"ဟားဟား ဒီလို အရေးကြီးတဲ့ကိစ္စမျိုးကို ငါတို့နှစ်ယောက်ထဲ တိုင်ပင်နေရင် ပျင်းစရာကောင်းနေမှာပေါ့"
ခေတ္တမျှအကြာတွင် လင်းဖန်၏ မျက်နှာထက်၌ နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာပြီး
"ဟောင်ကောင်မှာ အိမ်ထောင်စုစာရင်း တစ်ဝက်ရှိနေတဲ့သူ တစ်ယောက်တော့ ရှိသားပဲ"
ဟု ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ ထိုစကားကို ကြားသည်နှင့် လျူယွီတုန်ကလည်း သဘောကျစွာ ရယ်မောရင်း
- "တိုက်ဆိုင်လိုက်တာကွာ၊ ငါလည်း အဲဒီ 'မြင်းအိုကြီး'ဆီကနေ နှိုက်စားဖို့ ကြံနေတာနဲ့ အတော်ပဲ"
ဟု ဆိုသည်။
၎င်းတို့ပြောနေသည့်သူမှာ ပင်ဂွင်းအုပ်စု (Penguin Group/Tencent) ၏ ဥက္ကဋ္ဌ မာဟွထန်ပင် ဖြစ်သည်။ သူသည် ကွမ်တုန်းပြည်နယ်သားဖြစ်ပြီး ၁၃ နှစ်သားအရွယ်တွင် ရှန်းကျန့်သို့ ပြောင်းရွှေ့လာခဲ့ကာ ရှန်ကျန့်တက္ကသိုလ်၌ ကွန်ပျူတာသိပ္ပံကို လေ့လာခဲ့သူဖြစ်သည်။
၁၉၉၈ ခုနှစ်တွင် ပင်ဂွင်းကို စတင်တည်ထောင်ခဲ့ပြီး ယနေ့တွင်မူ အာရှ၏ အချမ်းသာဆုံးနှင့် ဩဇာအရှိဆုံး လုပ်ငန်းရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည်။
လင်းဖန်၊ လျူယွီတုန် နှင့် မာဟွာထန်... ဤသုံးယောက်စလုံးသည် စီးပွားရေးလောက၏ ဧရာမသားရဲကြီးများ ဖြစ်ကြသည်။ စီးပွားရေးလောကသည် စစ်တလင်းနှင့်တူရာ ခဏတာ ပေါ့ဆလိုက်သည်နှင့် ပြိုင်ဘက်များ၏ ဝါးမြိုခြင်းကို ခံရမည်သာ ဖြစ်သည်။ သို့သော် တရုတ်လူမျိုးတို့၏ ထုံးစံအရ 'ညီညွတ်ခြင်းသည် အင်အား' ဖြစ်ရာ လုံထန်၊ ပင်ဂွင်း နှင့် ကျင်းတုန်အင်အားကြီးသုံးခု ပေါင်းမိသွားလျှင် ဟောင်ကောင်ဈေးကွက်ကို သိမ်းပိုက်ရန်မှာ လက်တစ်ဖျစ်စာမျှသာ ခက်ခဲတော့မည်။
"ကဲ... သွားကြစို့၊ မြင်းအိုကြီးဆီ တန်းသွားရအောင်"
လင်းဖန်သည် လျူယွီတုန်ကို တင်ဆောင်ကာ သူ၏ Rolls-Royce Silver Phantom ကားကြီးကို ပင်ဂွင်းအုပ်စု၏ ရုံးချုပ်အသစ်သို့ ဦးတည်မောင်းနှင်ခဲ့သည်။ ဒုတိယအကြိမ်မြောက် လာရောက်ခြင်းဖြစ်၍ လုံခြုံရေးများကပင် သူ့ကို အတားအဆီးမရှိ ပေးဝင်ကြသည်။
"ဟဲဟဲ... ဒါရိုက်တာလင်း၊ မင်းကတော့ ဒီမြို့မှာ တကယ့်ကို ရေလို လွှမ်းမိုးထားတာပဲနော်"
ဟု ဘေးမှ လျူယွီတုန်က စနောက်လိုက်သည်။
"ဟားဟား ပြောသားပဲ... ဒီ ရှန်ကျန့်မြို့က ကျွန်တော့်နယ်မြေပါလို့"
