"ဒါက နတ်ဆိုးချုပ်တောင်ကြားက ကျောက်တိုင်ပဲ..."
"တာအိုရောင်းရင်းက ဒီကျောက်တိုင်ကို လိုချင်နေတာလား..."
"ဒီကျောက်တိုင်က ထူးဆန်းတဲ့ ကျောက်တုံးတစ်တုံး ဖြစ်ပေမဲ့ အရမ်းကို မာကျောလွန်းတယ်..."
"နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေတောင်မှ ဒီကျောက်တုံးကို မချေဖျက်နိုင်ကြဘူး..."
"ဒါကြောင့် သူက အစီအရင်ဗဟိုချက်အဖြစ်နဲ့ ကျောက်တိုင်အဖြစ်လောက်ပဲ သုံးလို့ရတာလေ..."
"တာအိုရောင်းရင်းမှာများ ဒီသတ္တုတုံးကို အသုံးချနိုင်တဲ့ နည်းလမ်း ရှိနေလို့လား..."
ချိုးရူယွီသည် ကျိုးစွေ့အား သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်ပေသည်။
သူမသည် ဟယ်ဟွမ်းဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် နတ်ဆိုးချုပ်တောင်ကြားအနီးတွင် နှစ်ပေါင်းများစွာ စောင့်ကြပ်နေခဲ့ရာ ဤထူးခြားသော ကျောက်တိုင်အကြောင်းကို သဘာဝကျစွာပင် သိရှိထား၏။
ဤကျောက်တိုင်၏ ပါဝင်ပစ္စည်းများမှာ ပုံမှန်မဟုတ်ဘဲ ပြိုင်ဘက်ကင်းလောက်အောင် မာကျောကြောင်းကို မည်သူမဆို သိထားကြပေသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ၏ စွမ်းအားဖြင့်ပင် ယင်းကို အနည်းငယ်မျှ ထိခိုက်အောင် မလုပ်နိုင်ချေ။
ပြဿနာမှာ လွန်ကဲစွာ မာကျောနေခြင်းကြောင့် သာမန်ကျောက်တုံးတစ်တုံးကဲ့သို့ ဖြစ်နေပြီး ဝိညာဉ်ရတနာအဖြစ် ဖန်တီး၍မရနိုင်ခြင်း ဖြစ်ပေသည်။
မဟာဆရာသခင်အဆင့် လက်နက်ဖန်တီးသူများပင်လျှင် မည်သို့မျှ မတတ်နိုင်ခဲ့ကြချေ။
ဝိညာဉ်မီးတောက်အမျိုးမျိုး ထွက်ပေါ်လာသော်လည်း ဤကျောက်တုံးကို အရည်မပျော်စေနိုင်ခဲ့ပေ။
နောက်ဆုံးတွင် ယင်းမှာ “စားရမည်မှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမည်မှာလည်း အဆီတဝင်းဝင်း” ဆိုသကဲ့သို့ အသုံးမဝင်သော သတ္တုတုံးတစ်ခု ဖြစ်လာခဲ့ရသည်။
"ဟုတ်တယ်... ကျုပ်ဆီမှာ ဒီကျောက်တုံးကို အသုံးပြုရမယ့် နည်းလမ်းတစ်ခု ရှိနေလို့ပါ..."
ကျိုးစွေ့က အနည်းငယ် ပြုံးလိုက်၏။
သာမန်စွမ်းအားများဖြင့် ဤထိုက်ရီရွှေစင်ကို မချေဖျက်နိုင်သည်မှာ သဘာဝကျသော်လည်း သက်ရှိများထံမှ လာသော သတ်ဖြတ်လိုစိတ်များကမူ မတူညီပေ။
ဤထူးဆန်းသော သတ်ဖြတ်လိုစိတ် စွမ်းအားက တိတ်တဆိတ် ပြောင်းလဲစေနိုင်ပြီး ဤထိုက်ရီရွှေစင်အား အံ့မခန်း ပြောင်းလဲမှုများ ဖြစ်ပေါ်စေနိုင်ပေသည်။
နောက်ဆုံးတွင် ပြိုင်ဘက်ကင်း ဓားတစ်လက်အဖြစ် ပုံသွင်းနိုင်မည် ဖြစ်သည်။
ထို့အပြင် သူ၏ကိုယ်ပိုင် ဓားပျံတစ်လက်လည်း ဖြစ်လာပေလိမ့်မည်။
"ဒီလိုကိုး..."
