ရက်အနည်းငယ် ကြာပြီးနောက်…။
ကိုယ်ပွားသည် အရှေ့ဘက်ကုန်းမြေတိုက်ကြီးမှ ရွှမ်ဟွမ်ကျွန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုက်ရီရွှေစင်ကို ယူဆောင်လာရုံသာမက စတုတ္ထအဆင့် မိစ္ဆာသားရဲ ရာကျော်ကိုလည်း ခေါ်ဆောင်လာခဲ့ပေသည်။
ဤစတုတ္ထအဆင့် မိစ္ဆာသားရဲများသည် အိပ်မက်ဆိုးမျိုးစေ့နှင့် ပေါင်းစပ်သွားသဖြင့် ကျိုးစွေ့၏ သစ္စာရှိသော ဝိညာဉ်သားရဲများ ဖြစ်လာခဲ့ကြတော့သည်။
ဤသည်မှာ ရွှမ်ဟွမ်ဂိုဏ်းတွင် ရုတ်တရက် ဝိညာဉ်သန္ဓေသားအဆင့် စွမ်းအားရှင်ရာကျော် တိုးလာခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ရွှမ်ဟွမ်ဂိုဏ်းအတွက်မယ ကြီးမားသော တိုးတက်မှုကြီးတစ်ခုပင် ဖြစ်၏။
ရွှမ်ဟွမ်တောင်ထွတ်ရှိ လိုဏ်ဂူတစ်ခုတွင်…။
ဝုန်း…။
မြေပြင်ပေါ်တွင် ကျောက်တိုင်တစ်တိုင် ပေါ်လာပြီး ယင်းမှာ ထိုက်ရီရွှေစင်ပင် ဖြစ်ပေသည်။
ထိုအချိန်တွင် ကျိုးစွေ့သည် စိတ်ဆန္ဒဖြင့် များပြားလှသော သတ်ဖြတ်လိုစိတ်များကို ဤထိုက်ရီရွှေစင်ထဲသို့ ထည့်သွင်းလိုက်လေသည်။
ချက်ချင်းပင် ဤထိုက်ရီရွှေစင် တစ်တုံးလုံးသည် အဆုံးအစမဲ့သော သတ်ဖြတ်လိုစိတ်များကို လက်ခံထားနိုင်ပုံရလေ၏။
မူလက ဖျက်ဆီး၍မရနိုင်လောက်အောင် မာကျောသော ဤသတ္တုတုံးသည် ယခုအခါ ပြောင်းလဲမှုများ စတင်လာပေသည်။
"မဆိုးဘူး... တကယ်ပဲ သတ်ဖြတ်လိုစိတ် အမြောက်အများကို လက်ခံထားနိုင်တာပဲ..."
"ငါ့ရဲ့ စိတ်ဆန္ဒအတိုင်းတောင် မတူညီတဲ့ ပုံစံအမျိုးမျိုးကို ပြောင်းလဲနိုင်သေးတယ်..."
