လျူယွီတုန်နှင့် မာဟွာထန်တို့ Rolls-Royce Silver Phantom ကားကြီးကို ကြည့်ပြီး အံ့ဩနေစဉ်မှာပင် လင်းဖန်ထံသို့ ဖုန်းတစ်ကောဝင်လာသည်။
"ဟယ်လို"
"သူဌေး... ကျွန်တော် ကျန်းဖန်ပါ China Mobile နဲ့ ဆွေးနွေးပွဲ ပြီးသွားပါပြီ သူတို့က ကျွန်တော်တို့ရဲ့ တောင်းဆိုချက်အားလုံးကို သဘောတူပြီး အလုံးရေ သန်း ၅၀ အတွက် အော်ဒါစာချုပ်ကို ဆန္ဒအလျောက် လက်မှတ်ထိုးလိုက်ပါပြီ"
ဟု ဖုန်းတစ်ဖက်မှ ကျန်းဖန်က ဝမ်းသာအားရ အစီရင်ခံသည်။
ယခုအခါ China Mobile မှ သန်း ၅၀၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ၃ သန်းနှင့် စစ်တပ်မှ ၂ သန်း... ဤအော်ဒါများတင် စုစုပေါင်း ၅၅ သန်း ရှိနေပြီဖြစ်သည်။ နီဗားနားအိတ်၏ ဒုတိယအကြိမ်မြောက် အရောင်းလှိုင်းလုံးကြီး ရောက်ရှိလာတော့မည်မှာ အသေအချာပင်။
"ကောင်းပြီ... ကျုပ်သိပြီ"
လင်းဖန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
သို့သော် ကျန်းဖန်က ဖုန်းထဲတွင် ချက်ချင်းဖြေရှင်းရမည့် ပြဿနာတစ်ခုကို တင်ပြလာသည်၊ ၎င်းမှာ 'ထုတ်လုပ်မှုစွမ်းအား' ပင် ဖြစ်သည်။
လက်ရှိ ရှန်ကျန့်စက်မှုဇုန်သည် ပြည်တွင်းအရောင်းဆိုင်များအတွက်ပင် အချိန်ပြည့် လည်ပတ်နေရသည်ဖြစ်ရာ China Mobile ၏ အော်ဒါအသစ်ကိုပါ ဖြည့်ဆည်းပေးရန်မှာ မလွယ်ကူလှပေ။ အကယ်၍ ကိုယ်ပိုင်အရောင်းဆိုင်များကို လျှော့ချပြီး China Mobile ကို ဦးစားပေးလျှင်လည်း စားသုံးသူများ၏ မကျေနပ်မှုကို ကြုံရနိုင်ခြေ ရှိနေသည်။
"လင်းညီလေး... အခုအခြေအနေအရဆိုရင် ထုတ်လုပ်မှုလိုင်းအသစ်တွေ ထပ်တိုးတာ ဒါမှမဟုတ် စက်ရုံအသစ်တစ်ခု ထပ်ဖွင့်မှပဲ ရတော့မယ်"
ဟု ဘေးမှကြားနေရသော မာဟွာထန်က အကြံပြုသည်။
"ဟုတ်တယ်"
လျူယွီတုန်ကလည်း
- "'ဖုန်းတွေ ပြတ်လပ်သွားရင် သုံးစွဲသူတွေက လုံထန်ကို သံသယဝင်လာလိမ့်မယ် အခု ဝယ်မယ့်သူတွေက အသစ်တွေဆိုတော့ လုံထန်အပေါ် ယုံကြည်မှုက အခိုင်အမာ မရှိသေးဘူး"
ဟု ထောက်ပြသည်။
လင်းဖန်က မျက်မှောင်ကြုတ်ရင်း ရယ်မောကာ ညည်းတွားလိုက်သည်။
- "ဒီကောင်တွေကတော့ တကယ်ပဲဗျာ ပြီးခဲ့တဲ့လကမှ အလုပ်ရုံ ၄ ခု ထပ်တိုးထားတာ၊ ရက်ပိုင်းကလည်း ပေကျင်းစက်မှုဇုန်ကို ဆောက်လိုက်ရသေးတယ် စစ်တပ်နဲ့ ရဲဌာနကို အနိုင်နိုင် ဖြည့်ဆည်းပေးနေရတုန်းရှိသေး..."