"ကြည့်ရတာ ဒီရတနာက တာအိုရောင်းရင်းနဲ့ပဲ ထိုက်တန်ပုံရတယ်..."
"ဒါနဲ့... ကျွန်မတို့ အရင်ဆုံး ဟယ်ဟွမ်းဂိုဏ်းကို သွားကြရအောင်..."
"ဟယ်ဟွမ်းဂိုဏ်းက တပည့်တွေလည်း စောင့်နေတာ အတော်ကြာနေလောက်ပြီ..."
ချိုးရူယွီက လှပစွာ ပြုံးလိုက်ပြီး အလွန် ဝမ်းသာနေပေသည်။
သူမကိုယ်တိုင်လည်း အဘယ်ကြောင့်မှန်း မသိချေ။
ပုံမှန်အားဖြင့်ဆိုလျှင် ဤကဲ့သို့သော ရတနာမျိုးကို မိမိကိုယ်တိုင် အသုံးမပြုနိုင်လျှင်တောင် အခြားသူများအား လွယ်လွယ်ဖြင့် ယူဆောင်ခွင့်ပြုမည် မဟုတ်ဘဲ အနည်းဆုံးတော့ တန်ကြေးတစ်ခု ပေးဆပ်ခိုင်းမည် ဖြစ်သည်။
သို့သော်လည်း ယခု သူမရှေ့ရှိ အမျိုးသားသည်သာ ယူဆောင်သွားမည်ဆိုပါက သူမအနေဖြင့် နှမြောခြင်းမရှိသည့်အပြင် အလွန်ပင် ဝမ်းမြောက်နေမိ၏။
ဤကဲ့သို့သော ရတနာကို ဤအမျိုးသားက အသုံးပြုခြင်းမှာ ယင်းရတနာအတွက်ပင် ဂုဏ်ယူစရာဖြစ်သည်ဟု သူမ ခံစားနေရချေပြီ။
"ကောင်းပြီလေ..."
ကျိုးစွေ့က ခေါင်းညိတ်လိုက်သည်။
ဝှစ်…။
ချက်ချင်းပင် ချိုးရူယွီနှင့် ကျိုးစွေ့တို့၏ ပုံရိပ်များ လှုပ်ရှားသွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဟယ်ဟွမ်းဂိုဏ်းဆီသို့ ပျံသန်းသွားကြလေ၏။
အချိန်သိပ်မကြာလိုက်ဘဲ သူသည် ဟယ်ဟွမ်းဂိုဏ်းအတွင်းသို့ ဝင်ရောက်လာခဲ့ပေသည်။
ချိုးရူယွီ၏ အကူအညီဖြင့် ပတ်ဝန်းကျင်ရှိ တားမြစ်အစီအရင်များ အားလုံးမှာလည်း ပျောက်ကွယ်သွားပုံရသည်။
သူ၏ နှလုံးသားအမြင်စွမ်းအားဖြင့် ဖြည်းညင်းစွာ စူးစမ်းကြည့်လိုက်သည်။
ဟယ်ဟွမ်းဂိုဏ်း တစ်ဂိုဏ်းလုံးတွင် နေရာတိုင်း၌ ချောမောလှပသော အမျိုးသားများနှင့် အမျိုးသမီးများ ပြည့်နှက်နေသည်ကို ချက်ချင်း ခံစားသိရှိလိုက်ရပေသည်။
ယင်းအထဲတွင် အမျိုးသမီးက ပိုများပြီး အမျိုးသားက နည်းပါးလှသည်။ အမျိုးသမီးကျင့်ကြံသူများက ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ ရှိနေပြီး အမျိုးသားကျင့်ကြံသူများမှာ ရာခိုင်နှုန်း နှစ်ဆယ်ခန့်သာ ရှိပေသည်။
