“မသေမျိုး ကျင့်ကြံခြင်း နယ်ပယ်တွေလေ ။”
ကျိယွမ်သည် မဟာဉာဏ်ပညာရှိထံမှ ယန်နတ်ဘုရားနယ်ပယ်အကြောင်းကို သင်ယူခဲ့ဖူးသည်။ သူက ထိုအသိပညာများကို ဖုံးကွယ်ထားရန် ဆန္ဒမရှိပါ။
အန်ချောင်က နှာခေါင်းရှုံ့၏။
“နင်က လူသစ်ဆိုပေမဲ့ ငါ့ကို အသက်ကြီးလို့ဆိုပြီး ငတုံးလို့ မမှတ်နဲ့။ ပြန်လည်ဝင်စားလာသူတချို့ကို ငါ သိတယ်။ မသေမျိုးကျင့်ကြံခြင်း နယ်ပယ်တွေမှာ ယန်နတ်ဘုရားအဆင့်ဆိုတာ မရှိဘူး။ ခရမ်းရောင်စံအိမ် ကသာ အမြင့်ဆုံးအထွတ်အထိပ်လို့ ငါကြားဖူးတယ်။ ခရမ်းရောင်စံအိမ်ကို ကျော်လွန်သွားရင်တော့ မသိနိုင်တဲ့ နယ်ပယ်တစ်ခုဆီကို တက်လှမ်းသွားကြတဲ့ နတ်ဘုရားတွေပဲ ရှိကြတယ်”
အန်ချောင်သည် မသေမျိုးကျင့်ကြံသူများအကြောင်းကို အတန်အသင့် သိရှိထားသည်။ သူမက မသေမျိုးကျင့်ကြံသူများ၏ နယ်ပယ်များကိုလည်း ရင်းနှီးကျွမ်းဝင်သဖြင့် ကျိယွမ်၏ စကားကို မယုံကြည်ပါ။
အန်ချောင်၏စကားကို ကြားသောအခါ ကျိယွမ်၏ မျက်လုံးများတွင် အံ့အားသင့်ရိပ်များ ထင်ဟပ်သွားသည်။
“ခင်ဗျားက တော်တော်များများ သိတာပဲ။ မေးခွန်းတစ်ခု မေးလို့ရမလား”
ကျိယွမ်သည် သတင်းအချက်အလက်များကို အလကားရရန် ကြိုးပမ်းသည့် နေရာ၌ ဘယ်တော့မှ လက်မနှေးခဲ့ပါ။
“ငါ အဲဒီထက်တောင် ပိုသိသေးတယ်။ မေးသာ မေးပါ”
အန်ချောင်က ဂုဏ်ယူစွာခေါင်းညိတ်ပြီး ဖိတ်ခေါ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ချောမောသော လူသစ်လေးကို မည်သူက ငြင်းဆန်နိုင်မည်နည်း။
သူ့ကို ကြည့်နေရသည်ကပင် စိတ်ချမ်းသာစရာ ကောင်းလှသည်။ အကယ်၍ သူ့ကို သူမ၏အစေခံလူငယ်လေးအဖြစ် ပြောင်းလဲနိုင်လျှင် ပို၍ပင် ပျော်စရာကောင်းပေမည်။
သို့သော် ထိုအရာက အန်ချောင်၏ စိတ်ကူးယဉ်မှူသပ်သပ်သာဖြစ်၏။
“မသေမျိုး ကျင့်ကြံသူတွေ ဒီကိုလာရင် ရော သူတို့ရဲ့ နယ်ပယ်တွေလည်း နိမ့်ကျသွားမှာလား”
ကျိယွမ်က သူအသိချင်ဆုံးအရာအား မေးလိုက်သည်။
“ဖြစ်နိုင်ချေ... ရှိတယ်”
အန်ချောင်က အနည်းငယ်မသေချာသလို ပြန်ဖြေပြီး စဥ်းစားနေ၏။
ထိုအခါ သူမအနားရှိ အနက်ရောင် ဝတ်စုံဝတ် အမျိုးသားက ဝင်ပြောလိုက်သည်။
“ဖြစ်နိုင်တာ မဟုတ်ဘူး၊ သေချာပေါက် ဖြစ်တာ”
သူက လုံးဝအတိအကျသိနေသလို ဝင်ပြောသော်လည်း အဘယ်ကြောင့်ဆိုသည်ကိုတော့ အသေးစိတ် မရှင်းပြခဲ့ပါ။
“ဒါဆိုရင် မသေမျိုး နည်းစနစ်တွေက ရှေးဟောင်းသိုင်းပညာတွေနဲ့ အတူတူပဲပေါ့”
ကျိယွမ်က ငြိမ်သက်သွားကာ သေသေချာချာ စဥ်းစားနေသည်။
အန်ချောင်၏အဆိုအရ ဤနေရာမှ ဌာနေတိုင်းရင်းသားများသည် ရှေးဟောင်းသိုင်းပညာကို ကျင့်ကြံကြသည်။ သူတို့သည် မိမိတို့၏ နယ်မြေတွင် တိုက်ခိုက်နေစဉ် စွမ်းအားကို ထိန်းထားနိုင်သော်လည်း ဂိမ်းအတွင်းရှိ အခြားသော ပြိုင်တူကမ္ဘာများသို့ သွားပါက သူတို့၏ အဆင့်သည် တစ်ဆင့် နိမ့်ကျသွားလေ၏။
သို့သော် သိုင်းပညာအသစ်များတွင်မူ ထိုပြဿနာ မရှိပါ။ အပြိုင်ကမ္ဘာအားလုံးတွင် သူတို့၏ အစွမ်းသည် တစ်ပြေးညီ တည်ရှိနေပြီး အဆင့်လည်း မကျသွားပေ။
ကျိယွမ်က အတန်ကြာတွေးနေပြီးမှ ဆက်မေး၏။
“တကယ်လို့ တစ်ယောက်ယောက်က တခြားကမ္ဘာတွေ၊ ဒါမှမဟုတ်... တခြား စကြဝဠာတွေဆီ သွားမယ်ဆိုရင်ရော၊ သိုင်းပညာအသစ်သမားတွေက သူတို့ရဲ့ စွမ်းအားကို ဆက်ထိန်းထားနိုင်ဦးမှာလား”
အကယ်၍ အခြားစကြဝဠာအထိ သူတို့၏စွမ်းရည်များကို မူလအတိုင်း ထိန်းထားနိုင်ပါက သိုင်းပညာအသစ်များသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းနေမှာ သေချာ၏။
ယန်နတ်ဘုရားတစ်ပါးသည် အထက်ပိုင်းအဆင့်များကို တက်လှမ်းသွားသောအခါ အခြားကမ္ဘာများသို့ရောက်လျှင်လည်း သူတို့၏ စွမ်းအားအပြည့် ထိန်းထားနိုင်ကြသည်။
သို့သော် အခြားစကြဝဠာသို့ ရောက်သွားလျှင်တော့ ထိုသို့ဖြစ်ချင်မှဖြစ်နိုင်ပေလိမ့်မည်။
“တခြား စကြဝဠာတွေ...”
