းတန်း များကို ထုတ်လွှတ် နေကာ ပြာနှမ်းနှမ်း မီးခိုးရောင် မျှော်စင် ၏ ပတ်ဝန်းကျင် ကို ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ် စွမ်းအင် လှိုင်းများ ဖြင့် ပြည့်နှက် နေစေ၏။
ဤ မျှော်စင် ကြီး သည် ကတော့ပုံစံ လှိုဏ်ဂူ ၏ အလယ်ဗဟို တွင် တည်ရှိပြီး ၎င်း၏ နေရာ အများစု ကို နေရာယူ ထားလေသည်။ မီးခိုးရောင် မြူခိုးများ သည် မျှော်စင် ထံမှ အဆက်မပြတ် ထွက်ပေါ် နေပြီး ထို ကြောက်မက်ဖွယ် စိတ်ဝိညာဉ် စွမ်းအင် လှိုင်းများ သည် အလင်း၏ သားတော် ဖြစ်သော လုံဟောင်ချန်း ကိုပင် သူ၏ နှလုံးသား နက်ရှိုင်းသော နေရာမှ တုန်ယင် သွားစေရန် လုံလောက် နေပေသည်။
အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု တစ်ခု …
ဤသည်မှာ မျှော်စင် ကြီး က သူ့ကို ပေးစွမ်း ခဲ့သော ပထမဆုံး အထင်အမြင်ပင်။
ထိုမျှော်စင်ကြီး၏ ပတ်ပတ်လည် တွင် မရေမတွက်နိုင်သော ပြာနှမ်းနှမ်း မီးခိုးရောင် အလင်းတန်းများက လှည့်ပတ် နေကြပြီး မျှော်စင် ရှိရာ အရပ်သို့ ဦးတည် နေသော ပိုးစုန်းကြူးများ အလား သိပ်သည်းစွာ စုဝေး နေကြကာ မျှော်စင် အပြင်ဘက်ရှိ များပြားလှသော မီးခိုးရောင် အလင်းများ တွင် သွားရောက် တွယ်ကပ် နေကြလေသည်။
ထိုအချိန်တွင် ကြမ်းတမ်းသော ဟိန်းဟောက်သံများ ရုတ်တရက် ထွက်ပေါ်လာပြီး ပြာနှမ်းနှမ်း မီးခိုးရောင် အလင်းမှုန်များကို လှုပ်ရှားသွားစေကာ နေရာအနှံ့သို့ ပျံ့နှံ့စေသွား၏။
ကြောက်မက်ဖွယ် အသံလှိုင်းများသည် လုံဟောင်ချန်း နောက်ဆုံး ကြားခဲ့ရသည့် အချိန်ကထက် အနည်းဆုံး သုံးဆ ခန့် ပိုမို အားကောင်း နေပြီး သူ့ကို ဝန်းရံထားသော မြင့်မြတ် အလင်း အကာအကွယ် ကို ချက်ချင်း ပျက်စီး သွားစေခဲ့ရာ သူ့အနေဖြင့် အခြား တစ်ခုကို ချက်ချင်း ထပ်မံ ဖန်တီးရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ဘဲ အလင်း လှိုင်းဂယက်များ ၏ ကြိမ်နှုန်း ကို မြှင့်တင်ရန် သူ၏ ခွန်အား အားလုံးကို အသုံးပြုလိုက်ရလေသည်။
သို့တိုင် လုံဟောင်ချန်း ထုတ်လွှတ်လိုက်သော မြင့်မြတ် အလင်း အကာအကွယ် သည် အံ့အားသင့်ဖွယ် အရှိန် ဖြင့် ပြိုကျ ပျက်စီး သွားဆဲ ပင်။
ကံကောင်းစွာဖြင့် မြင့်မြတ် အလင်း အကာအကွယ်သည် တတိယအဆင့် နည်းစနစ်တစ်ခု ဖြစ်သောကြောင့် လုံဟောင်ချန်းသည် ကြောက်မက်ဖွယ် ဟိန်းဟောက်သံများကို ခုခံရန် မြင့်မြတ် အလင်း အကာအကွယ် များကို တစ်ခုပြီး တစ်ခု ဆက်တိုက် ထုတ်လွှတ်ကာ မနည်းခုခံလိုက်သည်။
