သေမင်းတမန် မှော်ဆရာလား။
ထိုစကားလုံးက လုံဟောင်ချန်းကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။ သေမင်းတမန် မှော်ဆရာများ ထွက်ပေါ်မလာသည်မှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်း ကျော် ကတည်းကပင်။
ဤ စကားလုံး ကို ကြားလိုက်ရခြင်း က သူ့ ဖခင် ယခင်က သူ့အား ပြောပြခဲ့ဖူးသော ရင်ခုန် စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်း တစ်ပုဒ် ကို ချက်ချင်း သတိရ သွားစေခဲ့၏။
လွန်ခဲ့သော နှစ်ပေါင်း ၁၃,၀၀၀ ခန့်၊ ရှေးဟောင်း ဘုန်းကျက်သရေ အပြည့်စုံဆုံး ခေတ်ကာလ တွင် လူသား သမိုင်း ၏ အလျင်မြန်ဆုံး တိုးတက်မှု ကာလ နှစ်ပေါင်း ၇,၀၀၀ ဖြစ်ပေါ်ခဲ့ပေသည်။ ထို နှစ်ပေါင်း ၇,၀၀၀ သည် ရှန်းမုံ့သာ့လု တိုက်ကြီး ၏ အုပ်စိုးသူများ အဖြစ် သူတို့၏ နေရာကို တည်ဆောက် ပေးခဲ့သော အချိန် အတိအကျ ပင် ဖြစ်လေသည်။ ထိုအချိန် တွင် လူသားများ ၌ နိုင်ငံ သုံးခု ရှိခဲ့ပြီး ၎င်းတို့ အားလုံး သည် ပြိုင်ဘက်ကင်းလောက်အောင် အားကောင်း ကြကာ လက်ရှိ ကျောင်းတော် မဟာမိတ် ထက်ပင် သာလွန် နေပြီး မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို ပိုင်ဆိုင် ထားခဲ့ကြ၏။
သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၇,၀၀၀ ခန့်က မိစ္ဆာနတ်ဘုရား ခုနစ်ဆယ့်နှစ်ပါး ဆင်းသက် လာပြီး လူသားများကို မခုခံနိုင်အောင် ပြုလုပ် ကာ လုံးဝ မျိုးတုံး သွားမတတ် ဖျက်ဆီးပစ်ခဲ့ပြီး အမှောင် ခေတ် ဟု ခေါ်သော ကာလ ၏ အစ ကို ဘာကြောင့် ဖြစ်ပေါ်စေခဲ့သနည်း။
လုံရှင်းယုက လုံဟောင်ချန်းအား ဘုန်းကျက်သရေ အပြည့်စုံဆုံး ခေတ်ကာလ တွင် ကပ်ဘေးကြီး တစ်ခု ကျရောက် ခဲ့သောကြောင့် ဖြစ်ပြီး ဤကပ်ဘေး ၏ အဓိက တရားခံများ မှာ သေမင်းတမန် မှော်ဆရာများ ပင် ဖြစ်ကြောင်း ပြောပြ ခဲ့ဖူးလေသည်။
ဤကပ်ဘေးသည် ကြီးမြတ်သော အင်ပါယာ သုံးခု ၏ ခွန်အားများကို အကြီးအကျယ် ဆုံးရှုံး သွားစေခဲ့ပြီး မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို ပျောက်ကွယ် သွားစေကာ လူသားများ ဘက်တွင် ခွန်အားချိနဲ့မှု ကို ဖြစ်ပေါ်စေခဲ့၏။ သူတို့ ကျဆင်း သွားပြီးနောက် ကျောင်းတော် မဟာမိတ် ကို တည်ထောင် ပြီးမှသာ အခြေအနေ သည် တဖြည်းဖြည်း တည်ငြိမ် လာခဲ့ခြင်း ပင်။