အန်ချောင် အနည်းငယ် မှင်တက်သွားခဲ့သည်။
သူမသည် အလွန်ရှေးကျသူ မဟုတ်သဖြင့် အခြားစကြဝဠာများဆိုသော အယူအဆကို အနည်းငယ် နားလည်ထား၏။
သိပ္ပံပညာရှင်များကလည်း အခြားစကြဝဠာများ တည်ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ကြသော်လည်း ၎င်းမှာ ခန့်မှန်းချက်မျှသာဖြစ်ပြီး သက်သေမပြနိုင်သေးပါ။
“တကယ်လို့ နင် ငါ့ကို အခြားစကြဝဠာတစ်ခုဆီ ခေါ်သွားနိုင်ရင် ငါ နင့်ကို သက်သေပြပေးမယ်”
ကျိယွမ်သည် အန်ချောင်ထံမှ သူလိုချင်သော အဖြေကို မရရှိခဲ့သော်လည်း စိတ်မပျက်ပါ။
“သိုင်းစွမ်းရည်တွေကို ခင်ဗျားတို့က အရောင်းအဝယ် လုပ်လို့မရရင်၊ သိုင်းကျင့်စဉ်တွေကိုတော့ ရနိုင်မလား။ ကျွန်တော့်ရဲ့ မျှော်လင့်ခြင်းလမင်း .."
" မဟုတ်ဘူး ၊ အစားထိုးမျှော်လင့်ခြင်းလမင်းက မိစ္ဆာတွေဆီမှာ ရှိနေတယ်။ သူတို့ကို နောက်ဆုံးတစ်ခေါက် ထပ်တွေ့ဖို့အတွက် ကျွန်တော့်ရဲ့ အစွမ်းကို မြှင့်တင်ချင်လို့ပါ”
သူက စိတ်အားထက်သန်စွာ တောင်းဆိုလိုက်သည်။ မိစ္ဆာများသည် သူ့အတွက် အရေးပါသော သွေးအနှစ်သာရများကို ပေးစွမ်းနိုင်၏။
ထို့ကြောင့် သူတို့အား အစားထိုးမျှော်လင့်ခြင်းလမင်းများဟု ခေါ်သင့်လေသည်။
မိစ္ဆာများသည် ကျိယွမ်၏ စံနှုန်းများနှင့် အပြည့်အဝမကိုက်ညီသေးသဖြင့် အစားထိုးများအဖြစ်သာ သတ်မှတ်ထားခြင်းဖြစ်၏။
“နင့်ရဲမျှော်လင့်ခြင်းလမင်း က မိစ္ဆာတွေ ဖမ်းဆီးတာကို ခံလိုက်ရတာလား”
အန်ချောင်က ကျိယွမ်၏စကားအား နားလည်မှု လွဲသွားခဲ့သည်။ ကျိယွမ်၏ မျှော်လင့်ခြင်းလမင်းလေးသည် မိစ္ဆာများနှင့်အတူ ရှိနေသည်ဟု ကြားသောအခါ သူမက ထိုသူသည် မိစ္ဆာများထံ၌ ဖမ်းဆီးခံထားရသည်ဟု သူမက ထင်မှတ်သွားမိခြင်းပင်။
အနက်ရောင်ဝတ်အမျိုးသားက ကျိယွမ်ကို စနောက်ချင်သော မျက်လုံးများဖြင့် ကြည့်ကာ သတိပေး၏။
“မင်းက ဒီကို ရောက်တာ တစ်ရက်တောင် မပြည့်သေးဘူး၊ မျှော်လင့်ခြင်းလမင်းလေးတွေတောင် ရှိနေပြီလား။ မင်း ဒီဇာတ်ကောင်နေရာမှာ အရမ်း စိတ်နှစ်သွားပြီး မင်းရဲ့ အရင်လူ ကြိုက်ခဲ့တဲ့ အမျိုးသမီးကို စွဲလမ်းနေတာ ထင်တယ်။ "
"ဒါက မကောင်းဘူး။ ငါ့အကြံပြုချင်တာကတော့ သူ့ကို မေ့လိုက်ပါ။ တီဗီဇာတ်လမ်းတွဲ တစ်ခု ကြည့်နေသလိုပဲ သဘောထားလိုက်”
“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။”
ကျိယွမ်က လက်မခံနိုင်ဘဲ ချက်ချင်းခေါင်းယမ်း၏။
“သူ့ကို တွေ့ချင်တဲ့ ကျွန်တော့်ရဲ့ ဆန္ဒက နေနဲ့ လလို ကြည်လင်တယ်၊ ပင်လယ်တွေလို အဆုံးမရှိဘူး၊ ပေါက်ကွဲထွက်တော့မယ့် ဆီးအိမ်လိုပဲ အရှိန်အဟုန် ပြင်းထန်တယ် ၊ အစားထိုးဖြစ်နေရင်တောင် မျှော်လင့်ခြင်းလမင်းကို မတွေ့ ဘဲတော့ မနေနိုင်ဘူး”
ကျိယွမ်၏ စိတ်ရင်းမှန်မှုနှင့် အလေးအနက်ထားမြတ်နိုးတတ်မှုက အန်ချောင်ကို စိတ်လှုပ်ရှားသွားစေခဲ့သည်။
သူမက ကျိယွမ်အား ကရုဏာသက်စွာကြည့်ပြီး သက်ပြင်းချ၏။