ထိတ်လန့်သော အမူအရာ တစ်ခုသည် လုံဟောင်ချန်း၏ မျက်နှာထက်တွင် ချက်ချင်း ထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ပြာနှမ်းနှမ်း မီးခိုးရောင် အလင်းမှုန်များသည် ပြင်းထန်သော ဝိညာဉ် စွမ်းအင် လှိုင်းများဖြင့် မမျှော်လင့်ဘဲ ပြည့်နှက် နေပြီး ဤ ကြောက်မက်ဖွယ် ဟိန်းဟောက်သံများသည် ၎င်းတို့ထံမှ ထွက်ပေါ်လာခြင်းပင်။
သူတို့က ဘယ်လို တည်ရှိမှု မျိုးများ ဖြစ်နိုင်မလဲ ... ဒီ မျှော်စင် ကြီး ကရော ဘာလဲ …
လုံဟောင်ချန်းမှာ မေးခွန်းများဖြင့် ပြည့်နှက် နေသော်လည်း တစ်ချိန်တည်းမှာပင် သူ့အနေဖြင့် ၎င်းအကြောင်းကို တွေးတောရန် မရဲဘဲ သူ၏ အာရုံအားလုံးကို ထိုအသံလှိုင်းများကို ခုခံသည့် နေရာတွင်သာ အာရုံစိုက်ထားလေသည်။ သို့မဟုတ်ပါက ထိုကြောက်မက်ဖွယ် အသံလှိုင်းများကြောင့် အရိုးပင် မကျန်ပဲ ဆုတ်ဖြဲ ခံရပေလိမ့်မည်။ အကယ်၍ သူသာ အလင်းလှိုင်းဂယက်များကို နားလည် မထားခဲ့ပါက ဤနေရာတွင် တစ်မိနစ်ထက် ပို၍ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။ ဤ ကြောက်မက်ဖွယ် ဟိန်းဟောက်သံများကို ခုခံရန် ဆိုသည်မှာ သတ္တမအဆင့် ကျွမ်းကျင်သူ တစ်ဦး သာလျှင် လုပ်ဆောင်နိုင်မည့် အရာ ပင် ဖြစ်၏။
ဤတစ်ကြိမ် ဟိန်းဟောက်သံများသည် လုံဟောင်ချန်း အတွက် အထူးတလည် ကြာရှည် နေသကဲ့သို့ ခံစားရပြီး နောက်ဆုံးတွင် ရပ်တန့် သွားသော အခါ သူ၏ စိတ်ဝိညာဉ် စွမ်းအင် ထက်ဝက်ကျော် သည် ကုန်ဆုံး သွားပြီ ဖြစ်ကြောင်းကို လုံဟောင်ချန်း အံ့အားသင့်စွာ တွေ့ရှိလိုက်သည်။
မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ ခေါင်းဆောင် တစ်ဦး အနေဖြင့် လုံဟောင်ချန်း ၏ ပထမဆုံး ကောက်ချက်ချမှု မှာ ဤ မစ်ရှင် သည် သူတို့ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ လုံးဝ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည့် အရာ မဟုတ်ကြောင်း ပင်။
အထီးကျန် လှိုဏ်ဂူ ကို စူးစမ်းလေ့လာခြင်းတွင် ဤ လျှို့ဝှက်ဆန်းကြယ်သော မျှော်စင် ကြီး လည်း သဘာဝကျကျပင် ပါဝင် နေ၏။ သို့သော် သူ၏ ကျင့်ကြံမှု အဆင့် ဖြင့် ဤ စူးစမ်းလေ့လာမှုကို ကိုင်တွယ် နိုင်မည်လော။
မြေအောက် ဤမျှ နက်ရှိုင်းသော နေရာတွင် မျှော်စင် ကြီး တစ်ခုကို တည်ဆောက်ရန် ဆိုသည်မှာ မည်သည့် တည်ရှိမှု မျိုးက ဤ ကြီးကျယ်သော လုပ်ရပ်ကို ပြီးမြောက်အောင် လုပ်ဆောင် နိုင်မည်နည်း။ ၎င်းသည် မိစ္ဆာနတ်ဘုရား ဧကရာဇ် ကဲ့သို့သော တည်ရှိမှု တစ်ခု မဟုတ်လျှင်တောင် အနည်းဆုံး နဝမအဆင့် ကျွမ်းကျင်သူ တစ်ဦး တော့ ဖြစ်ပေလိမ့်မည်။