ကျိုးစွေ့တစ်ယောက် အလွန် ကျေနပ်သွားတော့သည်။
သူ၏ရင်ထဲမှ လေးလေံနေသော ကျောက်တုံးကြီးတစ်တုံးလည်း အပြီးတိုင် ကျသွားခဲ့ပြီ ဖြစ်သည်။
မူလက ဤနှစ်များအတွင်း သူသည် သက်ရှိသတ္တဝါများ၏ သတ်ဖြတ်လိုစိတ်များကို အဆက်မပြတ် စုဆောင်းနေခဲ့သည်ဖြစ်ရာ ပမာဏမှာ ပို၍များပြားလာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်ဓားသည်လည်း တောင့်မခံနိုင်တော့ဘဲ အက်ကွဲကြောင်းများ ပေါ်လာခဲ့၏။
ဤအတိုင်း ဆက်သွားနေမည်ဆိုပါက ဝိညာဉ်ဓားသည်လည်း လုံးဝ ကွဲအက်သွားပြီး အပိုင်းပိုင်းအစစ ဖြစ်သွားမည်မှာ သေချာလှပေသည်။
သို့သော် ယခုမူ အဆင်ပြေသွားခဲ့ချေပြီ။
အင်မော်တယ်ကမ္ဘာမှ လာသော ဤထူးခြားသည့် သတ္တုတုံးကို ရရှိခဲ့သဖြင့် သတ်ဖြတ်လိုစိတ်များကို အကန့်အသတ်မရှိ လက်ခံထားနိုင်မည် ဖြစ်သည်။
ဤသည်မှာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အန္တရာယ်တစ်ခုကို ဖြေရှင်းလိုက်နိုင်ခြင်းပင် ဖြစ်ပေသည်။
ဘုန်း…။
များပြားလှသော သတ်ဖြတ်လိုစိတ်များ ဝင်ရောက်သွားသည်နှင့်အမျှ မူလက ကျောက်တိုင်ပုံစံဖြစ်သော ထိုက်ရီရွှေစင်သည် ယခုအခါ ဓားပျံပုံစံသို့ ပြောင်းလဲသွားပြီး အချိန်သိပ်မကြာလိုက်ဘဲ သုံးပေခန့်ရှည်သော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားလေ၏။
ဤဓားပျံပေါ်တွင် သတ်ဖြတ်ခြင်း သင်္ကေတများပင် ပေါ်ထွက်လာပြီး ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့နေတော့သည်။
ဤဓားပျံကိုယ်တိုင်ကပင် ထိတ်လန့်ဖွယ်ကောင်းသော ထက်မြက်မှုကို ပိုင်ဆိုင်ထားပုံရလေ၏။
ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရုံဖြင့် မြေကြီးကို ဆုတ်ဖြဲကာ တောင်များကို ခွဲဖြာပစ်နိုင်မည် ဖြစ်သည်။
မည်သည့်အရာကမျှ တားဆီးနိုင်မည် မဟုတ်ချေ။
"တကယ်ကို ကောင်းလွန်းတယ်..."
"နောက်ဆုံးတော့ ငါ့ကိုယ်ပေါ်က မရေမတွက်နိုင်တဲ့ သတ်ဖြတ်လိုစိတ်တွေကို လက်ခံနိုင်သွားပြီ... အခုဆိုရင် ဓားပျံပညာက အသေးစားအောင်မြင်မှုအဆင့်ကို ရောက်သွားပြီလို့ ဆိုလို့ရတယ်..."
"နာမည်တစ်ခု ပေးရရင် ကောင်းမယ်..."
"ကျူးရှန်းဓားလို့ပဲ နာမည်ပေးလိုက်တာပေါ့..."
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်သည်။
သူသည် ယခင်က မရှိခဲ့ဖူးသော ရတနာတစ်ခုကို ဖန်တီးနေရသကဲ့သို့ ခံစားရပြီး အလွန် စိတ်လှုပ်ရှားနေပေသည်။
အကယ်၍ အမှန်တကယ် အောင်မြင်နိုင်မည်ဆိုပါက အစစ်အမှန် အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိကောင်း ရှိနိုင်ပေလိမ့်မည်။
သေချာသည်မှာ အစစ်အမှန် အင်မော်တယ်များကို မသတ်နိုင်လျှင်ပင် မိစ္ဆာနတ်ဆိုးများကို သတ်ဖြတ်နိုင်ခြင်းမှာလည်း မဆိုးရွားသော စွမ်းအားတစ်ခု ဖြစ်ပေသည်။
ထိုအချိန်တွင် သူ၏ဝိညာဉ်နှင့် ဤဓားပျံတို့ကြားတွင် ထူးဆန်းသော ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို သူ ခံစားလိုက်ရပြီး တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင်။
မူလက အလွန်လေးလံသော ဓားပျံသည် ယခုအခါ ပေါ့ပါးသွားလေ၏။