“ငါ့ဆီမှာ သိုင်းကျင့်စဉ်တစ်ခု ရှိတယ်၊ ဒါပေမဲ့ အဲဒါက နည်းနည်းတော့ မပြည့်စုံဘူး။ အဲဒါက နင့်ကို သွေးစွမ်းအင်နယ်ပယ်ရဲ့ အထွတ်အထိပ်အထိပဲ ပို့ဆောင်ပေးနိုင်မှာ။ အဲဒါကို လိုချင်လား”
နောက်ဆုံးတွင် အန်ချောင်က ကျိယွမ်၏ ကျေးဇူးရှင်အဖြစ် ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည်။
ကောင်လေးက အရမ်းချောနေတော့ သူဝမ်းနည်းနေမှာကို မကြည့်ရက်ဘူး ။
“ဟုတ်ကဲ့..လိုချင်ပါတယ် ၊ ခင်ဗျားက တကယ်ကို ကြင်နာတတ်တဲ့သူပဲ။ ကျွန်တော့်ရဲ့ မျှော်လင့်ခြင်းလမင်းမျိုးနွယ်စုကလည်း ခင်ဗျားကို အရမ်းကျေးဇူးတင်ကြမှာပါ”
ကျိယွမ်က ဝမ်းသာအားရ ကျေးဇူးတင်စကားပြောလိုက်၏။
အနက်ရောင်ဝတ်စုံအမျိုးသားကတော့ ချိုသည် ခါးသည် ဝင်မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။
အန်ချောင်သည် သူမ၏ သွေးစွမ်းအင် ဟင်းလင်းပြင်ထဲမှ ဟောင်းနွမ်းနေသော သားရေလိပ်တစ်ခုကို ထုတ်ယူလိုက်၏။
သားရေလိပ်သည် ဝါကျင့်ကျင့်ဖြစ်နေပြီး ပျက်စီးနေသဖြင့် အလွန်ဟောင်းနွမ်းနေပြီးဖြစ်ကြောင်း သိသာစေသည်။
“ဒီကျင့်စဉ်ကို ကောင်းကင်တုန်လှုပ်ခြင်းအတက်လို့ ခေါ်တယ်။ နာမည်ကတော့ အစွမ်းထက်ပုံ ပေါက်ပေမဲ့ အစွမ်းကတော့ သာမန်ပါပဲ။ ကျင့်စဉ်တစ်ခုအဖြစ် သတ်မှတ်လို့ ရရုံပဲ ရှိတယ်။ အဲဒါကို ရပြီဆိုရင် သေချာကျင့်ဖို့ မမေ့နဲ့။ နင့်ရဲ့ မျှော်လင့်ခြင်းလမင်းကို သွားရှာဖို့လည်း မလောနဲ့ဦး။"
" ဒီတာဝန်က တော်တော် ထူးဆန်းတယ်၊ ပါဝင်တဲ့ မိစ္ဆာတွေက အနည်းဆုံး သွေးစွမ်းအင်နယ်ပယ်မှာ ရှိကြတယ်။ နင်အခု သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ လောလောဆယ်တော့ လေ့ကျင့်တာကိုပဲ အာရုံစိုက်ပြီး ငါတို့ရဲ့ စုံစမ်းစစ်ဆေးရေး ညွှန်ကြားချက်တွေကို လိုက်နာပါ။ တာဝန်က အလွယ်တကူ ပြီးမြောက်သွားရင် တစ်လ ဒါမှမဟုတ် နှစ်လထက် ပိုကြာမှာ မဟုတ်ဘူး”
သူမက စေတနာဖြင့် ကျိယွမ်အား ဇွတ်မမိုက်ရန် သတိပေး၏။
“တစ်လ ဒါမှမဟုတ် နှစ်လ... အဲဒီလောက်တောင် ကြာမှာလား”
ကျိယွမ် အံ့အားသင့်သွားသည်။
“ဒီနေရာနဲ့ တကယ့်ကမ္ဘာကြားက အချိန်ကွာခြားချက်က ဘယ်လောက်လဲ”
အကယ်၍ ဤနေရာမှ တစ်စက္ကန့်သည် အပြင်ကမ္ဘာမှ နှစ်ပေါင်း တစ်သောင်းနှင့် ညီမျှနေပါက ပြဿနာတတ်ပေလိမ့်မည်။
ထိုအခါ သူ၏ငွေသန်းတစ်ရာ ၊ မဟုတ်ဘူး နှစ်သန်းပေါင်းကြာပြီဆိုတော့ အတိုးနဲ့ဆိုရင် ဆယ်ထရီလီယံလောက်ရှိမည်။ ထိုအချိန်ဆိုင်းအပ်ငွေကို ဘဏ်က သူ့ကို ထုတ်ပေးဦးမလား မသေချာတော့ပါ။
အန်ချောင်က ရယ်မောလိုက်ပြီး သူ့အားနှစ်သိမ့်ပေးသည်။
“နင်က သေပြီးသားလေ။ အတိတ်နဲ့ အဆက်အသွယ် ဖြတ်သင့်ပြီ။ ဒီက အချိန်က တကယ့်ကမ္ဘာနဲ့ တစ်ထပ်တည်းပဲ၊ တစ်ပုံစံတည်း သွားနေတာ။ ဒါနဲ့ ငါတို့က ခရိုင်ရုံးမှာ တည်းနေတာ။ နင် ငါတို့နဲ့ လိုက်နေချင်လား”
သူမက တစ်လက်စတည်းဟု ဖိတ်ခေါ်လိုက်သည်။
“ဟင့်အင်း၊ ကျွန်တော်က တစ်ယောက်တည်း နေရတာ ကျင့်သားရနေပြီ။ အထီးကျန် ဝံပုလွေ ဖြစ်ရတာကို ကြိုက်တယ်”