သူ၏ အဖွဲ့သားများကို ဤ နေရာသို့ လာခွင့်ပြုရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စ ပင်။ ချိူက်အာ မှလွဲ၍ မည်သူမျှ ဟိန်းဟောက်သံများ နှင့်အတူ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အသံလှိုင်းများကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
ဒီ အချိန်မှာ ငါ ဆုတ်ခွာ သင့်လား …
လုံဟောင်ချန်း ဆန္ဒ မရှိချေ။ ဤ နေရာသို့ ရောက်ရန် အားထုတ်မှု အများအပြား ပြုလုပ်ခဲ့ပြီးနောက် သည်အတိုင်း လွယ်လွယ်ကူကူ ဆုတ်ခွာ သွားရမည်လော။
မဖြစ်နိုင်ဘူး ... ဘာပဲဖြစ်ဖြစ် အဲ့ဒီ မျှော်စင် ကို ငါ သွားကြည့်သင့်တယ်။
အသက်ပြင်းပြင်း ရှူသွင်း လိုက်ပြီးနောက် လုံဟောင်ချန်း သည် စိတ်ဝိညာဉ် စွမ်းအင် ပြန်လည် ပြည့်ဝ စေရန် သူ၏ စွမ်းအင်များကို သူတော်စင် ဝိညာဉ် မီးဖို အတွင်းသို့ ပို့လွှတ် လိုက်ရင်း ဟောင်ယွဲ့ နှင့် သူ၏ ကြားရှိ ဆက်သွယ်မှု ကို အာရုံခံရန် အာရုံစိုက် လိုက်သည်။
သူတို့ ကြားရှိ ဆက်သွယ်မှု သည် ယခင်ကကဲ့သို့ နီးကပ် နေဆဲ ဖြစ်ကြောင်း သံသယ ဝင်စရာ မလိုပေ။ မှန်ပေသည်။ ဟောင်ယွဲ့လာခဲ့သော တခြား ကမ္ဘာတစ်ခုမှာပင် လုံဟောင်ချန်းမှာ သွေးသား ဆက်နွယ်မှုမှ တစ်ဆင့် ဟောင်ယွဲ့ထံသို့ သွားနိုင်လေရာ ယခုကဲံသို့ အကွာအဝေးက သူတို့အား ပိုင်ခြားထားနိုင်မည် မဟုတ်ချေ။
လုံဟောင်ချန်း ခေါင်းကို နောက်တစ်ကြိမ် မော့ကြည့်လိုက်သော အခါ ဝိညာဉ် စွမ်းအင်များ သည် နေရာ လွတ် တစ်ခုလုံး တွင် အပြည့်အဝ ပျံ့နှံ့ သွားပြီးမျှော်စင် ရှိရာ အရပ်သို့ ဖြည်းညင်းစွာ ဦးတည် သွားနေကြောင်း တွေ့ရှိလိုက်သည်။
ကြည့်ရတာ ... သူတို့က အရင်ကလိုပဲ ဒီ မျှော်စင် ရဲ့ အဆင့်မှာ သွားရောက် ပူးပေါင်းဖို့ စီစဉ် နေပုံ ရတယ်။ ပြီးတော့ ဟိန်းဟောက်သံ တွေက နောက်တစ်ကြိမ် ထွက်ပေါ်လာမယ် ... ပြီးတော့ ဒီ သံသရာ က အဆုံးမရှိ ဆက်လက် လည်ပတ် နေလိမ့်မယ်။
လုံဟောင်ချန်းသည် အခွင့်အရေးကို အရယူလိုက်ပြီး ရှေ့သို့ ခြေလှမ်း အနည်းငယ် တိုးသွားခဲ့လေသည်။ ဤ ပြာနှမ်းနှမ်း မီးခိုးရောင် ဝိညာဉ်စွမ်းအင်များ သည် သူ့ကို တိုက်ခိုက်ရန် ကြိုးစားမည်၊ မကြိုးစားမည် ကို လုံးဝ သေချာမှု မရှိသောကြောင့် သူ့အနေဖြင့် သတိထား ရန် လိုအပ်ပေသည်။
သို့သော် သူ စိုးရိမ် ခဲ့သည့် အတိုင်းပင် ...