ဤကျူးရှန်းဓားသည် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကဲ့သို့ပင် ဖြစ်သွားပေသည်။
သူက အသာအယာ ဆုပ်ကိုင်လိုက်ရုံဖြင့် ဤကျူးရှန်းဓား၏ ထိတ်လန့်ဖွယ် စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်နိုင်မည် ဖြစ်သည်။
ဤဓားပျံသည် ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို မမီလျှင်ပင် အများကြီး ကွာခြားမည်မဟုတ်သည်မှာ သေချာလှပေသည်။
ထို့အပြင် ယင်းသည် အကန့်အသတ်မရှိ ဆင့်ကဲပြောင်းလဲနိုင်သေး၏။
သတ်ဖြတ်လိုစိတ်များကို ပို၍များများ လက်ခံနိုင်လေလေ၊ ယင်း၏စွမ်းအားက ပို၍ အားကောင်းလာလေလေ ဖြစ်ပေမည်။
ဤသည်မှာ ကျူးရှန်းဓား၏ ကြောက်မက်ဖွယ်ကောင်းသော အချက်ပင် ဖြစ်သည်။
"မဆိုးဘူး မဆိုးဘူး... ကိုယ်ပွားကို လွှတ်ပြီး သက်ရှိသတ္တဝါတွေရဲ့ သတ်ဖြတ်လိုစိတ်တွေကို နေရာအနှံ့ လိုက်ရှာခိုင်းရမယ်..."
"အခုဆို ချန်လန်ပင်လယ်ပြင်ဒေသက အတော်လေး လုံခြုံသွားပြီဆိုတော့ သတ်ဖြတ်လိုစိတ်တွေ အများကြီး နည်းသွားပြီ..."
"ဒါပေမဲ့ အရှေ့ဘက်ကုန်းမြေတိုက်ကြီးလို နေရာတွေမှာတော့ ကမောက်ကမတွေ ဖြစ်နေတုန်းပဲ... သတ်ဖြတ်လိုစိတ်တွေကို စုဆောင်းဖို့ အဲ့ဒီနေရာတွေကို သွားလို့ရတယ်..."
ကျိုးစွေ့သည် ကျူးရှန်းဓား၏ စွမ်းအားကို မည်သို့ မြှင့်တင်ရမည်ကို စဉ်းစားနေလေတော့သည်။
…………
တစ်ရက်တာ ကုန်ဆုံးသွားခဲ့ချေသည်။
ရွှမ်ဟွမ်ဂိုဏ်းတွင် စတုတ္ထအဆင့် ဝိညာဉ်သားရဲ ရာကျော် ထပ်တိုးလာခဲ့သည်။
အစပိုင်းတွင် ရွှမ်ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူ အများအပြားမှာ အတော်လေး အံ့အားသင့်ခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရိုးအီသွားကြတော့သည်။
ဤစတုတ္ထအဆင့် ဝိညာဉ်သားရဲများ အားလုံးမှာ ဂိုဏ်းချုပ်၏ ချေဖျက်ခြင်းကို ခံထားရပြီး တောင်စောင့်ဝိညာဉ်သားရဲများ ဖြစ်လာကြောင်းကို လူတိုင်း သိရှိထားကြ၏။
"ယောကျ်ား... ဒီဝိညာဉ်သားရဲတွေကို ဘယ်နေရာကနေ ဖမ်းလာတာလဲ..."
ကျီပင်းယွီသည် ပါးလွှာသော အဖြူရောင်ပိုးဇာဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အချိုးအစားမှာ ပေါ်လွင်နေချေသည်။
သို့သော် ပတ်ဝန်းကျင်၌ ကျိုးစွေ့နှင့် အခြား ညီအစ်မများသာ ရှိနေသဖြင့် သူမ၏ အလှအပများ ပေါ်လွင်နေခြင်းကို များစွာ ဂရုမစိုက်လှချေ။
ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းပြီးနောက် သူမသည်လည်း ပို၍ လှပချောမောလာခဲ့သည်။
သူမသည် အဝေးရှိ စတုတ္ထအဆင့် ဝိညာဉ်သားရဲများကို အလွန် သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေ၏။
အမှန်အတိုင်းဆိုရလျှင် ဤစတုတ္ထအဆင့် ဝိညာဉ်သားရဲများ အားလုံးမှာ မူလက မိစ္ဆာသားရဲများဖြစ်ပြီး ခန္ဓာကိုယ်ထဲတွင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပါဝင်နေကြောင်းကို သူမ ခံစားသိရှိနိုင်ပေသည်။
သို့သော် ယခုမူ အားလုံးမှာ ယောကျ်ားဖြစ်သူ၏ ယဉ်ပါးအောင် ဆုံးမခြင်းကို ခံလိုက်ရပြီး တောင်စောင့်ဝိညာဉ်သားရဲများ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။
"ဪ... အားလုံး အရှေ့ဘက်ကုန်းမြေတိုက်ကြီးကနေ ဖမ်းလာတာလေ..."