"အခု နောက်ထပ် အော်ဒါကြီးက ရောက်လာပြန်ပြီ ကျွန်တော်ဖြင့် အလုပ်များလွန်းလို့ ခြေဖျားတောင် မြေမထိတော့ဘူး၊ တကယ်ကို မောလှပြီဗျာ"
သူ့စကားကြောင့် မာဟွာထန်နှင့် လျူယွီတုန်တို့ မျက်နှာပျက်သွားကြသည်။ ဒီကောင်... ဒါက ညည်းတာလား၊ ကြွားတာလား..။
စီးပွားရေးသမားတိုင်းက အလုပ်များချင်ကြတာပဲကို၊ သူကတော့ အလုပ်တွေ အရမ်းများလွန်းလို့ စိတ်ညစ်နေရတယ်တဲ့လား။
"ငွေကြေးအခက်အခဲရှိရင် ငါ့ဆီက ချေးမလား"
ဟု လျူယွီတုန်က မေးရာ မာဟွာထန်ကလည်း
"မလောက်ရင် ငါ့ဆီမှာလည်း ဘီလီယံချီ ရှိသေးတယ်"
ဟု ဝိုင်းပြောကြသည်။ သူတို့က လင်းဖန်ကို အရှိန်အဟုန်နဲ့ ချဲ့ထွင်နေရလို့ ငွေလိုနေသည်ဟု ထင်နေကြခြင်း ဖြစ်သည်။
"ငွေမရှိတာမဟုတ်ဘူးဗျ... လူမရှိတာ"
လင်းဖန်က ခေါင်းခါရင်း ပြုံးလိုက်သည်။
အမှန်တကယ်တော့ သူ့လက်ထဲတွင် အသုံးမပြုရသေးသော ငွေကြေး ယွမ် ၃၀၀ ဘီလီယံကျော် ရှိနေသေးသည်။ ငွေက ပြဿနာမဟုတ်သလို စက်ကိရိယာတွေကလည်း ပြဿနာမဟုတ်၊ သို့သော် ကျွမ်းကျင်လုပ်သား ထောင်နှင့်ချီကို ချက်ချင်းရှာဖို့ဆိုသည်မှာ ခေါင်းခဲစရာ ကိစ္စပင်။
"အာ..."
လျူယွီတုန်နှင့် မာဟွာထန်တို့ တစ်ဦးကိုတစ်ဦး ကြည့်ကာ ဆွံ့အသွားကြသည်။
"ကဲ... အစ်ကိုတို့ရေ၊ ကျွန်တော့်ကိစ္စတွေ ခဏထားလိုက်ပါဦး ဒီနေ့တော့ ဒီမြင်းအိုကြီးကို ဘယ်လိုနှိုက်စားရမလဲပဲ စဉ်းစားကြရအောင်"
လင်းဖန်က ရွှင်ရွှင်လန်းလန်း ပြောလိုက်ရာ အားလုံးပင် တဟားဟား ရယ်မောမိကြတော့သည်။
ခေတ္တမျှအကြာတွင်...
"ဒီနေရာက ပတ်ဝန်းကျင် တကယ်ကောင်းတာပဲ"
ရှေ့မှ ထူးခြားလှပသော 'ပိန္နဲပွင့်ကလပ်'အဆောက်အအုံကြီးကို ကြည့်ကာ လျူယွီတုန်က ချီးကျူးလိုက်သည်။ လူသုံးယောက်စလုံး သီးသန့်ခန်းထဲသို့ ဝင်ကာ ထမင်းလက်ဆုံ စားသောက်ကြသည်။ ချောက်ရှန်းဟင်းလျာများနှင့် ကန်တုံဟင်းလျာများကို အရသာရှိရှိ သုံးဆောင်ရင်း စီးပွားရေးအကြောင်းများလည်း ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲ ၁ နာရီခွဲတွင် လင်းဖန်သည် လျူယွီတုန်နှင့် မာဟွာထန်တို့ကို ပင်ဂွင်းအဆောက်အအုံသို့ ပြန်ပို့ပေးခဲ့ပြီး သူကိုယ်တိုင်မှာမူ လုံထန်အဆောက်အအုံသို့ ပြန်လာခဲ့သည်။
လျူယွီတုန်နှင့် မာဟွာထန်တို့ ဆွေးနွေးစရာရှိသည်မှာလည်း အရေးကြီးလှသည်။ ကျင်းတုန်သည် လုံထန်နှင့်သာမက ပင်ဂွင်း (Penguin) နှင့်လည်း ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်လိုသည်။ အကြောင်းမှာ ပင်ဂွင်းအုပ်စုသည် ကျင်းတုန်၏ ဒုတိယအကြီးဆုံး ရှယ်ယာရှင် ဖြစ်သောကြောင့်ပင်။
ကျင်းတုန်သည် တရုတ်ပြည်၏ အကြီးဆုံး ကိုယ်ပိုင်အရောင်း (B2C) အီးကောမတ်စ် လုပ်ငန်းစုကြီးဖြစ်ပြီး၊ ပင်ဂွင်းမှာမူ လူမှုကွန်ရက်နှင့် ဂိမ်းလောက၏ ဘုရင်ဖြစ်သည်။ ၎င်းတို့နှစ်ခုမှာ လုပ်ငန်းနယ်ပယ် မတူညီကြသဖြင့် အကျိုးစီးပွား ပဋိပက္ခမရှိဘဲ သဘာဝအတိုင်း မဟာမိတ်များ ဖြစ်လာကြခြင်းပင် ဖြစ်တော့သည်။
***