မကြာမီ ၎င်းတို့နှစ်ဦးသည် ပင်ဂွင်းအဆောက်အအုံထဲသို့ ဘေးချင်းယှဉ်ကာ ဝင်လာခဲ့ကြသည်။ လူအများက လျူယွီတုန်၏ ထင်ရှားသော မျက်နှာနှင့် လင်းဖန်တို့ကို မြင်သည်နှင့် တလေးတစား လမ်းဖယ်ပေးကြသည်။ ဥက္ကဋ္ဌ၏ အတွင်းရေးမှူးမလေးမှာလည်း အပြေးအလွှား ရောက်လာကာ ၎င်းတို့ကို ကြိုဆိုရတော့သည်။
"ဟေ့... ခင်ဗျားတို့ ဥက္ကဋ္ဌက ဘာလုပ်နေလို့လဲ၊ ဘာလို့ ထွက်မကြိုတာလဲ"
ဟု လျူယွီတုန်က ဟန်ဆောင်ဒေါသဖြင့် မေးသည်။
"ဟုတ်ပဗျာ... အဆင့်ချင်း တူတူပဲကို ဒီမြင်းအိုကြီးက တော်တော် မာန်တက်နေတာပဲ"
ဟု လင်းဖန်ကလည်း ဝိုင်းပြောရာ အတွင်းရေးမှူးမလေးမှာ ဘာပြန်ပြောရမှန်းမသိဘဲ ခေါင်းငုံ့နေရှာသည်။
အတွင်းရေးမှူးက ၎င်းတို့ကို မာဟွာထန်၏ ရုံးခန်းထဲသို့ ခေါ်ဆောင်သွားသည်။ အာရှ၏ ထိပ်တန်းကုမ္ပဏီကြီးတစ်ခု ဖြစ်သော်လည်း ရုံးခန်းမှာ အလွန်ပင် ရိုးရှင်းလှသည်။ အမှန်တကယ်တော့ လင်းဖန် အပါအဝင် ထိပ်တန်းလုပ်ငန်းရှင်ကြီးများသည် သူတို့၏ ဘဝဇာတ်ကြောင်းကို စာအုပ်ဖြင့် ဖော်ပြနေစရာ မလိုတော့ဘဲ သူတို့ကိုယ်တိုင်ကပင် သမိုင်းစာအုပ်တစ်အုပ် ဖြစ်နေကြပြီဖြစ်သည်။
"ဆရာတို့ ခဏလေး စောင့်ပေးပါဦး၊ ဥက္ကဋ္ဌက အစည်းအဝေးလုပ်နေလို့ပါ လက်ဖက်ရည် သောက်ထားပါဦး"
ဟု ဆိုကာ အတွင်းရေးမှူးက ဧည့်ခံပေးသည်။
မိနစ်အနည်းငယ်အကြာတွင် မာဟွာထန် တစ်ယောက် တံခါးကို ဝုန်းကနဲ ဖွင့်ကာ အထဲသို့ လျှောက်လှမ်းဝင်လာသည်။
"ဟားဟား အကြောင်းမရှိဘဲ ငါ့ရုံးခန်းကို မလာတဲ့လူတွေက ဘာကိစ္စနဲ့ ရုတ်တရက် ရောက်လာကြတာလဲ"
"အခုက နေလယ်စာစားချိန်လေဗျာ၊ မြန်မာပြည်... အဲ... ကျုပ်တို့နိုင်ငံရဲ့ ထုံးစံအရ ဒေသခံသူဌေးကြီးတွေကို နှိုက်စားဖို့ လာတာပေါ့"
ဟု လင်းဖန်က ရယ်မောရင်း ပြောလိုက်သည်။
မာဟွာထန်က မျက်လုံးလှန်ကာ
- "လျူယွီတုန်... ခင်ဗျားကလည်း ဘေးနားမှာ တကယ့်သူဌေးကြီးရှိနေတာကို မသိဘူးလား လင်းဖန်ရဲ့ အရောင်းရဆုံး စာရင်းက အလုံးရေ သန်း ၃၀၀ ကျော်သွားပြီ မဟုတ်လား"
"ဟေး... သန်း ၃၀၀ သာ မပြည့်ရင် ခင်ဗျားပဲ အဲဒီကန်ထရိုက်ကို တာဝန်ယူရမှာနော်"
လင်းဖန်က ပြန်ပက်လိုက်သည်။
"မင်း... မင်း... တကယ့် မြေခွေးအိုကြီးပဲ ငါ့အထင် မမှားဘူးဆိုရင် China Mobile တစ်ခုတည်းကတင် မင်းဆီကနေ ဖုန်းအလုံးရေ သန်း ၃၀ မှာထားတာ မဟုတ်လား"
ဟု မာဟွထိန်က ပွင့်ပွင့်လင်းလင်း ပြောချလိုက်သည်။
"ဘာ..."