"တိုက်တိုက်ဆိုင်ဆိုင်ပဲ သားရဲထိန်းချုပ်ခြင်း စွမ်းရည်တစ်ခုကို သင်ယူတတ်မြောက်ထားလို့..."
"ဒါနဲ့ စမ်းကြည့်လိုက်တာ တကယ်ပဲ အောင်မြင်သွားမယ်လို့ မထင်ထားဘူး..."
"နောက်ဆို စတုတ္ထအဆင့် မိစ္ဆာသားရဲတွေနဲ့ တွေ့ရင် သူတို့ကို သတ်ပစ်စရာ မလိုလောက်တော့ဘူး..."
"အဲ့ဒီအစား ယဉ်ပါးအောင် လုပ်လို့ရပြီ..."
"အဲ့ဒီလိုဆိုရင် ငါတို့ ရွှမ်ဟွမ်ဂိုဏ်းမှာ စတုတ္ထအဆင့် ဝိညာဉ်သားရဲတွေ အများကြီး ရှိလာနိုင်တယ်..."
အကယ်၍ စတုတ္ထအဆင့် ဝိညာဉ်သားရဲ သောင်းချီကို ယဉ်ပါးအောင် လုပ်နိုင်မည်ဆိုပါက ရွှမ်ဟွမ်ဂိုဏ်းမှာ ပြိုင်ဘက်ကင်း ဖြစ်သွားလိမ့်မည်ဟု သူ ထင်မြင်မိသည်။
လူသား ဝိညာဉ်သန္ဓေသားအဆင့် ပေါ်ထွက်လာရန် ဆိုသည်မှာ အလွန်ခက်ခဲသော ကိစ္စရပ် ဖြစ်သောကြောင့်ပင်။
သို့သော် စတုတ္ထအဆင့် မိစ္ဆာသားရဲများကမူ မတူညီချေ။
ရှေးဟောင်းမိစ္ဆာကမ္ဘာထဲတွင် မည်မျှများပြားစွာ ပေါ်ပေါက်လာခဲ့သည်ကိုပင် မသိနိုင်ပေ။
စတုတ္ထအဆင့် မိစ္ဆာသားရဲများကို ပိုမို ယဉ်ပါးအောင် လုပ်နိုင်လေလေ၊ ရှေးဟောင်းမိစ္ဆာကမ္ဘာ၏ အင်အားမှာ အနည်းငယ် လျော့ကျသွားလေလေ ဖြစ်မည်ဟု ဆိုနိုင်ပေသည်။
တစ်ဖက်က တိုးလာပြီး တစ်ဖက်က လျော့ကျသွားမည်ဖြစ်ရာ သဘာဝကျစွာပင် လူသားများက အသာစီး ရသွားမည် ဖြစ်သည်။
"ယောကျ်ား... ဒီမိစ္ဆာသားရဲတွေက ပဋိညာဉ်ချုပ်ဆိုပြီးသွားတာနဲ့ သူတို့ကိုယ်တွင်းက ရှေးဟောင်းမိစ္ဆာချီတွေ အလျင်အမြန် ပျောက်ကွယ်သွားပြီး အင်မော်တယ်မူလချီတွေနဲ့ အစားထိုးခံရသလိုပဲ... အဲ့ဒါကြောင့် ဝိညာဉ်သားရဲတွေ ဖြစ်သွားတာနေမယ်..."