ကျိယွမ်က ထိုသို့ပြောလိုက်သော်လည်း “အထီးကျန် ဝံပုလွေ” ဟူသော စကားလုံးတွင် သူ အနည်းငယ် တုံ့ဆိုင်းသွားသည်။
သူက အမှန်တကယ်တော့ အထီးကျန် ဝံပုလွေ မဟုတ်ပါ၊ သတို့သမီးလေးက အမြဲတမ်း သူနှင့်အတူ ရှိနေသည်မဟုတ်ပါလား။
“အဲဒါဆိုရင်လည်း နင် ငါတို့ကို လိုအပ်ရင် ခရိုင်ရုံးကို လာခဲ့။ ငါတို့ ဒီကတွေ့ရှိချက်တွေကို အမြန်ဆုံး အဖွဲ့ခေါင်းဆောင်ဆီ သတင်းပို့ဖို့ လိုတယ်”
“ကောင်းပါပြီ၊ အားလုံးပဲ နှုတ်ဆက်ပါတယ်”
ကျိယွမ်က သူတို့ကို လက်ဝှေ့ယမ်းပြကာ အရင်ဆုံးပျောက်ကွယ်သွားခဲ့သည်။
ခြောက်ကပ်ပြီး ပျက်စီးနေသော ခြံဝင်းထဲတွင် အန်ချောင်၊ အနက်ရောင် ဝတ်စုံဝတ် အမျိုးသားနှင့် အနက်ရောင် ခွေးကြီးသာ ကျန်ရစ်ခဲ့လေသည်။
“ဒီလူသစ်က... နည်းနည်းတော့ ယုံကြည်လို့ မရသလိုပဲ၊ ဒါပေမဲ့ ငါ့ရဲ့ စိတ်အာရုံကတော့ သူက တော်တော် ထူးခြားပြီး လျှို့ဝှက်ချက်တချို့ ရှိနေတယ်လို့ ပြောနေတယ်”
အနက်ရောင် ဝတ်စုံဝတ် အမျိုးသားက စဥ်းစားနေသလို တီးတိုးမှတ်ချက်ချ၏။
အန်ချောင်က နှာခေါင်းရှံ့သည်။
“ဖြစ်နိုင်တာက သူ မသေမျိုး ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ပြီး စွမ်းရည်မန္တာန်တစ်ခုခု တတ်ထားတာ ဖြစ်မှာပါ”
အနက်ရောင် ဝတ်စုံဝတ် အမျိုးသားသည် ကျိယွမ်၏ အပြောအဆိုနှင့် အမူအယာများကို ပြန်စဉ်းစားကာ ဖြစ်နိုင်သည်ဟု ခေါင်းညိတ်ပြသည်။
“ကံမကောင်းတာက ဒီနေရာမှာ သိုင်းပညာကသာ ဘုရင်ပဲ။ နတ်ဘုရား စွမ်းရည် နည်းနည်းပါးပါး တတ်ထားတာကတော့ ဘာမှ မဟုတ်ပါဘူး”
ထိုအမျိုးသားက နှမြောသလိုညည်းညူ၏။
မသေမျိုး နည်းစနစ်များ ကျင့်ကြံခြင်းသည် သိုင်းပညာလေ့ကျင့်ခြင်းထက် ပို၍ အချိန်များစွာကြာမြင့်သည်။
ထို့အပြင် ထန်းရွှမ်ကမ္ဘာကြီးသို့ ဝင်ရောက်သည့်အခါ လူတစ်ဦး၏ ကျင့်ကြံမှု အဆင့်သည် တစ်ဆင့် နိမ့်ကျသွားဦးမည်လည်း ဖြစ်သောကြောင့် ၎င်းမှာ ပြောပလောက်စရာပင် မရှိတော့ပါ။ ပထမတန်းကလေးက မူကြိုကျောင်းသား ပြန်ဖြစ်သွားသလိုပင်။
ထိုအချိန်၌ သိုင်းပညာလေ့ကျင့်သူများက အထက်တန်းပြီးဆုံး၍ ပထနှစ်တက္ကသိုလ်ကျောင်းသားများပင် ဖြစ်နေလောက်လေပြီ။
“ထားပါတော့ ...ဘယ်သူ့မှာ လျှို့ဝှက်ချက် မရှိလို့လဲ။ မင်းမှာလည်း ရှိတယ်၊ ငါ့မှာလည်း ရှိတယ်၊ အဖွဲ့ခေါင်းဆောင်မှာလည်း ရှိတာပဲ”
အန်ချောင်က ပြုံးလျက် အနက်ရောင် ခွေးကြီးကိုခေါ်ကာထွက်သွားရန်ပြင်သည်။
“ခွေးဝတုတ်လေး၊ သွားကြစို့”
သူမက ရှေ့မှဦးဆောင်ကာ ခြံဝန်းထဲမှထွက်ခဲ့သည်။
ထိုအချိန်တွင် ခွေးနက်ကြီးက သက်ပြင်းချကာ တီးတိုးရေရွတ်၏။
“တကယ်တော့ ငါ့မှာလည်း လျှို့ဝှက်ချက် တစ်ခု ရှိတယ်”
သို့သော် သူ၏စကားကို မည်သူကမျှ ဂရုမစိုက်ခဲ့ကြပါ။
ငါကခွေးဖြစ်နေလို့ နင်တို့က လူရာမသွင်းကြတာလား။
တစ်ဖက်တွင်တော့ ကျိယွမ်သည် လက်ဖက်ရည် သောက်ရင်း သားရေလိပ်ကို စစ်ဆေးနေခဲ့သည်။
[ဒါက သိုင်းပညာကျင့်စဉ်တစ်ခု ဖြစ်သည်၊ မပြည့်စုံပါ၊ အားနည်းချက် ၁၂၄ ခု ရှိ၏။ ၄င်းကို မြှင့်တင်နိုင်ပါသည်...]