အခြေအနေ သည် တကယ် ဖြစ်လာခဲ့၏။
လုံဟောင်ချန်း ဤကတော့ပုံစံ လှိုဏ်ဂူကြီး ဆီသို့ ပထမဆုံး ခြေလှမ်း ကို စတင်လိုက်သည့် အချိန်တွင် အနီးအနားရှိ ဝိညာဉ် စွမ်းအင် အလင်းတန်း ဒါဇင်ခန့် သည် သူ၏ တည်ရှိမှုကို ရှာဖွေ တွေ့ရှိသွားကြပြီး မည်သည့် တွန့်ဆုတ်မှု မျှ မရှိဘဲ သူ့ထံသို့ ရူးသွပ်စွာ ပစ်ဝင် လာကြလေသည်။
အနီးကပ် အကွာအဝေး မှ လုံဟောင်ချန်း သည် ထို ပြာနှမ်းနှမ်း မီးခိုးရောင် ဝိညာဉ် စွမ်းအင် အလင်းတန်းများ အားလုံး သည် ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်များ ရှိနေကြောင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်၏။ ၎င်းသည် စုစည်းနေသော ဝိညာဉ် စွမ်းအင် သက်သက်သာ ဖြစ်သော်လည်း အလွန် ကြမ်းတမ်း ခက်ထန်သော အသွင်အပြင် ရှိနေဆဲ ပင်။
သူတို့ထဲမှ ပထမဆုံး တစ်ကောင် သည် လုံဟောင်ချန်း တိုက်ခိုက်မှုကို တုံ့ပြန်ရန် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သော ကောင်းကင် အဟန့်အတား ဆီသို့ ပြင်းထန်စွာ ဝင်တိုက် လိုက်လေသည်။ ဝိညာဉ် စွမ်းအင် အလင်းတန်းများ သည် စွမ်းအင် များဖြင့် ဖွဲ့စည်းထားသော တည်ရှိမှု တစ်ခု ဖြစ်ပြီး သေဆုံးခြင်း အရှိန်အဝါ ဖြင့် ပြည့်နှက်နေသော ဝိညာဉ်စွမ်းအင်များ ဖြစ်သောကြောင့် အလင်း ဒြပ်စင် သည် သူတို့ အပေါ် အတိုင်းအတာ တစ်ခု အထိ ကန့်သတ်နိုင်စွမ်း ရှိပေသည်။ ထို့ကြောင့် သူ့အနေဖြင့် သူတို့ကို စိုးရိမ်မှု မရှိဘဲ ရင်ဆိုင် လိုက်၏။
သို့သော် ထိုအလင်းတန်းများ ကောင်းကင် အဟန့်အတား ကို ဝင်တိုက်လိုက်သည့် အခိုက်အတန့် တွင် လုံဟောင်ချန်း အကြီးအကျယ် တုန်လှုပ် သွားသည်။
ဘန်း —
ကောင်းကင် အဟန့်အတား သည် ချက်ချင်း ပျက်စီး သွားပြီး သေဆုံးခြင်း နှင့် အေးစက်မှု များဖြင့် ပြည့်နှက် နေသော ကြောက်မက်ဖွယ် စွမ်းအင် တစ်ခု သည် မမျှော်လင့်ဘဲ သူ၏ ဝိညာဉ် ကို တိုက်ရိုက် ထိမှန် သွားကာ သူ၏ ခန္ဓာကိုယ်ကို အတင်းအကျပ် ဝင်ပူးရန် ကြိုးစားနေသကဲ့သို့ ခံစားလိုက်ရသဖြင့် လုံဟောင်ချန်း သည် သူ၏ ဦးနှောက် ကို တူ ဖြင့် အထုခံလိုက်ရ သကဲ့သို့ ခံစားလိုက်ရ၏။ ဤ မကောင်းဆိုးဝါး ဆန်ပြီး ရေခဲတမျှ အေးစက်နေသော ဝိညာဉ် စွမ်းအင် သည် အလွန်အမင်း အားကောင်း လွန်းလှပြီး ၎င်း သည် လုံဟောင်ချန်း အား ဝင်တိုက် လိုက်သည့် အခိုက်အတန့် တွင် သူ၏ စိတ် သည် အချိန်တို အတွင်း လုံးဝ ဗလာကျင်း သွားခဲ့လေသည်။ လုံဟောင်ချန်း ၏ ခန္ဓာကိုယ် အတွင်းရှိ အလင်းဒြပ်စင် နတ်သမီး ယာတင်း ပင်လျှင် တင်းကြပ်စွာ ဖိနှိပ် ခံလိုက်ရ၏။ ဤ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်ကို ရင်ဆိုင်ရသော အခါ သူမ သည် တုန်ယင် နေရုံသာ တတ်နိုင်လေသည်။