ထို ကပ်ဘေးကြီး သည် လွန်ခဲ့သော နှစ်သောင်းပေါင်း များစွာ က ဖြစ်ပွား ခဲ့ပြီး သေမင်းတမန် မှော်ဆရာများသည် သေဆုံးခြင်းနှင့် ပတ်သတ်လျှင် ကျွမ်းကျင်သူများ ဖြစ်သည်။ သူတို့ သည် အမှောင် ဒြပ်စင် မှော်ဆရာများ မဟုတ်ဘဲ သေဆုံးသွားသော ဝိညာဉ်များ နှင့် ဆက်သွယ်မှု တစ်ခု ဖန်တီး နိုင်စွမ်း ရှိသည့် အားကောင်းသော စွမ်းရည်များကို ပိုင်ဆိုင် ထားသော မှော်ဆရာများ ပင် ဖြစ်ပေသည်။ ထို အချိန်တွင် ကြီးမြတ်သော အင်ပါယာ သုံးခု မှလွဲ၍ လူသား ကမ္ဘာ တွင် ယခင်က ဖော်ပြခဲ့သည့် အတိုင်း 'အလင်း ကျောင်းတော်ကြီး' ဟု အမည်ရသော စတုတ္ထမြောက် အင်အားစု တစ်ခု ရှိခဲ့လေသည်။
အင်ပါယာ သုံးခု သည် လူသားများကို အုပ်ချုပ် ခဲ့ပြီး အလင်းကျောင်းတော်ကြီး သည် ကျွမ်းကျင်သူများကို အုပ်ချုပ် ခဲ့၏။ ဆိုလိုသည်မှာ လူသား ကျွမ်းကျင်သူ အများစု သည် အလင်းကျောင်းတော်ကြီး ကို နာခံ ခဲ့ကြပြီး ဘုန်းကျက်သရေ အပြည့်စုံဆုံး ခေတ် ဟူသော အမည်နာမ ပင်လျှင် ၎င်းကို ရည်ညွှန်း ခဲ့ခြင်း ပင် ဖြစ်လေသည်။ ဤအချက်ကို ထောက်ရှု၍ အလင်းကျောင်းတော်ကြီး သည် မည်မျှ အားကောင်း ခဲ့ကြောင်းကို ကောင်းစွာ စိတ်ကူး ကြည့်နိုင်ပေသည်။
သေမင်းတမန် မှော်ဆရာများ နှင့် အလင်း ကျောင်းတော်ကြီး ကြားတွင် စစ်ပွဲ တစ်ခု ဖြစ်ပွား ခဲ့ပြီး ဤသည်မှာ ယနေ့ခေတ် တွင် လူသိနည်းသော အရာ တစ်ခု ပင် ဖြစ်၏။ သို့သော် နှစ်ပေါင်း တစ်သောင်း ကြာပြီးနောက် တွင် ပင် ဤ စစ်ပွဲ သည် လူသားများ ၏ မှတ်တမ်းများ တွင် အလွန် ခါးသီးသော စစ်ပွဲ တစ်ခု အဖြစ် ကျန်ရစ် နေဆဲ ပင်။ ထိုအချိန်က သေမင်းတမန် မှော်ဆရာများ ပြသခဲ့သော ခွန်အား သည် လက်ရှိ မိစ္ဆာနတ်ဘုရား ခုနစ်ဆယ့်နှစ်ပါး ထက် အနည်းငယ်မျှပင် နိမ့်ကျ ခြင်း မရှိခဲ့ချေ။ လက်ရှိ လူသားများ သည် ၎င်းတို့၏ အထွတ်အထိပ် အချိန် က ခွန်အား နှင့် အလှမ်းဝေး နေခြင်း သာ ဖြစ်ပေသည်။
နောက်ဆုံးတွင် အလင်းကျောင်းတော်မှာ အောင်ပွဲ ရရှိ သွားပြီး သေမင်းတမန် မှော်ဆရာများကို လုံးဝ မျိုးတုံး သတ်ဖြတ် လိုက်သော အခါ နှစ်ပေါင်း တစ်သောင်း ကြာပြီးသည့် တိုင်အောင် တိုက်ကြီး ပေါ်တွင် သေမင်းတမန် မှော်ဆရာများ ထွက်ပေါ်လာကြောင်း မည်သူမျှ မကြားဖူးတော့သည့် အတိုင်းအတာ အထိ ပင် ဖြစ်သွားခဲ့၏။
