"ဒါနဲ့ နေဦး... စစ်တပ်ဘက်က အော်ဒါတွေ ထပ်တိုးသေးလား"
စစ်တပ်ဘက်က အခုလို အခွင့်အရေးတွေ ရက်ရက်ရောရော ပေးလာတာဟာ သူတို့ရဲ့ ထုံးစံမဟုတ်မှန်း လင်းဖန် ရိပ်မိလိုက်သည်။ သူတို့က အကျိုးအမြတ်ကို အသေအချာ မမြင်ရဘဲနဲ့တော့ လက်လွှတ်စပယ် လုပ်မည့်သူများ မဟုတ်ပေ။
"သူဌေးက ဘယ်လိုသိတာလဲ"
မိုရှင်းယာမှာ ကြောင်အမ်းသွားပြီးမှ
"စစ်တပ်က Nirvana X အလုံးရေ ၂ သိန်း ထပ်တိုးမှာယူထားပါတယ်"
ဟု အံ့သြတကြီး ပြောလိုက်သည်။
"ဒါဆို တစ်တပ်လုံးအတွက် ဝယ်ယူတာပေါ့"
လင်းဖန်၏ ဦးနှောက်က ချက်ချင်း အလုပ်လုပ်သွားသည်။ အကယ်၍ ရှေ့တန်းတပ်ဖွဲ့တွေအတွက်တင်ဆိုလျှင် အရေအတွက်က ဤမျှ မများနိုင်ပေ။ သို့သော် စစ်တပ်တစ်ခုလုံး၊ သုတေသနဌာနများနှင့် လက်နက်ထုတ်လုပ်ရေး အုပ်စုများကိုပါ ထည့်တွက်လိုက်လျှင် လူဦးရေမှာ အလွန်ပင် များပြားလှသည်။
အရေးကြီးဆုံးအချက်မှာ ထိုစစ်ဘက်ဆိုင်ရာ သိပ္ပံပညာရှင်များသည် သတင်းအချက်အလက် လုံခြုံမှုကို အထူးဦးစားပေးကြခြင်းဖြစ်သည်။ အမေရိကန်ထုတ် Apple ကို သုံးရန် မဖြစ်နိုင်သလို၊ Android ကို အခြေခံထားသည့် ပြည်တွင်းဖုန်းများမှာလည်း ဟာကွက်များလွန်းသဖြင့် သူတို့ မယုံကြည်ကြပေ။
"သူဌေး... ကျွန်မ သိချင်တာက စစ်တပ်မှာ နည်းပညာအခြေခံ ဒီလောက်ကောင်းနေတာကို သူတို့ဘာသာ စနစ်တစ်ခု ဘာလို့ မထုတ်တာလဲဟင်"
"မထုတ်နိုင်တာမဟုတ်ဘူး... ထုတ်ရတာ မတန်လို့လေ"
လင်းဖန်က အဓိပ္ပာယ်ပါပါ ပြုံးရင်း ပြောလိုက်သည်။
စကြာဝဠာ လမ်းညွှန်စနစ် ကိုတောင် ကိုယ်တိုင်ထုတ်နိုင်သည့် နိုင်ငံအတွက် စမတ်ဖုန်း OS တစ်ခု ထုတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်သည်တော့ မဟုတ်။ သို့သော် ထိုစနစ်တစ်ခုကို အောင်မြင်အောင် တည်ဆောက်ဖို့မှာ မလွယ်ကူလှပေ။
Huawei တို့လို ကုမ္ပဏီကြီးတွေတောင် ဘီလီယံနှင့်ချီ အရှုံးခံခဲ့သော်လည်း ယနေ့တိုင် ရုန်းကန်နေရဆဲ မဟုတ်ပါလား။ ၎င်းတို့၏ တန်ရွမ်စနစ်မှာမူ လက်ရှိကမ္ဘာ့နည်းပညာထက် အနှစ် ၂၀ ခန့် ကြိုတင်နေသဖြင့် မည်သူကမှ မက်မောခြင်းမရှိဘဲ မနေနိုင်ကြပေ။