"ရှေးဟောင်းခေတ်က သားရဲထိန်းချုပ်ခြင်းဂိုဏ်းလို့ ခေါ်တဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတစ်ခု ရှိခဲ့ဖူးတယ်လို့ ကြားဖူးတယ်..."
"ဒီဂိုဏ်းက သားရဲထိန်းချုပ်တဲ့ နည်းလမ်းတွေကို ကျွမ်းကျင်ကြတယ်… ရှေးဟောင်းမိစ္ဆာကမ္ဘာက မိစ္ဆာသားရဲတွေကို ဖမ်းဆီးပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင် အိမ်မွေးသားရဲတွေအဖြစ် အမြဲတမ်း အသုံးပြုခဲ့ကြတယ်..."
"ဒါပေမဲ့ ဒီလုပ်ရပ်ကြောင့် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကြီး အများအပြားကို စော်ကားမိသလို ဖြစ်သွားတယ်..."
"နောက်ဆုံးတော့ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကြီး အများအပြားက ပူးပေါင်းပြီး သားရဲထိန်းချုပ်ခြင်းဂိုဏ်းကို လာရောက်တိုက်ခိုက်ခဲ့ကြလို့ သားရဲထိန်းချုပ်ခြင်းဂိုဏ်း ပျက်စီးသွားခဲ့ရတယ်..."
"အဲ့ဒီအချိန်ကစပြီး ကျင့်ကြံခြင်းလောကမှာ သားရဲထိန်းချုပ်တဲ့ နည်းလမ်းတွေ ပျောက်ကွယ်သွားခဲ့တယ်..."
သခင်မမက်မွန်ပွင့်၏ လှပသော မျက်လုံးများက တောက်ပသွားလေသည်။
"အဲ့ဒီလို ဂိုဏ်းမျိုး တကယ် ရှိခဲ့ဖူးတယ်..."
"နှမြောစရာကောင်းတာက သားရဲထိန်းချုပ်ခြင်းဂိုဏ်းရဲ့ နည်းလမ်းတွေက ပျောက်ကွယ်သွားတာ ကြာပြီဖြစ်သလို အဲ့ဒီလို သားရဲထိန်းချုပ်တဲ့ နည်းလမ်းတွေ ဘယ်နေရာမှာ ရှိနိုင်မလဲဆိုတာကိုလည်း မသိနိုင်ဘူး..."
ကျိုးစွေ့က မျက်လုံးကို မှေးကျဉ်းလိုက်လေ၏။
အမှန်တကယ်တွင် သူကိုယ်တိုင်လည်း ဤအချက်ကို သတိပြုမိခဲ့သည်။ သူ အိပ်မက်ဆိုးမျိုးစေ့ကို ပေါင်းစပ်ထည့်သွင်းလိုက်ပြီးနောက် ဤမိစ္ဆာသားရဲများ၏ ကိုယ်တွင်းရှိ အငွေ့အသက်များမှာ အံ့ဖွယ် ပြောင်းလဲသွားခဲ့ပေသည်။
ကောင်းကင်နှင့်မြေကြီးမှ ဝိညာဉ်စွမ်းအင် အမြောက်အများ ဝင်ရောက်လာပြီး တိတ်တဆိတ် ပြောင်းလဲကာ ဤမိစ္ဆာသားရဲများ၏ ကိုယ်တွင်းရှိ မူလအငွေ့အသက်များကို အဆက်မပြတ် ပြောင်းလဲပစ်လိုက်သည်။
ယင်းကြောင့် ဤမိစ္ဆာသားရဲများမှာ ကျင့်ကြံခြင်းလောက၏ ဝိညာဉ်သားရဲများအဖြစ် ပြောင်းလဲသွားရခြင်း ဖြစ်ပေသည်။