သို့သော်လူသားများ သည်လည်း ဆိုးရွားသော တန်ဖိုး တစ်ခုကို ပေးဆပ် ခဲ့ရပေသည်။ ထို အချိန်က အလင်းကျောင်းတော်ကြီး ၏ ပုပ်ရဟန်း ဂိုဏ်းချူပ် သည် နောက်ဆုံးတွင် သေဆုံး သွားခဲ့ပြီး အားကောင်းသည့် ကျွမ်းကျင်သူများစွာ မှာလည်း ထိုနည်းတူပင်။ အလင်း ကျောင်းတော်ကြီး ၏ ကျွမ်းကျင်သူ ၉၀% ကျော် သည် ဤ မဟာစစ်ပွဲ အတွင်း သေဆုံး ခဲ့ရ၏။
နောက်ဆုံး တိုက်ပွဲ တွင် ... အလင်းကျောင်းတော်ကြီး ၏ ပုပ်ရဟန်းဂိုဏ်းချူပ် သည် ထို အချိန်က သေမင်းတမန် မှော်ဆရာများ ၏ ခေါင်းဆောင် နှင့် တိုက်ခိုက် ခဲ့ပြီး ... ထို တိုက်ပွဲ သည် လူသား ကမ္ဘာ ကို ပြိုကွဲ သွားစေမတတ် ဖြစ်ခဲ့လေသည်။
နောက်ဆုံး ရလဒ် ကို မည်သူမျှ မသိခဲ့ကြသော်လည်း ထို တိုက်ပွဲ ပြီးနောက် ပုပ်ရဟန်းဂိုဏ်းချူပ် နှင့် သေမင်းတမန် မှော်ဆရာများ ၏ ခေါင်းဆောင် တို့ နှစ်ဦးစလုံး ကို မည်သူမျှ ထပ်မံ မမြင်တွေ့ရတော့ချေ။ ခေါင်းဆောင် မရှိသော နဂါး တစ်အုပ် ကဲ့သို့ ဖြစ်သွားသော ကျန်ရှိသည့် သေမင်းတမန် မှော်ဆရာများ သည် နောက်ဆုံးတွင် စစ်ပွဲ တွင် ရှုံးနိမ့် သွားခဲ့ပေသည်။ သို့သော် သူတို့ ယူဆောင်လာခဲ့သော ကပ်ဘေးကြီး သည် လူဦးရေ ကို ထက်ဝက်ခန့် ကျဆင်း သွားစေခဲ့ပြီး မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ၏ သေဆုံးမှု ကို ဖြစ်ပေါ်စေကာ ဘုန်းကျက်သရေ အပြည့်စုံဆုံး ခေတ် ၏ အမွေအနှစ် များစွာ ကို ပျောက်ကွယ် သွားစေခဲ့၏။ ၎င်းပြီးနောက် ချက်ချင်းပင် ဘုန်းကျက်သရေ အပြည့်စုံဆုံး ခေတ် ၏ နှောင်းပိုင်း ကာလ သို့ ရောက်ရှိလာပြီး ကျွန်ုပ်တို့ သိထားသော အမှောင် ခေတ် သို့ ဆိုက်ရောက် လာခဲ့ခြင်း ပင် ဖြစ်လေသည်။
သေမင်းတမန် မှော်ဆရာများ၏ ရှန်းမုံ့သာလု တိုက်ကြီး အပေါ် ယူဆောင်လာခဲ့သော ကပ်ဘေး သာ မရှိခဲ့ပါက မိစ္ဆာနတ်ဘုရား ခုနစ်ဆယ့်နှစ်ပါး ဆင်းသက်လာသည့် အချိန် တွင် သူတို့ သည် ရှန်းမုံ့သာ့လု တိုက်ကြီး ၌ ဤကဲ့သို့ နေရာယူ နိုင်ခဲ့မည် မဟုတ်ချေ။ အကယ်၍ အလင်းကျောင်းတော်ကြီး ၏ ခွန်အား သာ ယခင်ကကဲ့သို့ ရှိနေဆဲ ဖြစ်ပါက မိစ္ဆာများ ကို ဤမျှ အားကောင်း လာစေရန် သူတို့ ဘယ်လိုလုပ် ခွင့်ပြုထားမည်နည်း။
