"တကယ်ကြီးလား... လွန်ခဲ့တဲ့ နှစ်တစ်သန်းလောက်က တကယ်ပဲ အင်မော်တယ်တစ်ပါး ရှိခဲ့တာလား..."
"တကယ်သာ အဲ့လိုဆိုရင် အင်မော်တယ်ရဲ့ ရုပ်အလောင်းက ဘယ်နေရာမှာ ရှိနေတာလဲ..."
ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြန်သည်။
ဤကောလာဟလမှာ အမှန်ဖြစ်နိုင်ခြေ အလွန်များကြောင်း သူ အလိုလို သိမြင်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်လာသော ရတနာအချို့မှာ အင်မော်တယ်တစ်ပါးနှင့် ကြီးမားသော ဆက်စပ်မှု ရှိနေပုံရ၏။
အကယ်၍ အမှားသာဖြစ်ပါက ထိုနတ်ဆိုးများက အဘယ်ကြောင့် ဤမျှ ကြိုးစားပမ်းစား ရှာဖွေနေကြမည်နည်း။
သို့သော် အမှန်သာဖြစ်ပါက ဤကမ္ဘာကြီးမှာ အမှန်တကယ်ပင် အံ့မခန်းဖြစ်ပြီး ကြီးမားသော လျှို့ဝှက်ချက်များ ပါဝင်နေပေမည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မသေဆုံးနိုင်သော အင်မော်တယ်၏ ရုပ်အလောင်း ဖြစ်သောကြောင့်ပင်။
ဝိညာဉ်လောကမှ ကျင့်ကြံသူများ သိသွားလျှင်ပင် ယင်းအတွက် ရူးသွပ်သွားနိုင်ပေသည်။
"ဒါကတော့ သိပ်မသေချာဘူး..."
"လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေကိုတောင် သိတဲ့သူ သိပ်မရှိဘူးလေ..."
"လွန်ခဲ့တဲ့ နှစ်တစ်သန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေဆိုရင် သမိုင်းကြောင်းထဲမှာ ပျောက်ကွယ်သွားတာ ကြာပြီပေါ့..."
"ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်ထိ အဲ့ဒီအင်မော်တယ်ရဲ့ ရုပ်အလောင်းကို ဘယ်သူမှ မရှာတွေ့သေးဘူး..."
"ဘယ်နေရာကို ရောက်သွားမှန်းလည်း မသိသလို တကယ်ရော ရှိရဲ့လားဆိုတာကိုတောင် ဘယ်သူမှ မသိကြဘူး..."
ချိုးရူယွီက ခေါင်းခါလိုက်သည်။
"တာအိုရောင်းရင်းချိုးက ဒီလောက် လျှို့ဝှက်ချက်ကြီးကို ပြောပြလိမ့်မယ်လို့ မထင်ထားမိဘူး..."
"ဘာအကြောင်းကြောင့်များလဲ..."
ကျိုးစွေ့က သိချင်စိတ်ဖြင့် မေးလိုက်ချေသည်။
"အမှန်အတိုင်း ပြောရရင် ဒါက နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေရဲ့ လျှို့ဝှက်ချက်ဖြစ်ပြီး အပြင်ကို မပြောပြသင့်ဘူး..."
"ဒါပေမဲ့ ဘာလို့မှန်းမသိဘူး... ကျွန်မက တာအိုရောင်းရင်းနဲ့ တွေ့တွေ့ချင်းမှာပဲ နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ မိတ်ဆွေတွေလို ခံစားရတယ်..."
"ဒါကြောင့် ကျွန်မက တာအိုရောင်းရင်းကျိုးနဲ့ ပူးပေါင်းပြီး ဝိညာဉ်လောကကို တက်လှမ်းဖို့ ဟင်းလင်းပြင် အမှတ်အသားကို ရှာချင်တာ..."
"တစ်ခါရှာတွေ့သွားတာနဲ့ ကျွန်မတို့အတွက် နောက်ဆုတ်စရာ လမ်းကြောင်းတစ်ခု ရှိသွားပြီလေ..."