အမျိုးသမီးများ အားကောင်းပြီး အမျိုးသားများ အားနည်းသော ဂိုဏ်းတစ်ခုဟု ဆိုနိုင်ပေသည်။
ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူတိုင်း၏ ဝတ်စားဆင်ယင်မှုမှာ အလွန် ပါးလွှာလွန်းပြီး ပန်းတစ်ရာမြို့တော်ထက်ပင် ပို၍ ရဲတင်းနေကြသည်။
တစ်ချက်ကြည့်လိုက်သည်နှင့် မိန်းမနိုင်ငံတစ်ခုထဲသို့ ရောက်သွားသကဲ့သို့ပင် ဖြစ်ပေသည်။
ထိုအချိန်တွင် ဟယ်ဟွမ်းဂိုဏ်းမှ စီနီယာအစ်မတစ်စုက ဂိုဏ်းထဲသို့ ဝင်ရောက်လာသည်မှာ မကြာသေးသော ဂျူနီယာညီမငယ်များကို သင်ကြားပြသပေးနေပုံရ၏။
"နင်တို့ မှတ်ထားရမှာက... ယောက်ျားတွေက ကမ္ဘာကြီးကို သိမ်းပိုက်ပြီးမှ မိန်းမတွေကို သိမ်းပိုက်ကြတာ... မိန်းမတွေကျတော့ ယောက်ျားတွေကို သိမ်းပိုက်ပြီးမှ ကမ္ဘာကြီးကို သိမ်းပိုက်ကြတာ... မိန်းမတွေရဲ့ အစစ်အမှန် လက်နက်ဆိုတာ ပေါင်နှစ်လုံးကြားမှာပဲ ရှိတယ်..."
ဟယ်ဟွမ်းဂိုဏ်းမှ စီနီယာအစ်မတစ်ဦးက သူမ၏ ဂိုဏ်းဝင်သစ် ညီမငယ်များအား သေသေချာချာ သင်ကြားပြသပေးနေသည်။
သူမသည် ဟယ်ဟွမ်းဂိုဏ်း၏ အတွေးအခေါ်များကို လက်ဆင့်ကမ်း သင်ကြားပေးနေခြင်း ဖြစ်၏။
"နင်တို့ထဲမှာ သဘောမတူတဲ့သူ ရှိကောင်းရှိနိုင်တယ်... မိန်းမတွေကလည်း ကောင်းကင်တစ်ဝက်ကို ပိုင်ဆိုင်နိုင်တယ်လို့ ထင်ကောင်းထင်ကြလိမ့်မယ်... ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ယောက်ျားတွေကို ကျော်တက်နိုင်တယ်... ယောက်ျားတွေရဲ့ ခေါင်းပေါ်တောင် ရောက်နိုင်တယ်လို့ ထင်ကောင်းထင်လိမ့်မယ်..."
"ဒါပေမဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကွာဟချက်နဲ့ ပါရမီ ကွာဟချက်ဆိုတာ လျစ်လျူရှုထားလို့ မရဘူး... ဥပမာ စိတ်ဝိညာဉ်အမြစ် ပါရမီကွာဟချက်ဆိုရင် တစ်သက်လုံး ဖြည့်ဆည်းလို့ မရနိုင်ဘူး... နင်တို့မှာသာ ကောင်းကင်စိတ်ဝိညာဉ်အမြစ် ရှိနေရင် သဘာဝအတိုင်းပဲ အခြေတည်အဆင့်၊ ရွှေအမြုတေအဆင့်၊ ဝိညာဉ်သန္ဓေသားအဆင့်တွေဆီ လွယ်လွယ်ကူကူ တက်လှမ်းနိုင်မှာပေါ့..."