ကံမကောင်းစွာဖြင့် မည်သည့် 'အကယ်၍' ဆိုသည့် စကား ကမျှ ဖြစ်ပျက်ခဲ့ပြီးသော အရာများကို မပြောင်းလဲ နိုင်ခဲ့ချေ။ လူသားများ ၏ ဘုန်းကျက်သရေ သည် သေမင်းတမန် မှော်ဆရာများ နှင့် မိစ္ဆာနတ်ဘုရား ခုနစ်ဆယ့်နှစ်ပါး ကြောင့် ကျဆင်း သွားခဲ့ရလေသည်။ သို့သော် လူသား ယဉ်ကျေးမှု သည် တိုက်ပွဲဝင်ရန် လုံလောက်အောင် အားကောင်း နေဆဲ ပင်။ အနည်းဆုံး ယခု အချိန် အထိ မိစ္ဆာနတ်ဘုရား ခုနစ်ဆယ့်နှစ်ပါး အနေဖြင့် ကျောင်းတော် မဟာမိတ် ကို ဖျက်ဆီးပစ်ရန် ဆိုသည်မှာ ထိုမျှ လွယ်ကူမည် မဟုတ်ချေ။
သူတို့ ကျဆင်း သွားပြီးနောက် လူသားများ သည် တဖြည်းဖြည်း မတ်တတ် ပြန်ရပ် လာခဲ့ကြပြီး ယခုအခါ အလင်း၏ သားတော် လုံဟောင်ချန်း နှင့် ဆမ်ဆာရာ ၏ သန့်စင်သော သမီးတော် ချိူက်အာ တို့ ထွက်ပေါ်လာခြင်း နှင့်အတူ လူသားများ ၏ အချိန် သည် နောက်ဆုံးတွင် ရောက်ရှိ လာခဲ့ပြီ ဖြစ်ပေသည်။
လုံဟောင်ချန်း သည် တဖြည်းဖြည်း သတိပြန်ဝင် လာခဲ့သော်လည်း သူ၏ ရွှေရောင် မျက်ဝန်းများ သည် အထိတ်တလန့် ဖြစ်မှု များဖြင့် ပြည့်နှက် နေဆဲ ပင်။
ဒီ မျှော်စင် က ... အမှန်တကယ်တော့ သေမင်းတမန် မှော်ဆရာတွေ ချန်ထားခဲ့တဲ့ အမွေအနှစ် ပဲ။
ဤသတင်းအချက်အလက်သည် မည်မျှတောင် တုန်လှုပ်ဖွယ် ကောင်းနိုင်မည်နည်း။ အလင်း ကျောင်းတော်ကြီးသည် မဟာစစ်ပွဲ ၏ အောင်ပွဲကို ရရှိခဲ့သည့် အချိန် တွင် ကျန်ရှိနေသော ကျွမ်းကျင်သူများ သည် နှစ်ပေါင်း ရာနှင့်ချီ၍ တိုက်ကြီး ပေါ်ရှိ သေမင်းတမန် မှော်ဆရာများ ၏ အမွေအနှစ် အစအန အားလုံးကို ရှင်းလင်း ခဲ့ကြလေသည်။
သေမင်းတမန် မှော်ဆရာများ ထံမှ အမွေအနှစ်များ၊ အရင်းအမြစ်များ နှင့် မှတ်တမ်းများ အားလုံး သည် လုံးဝ ဖျက်ဆီး ခံခဲ့ရပေသည်။ လက်ရှိ အချိန် တွင် ဤ သေမင်းတမန် မှော်ဆရာများ ၏ အတိတ်က တည်ရှိမှုကို လူအနည်းငယ် သာ သိရှိ ကြလေသည်။
သန့်စင်သော သေဆုံးခြင်း မှော်အနုပညာ နှင့် အိပ်မောကျနေတဲ့ ကပ်ဘေးကြီး၊ အီလပ်စ်။
ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းပြီး လွှမ်းမိုးနိုင်သော အမည်နာမ တစ်ခု ပင် ဖြစ်၏။ ဤ 'ထာဝရ အနားယူခြင်း' ၏ သခင် သည် ထို ခေတ်အခါ က အဆုံးအဖြတ် ပေးနိုင်သော အခန်းကဏ္ဍ မှ ပါဝင်ခဲ့ကြောင်းကို လုံဟောင်ချန်း လုံးဝ နီးပါး သေချာ နေလေသည်။ အကယ်၍ သူ သည် အလင်း ကျောင်းတော်ကြီး ၏ သခင် နှင့် အတူ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီး သွားခဲ့သော သေမင်းတမန် မှော်ဆရာများ ၏ ခေါင်းဆောင် မဟုတ်လျှင်တောင် ... သူ သည် အနည်းဆုံးတော့ စစ်သူကြီးများ ထဲမှ တစ်ဦး သေချာပေါက် ဖြစ်ပေလိမ့်မည်။ ထို ခေတ်အခါ က အားကောင်းသော သေမင်းတမန် မှော်ဆရာများ ၏ အမွေအနှစ် အချို့ ဆက်လက် တည်ရှိနေဆဲ ဖြစ်မည်ဟု မည်သူက မှန်းဆ မိမည်နည်း။ အကယ်၍ ဤ သတင်းစကား ကို ကျောင်းတော် မဟာမိတ် ထံသို့ ပြန်လည် ယူဆောင် သွားနိုင်ပါက ၎င်းသည် ကြီးမားသော လှိုင်းလုံးကြီး တစ်ခုကို ဖြစ်ပေါ်စေနိုင်ပေသည်။
စိတ်ကို တည်တည်ငြိမ်ငြိမ် ထား ... ငါ တည်တည်ငြိမ်ငြိမ် ရှိဖို့ လိုတယ်။
လုံဟောင်ချန်းသည် စိတ်ကို တည်ငြိမ် လာစေရန် သူ့ကိုယ်သူ မရပ်မနား သတိပေး နေလေသည်။
သူ၏ မှတ်ဉာဏ်သည် ထူးခြား ပြောင်မြောက်၏။ အထူးသဖြင့် ဤကဲ့သို့သော အခြေအနေမျိူးတွင် သူ၏ စိတ်အာရုံက နှစ်ဆ ပိုမို ထက်မြက် လာပေသည်။ အစောပိုင်းက သူ ကြားခဲ့သည့် စကားများမှ တဆင့် လုံဟောင်ချန်းမှာ အကြောင်းအရာ တော်တော်များများကို သုံးသပ်မိပေသည်။
ပထမဦးစွာ ဤ မျှော်စင် သည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်း က ဘုန်းကျက်သရေ အပြည့်စုံဆုံး ခေတ် မှ ချန်ထားခဲ့ခြင်း ဖြစ်ရမည် ဖြစ်ပြီး ထို အချိန်က သေမင်းတမန် မှော်ဆရာများ ၏ ဗဟုသုတများ စုစည်းမှု ၏ အနှစ်သာရ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
သေမင်းတမန် မှော်ဆရာများ မဟာ စစ်ပွဲ တွင် ရှုံးနိမ့် သွားပြီးနောက် ထာဝရ အနားယူခြင်း မျှော်စင် သည် မြေအောက် တွင် မြုပ်နှံ ခံခဲ့ရပြီး မြေငလျင် ကြောင့် ဘူမိဗေဒ အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်ကာ ဤမျှ ကြီးမားသော အက်ကွဲကြောင်း ကြီး တစ်ခုကို မွေးဖွား လာစေသည် အထိ ယခု အချိန် ထိ မည်သူမျှ ရှာဖွေ မတွေ့ရှိခဲ့ချေ။ ထို့ကြောင့် လုံဟောင်ချန်း သည် ဤ နေရာကို ရှာတွေ့ခဲ့ခြင်း ပင် ဖြစ်လေသည်။