သူ၏ စိတ်သည် လုံးဝ ဗလာကျင်း သွားသဖြင့် လုံဟောင်ချန်း တွင် ဟောင်ယွဲ့ နှင့် ဆက်သွယ်ရန် စွမ်းရည် မရှိတော့ချေ။ ဤ ဝိညာဉ်စွမ်းအင်၏ စွမ်းအား သည် တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်း လှပေသည်။ သူ သည် ရာပေါင်းများစွာသော ဝိညာဉ် အလင်းတန်းများထဲမှ အလွန် သေးငယ်သော အစိတ်အပိုင်း တစ်ခု ကိုသာ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သော်လည်း ဤကဲ့သို့ သတိပြုမိရန်ပင် ခက်ခဲသော သေးငယ်သည့် အရေအတွက် ကပင် လုံဟောင်ချန်း အား ထွက်ပြေး လွတ်မြောက်ရန် အခွင့်အရေး အားလုံးကို ဆုံးရှုံး သွား၏။
ထိုအချိန်တွင် လုံဟောင်ချန်း ၏ မျက်ဝန်း တွင် ခရမ်းရောင် အလင်း တစ်ချက် တောက်ပ လာပြီး ခရမ်းရောင် အလင်းတန်း ကိုးခု သည် သူ၏ နဖူး တွင် ထွက်ပေါ်လာလေသည်။
မျက်တောင် တစ်မှိတ်အတွင်း လုံဟောင်ချန်း ၏ ခန္ဓာကိုယ် မှ ခရမ်းရောင် လှိုင်းဂယက်များ ထွက်ပေါ်လာပြီး လုံဟောင်ချန်း ၏ အပေါ်တွင် တွယ်ကပ်နေပြီ ဖြစ်သော ဝိညာဉ်စွမ်းအင်များ ဖြစ်စေ၊ သူတို့နှင့် လာရောက် ပူးပေါင်းရန် လမ်းတစ်ဝက် တွင် ရှိနေသော ဝိညာဉ်စွမ်းအင်များ ဖြစ်စေ ... ခရမ်းရောင် အလင်း ၏ ဖိအား အောက်တွင် သနားစဖွယ် အော်ဟစ်သံ တစ်ခုကို ထုတ်လွှတ် လိုက်ကြပြီး အလွန် မြန်ဆန်သော အရှိန် ဖြင့် ချက်ချင်း ထွက်ပြေး သွားကြလေသည်။
ခရမ်းရောင် အလင်း သည် လုံဟောင်ချန်း ၏ ရှေ့သို့ ပြေးထွက် သွားပြီး ဟောင်ယွဲ့ ၏ ဧရာမ ပုံရိပ် သည် လေထဲတွင် ပျံဝဲ လာကာ လုံဟောင်ချန်း ၏ ကျောဘက် ကို ကာကွယ် ပေးထားလေသည်။ သိပ်သည်းသော ခရမ်းရောင် သည် သူ၏ ရှေ့ နှင့် ပတ်ပတ်လည် သို့ မရပ်မနား ပျံ့နှံ့ သွားပြီးရှောင်ဟုန်၊ ရှောင်ကျွင်းနှင့် ရှောင်လွီ တို့၏ မျက်လုံး ခြောက်လုံး စလုံး သည် ခရမ်းရောင် အဖြစ် ပြောင်းလဲ သွား၏။
ယခင်က လုံဟောင်ချန်း ကိုယ်တိုင် ပင် မကာကွယ်နိုင်ခဲ့သော ပြိုင်ဘက်ကင်း အားကောင်းသည့် ဝိညာဉ်စွမ်းအင် တစ္ဆေများသည် ဟောင်ယွဲ့ ကို ရင်ဆိုင်ရသော အခါ မမျှော်လင့်ဘဲ လုံးဝ ကြောက်ရွံ့ တုန်လှုပ် နေသည့် အခြေအနေ သို့ ရောက်ရှိ သွားသည်။ သူတို့ သည် တစ်ကောင်ပြီး တစ်ကောင် ထွက်ပြေး သွားကြပြီး ပိုမို ဝေးကွာသော တစ္ဆေ အုပ်စု ပင်လျှင် အနားသို့ ချဉ်းကပ် ရန် မရဲကြတော့ချေ။ * ဘာသာပြန်သူ - ဒီနေရာမှာ ဝိညာဉ်စွမ်းအင် တစ္ဆေဆိုပြီး ပြောင်းသုံးသွားပါမယ်နော်*