"အကယ်၍ အခြေအနေက ဘယ်လိုမှ ကုစားလို့ မရတော့ဘူးဆိုရင် ဒီကမ္ဘာကနေ ထွက်ပြေးလို့ ရတာပေါ့..."
ချိုးရူယွီက သူမ၏ ရည်ရွယ်ချက်ကို ပြောပြကာ လှပသော မျက်လုံးများဖြင့် ကျိုးစွေ့အား စူးစိုက်ကြည့်နေလေသည်။
သူမကိုယ်တိုင်လည်း သူမရှေ့ရှိ ဤအမျိုးသားအား အဘယ်ကြောင့် ဤမျှ ယုံကြည်နေမိမှန်း မသိချေ။
သို့သော် ဤခံစားချက်မှာ အလွန် ထူးဆန်းလှပြီး သူမကို ငြင်းဆန်ရန် ခက်ခဲစေပေသည်။
သေချာသည်မှာ ဤအရာများအားလုံးမှာ ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအားကြောင့်ပင် ဖြစ်သည်။ ယင်းသည် တိတ်တဆိတ်ဖြင့် ခံစားချက်ကို မြှင့်တင်ပေးနိုင်၏။
ထို့အပြင် သဘာဝမကျသော ခံစားချက် အားလုံးကိုလည်း လျစ်လျူရှုစေနိုင်ပေသည်။
ဤစွမ်းအားသာ မရှိပါက သူမအနေဖြင့် ဤမျှ အတွင်းကျကျပြောပြမည် မဟုတ်ချေ။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်သူတစ်ဦးက မည်ကဲ့သို့ တုံးအနိုင်မည်နည်း။
"ဒါလည်း ဖြစ်နိုင်တာပဲ..."
"ဒါပေမဲ့ ကျင့်ကြံခြင်းလောကက ဒီလောက် ကျယ်ဝန်းတာ... ဟင်းလင်းပြင် အမှတ်အသားကို ဘယ်လို ရှာရမှာလဲ..."
ကျိုးစွေ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။
အမှန်အတိုင်းဆိုရလျှင် သူကိုယ်တိုင်လည်း ဤကိစ္စကို မငြင်းဆန်ချေ။
အကယ်၍ အခြေအနေမှာ အမှန်တကယ်ပင် ဆိုးရွားလာပါက ကျင့်ကြံခြင်းလောကနှင့်အတူ သူ သေချာပေါက် အသေခံမည် မဟုတ်ပေ။
ကြိုတင်၍ ထွက်ပြေးရန် လမ်းကြောင်း ရှာဖွေထားခြင်းမှာလည်း သင့်လျော်သော ကိစ္စရပ်ပင် ဖြစ်သည်။
"ဒီကိစ္စကို ကျွန်မကိုသာ လွှဲထားလိုက်ပါ..."
"ဒီနှစ်တွေအတွင်းမှာ ကျွန်မဆီမှာလည်း သဲလွန်စတချို့ ရှိနေပါပြီ..."
"ဟင်းလင်းပြင် အမှတ်အသားကို ဖွင့်တဲ့အချိန်ကျရင်တော့ တာအိုရောင်းရင်းရဲ့ အကူအညီ လိုအပ်ကောင်း လိုအပ်လိမ့်မယ်..."
ချိုးရူယွီက လှပစွာ ပြုံးလိုက်၏။
"ပြဿနာ မရှိပါဘူး..."
ကျိုးစွေ့သည်လည်း သဘာဝကျစွာပင် အပြည့်အဝ သဘောတူလိုက်လေသည်။
…………
အခြားတစ်ဖက်တွင်မူ ဟယ်ဟွမ်းဂိုဏ်းတစ်ခုလုံးမှာ အပြည့်အဝ ပွက်လောရိုက်သွားချေသည်။
အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာ အပျိုကြီးဘဝဖြင့် နေထိုင်လာခဲ့သော ဟယ်ဟွမ်းဂိုဏ်း၏ ဂိုဏ်းချုပ် ချိုးရူယွီသည် နှုတ်ခမ်းနီနီ၊ သွားဖြူဖြူဖြင့် အပျော်ယောက်ျားတစ်ဦးကို ခေါ်ဆောင်လာခဲ့သောကြောင့်ပင်။
ဤသည်မှာ ဟယ်ဟွမ်းဂိုဏ်း တစ်ဂိုဏ်းလုံးကို တုန်လှုပ်သွားစေနိုင်သော အံ့မခန်း အတင်းအဖျင်း သတင်းတစ်ရပ် ဖြစ်ပေသည်။
ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ အများအပြားမှာ ကျိုးစွေ့၏ နောက်ခံကို အလွန်ပင် သိချင်နေကြသည်။
"မဖြစ်နိုင်ဘူး... တကယ်ကြီးလား... ဂိုဏ်းချုပ်က ကိုယ်လုပ်တော်ယောက်ျားကို ခေါ်လာတာလား..."
ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူတစ်ဦးမှာ မျက်လုံးလှလှလေးများ ပြူးကျယ်သွားပြီး အလွန် အံ့အားသင့်နေချေသည်။
အဘယ်ကြောင့်ဆိုသော် ချိုးရူယွီသည် နှစ်ပေါင်း တစ်ထောင်ကျော်ကြာ တစ်ကိုယ်တည်း နေထိုင်ခဲ့ပြီး၊ အတင်းအဖျင်းသတင်းဟူ၍ တစ်ခါမျှ မထွက်ခဲ့ဖူးသည့်အပြင် အမျိုးသားများနှင့်ပင် ထိတွေ့ဆက်ဆံခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။
ယခု သူမဘေးတွင် အမျိုးသားတစ်ဦး ရုတ်တရက် ပေါ်လာခြင်းမှာ အလွန်ပင် ယုံကြည်ရခက်လှပေသည်။
"တကယ်ပါဆို... အကြီးအကဲ အများကြီးက ကိုယ်တိုင် မြင်တွေ့ခဲ့တာ..."
"ဒါ့အပြင် ဂိုဏ်းချုပ်က ကိုယ်တိုင် ခေါ်လာတာလေ... သူတို့နှစ်ယောက်လုံး တိတ်ဆိတ်တဲ့ အခန်းဆီကို သွားကြတာတဲ့..."
"ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အခန်းတစ်ခုထဲမှာ အတူရှိနေတာ..."
"အထဲမှာ ဘာတွေဖြစ်မလဲဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်..."
ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူတစ်ဦးက အခိုင်အမာ ပြောဆိုလိုက်သည်။
ထိုအမျိုးသားနှင့် ဂိုဏ်းချုပ်၏ ရင်းနှီးသော ပြုမူချက်များကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး၊ ရေနှင့်လကဲ့သို့ ကပ်နေကာ အချစ်နယ်ကျွံနေသော ချစ်သူများကဲ့သို့ပင် ဖြစ်သည်ဟု သူမက ပြောပြလိုက်သည်။
"ဒါပေမဲ့ ဂိုဏ်းချုပ်ရဲ့ ကျောက်စိမ်းမိန်းမပျို နှလုံးသားကျင့်စဉ်က သန့်စင်တဲ့ ယင်ခန္ဓာကိုယ်ကို ထိန်းသိမ်းထားဖို့ လိုအပ်ပြီး ယောက်ျားတွေနဲ့ ပတ်သက်လို့ မရဘူးလို့ ပြောကြတယ် မဟုတ်လား..."
အမျိုးသမီးကျင့်ကြံသူတစ်ဦးက သိချင်စိတ်ဖြင့် မေးလိုက်ပြန်သည်။
"တုံးလိုက်တာ... ဂိုဏ်းချုပ်က နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်နေပြီလေ..."
"အခြေခံအားဖြင့် ဒီကျင့်စဉ်ကို အထွတ်အထိပ်အထိ ကျင့်ကြံထားပြီးပြီဆိုတော့ ဘယ်လိုလုပ် ထိန်းသိမ်းထားဖို့ လိုတော့မှာလဲ... ဥပမာ လူပျိုကျင့်စဉ်ကို ပြီးပြည့်စုံတဲ့အဆင့်အထိ ကျင့်ကြံပြီးသွားရင် မူလယန်စွမ်းအင် မဆုံးရှုံးတော့အောင် အာမခံနိုင်ပြီး စိတ်ကြိုက် နေထိုင်လို့ရသလိုမျိုးပေါ့... ကျောက်စိမ်းမိန်းမပျို နှလုံးသားကျင့်စဉ်ကလည်း အဲ့ဒီလိုပါပဲ..."