"အကယ်၍ နင်တို့မှာ အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်လောက်ပဲ ရှိရင်တော့ ဟယ်ဟွမ်းဂိုဏ်းထဲ ဝင်ဖို့ နေနေသာ... အခြေတည်အဆင့် တက်ဖို့တောင် မဖြစ်နိုင်တဲ့ ကိစ္စပဲ... ဒါက ပါရမီရဲ့ ကွာဟချက်ပဲ... ကြိုးစားမှုနဲ့ ဖြည့်ဆည်းဖို့ ခက်ခဲတဲ့ ကြီးမားတဲ့ ကွာဟချက်ကြီးပဲ..."
"ဒါပေမဲ့ ငါတို့ မိန်းမတွေက ယောက်ျားတွေထက် ညံ့တယ်လို့ ပြောတာ မဟုတ်ဘူး... နင်တို့ကို ပြောပြချင်တာက ကိုယ့်ရဲ့ အားနည်းချက်ကို သုံးပြီး ယောက်ျားတွေရဲ့ အားသာချက်ကို မယှဉ်ပြိုင်ဖို့ပဲ... ဒါက ယုတ္တိမရှိသလို ဉာဏ်မရှိတဲ့ လုပ်ရပ်ပဲ..."
"ယောက်ျားတွေမှာ ခံနိုင်ရည်အားကောင်းပြီး တိုက်ခိုက်ရေးစွမ်းရည် မြင့်မားတယ်ဆိုပေမဲ့ သေစေနိုင်တဲ့ အားနည်းချက်တစ်ခုလည်း ရှိတယ်... အဲ့ဒါကတော့ လောဘကြီးပြီး ကာမဂုဏ် မက်မောတာပဲ... ရုပ်လေး နည်းနည်းချောပြီး အလိုလိုက်ပြလိုက်တာနဲ့ သူတို့က လွယ်လွယ်လေး ငါးစာမိသွားတော့တာပဲ..."
"ဒါကြောင့် ငါတို့က အဲ့ဒီအချက်ကို အသုံးချရမယ်... ယောက်ျားတွေရဲ့ အားနည်းချက်ကို အသုံးချပြီး ငါတို့ရဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ရမယ်..."
"ဥပမာ ယောက်ျားတွေက မိန်းကလေးတွေ အများကြီးထားချင်သလိုပဲ ငါတို့ မိန်းမတွေကလည်း အဲ့လိုပဲ... အရန်ယောက်ျားတွေ အများကြီး ပြင်ဆင်ထားဖို့ လိုတယ်..."
"ဒီအရန်ယောက်ျားတွေက ငါတို့ အမျိုးသမီးကျင့်ကြံသူတွေရဲ့ ပိုက်ဆံအိတ်တွေပဲ... ငါတို့ အမျိုးသမီးကျင့်ကြံသူတွေရဲ့ ငွေရှင်ကြေးရှင်တွေပဲ... သူတို့ကို အသုံးချပြီး ငါတို့ ကျင့်ကြံဖို့အတွက် အရင်းအမြစ်တွေကို ထောက်ပံ့ခိုင်းလို့ရတယ်... ယောက်ျားတွေ အများကြီး မျှားနိုင်လေ... အရည်အသွေးကောင်းလေ... နင်တို့ ရရှိမယ့် အရင်းအမြစ်တွေက ပိုများလေပဲ..."
"အဲ့ဒီအချိန်ကျရင် ငါတို့ အမျိုးသမီးကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေအတွက် ကိုယ်တိုင် ပိုက်ဆံထုတ်စရာ မလိုတော့ဘူး... ယောက်ျားတွေရဲ့ ထောက်ပံ့မှုအပေါ်ပဲ မှီခိုလို့ရပြီ..."
"ငါတို့က တိတ်တိတ်ဆိတ်ဆိတ် ကျင့်ကြံနေဖို့နဲ့ လှလှပပလေး နေဖို့ပဲ တာဝန်ယူရမယ်..."