"ကြည့်ရတာ ပေကျင်းက စက်မှုဇုန်ကို မကြာခင် စတင်ရတော့မယ်ထင်တယ်"
လင်းဖန် စိတ်ထဲတွင် တွေးတောနေမိသည်။ စစ်တပ်တစ်ခုလုံးအပြင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအတွက်ပါဆိုလျှင် အလုံးရေ သန်းနှင့်ချီ ထုတ်လုပ်ပေးရပေဦးမည်။
"သူဌေး... နောက်ထပ် ပြဿနာတစ်ခု ရှိသေးတယ်"
မိုရှင်းယာက အနည်းငယ် တွန့်ဆုတ်စွာဖြင့် ဆိုသည်။
"ပေကျင်းရုံးခွဲက ပြောတာကတော့ စစ်တပ်အကြီးအကဲတွေက ဘာမှမပြောပေမဲ့ သူတို့အောက်က သုတေသနဌာနတွေနဲ့ လက်နက်အုပ်စုတွေက ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဈေးနှုန်းအပေါ် သံသယရှိနေကြတယ်တဲ့"
"အို..."
လင်းဖန်၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ အရင်တစ်ခေါက်က ပြဿနာရှာခဲ့သည့် ထောက်ပံ့ပို့ဆောင်ရေးဌာနမှ ဗိုလ်ချုပ်ကို သူ မှတ်မိနေသေးသည်။ ဤသုတေသနဌာနများကို ထိုဌာနကပင် စီမံခန့်ခွဲနေခြင်း ဖြစ်သည်။
"အဲ့လူတွေကို ပြောလိုက်... ငါ့နာမည်နဲ့ စစ်တပ်ကို အကြောင်းကြားစာ ထုတ်လိုက်ပါ ဈေးနှုန်းကို မကျေနပ်ရင် ငါတို့ဖုန်းကို မဝယ်နဲ့၊ အမေရိကန်က Apple ကိုပဲ သွားဝယ်ကြလို့ ပြောလိုက်"
"အခုကစပြီး စစ်တပ်နဲ့ ပူးပေါင်းမှုကို တိုက်ရိုက်ကွပ်ကဲမှုအောက်က ယူနစ်တွေနဲ့ စစ်ဒေသကြီးတွေအတွက်ပဲ ကန့်သတ်လိုက်မယ် ကျန်တဲ့ ထောက်ပံ့ရေးဌာနတို့၊ သုတေသနဌာနတို့ဆိုတာတွေကိုတော့ သူတို့ဘာသာ သူတို့ ကစားခိုင်းလိုက်တော့"
ဖုန်းတစ်လုံးကို ယွမ် ၂၀၀ ပင် လျှော့ပေးထားပါလျက်နှင့် ယခုလို ဈေးဆစ်ချင်နေခြင်းမှာ အထက်လူကြီးများက သိလျက်နှင့် လွှတ်ထားပေးခြင်းသာ ဖြစ်ရမည်။ သူတို့ပေးသည့် 'အသိအမှတ်ပြုတံဆိပ်' လောက်နှင့် ဘီလီယံနှင့်ချီသော အမြတ်အစွန်းကို လဲချင်နေကြခြင်းမှာ အတော်ပင် အရှက်မရှိသည့် လုပ်ရပ်ဖြစ်သည်။
"ဟုတ်ကဲ့... ကျွန်မ နားလည်ပါပြီ"
မိုရှင်းယာက လေးလေးနက်နက် ပြန်တုံ့ပြန်လိုက်သည်။