"ကျောက်စိမ်းမိန်းမပျို နှလုံးသားကျင့်စဉ်ရဲ့ အစွမ်းကို နင်တို့လည်း သိကြမှာပါ... အဲ့ဒီသန့်စင်တဲ့ ယင်ချီက တကယ်ကို သည်းခံနိုင်ဖို့ ခက်ခဲလွန်းတယ်..."
"ညီမလေးတွေ ဘယ်လောက်တောင် သည်းမခံနိုင်လို့ စည်းမျဉ်းဖောက်ဖျက်မိပြီး နောက်ပြန်ဆုတ်လို့ မရတော့တာလဲ..."
"ဟုတ်တယ် မဟုတ်လား... ဂိုဏ်းချုပ်ကလည်း နှစ်ပေါင်း တစ်ထောင်ကျော် သည်းခံလာခဲ့တာ... အခုတော့ သည်းမခံနိုင်တော့ဘူး ထင်တယ်... ဒါကြောင့် ဂိုဏ်းထဲကို ယောက်ျားတစ်ယောက် ကိုယ်တိုင် ခေါ်လာပြီး ဘယ်သူ့ကိုမှတောင် ရှောင်မနေတော့ဘူး..."
"ဘုရားရေ... အဲ့ဒီလိုဆိုရင် အဲ့ဒီယောက်ျားတော့ သေချာပေါက် သေပြီပေါ့... ဂိုဏ်းချုပ်ကို တကယ်ကော ဖြည့်ဆည်းပေးနိုင်ပါ့မလား... အရည်စုပ်ခံရပြီး အရိုးစု ဖြစ်မသွားဘူးလား..."
"နေပါဦး... ဒါက အရမ်းကို အခြေအမြစ်မရှိရာ မကျဘူးလား... ဂိုဏ်းချုပ်က မွေးရာပါ ကျောက်ရုပ်အမျိုးသမီး မဟုတ်ဘူးလား... ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး လုပ်နိုင်မှာလဲ..."
"တုံးလိုက်တာ... မွေးရာပါ ကျောက်ရုပ်အမျိုးသမီးဆိုတာ သာမန် ကျင့်ကြံသူတွေအတွက်တော့ ဖြေရှင်းဖို့ ခက်ခဲမှာ သဘာဝပဲ... ဒါပေမဲ့ ဂိုဏ်းချုပ်က နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်လေ... မွေးရာပါ ကျောက်ရုပ်အမျိုးသမီးဆိုတာက ဘာများ အရေးကြီးလို့လဲ... သေချာပေါက် ကုသပျောက်ကင်းသွားလောက်ပြီ..."
"ဒါကြောင့် ဂိုဏ်းချုပ်က ဒီလောက်တောင် လွတ်လွတ်လပ်လပ်နေပြီး ကိုယ်လုပ်တော်ယောက်ျားတစ်ယောက်ကိုတောင် ခေါ်လာတာကိုး..."
ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ အများအပြားမှာ ဆူညံစွာ ဆွေးနွေးနေကြတော့သည်။
ဤသတင်း ပျံ့နှံ့သွားသည်နှင့်အမျှ ကောလာဟလများမှာလည်း ပို၍ ယုံကြည်ရခက်လာသည်မှာ ထင်ရှားလှ၏။
"ဒါကိုတော့ နင်တို့ စိတ်ချလက်ချ နေလို့ရတယ်... အဲ့ဒီယောက်ျားကလည်း ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ပုံရသလို ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း အားကောင်းတယ်..."
"တစ်ညကို ဆယ်ခါလောက်က အသာလေးပဲတဲ့..."