"ဥပမာ ထိုက်ရွှီဂိုဏ်းက အကြီးအကဲဟွမ်ရဲ့ တာအိုလက်တွဲဖော်၊ ဟွမ့်ယွမ်ဂိုဏ်းက အကြီးအကဲလီရဲ့ တာအိုလက်တွဲဖော် စတဲ့သူတွေ အားလုံးဟာ ငါတို့ ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူတွေချည်းပဲ..."
"သူတို့က ဟယ်ဟွမ်းဂိုဏ်းရဲ့ ထူးချွန်တဲ့ ကိုယ်စားလှယ်တွေလည်း ဖြစ်တယ်..."
"တကယ်တော့ သူတို့ရဲ့ ပါရမီတွေက သာမန်ပဲ... အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်လောက်ပဲ ရှိတာ..."
"ဒါပေမဲ့ သူတို့ယောက်ျားတွေရဲ့ အကူအညီနဲ့ သူတို့လည်း အလွယ်တကူ ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတယ်..."
"ဒါက တာအိုလက်တွဲဖော်ရဲ့ အရေးပါမှုပဲ..."
"အဆင့်တူ ယောက်ျားကျင့်ကြံသူတွေကို မနိုင်တာ ရှက်စရာလို့ နင်တို့ မထင်ကြနဲ့... အဲ့ဒါက လုံးဝ ဂရုစိုက်စရာ မလိုဘူး..."
"ကျင့်ကြံခြင်းလောကမှာ အဆင့်အတန်းကသာ အရေးအကြီးဆုံးပဲ..."
"ချီကျင့်ကြံခြင်းအဆင့်မှာ ငါက နင့်ကို မနိုင်ဘူး... ဒါပေမဲ့ ငါက အခြေတည်အဆင့်ကို တက်လှမ်းသွားရင် နင့်ကို အသာလေး ဖိနှိပ်နိုင်ပြီလေ... အခြေတည်အဆင့်နဲ့ ချီကျင့်ကြံခြင်းအဆင့်ကို တိုက်ခိုက်ရင် ဘယ်သူက ငါတို့ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာလဲ..."
"ငါတို့တွေသာ လျင်လျင်မြန်မြန် ကျင့်ကြံနိုင်ပြီး အဆင့်က ယောက်ျားကျင့်ကြံသူတွေထက် အမြဲတမ်း တစ်ဆင့်မြင့်နေသရွေ့ ငါတို့က အမြဲတမ်း အားသာနေမှာပဲ..."
"ကျင့်ကြံခြင်းအဆင့်ကို ဘယ်လို လျင်လျင်မြန်မြန် မြှင့်တင်မလဲဆိုတာက စိတ်ဝိညာဉ်အမြစ်နဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေအပေါ်မှာပဲ မူတည်တယ်..."
"စိတ်ဝိညာဉ်အမြစ်ကတော့ မွေးရာပါ သတ်မှတ်ထားပြီးသားပဲ... ဒါပေမဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကိုတော့ ငါတို့ ကြိုးစားရှာဖွေလို့ ရတယ်..."
ထိုဟယ်ဟွမ်းဂိုဏ်းမှ စီနီယာအစ်မက အော်ဟစ်ကာ သူမ၏ ဗဟုသုတအမျိုးမျိုးကို သင်ကြားပေးနေလေ၏။
ဤသည်မှာ အဆင့်အတန်းဖြင့် ဖိနှိပ်ခြင်းသီအိုရီ၊ အမျိုးသားများသည် ပိုက်ဆံအိတ်ဖြစ်သည်ဟူသော သီအိုရီ စသည်တို့ပင် ဖြစ်ပေသည်။
ဤစကားများကို ကြားသောအခါ ဟယ်ဟွမ်းဂိုဏ်းမှ ဂိုဏ်းဝင်သစ် ညီမငယ်များမှာ မိန်းမောတွေဝေစွာ နားထောင်နေကြပြီး အကျိုးကျေးဇူးများစွာ ရရှိသွားကြသည်။
သူတို့၏ အမြင်များမှာ အသစ်တစ်ဖန် ဆေးကြောခံလိုက်ရသကဲ့သို့ ခံစားနေရ၏။
"စီနီယာအစ်မ... အစ်မပြောတဲ့အတိုင်းဆိုရင် ကျွန်မတို့က ယောက်ျားတိုင်းနဲ့ ပတ်သက်လို့ရတဲ့ မိန်းမတွေ ဖြစ်မသွားဘူးလား..."