ကျိယွမ်၏ မျက်လုံးများက ဖုံးကွယ်ထားသော သတင်းအချက်အလက်များကို မြင်နိုင်၏။
သူ့အတွက်မူ ဤကျင့်စဉ်တွင်လျှို့ဝှက်ချက်ကြီးကြီးမားမား မရှိပါ။
“နှမြောစရာပဲ၊ ငါ့မှာ အဲဒါကို ပြည့်စုံအောင် လုပ်ဖို့ လုံလောက်တဲ့ သိုင်းကျင့်စဉ်တွေ မရှိသေးဘူး။”
လောလောဆယ်တွင် သူသည် ကျင့်စဉ်ကို အနည်းငယ်သာ အဆင့်မြှင့်တင်နိုင်ပြီး အပြည့်အဝ မဖော်ထုတ်နိုင်သေးပါ။
သို့သော် ကျိယွမ်အတွက်မူ ဤမျှဖြင့် လုံလောက်ပါသည်။
“ငါ အခု အရမ်း အားနည်းနေသေးတယ်၊ သွေးစွမ်းအင်နယ်ပယ်ထဲကို ခုမှ ရောက်တာ။ တကယ်လို့များ အခုချိန် မျှော်လင့်ခြင်းလမင်းတွေကို သွားတွေ့ရင်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေလိမ့်မယ်။"
" မဖြစ်သေးဘူး၊ ငါ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်ရမယ်”
ထို့သို့တွေးပြီးနောက် ကျိယွမ်သည် မပြည့်စုံသော ကောင်းကင်တုန်လှုပ်ခြင်း အတက်ကို စတင်ကျင့်ကြံလေသည်။
သို့သော် ဆယ့်ငါးမိနစ်ခန့် သာ ကြာပြီးနောက် ကျိယွမ် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
“ဒါက အရမ်း နှေးလွန်းတယ်။ ဒီနှုန်းအတိုင်းဆိုရင် သွေးစွမ်းအင်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်ဖို့ အနည်းဆုံး သုံးလ ကြာလိမ့်မယ်”
သူက စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အကြံအိုက်သွားခဲ့သည်။
အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ သုံးလအတွင်း တက်လှမ်းနိုင်ခြင်းမှာ အမှန်တကယ်တော့ လုံးဝမလွယ်ကူပါ။
အကယ်၍ အန်ချောင်သာ ဤအကြောင်းကို သိပါက သူမသည် အလွန်အံ့အားသင့်သွားပြီး “ဒီလူချောလေးကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး” ဟု ပြောပေလိမ့်မည်။
သို့သော် ကျိယွမ်အတွက်ကတော့ ဤအရှိန်သည် နှေးကွေးလွန်းလေ၏။
“ငါ့ရဲ့ နက်ပြာရောင် အမှတ်တွေကို သုံးရတော့မယ် ထင်တယ်”
ကျိယွမ်က လက်ချောင်းလေးများကို တစ်ချက်တောက်လိုက်ရာ သူ၏ ပတ်ပတ်လည်တွင် မိစ္ဆာသွေးအနှစ်သာရ သုံးစက် ပေါ်ထွက်လာသည်။
သူသည် သွေးတစ်စက်ကို မဆိုင်းမတွ မျိုချလိုက်ပြီး ကျင့်စဉ်ကို ပြန်လည် လည်ပတ်စေလိုက်၏။
“သင်ဟာ မိစ္ဆာသွေးအနှစ်သာရ တစ်စက်ကို မျိုချလိုက်ပြီ။ သင့်ရဲ့ ကိုယ်ခံပညာ ကျင့်ကြံမှုက ဆယ်ရက်စာ တိုးတက်သွားပြီ။ မိစ္ဆာသွေးအနှစ်သာရ နှစ်စက် ကျန်သေးတယ်”
သူက သူ့ဘာသာ တိုးတိုးလေး ကြေညာပေးနေ၏။
အကယ်၍ အပြင်လူများ ထိုအရာကိုမြင်ပါက သူ ရူးနေသည်ဟု သေချာပေါက်ထင်ကြပေလိမ့်မည်၊ သို့သော် ကျိယွမ်ကတော့ ဤသို့လုပ်ရသည်ကို ပျော်ရွှင်နေသည်။
“သင်သည် မိစ္ဆာသွေးအနှစ်သာရ နောက်ထပ် နှစ်စက်ကို မျိုချလိုက်ပြီ။ သင့်ရဲ့ ကျင့်ကြံခြင်း အရှိန် မြင့်တက်လာတယ်။ ရုတ်တရက်ဆိုသလို စိတ်ကူးသစ်တစ်ခု ရရှိလာပြီး ကောင်းကင်တုန်လှုပ်ခြင်း အနုပညာရဲ့ ဗဟိုချက်ဟာ ‘တုန်လှုပ်ခြင်း’ ဆိုတဲ့ အယူအဆအပေါ်မှာ တည်နေတယ်ဆိုတာကို သိမြင်သွားတယ်။”
“မိုးကြိုးပစ်တာကလည်း တုန်လှုပ်စရာပဲ၊ လန့်သွားတဲ့မြင်းကလည်း တုန်လှုပ်စရာပဲ၊ အင်းဆက်တွေ နိုးထလာတာက လည်း တုန်လှုပ်စရာပဲ။ "
"ဂုဏ်ယူပါတယ် ...သင့်ရဲ့ ကျင့်ကြံမှုက အရှိန်အဟုန်နဲ့ တိုးတက်လာပြီး နှစ်လကြာ ကြိုးစားအားထုတ်မှုနဲ့ ညီမျှသွားပါပြီ။”
အသက်ရှူကြိမ် အနည်းငယ်အကြာတွင် ကျိယွမ်၏ မျက်လုံးများထဲ၌ သွေးရောင်အလင်းတစ်ခု လက်ခနဲဖြတ်သန်းသွားခဲ့သည်။
မိစ္ဆာသွေးအနှစ်သာရ သုံးစက်သည် သူ၏ ကျင့်ကြံမှုကို သိသိသာသာ တိုးတက်စေခဲ့ပြီး သူ၏ လေ့ကျင့်ချိန်ကို နှစ်လကျော် လျှော့ချပေးနိုင်ခဲ့လေ၏။
