သုတေသနဌာနကြီး လေးခုမှ လူနည်းစုကို ရွေးချယ်ပြီး စစ်တပ်နှင့်ပူးပေါင်းကာ တန်ရွမ်ကွန်ပျူတာသုံး OS ကို သုတေသနပြုခြင်းသည် လုံထန်အုပ်စု၏ ကိုယ်ပိုင်အစီအစဉ်များကို ထိခိုက်စေမည်မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် လုံထန်အုပ်စု၏ အန္တိမပန်းတိုင်ဖြစ်သော တန်ရွမ်ကွန်ပျူတာဗားရှင်းကို စစ်တပ်၏အကူအညီဖြင့် သတ်မှတ်ချိန်ထက် စောစီးစွာ အကောင်အထည်ဖော်နိုင်မည်ဆိုပါက ၎င်းမှာ မမျှော်လင့်ဘဲရရှိလာသည့် လက်ဆောင်တစ်ခုပင် ဖြစ်လိမ့်မည်။
"ဒါနဲ့... Nivarna X' ရဲ့ တရုတ်စာဗားရှင်းအတွက် ဘယ်လိုပြင်ဆင်ထားလဲ"
"သူဌေး. 'နီဗားနား' ရဲ့ တရုတ်ဗားရှင်းကတော့..."
ဟု ကျန်းဖန်က ချက်ချင်းပင် တင်ပြသည်။
"ကောင်းတယ်"
လင်းဖန်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ ဖုန်းများကို ထုတ်လုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တစ်ကမ္ဘာလုံးသို့ ဈေးကွက်ချဲ့ထွင်ရန်ဖြစ်ပြီး ဟောင်ကောင်သည် တရုတ်ပြည်မကြီးပြင်ပသို့ ခြေလှမ်းစမည့် ပထမဆုံးမှတ်တိုင် ဖြစ်သည်။
"ဟောင်ကောင်က ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ဆက်သွယ်မှုကရော ဘယ်လိုရှိလဲ ငါတို့ရုံးခွဲက အခြေခိုင်ပြီလား"
"ရုံးခွဲကနေ ဆက်သွယ်ရေးကုမ္ပဏီအသေးလေးအချို့ကို ဝယ်ယူပြီး အခြေခံအုတ်မြစ် ချထားနိုင်ပါပြီ အရောင်းဆိုင်တွေလည်း အများကြီးဝယ်ထားပြီး အထူးအရောင်းပြခန်းတွေဖွင့်ဖို့ ပြင်ဆင်နေပါတယ် ဒါ့အပြင် ဟောင်ကောင်က 'ယင်းခဲ့အုပ်စု' ကလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းချင်နေပါတယ်"
ဟု ကျန်းဖန်က လေးလေးနက်နက် ဆိုသည်။
ဟောင်ကောင်သည် နယ်မြေကျဉ်းသော်လည်း လူဦးရေ ၁၀ သန်းနီးပါးရှိပြီး အာရှစီးပွားရေးတွင် အရေးပါသောနေရာမှ ပါဝင်နေသဖြင့် လုံထိန်အုပ်စုက အထူးအာရုံစိုက်ထားခြင်းဖြစ်သည်။
"ယင်းခဲ့အုပ်စု..."
လင်းဖန်သည် ကျန်းဖန်ပြောသည့် ထိုအမည်ကို သတိပြုမိသွားသည်။
သူ့မှတ်ဉာဏ်ထဲတွင် ထိုအုပ်စုသည် သူဌေးကြီး လီကျားချိန်၏ အငယ်ဆုံးသား လီကျဲခိုင် တည်ထောင်ထားသော အုပ်စုဖြစ်သည်။
၎င်း၏လက်အောက်ခံ PCCW သည် ဟောင်ကောင်တွင် အကြီးဆုံး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သလို အာရှတွင်လည်း အထင်ကရ ကုမ္ပဏီတစ်ခု ဖြစ်သည်။
"သူဌေး. ကျွန်တော်တို့သာ ယင်းခဲ့အုပ်စုနဲ့ ပူးပေါင်းနိုင်ရင် ဟောင်ကောင်ဈေးကွက်ကို အလွယ်တကူ ထိုးဖောက်နိုင်မယ့်အပြင် စင်ကာပူနဲ့ အရှေ့တောင်အာရှဈေးကွက်ထဲကိုပါ အခွင့်ကောင်းယူ ဝင်ရောက်နိုင်မှာပါ"
ဟု ကျန်းဖန်က ထပ်လောင်းပြောကြားသည်။
လင်းဖန်က ခေတ္တစဉ်းစားပြီးနောက်
- "ယင်းခဲ့နဲ့ ပတ်သက်ရင်တော့ လူလွှတ်ပြီး ဆက်သွယ်ထားလိုက်ဦး ပူးပေါင်းမလား၊ မလားဆိုတာကတော့ မသေချာသေးဘူး"