မိစ္ဆာသားရဲနှင့် ဝိညာဉ်သားရဲတို့၏ ကွာခြားချက်မှာ မည်သည့် အငွေ့အသက်ကို ရှူရှိုက်သနည်း ဆိုသည့်အပေါ်တွင်သာ မူတည်ပေသည်။
တစ်ခုက ရှေးဟောင်းမိစ္ဆာချီ ဖြစ်ပြီး နောက်တစ်ခုက အင်မော်တယ်မူလချီ ဖြစ်ပေသည်။
အကယ်၍ ဝိညာဉ်သားရဲများအဖြစ် ပြောင်းလဲသွားပါက သူတို့သည် ရှေးဟောင်းမိစ္ဆာကမ္ဘာသို့ ပြန်သွားလျှင်ပင် ပတ်ဝန်းကျင်နှင့် လိုက်ဖက်မှု ရှိတော့မည် မဟုတ်ချေ။
ကျင့်ကြံခြင်းလောကတွင် နေထိုင်ပြီး အင်မော်တယ်မူလချီကို ရှူရှိုက်မှသာ လျင်မြန်စွာ တိုးတက်လာပြီး ကျင့်ကြံခြင်းအဆင့် မြင့်မားလာမည် ဖြစ်သည်။
ဤသည်မှာ မိစ္ဆာသားရဲများကို သန့်စင်လိုက်ပြီး ကျင့်ကြံခြင်းလောက၏ မူလနေထိုင်သူများအဖြစ် ပြောင်းလဲကာ မူလဗီဇသဘာဝကို လုံးဝ ပြောင်းလဲပစ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။
သေချာသည်မှာ မိစ္ဆာသားရဲမျိုးနွယ်စုအတွက်တော့ ဤသည်မှာ လုံးဝ သစ္စာဖောက်ခြင်းပင် ဖြစ်၏။
သစ္စာဖောက်များအဖြစ် သတ်မှတ်ခံရပြီး မိစ္ဆာသားရဲတိုင်းက သတ်ဖြတ်ချင်ကြမည့် အမျိုးအစားများ ဖြစ်သည်။
ထို့ကြောင့် ဝိညာဉ်သားရဲများနှင့် တွေ့ဆုံသည်နှင့် ထိုမိစ္ဆာသားရဲများသည်လည်း မည်သည့် ညှာတာမှုမျှ မရှိဘဲ ရက်စက်စွာ သတ်ဖြတ်ကြမည် ဖြစ်ပေသည်။
"တကယ်လို့ သားရဲထိန်းချုပ်တဲ့ နည်းလမ်းတွေကို ရှာတွေ့နိုင်မယ်ဆိုရင် ငါတို့ ရွှမ်ဟွမ်ဂိုဏ်းက နောက်ထပ် ဌာနခွဲတစ်ခု ဖွင့်လို့ရနိုင်တယ်..."
"သားရဲထိန်းချုပ်ခြင်း တောင်ထွတ်ဆိုပြီး နာမည်ပေးလို့ရတယ်..."
"ဘာဖြစ်လို့လဲဆိုတော့ ကျင့်ကြံခြင်းလောကမှာ မိစ္ဆာသားရဲတွေ အများကြီး ပေါ်လာပြီဆိုတော့ ဒီမိစ္ဆာသားရဲတွေကို ကျင့်ကြံသူတွေရဲ့ လက်ထောက်အကူတွေအဖြစ် အသုံးပြုလို့ ရတယ်လေ..."
"ဒီစတုတ္ထအဆင့် မိစ္ဆာသားရဲတွေကိုတောင် မျိုးစပ်ပေးပြီး ဝိညာဉ်သားရဲပေါက်လေးတွေ အများကြီး မွေးဖွားခိုင်းလို့ရတယ်..."
ရှရွှေယန်သည် မျက်လုံးလှလှလေးများကို ခတ်လိုက်လေသည်။
သူမသည် ဤစတုတ္ထအဆင့် ဝိညာဉ်သားရဲများကို ဖမ်းဆီးကာ မည်သို့ မျိုးစပ်ရမည်ဆိုသည့် နည်းလမ်းများကိုပင် စဉ်းစားပြီးနေပြီ ဖြစ်ပေတော့သည်။
***