"ဒါကြောင့် ဂိုဏ်းချုပ်က ဒီအပျော်ယောက်ျားကို သဲသဲလှုပ် ချစ်နေတာကိုး... ငါ့ယောက်ျားကျတော့ အဆင်မပြေတော့ဘူး... အရင်ကတော့ တစ်နာရီလောက် ရတယ်လို့ ကြွားနေတာ... နောက်တော့ စုစုပေါင်း ဆယ်ကြိမ်တောင် မပြည့်ဘူး..."
"ဟူး... ငါ့ယောက်ျားလည်း အဲ့ဒီလိုပဲ... တကယ့် အမှိုက်ကောင်ပဲ... လုံးဝကို ပုစွန်ပျော့ကောင်ကြီး... ငါက အားဆေးတွေ အများကြီးတောင် ပြင်ဆင်ထားပေးတာကို... ခွေးကျွေးလိုက်တာမှ ပိုကောင်းဦးမယ်လို့ မထင်ထားမိဘူး..."
"ဒါပေမဲ့ ဒီကိုယ်လုပ်တော်ယောက်ျားက ငါတို့ ဟယ်ဟွမ်းဂိုဏ်းကို ဒုက္ခပေးလာမလား မသိဘူး... သာမန်လူတွေရဲ့ မင်းဆက်တွေမှာဆိုရင် မိဖုရားတွေက နိုင်ငံရေးမှာ ဝင်စွက်ဖက်လို့ မင်းဆက်တွေ ပျက်သုဉ်းသွားတဲ့ ကိစ္စတွေ အမြဲရှိတတ်တယ်လေ..."
"တုံးလိုက်တာ... သာမန်လူတွေရဲ့ ဘုရင်က ငါတို့ ကျင့်ကြံသူတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ... ဂိုဏ်းချုပ်က နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်လေ... အကယ်လို့ အဲ့ဒီအပျော်ယောက်ျားက အခြေအနေကို နားမလည်ဘဲ အလိုလိုက်ထားတာကို အခွင့်ကောင်းယူပြီး မောက်မာနေမယ်ဆိုရင် သူ့ရဲ့ နိဂုံးက ရင်လေးစရာ ဖြစ်သွားလိမ့်မယ်..."
ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ အများအပြားက တတွတ်တွတ် ပြောဆိုနေကြလေသည်။
သူတို့သည် ကျိုးစွေ့နှင့် ဂိုဏ်းချုပ် ချိုးရူယွီတို့၏ စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းအမျိုးမျိုးကို တွေးတောနေကြပြီ ဖြစ်၏။
……
တစ်ချိန်တည်းတွင် နတ်ဆိုးချုပ်တောင်ကြား ပွင့်ထွက်သွားပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ခြင်္သေ့စိမ်းနတ်ဆိုး လွတ်မြောက်သွားသည့် သတင်းကလည်း မုန်တိုင်းတစ်ခုကဲ့သို့ အရှေ့ဘက်ကုန်းမြေတိုက်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ ကျင့်ကြံသူ အမြောက်အများ သိရှိသွားကြတော့သည်။
အထူးသဖြင့် လီရှန်းမိစ္ဆာနန်းတော်၊ ထိုက်ရွှီဂိုဏ်း၊ ဟွမ့်ယွမ်ဂိုဏ်း စသည့် နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းကြီးသုံးခုက သဘာဝကျစွာပင် ပထမဆုံး သိရှိသွားကြ၏။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အရှေ့ဘက်ကုန်းမြေတိုက်ကြီး၏ အင်အားအကြီးဆုံးဂိုဏ်းများထဲမှ တစ်ခုဖြစ်သောကြောင့်ပင်။
ဘေးဒုက္ခတစ်ခုခု ပေါ်ပေါက်လာသည်နှင့် သူတို့သည် သေချာပေါက် ပထမဆုံး ရင်ဆိုင်ရမည့်သူများ ဖြစ်သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုး ချိပ်ပိတ်ခံထားရရာမှ လွတ်မြောက်လာခြင်းကဲ့သို့သော ဘေးဒုက္ခမျိုးမှာ အရှေ့ဘက်ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားမည်မှာ သေချာလှပေသည်။
မည်သည့် အဖွဲ့အစည်းကမျှ ရှောင်လွှဲနိုင်မည် မဟုတ်ချေ။
***