“ငါက ပိုပိုပြီး စွယ်စုံရလာပြီပဲ။ ဝမ်ယုကုန်းမြေတိုက်တုန်းက ငါက စကားမပြောတတ်တဲ့ အဝတ်အစားကောင်တွေအတွက် အသံသွင်းပေးနိုင်ခဲ့တယ်။ အခုတော့ ငါက စနစ်အတွက်တောင် နောက်ခံစကား ပြောပေးနိုင်နေပြီ”
ကျိယွမ်က အလွန်ဂုဏ်ယူနေခဲ့သည်။
"တကယ်လို့ ငါ ဒီအလုပ်ကနေ ထွက်လိုက်လို့ အလုပ်မရှိရင်တောင် စနစ်ရဲ့ နောက်ခံစကားပြောသူ ဖြစ်လာနိုင်သေးတယ်”
သူက ထိုသို့ တွေးကာ ကျေနပ်သွားသည်။
ကျိယွမ်သည် သူ၏ နောက်ခံစကားပြော စွမ်းရည်အပေါ် ဂုဏ်ယူနေပြီး သူ ဘယ်တော့မှ အလုပ်လက်မဲ့ ဖြစ်မည်မဟုတ်ကြောင်း ယုံကြည်နေတော့သည်။
“ဟူး၊ ငါ ဒီလောက် ကြိုးစားထားတာတောင် အဲဒီ အစားထိုးမျှော်လင့်ခြင်းလမင်းဖြစ်တဲ့ အကြီးအကဲဟွမ်(ဟွမ်စစ်၏ အစ်ကို) က ငါ့ကို ဘာလို့ လာမရှာသေးတာလဲ”
"NPC တွေက အရမ်းပျင်းကြတာပဲ "
ကျိယွမ်က စိတ်မရှည်စွာ ညည်းတွားလိုက်သည်။
သူ ဟွမ်စစ်ကို သတ်လိုက်သည်မှာ မကြာသေးသော်လည်း ယခုလောက်ဆိုလျှင် အကြီးအကဲဟွမ်မှာ သတင်းရလောက်ပြီ ဖြစ်သင့်သည်။
အကယ်၍ အကြီးအကဲဟွမ်သည် ဝီရိယရှိသူ ဖြစ်ပါက လက်စားချေရန် ရောက်နေသင့်ပြီ မဟုတ်ပါလား။
သို့သော် အကြီးအကဲဟွမ် ရောက်မလာခဲ့ပါ။
“ပုံမှန်ဆိုရင်တော့ အကြီးကြီးတစ်ကောင်ကို အနိုင်ယူပြီးရင် ပိုကြီးတဲ့တစ်ကောင်ရောက်လာတတ်တယ်။ ဒါပေမဲ့ ပိုကြီးတဲ့သူက အခုရောက်မလာမှတော့ ငါကပဲ အကြီးအကဲဆီ သွားပြီးတော့ နောက်ထပ် ပိုကြီးတဲ့သူကိုပါ တစ်ခါတည်း သွားတိုက်လိုက်တော့မယ်”
ကျိယွမ်သည် အချိန်ဖြုန်းမနေတော့ဘဲ ပျင်းရိနေသောအကြီးအကဲဟွမ်ထံ သွားရောက်၍ ပြဿနာရှာရန် ဆုံးဖြတ်လိုက်သည်။
အမှန်တရားမှာ မိစ္ဆာနှိမ်နင်းရေးဌာနမှ လူများ ရောက်ရှိလာကတည်းက ဧရိယာအတွင်းရှိ မိစ္ဆာအားလုံးကို လွတ်လပ်စွာ မသွားလာရန် အမိန့်ထုတ်ထားသည်ကိုတော့ ကျိယွမ် မသိခဲ့ပါ။
မိစ္ဆာအများစုသည် ယခုအခါ နေရာအသီးသီးတွင် ပုန်းအောင်းနေကြပြီး အပြင်မထွက်ကြတော့ပါ။
ထို့ကြောင့် အကြီးအကဲဟွမ်က ရောက်မလာခဲ့ခြင်းပင်။
ကျိယွမ် တည်းခိုခန်းမှ ထွက်လာခဲ့၏။သူ၏ သိုင်းပညာကလည်း သိသိသာသာ တိုးတက်နေပြီ ဖြစ်သောကြောင့် ယုံကြည်မှုကလည်း မြင့်တက်နေလေသည် ။
အကြီးအကဲဟွမ်ကိုသတ်ပြီး သူ့ထက်ကြီးတဲ့ အကောင်ကြီးကြီးကိုပါ ထပ်သတ်လိုက်ရင် ငါ သွေးစွမ်းအင်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်မှာသေချာတယ်။
ယခုတစ်ကြိမ်တွင်မူ သူသည် တတ်နိုင်သမျှ များများသတ်ရန် စီစဉ်ထား၏။
ကျိယွမ်သည် လူသူကင်းမဲ့သော ခြံဝင်းတစ်ခုသို့ ရောက်သောအခါ ရပ်တန့်လိုက်သည်။
အစောပိုင်းက သူ လော့မိသားစု
စံအိမ်ကအပြန်တွင် ဟွမ်မိသားစုစံအိမ်သို့ သွားခဲ့သေးသော်လည်း လူသူကင်းမဲ့နေခဲ့သည်။
ယွင်ယန်ခရိုင်ရှိ မိစ္ဆာအားလုံးသည် ယခုအခါ အခြေစိုက်စခန်းများတွင် ပုန်းအောင်းနေကြပြီး ‘မိစ္ဆာ ရာထူးတိုး မြှင့်တင်ရေး ညီလာခံ’ တစ်ခု ကျင်းပနေပုံရကြောင်း သူသိခဲ့ရသည်။
ကျိယွမ်သည် ခြံဝင်းထဲသို့ ချက်ချင်းမဝင်သေးဘဲ သူ၏တည်ငြိမ်စွာ အကဲခတ်လိုက်ပြီးမှ အံ့သြသွားသလို ရေရွတ်လိုက်သည်။
“ဒီအခြေစိုက်စခန်းမှာ အင်အားအကောင်းဆုံးက သွေးစွမ်းအင်နယ်ပယ်အဆင့်ရှိတဲ့ အကြီးအကဲ ဟွမ်ပဲ၊ နောက်ပြီး တခြား အဆင့်တူ မိစ္ဆာ နှစ်ဆယ်လောက်လည်း ရှိနေတာလား"
ထိုအတိုင်းဆိုလျှင် ၎င်းမှာ ခက်ခဲသော ပစ်မှတ် ဖြစ်သွားလေပြီ။
အကယ်၍ အကြီးအကဲဟွမ်နှင့် သူတိုက်ခိုက်နေစဉ် အခြားသူများက အခွင့်ယူပြီး အပိုင်ဝင်တိုက်ပါက သူ ဒဏ်ရာမရဘဲ ဆုတ်ခွာရန် ခက်ခဲမှာ သေချာ၏။
“ဒီစနစ်က အသုံးမကျဘူး။ အဆင့်လေးမြှင့်ဖို့ကို ငါ ဘာလို့ မိစ္ဆာအနှစ်သာရသွေးတွေ လိုနေရတာလဲ”