"ကျုပ်တို့မှာ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ စစ်တပ်လို အင်အားကြီးအဆက်အသွယ်တွေ ရှိနေတာပဲ ဟောင်ကောင်မှာ လူသိသူသိမရှိလည်း ပြဿနာမရှိပါဘူး လုံထန်နဲ့ မိတ်ဆွေဖွဲ့ချင်တဲ့သူတွေ အများကြီးရှိတာမို့ တခြားသူကို ဖားပြီး အထက်တက်ဖို့ မလိုဘူး"
ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် စစ်တပ်သည် ဟောင်ကောင်တွင် ဩဇာအာဏာကြီးမားလှသည်။ ဟောင်ကောင်ရဲတပ်ဖွဲ့သည်လည်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိသကဲ့သို့၊ ဟောင်ကောင်အခြေစိုက်တပ်ဖွဲ့မှာမူ စစ်တပ်၏ အမာခံတပ်ရင်းပင် ဖြစ်သည်။ အကယ်၍ လင်းဖန်သာ နှုတ်ဟလိုက်လျှင် မည်သူမျှ ငြင်းဆန်ရဲကြမည် မဟုတ်ပေ။
"ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ"
"အင်း... ပြီးတော့ နောက်တစ်ခု"
လင်းဖန်က ဆက်လက်ညွှန်ကြားသည်။
"နိုင်ငံခြားရုံးခွဲ လေးခုနဲ့ ဆက်သွယ်ပြီး ဘာသာစကား ကျွမ်းကျင်တဲ့ သုတေသနပညာရှင်တွေကို စုဆောင်းထားပါ ပြီးတော့ ဈေးကွက်ထဲက နာမည်ကြီး တက်ဘလက်တွေကို ဝယ်ပြီး သုတေသနဌာနကို ပို့လိုက် သူတို့ကို သေချာလေ့လာခိုင်းပြီး နည်းပညာနဲ့ အဆင့်မြှင့်တင်ခိုင်းလိုက်မယ်"
"ဟမ်...သူဌေးက ကွန်ပျူတာလောကထဲကို ဝင်ဖို့ ပြင်နေတာလား"
ကျန်းဖန်မှာ မယုံနိုင်သလို မေးလိုက်မိသည်။
စမတ်ဖုန်းနှင့် ကွန်ပျူတာလောကမှာ သဘာဝချင်း ကွာခြားလှသည်မဟုတ်ပါလား။
"အချိန်က လူကို မစောင့်ဘူး အခု နီဗားနားနာမည်ကြီးနေတုန်းမှာပဲ တက်ဘလက်၊ ပြီးရင် လက်ပ်တော့နဲ့ ဒက်စတော့ပ်တွေအထိ နယ်ပယ်အားလုံးကို လွှမ်းမိုးရမယ်"
လင်းဖန်က ပြတ်သားစွာ ဆိုသည်။
- "ကျုပ်တို့ရဲ့ တန်ရွမ်စနစ်က စမတ်ဖုန်းအတွက်တင် မဟုတ်ဘူး၊ တကယ့်ကို အဆင့်မြင့်တဲ့ အသိဉာဏ်ပါတဲ့ စနစ်တစ်ခုပဲ"
"ကျုပ်တို့ Apple လိုမျိုး လုပ်ငန်းကွင်းဆက်တစ်ခု တည်ဆောက်ရမယ် မိုဘိုင်းနည်းပညာနဲ့ ပတ်သက်သမျှ အကုန်လုံးကို ကျုပ်တို့ပိုင်ထားမှ အမြဲတမ်း အနိုင်ရနေမှာ"
လင်းဖန်၏ စကားများကြောင့် ကျန်းဖန်လည်း တွေးတောမိသွားသည်။ ဆော့ဖ်ဝဲရော ဟာ့ဒ်ဝဲပါ အင်အားတောင့်တင်းသော လုံထိန်အုပ်စုအတွက် ဤဈေးကွက်ထဲသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
"သူဌေး... တက်ဘလက်လောက်ဆိုရင်တော့ ကျွန်တော်တို့ သုတေသနဌာနက မကြာခင် ဖြေရှင်းနိုင်မှာပါ"
"ဒါတင်မကဘူး... ကျုပ်လိုချင်တဲ့ တက်ဘလက်က ဟာ့ဒ်ဝဲရော ဆော့ဖ်ဝဲပါ Apple ကို အပြတ်အသတ် နှိမ်ထားနိုင်ရမယ် နားလည်လား"
လင်းဖန်က ကျန်းဖန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ သာမန်တက်ဘလက်မျိုးထုတ်ဖို့ သူက စိတ်မဝင်စားပေ။
"စိတ်ချပါ အောင်မြင်အောင် လုပ်ဆောင်သွားပါ့မယ်"
ဟု ကျန်းဖန်က အံကြိတ်ကာ ကတိပေးလိုက်လေသည်။
***