နှစ်ပေါင်း တစ်သောင်း ကြာပြီးသည့် တိုင်အောင် ... ဤ မျှော်စင် တွင် ပျက်စီးခြင်း အစအနများ မရှိရုံ သာမက အပြင်ဘက်ရှိ တစ္ဆေများ ကို ဤ မျှော်စင် ၏ သခင် က မသိရှိနိုင်သော နည်းလမ်း အချို့ မှတစ်ဆင့် ရည်ရွယ်ချက် ရှိရှိ ဤနေရာတွင် ထားရှိခဲ့ကြောင်း သိသာထင်ရှား နေပေသည်။
အလင်း၏ သားတော် တစ်ဦး အနေဖြင့် လုံဟောင်ချန်း သည် ဤ သေမင်းတမန် မှော်ဆရာ ၏ အမွေအနှစ် ကို ဆက်ခံရန် အရည်အချင်း မပြည့်မီ ကြောင်း သဘာဝကျကျပင် သိသာ နေလေသည်။ သို့သော် ဤ အသံ ထွက်ပေါ်လာသည့် အချိန် တွင် သူ၏ နောက်ကွယ်ရှိ ဂိတ်တံခါး ကြီး သည် ပိတ်သွားပြီ ဖြစ်၏။ မျှော်စင် သခင် ၏ ဗဟုသုတ နှင့် ခွန်အား ကို ထည့်သွင်း စဉ်းစားလိုက်ပါက တံခါးကို ချိုးဖျက်ရန် ဆိုသည်မှာ ရှင်းလင်းစွာပင် ထိုမျှ လွယ်ကူမည် မဟုတ်ချေ။
ထို့ကြောင့် အကယ်၍ သူ သည်နေရာမှ အသက်ရှင်လျက် ထွက်ခွာ လိုပါက လုံဟောင်ချန်း ပထမဆုံး လုပ်ရမည့် အရာမှာ ပထမ ထပ် ၏ စမ်းသပ်မှု ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီး ဤ အိပ်မောကျနေတဲ့ ကပ်ဘေးကြီး၊ အီလပ်စ် ၏ ယုံကြည်မှုကို ရယူရန် ပင် ဖြစ်ပေသည်။
ထို့အပြင် အိပ်မောကျနေတဲ့ ကပ်ဘေးကြီး၊ အီလပ်စ် ချန်ထားခဲ့သော သတင်းစကား မှတစ်ဆင့် အလွယ်တကူ သိရှိနိုင်သည်မှာ ဤ အားကောင်းသော သေမင်းတမန် မှော်ဆရာ သည် ဆဋ္ဌမအဆင့် ရှိ အခြား သေမင်းတမန် မှော်ဆရာ တစ်ဦး သာလျှင် ဤ နေရာသို့ ရောက်ရှိနိုင်မည် ဟု ယုံကြည် ထားခြင်း ပင်။ ဆိုလိုသည်မှာ ဤ မျှော်စင် ၏ ပထမ ထပ် စမ်းသပ်မှု သည် ဆဋ္ဌမအဆင့် ရှိ သေမင်းတမန် မှော်ဆရာ တစ်ဦး သာလျှင် ကျော်ဖြတ် နိုင်ရန် ဒီဇိုင်း ရေးဆွဲ ထားခြင်း ပင် ဖြစ်ရမည်။
သည်နေရာကို ရောက်ရှိလာပြီးနောက် လုံဟောင်ချန်း သည် ခါးသီးသော အပြုံး တစ်ခုကို မပြသဘဲ မနေနိုင်ခဲ့ချေ။ သံသယ ဝင်စရာ မလိုအောင်ပင် ပထမ ထပ် ၏ စမ်းသပ်မှု သည် လွယ်ကူ လိမ့်မည် မဟုတ်ပေ။ သူ့အတွက် ထို နေရာမှ အသက်ရှင်လျက် ပြန်လာနိုင်မည်လောကို မသိနိုင်ချေ။ ယခု အချိန် တွင် သူ့အနေဖြင့် ဤနေရာမှ လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားရန်မှ တပါး အခြားမရှိတော့ချေ။
ဤ မသိရှိနိုင်သော အန္တရာယ် ကို သူ မည်သို့ ရင်ဆိုင် သင့်သနည်း ဟု စဉ်းစား နေစဉ်မှာပင် ... အိပ်မောကျနေတဲ့ ကပ်ဘေးကြီး၊ အီလပ်စ် ၏ အသံ သည် နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ... ဤတစ်ကြိမ် တွင်မူ လုံဟောင်ချန်း အား လုံးဝ စိတ်ပျက် အားငယ် သွားစေခဲ့၏။