လျူယွီတုန်မှာ ထိုသတင်းကို ကြားလိုက်ရသဖြင့် ဆဲပင်ဆဲမိသွားသည်။
China Mobile သည် တရုတ်ပြည်၏ အကြီးဆုံး ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည်။ ယခုအခါ ၎င်းတို့က နီဗားနားအိတ်ကို အလုံးရေ သန်း ၃၀ မှာယူသည်ဆိုခြင်းမှာ ဤဖုန်းအပေါ် မည်မျှ ယုံကြည်မှုရှိသည်ကို ပြသနေခြင်းပင်။
"လျူအစ်ကိုကြီး... ဒီလူကြီးပြောတာကို မယုံနဲ့ဦး၊ ဘာမှ မသေချာသေးဘူး"
လင်းဖန်က ပခုံးတွန့်ကာ အေးအေးဆေးဆေး ပြောသော်လည်း မာဟွာထန်က လက်မလျှော့ဘဲ
"ဟဲဟဲ... အရင်တစ်ခေါက်က တစ်သန်းမှာတုန်းကလည်း မင်း ဒီလိုပဲ ပြောခဲ့တာပဲလေ"
အမှန်တကယ်တော့ China Mobile သာမက China Telecom နှင့် China Unicom တို့ကပါ လုံထန်ဆီသို့ အပြေးအလွှား လာရောက်ကာ စာချုပ်ချုပ်ဆိုရန် ကြိုးစားနေကြသည်။ China Mobile ကမူ နောက်ထပ် သုံးနှစ်အတွင်း အလုံးရေ သန်း ၅၀ အထိ မှာယူမည်ဟုပင် ကတိပေးထားသည်။ သို့သော် လင်းဖန်ကမူ လက်ရှိထုတ်လုပ်နိုင်စွမ်းမှာ မိမိတို့၏ အရောင်းဆိုင်များအတွက်ပင် မလောက်ငသဖြင့် ချက်ချင်း သဘောမတူသေးဘဲ အချိန်ဆွဲထားခြင်း ဖြစ်သည်။
"ကြည့်စမ်း... လင်းညီလေးက တကယ့်ကို လျှို့ဝှက်ချက်တွေ အများကြီး ထားထားတာပဲ"
လျူယွီတုန်က လင်းဖန်ကို စိုက်ကြည့်ရင်း ကောက်ကျစ်စွာ ပြုံးလိုက်သည်။
"မဟုတ်တာ... ကျွန်တော် ဖုန်းဘယ်လောက်ရောင်းရရောင်းရ ပင်ဂွင်းအုပ်စုကို ဘယ်မှီမလဲ ခင်ဗျားတို့က ဈေးကွက်တန်ဖိုး ဒေါ်လာ ၃၈၀ ဘီလီယံကျော်တဲ့ ဘီလူးကြီးတွေလေ"
လင်းဖန်က အသံကို ခပ်ဆတ်ဆတ်လုပ်ကာ
- "ကျုပ်လို လယ်သမားဆင်းရဲသားကို နှိုက်မစားဘဲ ဆီဦးထောပတ်တွေ ဝင်းနေတဲ့ ဒီလိုသူဌေးကြီးကိုပဲ နှိုက်စားသင့်တာပေါ့"
ဟု ပြောချလိုက်လေသည်။
***