ကျိယွမ် သက်ပြင်းချလိုက်ပြီးမှ သတိရသွားသလို ထပ်မံရေရွတ်လိုက်သည်။
“အိုး.. ဆောရီး၊ ငါ မေ့သွားတယ်။ ငါ့မှာ စနစ်မှ မရှိတာ ”
ကျိယွမ်၏လက်ရှိအဖြစ်မှာ ရည်းစားဖြစ်သူအပြစ်များကို ဝေဖန်နေပြီးမှ မိမိတွင် ရည်းစားပင် မရှိမှန်း သိသွားသူနှင့် တူနေ၏။
“ဟေ့.. မင်းက ရုံးကလူပဲ၊ ဒီမှာ ဘာလုပ်နေတာလဲ။ ဒီခြံဝင်းထဲကို မိစ္ဆာတွေပဲ ဝင်ခွင့်ရှိတယ်ဆိုတာ မင်းမသိဘူးလား”
ထိုအချိန်တွင် သူ၏နောက်ဘက်မှ မာကျောသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
ကျိယွမ် လှည့်ကြည့်လိုက်သောအခါ မိုးကြိုးသွားလိုနှုတ်သီးနှင့် ကြက်ဖမျက်နှာရှိသော မိစ္ဆာတစ်ကောင် ချဉ်းကပ်လာသည်ကို တွေ့ရသည်။
မြင်မြင်ချင်းမှာပင် ၄င်းသည် ကြောက်မက်ဖွယ်ကောင်းပြီး ယုတ်မာမည့်သတ္တဝါမှန်း သိသာလှ၏။
သူသည် ကျိယွမ်ကို စိုက်ကြည့်နေပြီး အခွင့်အရေးရလျှင် စားပစ်မည့်ပုံစံဖြင့် မျက်လုံးများက တောက်ပနေခဲ့သည်။
“ကြက်ဖကြီး လား။”
ကျိယွမ်သည် ၎င်းမှာ ကြက်ဖမိစ္ဆာ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
၄င်းမှာ သူ့ဘဝတွင် ပထမဆုံးအကြိမ် တွေ့ဖူးသော ကြက်ဖမိစ္ဆာအထီး ဖြစ်သည်။သူ၏ ရန်သူတော်ဟောင်းကြီးဖြစ်သော မဟူရာကြက်မိစ္ဆာအိုကြီးမှာ နာမည်ကသာ မိစ္ဆာဖြစ်နေသော်လည်း လူသားစစ်စစ်ဖြစ်လေသည်။
ယခုမူကား ကြက်ဖမိစ္ဆာအစစ်ဖြစ်၏။
“ငါက မိစ္ဆာမဟုတ်ပေမဲ့ ငါ့မိန်းမက မိစ္ဆာပဲ။ သဘာဝကျကျပြောရရင် ငါလည်းဝင်ခွင့်ရှိတယ်။ ငါက အိမ်ပါသားမက်ပဲကွ ၊ ယောက္ခမရဲ့မျိုးနွယ်ထဲ ဝင်တာဆန်းသလား ”
ကျိယွမ်က ဂုဏ်ယူစွာဖြင့် ရင်ကော့ကာ ပြောလိုက်သည်။
သူ့မှာ မျှော်လင့်ခြင်းလမင်းကို တွေ့ရန် များစွာ ကြိုးစားထားရသည်မဟုတ်ပါလား ၊ အနားသို့ရောက်လာမှ အထဲမဝင်ရဆိုလျှင် အလကားဖြစ်သွားပေလိမ့်မည်။
“မင်းမိန်းမက မိစ္ဆာ..ဟုတ်လား”
ကြက်ဖမိစ္ဆာ အံ့အားသင့်သွားသည်။
သို့သော် သူက ကျိယွမ်အား ဖင်ဆုံးခေါင်းဆုံးကြည့်၏။
ပြီးနောက် သူ၏ အမူအရာမှာ ပို၍ မထီမဲ့မြင် ဖြစ်သွားလေသည်။
“ဒါဆိုရင် မင်းက အမွေးမရှိတဲ့ ကောင်ချောလေးပေါ့”
မိစ္ဆာတစ်ကောင်အနေဖြင့် သူသည် အမွေးအမှင်ကျဲပါးသော လူသားများကို အမြဲတမ်း အထင်သေးလေ့ ရှိ၏။
သို့သော် အချို့သော အမျိုးသမီး မိစ္ဆာများက လူသားချောချောလေးများကို ကြိုက်ကြသည်။
ကြက်ဖမိစ္ဆာ၏ အမြင်တွင် ထိုအမျိုးသမီးမိစ္ဆာများသည် အမျိုးဖျက်မှာဖြစ်ပြီး အရှက်ရစရာ ဖြစ်သည်။
ထိုမိစ္ဆာမများသည် သူတို့၏ အမွေးများကိုပင် အကုန်နုတ်ပစ်ကာ မိစ္ဆာလက္ခဏာ အနည်းငယ်ကိုသာ ချန်ထားတတ်ကြသဖြင့် ကြည့်ရသည်မှာ အလွန် ရုပ်ဆိုးလှ၏။
တကယ့်ကို လူသားတွေကို ကိုးကွယ်နေကြတဲ့ မိစ္ဆာမလေးတွေပဲ။
ကျိယွမ်က ပြုံးကာ မေးလိုက်သည်။
“အခု ငါ ဝင်လို့ရပြီလား”
ကြက်ဖမိစ္ဆာက ချီယွမ်ကို အေးစက်စွာ ကြည့်ပြီး ဆင်ခြေပေး၏။
“တံခါးဝက သစ်ပင်မိစ္ဆာအိုကြီးကို မေးရမယ်။ သူက အသက်အရမ်းကြီးနေတော့ အသွင်ပြောင်းထားတာတွေကို အကုန်မြင်နိုင်တယ်”
ထိုသို့ပြောပြီးနောက် ကြက်ဖမိစ္ဆာသည် သူ၏အမြီးကိုထောင်ကာ ပျက်စီးနေသော ခြံဝင်းထဲသို့ ဝင့်ကြွားစွာ လျှောက်သွားလေသည်။
ကျိယွမ်သည် အကြွားသန်နေသောကြက်ဖမိစ္ဆာကို ကြည့်ကာ သူ၏မျက်လုံးများက လောဘအရောင်များ တောက်ပသွားလာ၏။
“ဒါက ကြက်ဖမိစ္ဆာပဲ၊ ငါ အဲဒါကိုသုံးပြီး အိမ်တစ်လုံး ဝယ်လို့ရတယ်။ ငါသာ အစိုးရဝန်ထမ်း ဖြစ်ခဲ့ရင် ကောင်းမှာပဲ”
ကျိယွမ် ဤသို့ တွေးနေစဉ် ခြံဝသို့ မိစ္ဆာလေပြင်းတစ်ခုက ရုတ်တရက်တိုက်ခတ်လာသည်။