ညီမငယ်တစ်ဦးက ချစ်စဖွယ်အသံလေးဖြင့် မေးလိုက်ပေသည်။
သူမသည် အပျိုစင်လေးတစ်ဦး ဖြစ်သည့်အတွက် ဤစကားများကို ကြားလိုက်ရသောအခါ အနည်းငယ်တော့ တုန်လှုပ်သွားမိရသည်။
"တုံးလိုက်တာ... ဘယ်သူက နင်တို့ခန္ဓာကိုယ်ကို ပေးအပ်ရမယ်လို့ ပြောလို့လဲ..."
"အခု ငါက နင်တို့ကို အရေးအကြီးဆုံး သင်ခန်းစာတစ်ခု ပေးရလိမ့်မယ်... အဲ့ဒါက ယောက်ျားတွေကို ဘာမှ လွယ်လွယ်လေး မပေးလိုက်ဖို့ပဲ..."
"ယောက်ျားတွေဆိုတာ အဲ့လိုသတ္တဝါမျိုးပဲ... မရနိုင်လေလေ ပိုပြီး တန်ဖိုးထားလေလေပဲ..."
"မိန်းမတွေက ဖြူစင်လေလေ ယောက်ျားတွေက ပိုချစ်လေလေပဲ..."
"ငါတို့ ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူတွေက ကြိုးရှည်ရှည်နဲ့ လှန်ထားတတ်ရမယ်... သူတို့ရဲ့အကြိုက်ကို လိုက်ပြီး တစ်ခါတလေ အချိုလေး နည်းနည်းကျွေးလိုက်... ဒါပေမဲ့ သူ့ကို လုံးဝ မပေးနဲ့..."
"ဝိညာဉ်ကျောက်တုံးပေးရင် အချိုကျွေးမယ်... မပေးရင် ဘာမှမရဘူး..."
"ဒါပေမဲ့ ဒါကလည်း အတိုင်းအတာတစ်ခုတော့ လိုတယ်... မဟုတ်ရင် အရန်ယောက်ျား ပြေးသွားရင် ရတာထက် ဆုံးရှုံးတာက ပိုများသွားလိမ့်မယ်..."
"ချောမောတဲ့ ယောက်ျားတွေကြားထဲ ကျင်လည်နေပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ မထိခိုက်စေနဲ့..."
"မှတ်ထား... ငါတို့က ယောက်ျားတွေကို ကစားလို့ရတယ်... ဒါပေမဲ့ ယောက်ျားတွေကို မချစ်ရဘူး... ယောက်ျားတွေအတွက် ပိုက်ဆံသုံးဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးဘူး... မဟုတ်ရင် အဲ့ဒါက နင့်ဘဝရဲ့ ကံဆိုးမှုအစပဲ... ဒါတွေက မေ့ဖျောက်လို့မရတဲ့ သင်ခန်းစာတွေချည်းပဲ..."