"ဒါဆိုရင် ... မင်း က ဘယ်လို သေမင်းတမန် မှော်ဆရာ မျိုးလဲ ဆိုတာကို သိရအောင် မင်းရဲ့ ဒြပ်စင် စွမ်းရည် ကို ငါ စစ်ဆေး ကြည့်ရအောင်"
ဒြပ်စင် စွမ်းရည် ကို စစ်ဆေးမယ် ဟုတ်လား။ ငါတော့ သေပြီပဲ။
လုံဟောင်ချန်း၏ ဦးနှောက် သည် ချက်ချင်း လုံးဝ ဗလာကျင်း သွားသည်။ သူ၏ အတွေးများ အရ .သေမင်းတမန် မှော်ဆရာ ပညာရပ်သည် အမှောင် ဒြပ်စင် လမ်းကြောင်း ၏ တိုးချဲ့မှု တစ်ခု ဖြစ်သင့်ပေသည်။ မဟုတ်လျှင်တောင် မည်သည့် ဒြပ်စင် ဖြစ်ပါစေ ၎င်းသည် သန့်စင်သော အလင်း ဒြပ်စင် တော့ လုံးဝ မဖြစ်နိုင်ချေ။ အကယ်၍ သူ၏ ကိုယ်ပိုင် ဒြပ်စင် ကို ထုတ်ဖော် လိုက်ပါက ဤဘိုးဘေးကြီးက မည်မျှ အားကောင်း ကြောင်းကို ထည့်သွင်း စဉ်းစားလျှင် သူ့အနေဖြင့် ၎င်းကို ရင်ဆိုင်ရန် မည်သို့ စွမ်းဆောင်နိုင်မည်နည်း။
"ဟောင်ယွဲ့ ... ဂိတ်တံခါး ကို ဖျက်ဆီး လိုက်"
လုံဟောင်ချန်းမှာ ချက်ချင်းဆိုသလို ဟောင်ယွဲ့အား သူ၏ အတွေးကို ပေးပို့လိုက်သည်။ သည်အတိုင်း အသတ်ခံရမည်ကို လည်စဉ်းမခံနိုင်သည် မဟုတ်ပါလား။
သို့သော် လုံဟောင်ချန်း သည် ဤအမိန့်ကို ပေးပို့ လိုက်သည် နှင့်တစ်ပြိုင်နက် ဟောင်ယွဲ့၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီး လုံဟောင်ချန်းကို လေထဲပစ်တင်လိုက်ကာ နောက်သို့ ဆုတ်လိုက်ပြီး သူနှင့် လုံဟောင်ချန်းကြား အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားလိုက်၏။
ဟောင်ယွဲ့ က ငါ့ကို စွန့်ပစ် နေတာလား။ ဒါ မဖြစ်နိုင်ဘူး။
လုံဟောင်ချန်းမှာ ချက်ချင်းဆိုသလို ကြောင်အန်းသွား၏။ သို့သော် ထိုအချိန်တွင် ပြာနှမ်းနှမ်း မီးခိုးရောင် အလင်းတန်း တစ်ခု သည် ရုတ်တရက် ဆင်းသက် လာကာ သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်း သွားလေသည်။
ပြာနှမ်းနှမ်း မီးခိုးရောင် အလင်းတန်း သည် ခုခံရန် မဖြစ်နိုင်သော ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခု ဖြင့် ပြည့်နှက် နေပြီး လုံဟောင်ချန်းသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး အေးစက် သွားသည်ကိုသာ ခံစားလိုက်ရကာ ဖော်ပြ၍ မရနိုင်သော သေဆုံးခြင်း အရှိန်အဝါကြောင့် သူ၏ သွေးများ အေးခဲ သွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရ၏။