လေပြင်းပျောက်ကွယ်သွားသောအခါ ခြောက်သွေ့နေသော သစ်ခေါက်နှင့် တူသော အဘိုးအိုတစ်ဦး ပေါ်လာ၏။
ကြက်ဖမိစ္ဆာသည် အဘိုးအိုကို မြင်သောအခါ ရိုသေစွာဦးညွှတ်လိုက်သည်။
“အကြီးအကဲ လောကတ်”
ခြောက်ကပ်နေသော အဘိုးအိုက ကြက်ဖမိစ္ဆာကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြသည်။
“ကြက်ဖမိစ္ဆာ.. ဆက်သွားပါ”
ကြက်ဖမိစ္ဆာက အရိုအသေပေးလိုက်ပြီး ဆက်ပြောသည်။
“ကျုပ်နောက်မှာ လူသားတစ်ယောက် ရှိတယ်၊ သူက မိစ္ဆာမတစ်ယောက်ရဲ့ အချောလေးလို့ ပြောနေတယ်။ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိမယ်လို့သံသယရှိစရာပဲ ၊ အကြီးအကဲ လောကတ်။ သူ့ကို သေချာ စစ်ဆေးပေးပါဦး”
ခြောက်ကပ်နေသော အဘိုးအိုက ကျိယွမ်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများသည် နက်ရှိုင်းသွားခဲ့သည်။
ထိုအချိန်တွင် ကျိယွမ်သည် ယုံကြည်မှုအပြည့်ဖြင့် ရှေ့သို့ လျှောက်လာပြီး ဖော်ရွှေစွာပြုံးပြလိုက်သည်။
“သတို့သမီးလေ...ခနထွက်ခဲ့ဦး"
ကျိယွမ် ထိုသို့စကားပြောလိုက်သည်နှင့် ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး သွေးရောင်အလင်းတစ်ခု ပေါ်လာခဲ့သည်။
ကျိယွမ်၏ ဘေးတွင် မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
သွေးရောင် မင်္ဂလာဝတ်စုံသည် ရှေးဟောင်း တရုတ်ရိုးရာပုံစံဖြစ်ပြီး မှောင်မိုက်သောညတွင် အလွန် ထိတ်လန့်ဖွယ် ကောင်းနေခဲ့သည်။
သို့သော် ထိုမင်္ဂလာဝတ်စုံသည် ကျိယွမ်၏ ဘေးတွင် ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ကပ်နေလေသည်။
အကယ်၍ ၎င်းတွင် မျက်နှာ ရှိပါက မိတ်ကပ်များ လိမ်းခြယ်ထားပြီး နူးညံ့သော မျက်လုံးများ၊ သွယ်လျသော မျက်ခုံးများရှိသည့် အလှပဂေးတစ်ဦး ဖြစ်မှာ သေချာ၏။
“ဒါက ငါ့မိန်းမ သတို့သမီးလေးပဲ၊ ရှောင်ကျားလို့လည်းခေါ်တယ် ၊ ငါက သူ့ကို မြင်းရထား ရှစ်စီးပါတဲ့ ထမ်းစင်နဲ့ အိမ်ကို ခေါ်လာခဲ့တာ”
ကျိယွမ်က သတို့သမီးလေ၏ အေးစက်သော အင်္ကျီလက်စကို ကိုင်ကာ ဂုဏ်ယူစွာ မိတ်ဆက်ပေးလိုက်သည်။
“ဒါက...”
ကြက်ဖမိစ္ဆာ၏ မျက်လုံးများ ပြူးကျယ်သွားလေ၏။
သူသည် ထိုလူသား၏ ဇနီးသည် မည်သည့်မိစ္ဆာမျိုး ဖြစ်နိုင်မည်ကို ခန့်မှန်းထားခဲ့သော်လည်း... ဤသို့ ဖြစ်လိမ့်မည်ဟုတော့ လုံးဝ မမျှော်လင့်ထားခဲ့ပါ။
ဤကမ္ဘာပေါ်တွင် မင်္ဂလာဝတ်စုံမှ ဖြစ်လာသော မိစ္ဆာမျိုး တကယ်ရှိသလား။
၎င်းမှာ အလွန်ရှားပါးသော မြင်ကွင်း ဖြစ်သည်။
အကြီးအကဲ လောကတ်၏ တည်ငြိမ်သော အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွား၏။
သူက သတို့သမီးလေးကို ကြည့်လိုက်ရာ မိစ္ဆာအရှိန်အဝါများ စီးထွက်လာခဲ့သည်။
သူသည် ရှေ့မှထူးဆန်းသောဝတ်စုံမိစ္ဆာ ဟုတ်မဟုတ်ကို ဆုံးဖြတ်ရန် ကြိုးစားနေပုံရလေ၏။
ဘေးမှ ကြက်ဖမိစ္ဆာသည်လည်း ရလဒ်ကို သိချင်သဖြင့် ရင်ခုန်နေခဲ့သည်။
နောက်ဆုံးတွင် အသက်ရှူကြိမ် ၁၂ ကြိမ်ခန့်ကြာပြီးမှ အကြီးအကဲလောကတ်က အက်ရှရှအသံဖြင့် စကားပြောခဲ့သည်။
“မင်္ဂလာဝတ်စုံမိစ္ဆာ၊ ဆက်သွားပါ”
ထိုစကားကြားသောအခါ ကျိယွမ်က ကျေနပ်စွားပြုံးလိုက်သည်။
သူက ကြက်ဖမိစ္ဆာကို ဝင့်ကြွားစွာဖြင့် နှုတ်ဆတ်၏။
“ငါ ဝင်တော့မယ်”
ကြက်ဖမိစ္ဆာက မကန့်ကွက်တော့ပါ ။ သူသည် သတို့သမီးလေး၏ အဆင့်ကို မသိသဖြင့် ခြံဝင်းအတွင်းသို့ သတိကြီးစွာဖြင့် လိုက်ဝင်သွားခဲ့သည်။
ခဏအကြာတွင် ဝမ်းနည်းပူဆွေးနေသော အသံအိုတစ်ခုက ခြံဝန်းထဲတွင် ပျံ့လွင့်လာခဲ့သည်။
“ဒီအဖိုးကြီး နောက်တစ်ခါ ထပ်ရွှေ့ရဦးမယ် ထင်တယ်။ မမြင်နိုင်ဘူး၊ မမြင်နိုင်ဘူး၊ ဒီနေရာက အရမ်း နက်နဲလွန်းတယ်”
***