"ဒါနဲ့... စစ်တပ်က လူလွှတ်ပြီး စေ့စပ်ဖို့ လာရင်လည်း အခုလောလောဆယ် ဂရုမစိုက်နဲ့ဦး"
ဟု လင်းဖန်က ထပ်လောင်းမှာကြားလိုက်သည်။
ထို့နောက် မိြရှင်းယာက လုံထန်အုပ်စု၏ ရုံးခွဲအသီးသီးမှ အခြေအနေများနှင့် ဖန်ထန်းရင်းနှီးမြှုပ်နှံမှုမှ အဖိုးတန်သတ္တု ဈေးကွက်အတွင်း လုပ်ဆောင်နေမှုများကို အသေးစိတ် တင်ပြသည်။ လင်းဖန်သည် ဆွစ်ဘဏ်ရှိ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကို အသုံးပြုကာ ရွှေ၊ ငွေ နှင့် ပလက်တီနမ် ဈေးကွက်ထဲသို့ တိတ်တဆိတ် ခြေဆန့်နေပြီ ဖြစ်သည်။
"ကျန်းဖန်က ပြည်တွင်းမှာ ရုံးခွဲဘယ်နှခုလောက် ထပ်ဖွင့်ချင်တာလဲ"
စားပွဲပေါ်ရှိ ဝန်ထမ်းခေါ်ယူရေး အစီအစဉ်ကို ကြည့်ကာ လင်းဖန် မေးလိုက်သည်။ ယခုအခါ လုံထန်အုပ်စုသို့ ဝင်ရောက်လိုသည့် ထူးချွန်သူများစွာ ရှိနေသော်လည်း ဝန်ထမ်းရွေးချယ်မှုမှာ အလွန်ပင် တင်းကျပ်လှသည်။ လူပေါင်းသောင်းချီထဲမှ တစ်ယောက်သာ ခန့်အပ်လေ့ရှိရာ ယခု ဝန်ထမ်း ၃,၀၀၀ ခေါ်ယူမည်ဆိုခြင်းမှာ သိသိသာသာ ချဲ့ထွင်လိုသည့် သဘောပင်။
"သူဌေး... ကျန်းဖန်က စိချွမ်း၊ ချင်မြို့နဲ့ ကျင်းလင်မှာ ရုံးခွဲသုံးခု ထပ်ဖွင့်ချင်တာပါ"
"ဟားဟား ဒီလူ တော်တော် ရည်မှန်းချက်ကြီးနေတာပဲ"
လင်းဖန်က ရယ်မောရင်း
- "ကောင်းပြီ... ငါ သဘောတူတယ်လို့ ပြောလိုက်"
ဟု ဆိုသည်။
ကျင်းလင်မြို့သည် ကိုရီးယားနှင့် ဂျပန်ဈေးကွက်ကို ဦးတည်နိုင်ပြီး၊ စိချွမ်းသည် မြန်မာ၊ ဗီယက်နမ် အပါအဝင် အရှေ့တောင်အာရှကို မျက်နှာမူထားသည်။ ချင်မြို့မှာမူ ရုရှားဘက်သို့ ခြေဆန့်ရန် ဖြစ်သည်။ ဤသည်မှာ အာရှဈေးကွက်တစ်ခုလုံးကို လွှမ်းမိုးရန် ပြင်ဆင်ခြင်းပင် ဖြစ်သည်။
"သူဌေး... လူခေါ်ရတာ တကယ်မလွယ်ဘူး HR ဌာနကလည်း အကြိုက်တွေ့ဖို့ ခက်သလို၊ လျှောက်တဲ့သူတွေကလည်း အရည်အချင်း မပြည့်မီတာတွေ ရှိနေတယ်"
မိုရှင်းယာက မျက်နှာလေး ရှုံ့မဲ့ကာ ပြောရှာသည်။
"အဲဒါကို စိတ်မပူနဲ့... ကျန်းဖန်ကိုပဲ ရှင်းခိုင်းလိုက်"
လင်းဖန်က လက်ယမ်းပြရင်း ဆုံးဖြတ်ချက်ချလိုက်လေသည်။
***