သူ၏ အရည် အသွင် စိတ်ဝိညာဉ် စွမ်းအင် အလင်း ဒြပ်စင် အားလုံး သည် ဖိနှိပ် ခံလိုက်ရပြီး သူ၏ သူတော်စင် ဝိညာဉ် မီးဖို အတွင်းသို့ ပြန်လည် တွန်းပို့ ခံလိုက်ရသည် နှင့်အမျှ လုံဟောင်ချန်း သည် လက်သန်း လေး တစ်ချောင်း ကိုပင် မလှုပ်ရှား နိုင်တော့သကဲ့သို့ ခံစားလိုက်ရလေသည်။
သူ၏ ဘဝ တွင် ပထမဆုံး အကြိမ် အဖြစ် လုံဟောင်ချန်း သည် မျှော်လင့်ချက် အားလုံးကို စွန့်လွှတ် လိုက်၏။ အနည်းဆုံး မိစ္ဆာနတ်ဘုရား သုံးပါး ကို ရင်ဆိုင် ခဲ့ရသည့် အချိန် တွင် ပင်လျှင် သူ သည် ရပ်တည် တိုက်ခိုက် ရန် ရဲစွမ်းသတ္တိ ရှိနေသေးသည်။ သို့သော် ယခု အချိန် တွင်မူ သူ သည် မည်သည့် အရာကိုမျှ လုပ်ဆောင် နိုင်စွမ်း မရှိတော့ချေ။
ငါ တကယ်ပဲ ဒီလို နေရာ မျိုးမှာ သေရတော့မှာလား။ ဒီ တစ္ဆေ အုပ်စု ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာရတော့မှာလား။
ပြာနှမ်းနှမ်း မီးခိုးရောင် အလင်းတန်း ၏ လွှမ်းမိုးမှု အောက်တွင် လုံဟောင်ချန်း သည် တုန်ယင် နေသော အခြေအနေ ဖြင့် ဖြည်းညင်းစွာ နောက်သို့ လဲကျ သွားလေသည်။ သို့သော် အလွန် အံ့အားသင့်စရာ ကောင်းသည်မှာ သူ မျှော်လင့်ထားသော တိုက်ခိုက်မှု သည် လုံးဝ ရောက်ရှိ မလာခဲ့ချေ။
"ဒါ တကယ်ပဲလား။ မင်းက ငါ့ရဲ့ သတင်းစကားကို ရခဲ့တဲ့ သူ တကယ်ပဲလား။ ဒါ တကယ်ပဲ ဆိုရင် ... ငါ အရမ်း ကံကောင်း လွန်းနေပြီ။ ကြည့်ရတာ ကောင်းကင်ဘုံ က ငါ့ကို လုံးဝ စွန့်ပစ် မသွားသေးဘူးပဲ။"
"ချစ်လှစွာသော တပည့်လေး ... မင်းကို ဒီလို ခေါ်လို့ ရပြီလို့ ငါ ထင်တယ်။ မင်း ငါ့ရဲ့ ဆက်ခံသူ မဖြစ်လာခင် အထိ မင်းကို သေခွင့်ပြုမှာ မဟုတ်ဘူး။ တကယ်တော့ ... မင်းက ငါ့အတွက် မျှော်လင့်လို့ရတဲ့ အကောင်းဆုံး စံပြ တပည့် တစ်ယောက်ပဲ ... ငါ နဲ့ တူညီတဲ့ သန့်စင်သော အလင်း ဒြပ်စင် ကို ပိုင်ဆိုင်ထားတဲ့ သူတော်စင် သေမင်းတမန် မှော်ဆရာ တစ်ယောက်ပေါ့။ ဟားဟားဟား ... ဘယ်လောက် ပြီးပြည့်စုံတဲ့ ဆက်ခံသူလဲ။ ကောင်းကင်ဘုံ ... ဒါက တကယ်ကို ကောင်းကင်ဘုံ ရဲ့ သန့်စင်သော အလင်းရောင်ပဲ ... ဟားဟားဟား။"
***