ဟယ်ဟွမ်းဂိုဏ်းမှ စီနီယာအစ်မသည် ဂျူနီယာညီမငယ်များကို အလွန် လေးနက်စွာဖြင့် ကြည့်လိုက်လေသည်။
ဤသည်မှာ ခေတ်အဆက်ဆက် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများ၏ သွေးမျက်ရည်များဖြင့် ရရှိခဲ့သော သင်ခန်းစာများ ဖြစ်ပေသည်။
အမျိုးသမီးကျင့်ကြံသူ အများအပြားသည် ဤအချက်ကို မေ့လျော့သွားကြသဖြင့် အဆုံးတွင် ကြေကွဲဖွယ်ဘဝများကို ကြုံတွေ့ခဲ့ရသည်။
ထို့ကြောင့်ပင် သူမအနေဖြင့် ဤဂိုဏ်းဝင်သစ် အမျိုးသမီးတပည့်များကို အချိန်တိုင်း သတိပေးနေရန် လိုအပ်ပေသည်။
"ဟုတ်ကဲ့ပါ စီနီယာအစ်မ..."
ဟယ်ဟွမ်းဂိုဏ်းမှ ညီမငယ်များအားလုံးမှာ ကြက်ကလေးများ ဆန်စေ့ကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြတော့သည်။
ရှေ့ဆောင်များ၏ အတွေ့အကြုံများမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်ဟု သူတို့ ခံစားလိုက်ရ၏။
"နင်တို့ ဟယ်ဟွမ်းဂိုဏ်းရဲ့ ဆောင်ပုဒ်အနည်းငယ်ကို မှတ်ထားရမယ်..."
"ငါတို့က မြှူဆွယ်လို့ရတယ်... ဒါပေမဲ့ တဏှာမကြီးရဘူး..."
"ဆွဲဆောင်မှုရှိလို့ရတယ်... ဒါပေမဲ့ ဖောက်ပြန်လို့ မရဘူး..."
"မိန်းမတွေရဲ့ အလှအပဆိုတာ ယောက်ျားတွေ ကြည့်ဖို့အတွက်ပဲ... ယောက်ျားတွေ ပိုင်ဆိုင်ဖို့ မဟုတ်ဘူး..."
"ဝိညာဉ်ကျောက်တုံးမပေးတဲ့ ယောက်ျားကို ထွက်သွားခိုင်းလိုက်..."
ဟယ်ဟွမ်းဂိုဏ်းမှ စီနီယာအစ်မက ဟယ်ဟွမ်းဂိုဏ်း၏ အမှန်တရားဆောင်ပုဒ် အနည်းငယ်ကို ပြောပြလိုက်သည်။ ဤအရာများအားလုံးမှာ ဟယ်ဟွမ်းဂိုဏ်းမှ ရှေ့ဆောင်များ၏ တန်ဖိုးရှိသော အတွေ့အကြုံများပင် ဖြစ်ပေသည်။
ယင်းသည် အမျိုးသမီးကျင့်ကြံသူ အများအပြားအား လမ်းမှားသို့ မရောက်စေရန် ကူညီပေးခဲ့၏။
"ဒါက…”
ကျိုးစွေ့က မျက်တောင်တစ်ချက် ခတ်လိုက်မိသည်။
ဤအမျိုးသမီးကျင့်ကြံသူများ၏ စကားများကို သူ ကြားသိလိုက်ရသောအခါ ဟယ်ဟွမ်းဂိုဏ်းဟု ခေါ်ဆိုထိုက်ကြောင်းသာ ဆိုနိုင်တော့ပေသည်။
ဂိုဏ်း၏ ယဉ်ကျေးမှုမှာ အမှန်တကယ်ပင် ထူးခြားလှသည်။
အမျိုးသမီးများ၏ အကျိုးစီးပွားကိုသာ အကြွင်းမဲ့ ဦးစားပေးသူများဟု ဆိုနိုင်ပေသည်။
သို့သော်လည်း ကျင့်ကြံခြင်းလောကတွင် မည်သည့်ကျင့်ကြံသူက ဤသို့မဟုတ်ပါသနည်း။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အားလုံးအတူတူပင် ဖြစ်သည်။
မည်သူ၏ အလေ့အကျင့်က ပို၍ နက်နဲသနည်း ဆိုသည့်အပေါ်တွင်သာ မူတည်ပေသည်။
***