ဟောင်ယွဲ့ ကို ဝန်းရံထားသော ဤ ခရမ်းရောင် အလင်းကို လုံဟောင်ချန်း မြင်တွေ့ရသည်မှာ ဤသည်က ပထမဆုံး အကြိမ် မဟုတ်သော်လည်း ယခု အချိန် တွင်မူ ၎င်းသည် ပထမဆုံး အကြိမ် အဖြစ် အလွန် တောက်ပ နေ၏။
၎င်းသည် ဝိညာဉ် စွမ်းအား သို့မဟုတ် ပိုမို တိကျစွာ ပြောရလျှင် ဟောင်ယွဲ့ ၏ ဝိညာဉ် မှ ထွက်ပေါ်လာသော ဖိနှိပ်ခြင်း စွမ်းအား ပင်။ ဤ ဝိညာဉ် စွမ်းအင် တစ္ဆေများ ရှေ့သို့ တိုးလာရန် မရဲသည်ကို မြင်သောအခါ လုံဟောင်ချန်း သည် သက်ပြင်းချ လိုက်မိ၏။ ယခုလေးတင် သူ သည် သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ် အပေါ် ထိန်းချုပ်မှု ကို အတင်းအကျပ် လုယူ ခံလိုက်ရ သကဲ့သို့ တကယ်ကို ခံစားလိုက်ရလေသည်။
ဟောင်ယွဲ့ နှင့် လုံဟောင်ချန်း တို့၏ စိတ်များ ဆက်သွယ် ထားပြီး သူ၏ ညွှန်ကြားချက်ကို ရရှိပြီးနောက် လုံဟောင်ချန်း ၏ ခန္ဓာကိုယ် သည် လက်တစ်ဖျစ် အတွင်း ပျောက်ကွယ် သွားပြီး ဟောင်ယွဲ့ ၏ နောက်ကျော ပေါ်သို့ ခုန်တက် လိုက်လေသည်။ ဟောင်ယွဲ့ နှင့်အတူ ရှိနေခြင်း ဖြင့် လုံဟောင်ချန်း သည် ချက်ချင်းပင် ကြီးမားသော သက်သောင့်သက်သာ ဖြစ်မှု ကို ခံစားလိုက်ရ၏။
"ဟောင်ယွဲ့ ... ပြန်ကြစို့"
လုံဟောင်ချန်း က ထို ဧရာမ ပြာနှမ်းနှမ်း မီးခိုးရောင် မျှော်စင် ကြီးကို ဆန္ဒမရှိသော အကြည့် ဖြင့် ကြည့်ရင်း ပြောလိုက်သည်။
ဟောင်ယွဲ့ သည် သူ၏ ခေါင်း သုံးလုံး ကို လုံဟောင်ချန်း ရှိရာ အရပ်သို့ လှည့်လိုက်ရာ သူတို့၏ မျက်လုံးများ ထဲရှိ ခရမ်းရောင် သည် အမှန်တကယ်တော့ စိတ်လှုပ်ရှားမှုများ ဖြင့် တောက်ပ နေကြောင်းကို လုံဟောင်ချန်း အံ့အားသင့်စွာ တွေ့ရှိလိုက်ရပေသည်။
သူ၏ ခေါင်း သုံးလုံး ကို တစ်ပြိုင်နက်တည်း ခါယမ်း ရင်း ... ဟောင်ယွဲ့ သည် သူ၏ အတွေးများကို ပေးပို့ လိုက်ပြီး ဤနေရာ သည် ယာယီ အားဖြင့် လုံခြုံ မည် ဖြစ်ကြောင်း၊ မျှော်စင် အတွင်းတွင် အန္တရာယ် ရှိနေဆဲ ဖြစ်သော်လည်း ၎င်းသည် သူတို့ အပေါ်သို့ တိုက်ရိုက် ကျရောက် လာမည် မဟုတ်ဘဲ သူတို့ ယာယီ ကိုင်တွယ် ဖြေရှင်း နိုင်မည့် အရာ တစ်ခု ဖြစ်ကြောင်း လုံဟောင်ချန်း အား ပြောပြ လိုက်၏။ ထို့နောက် လုံဟောင်ချန်း အား မျှော်စင် ၏ ပထမ ထပ် ကို ဝင်ရောက် ကြည့်ရှုရန် သူ က အကြံပြု လိုက်လေသည်။
***