ခန်းမထဲရှိ မိစ္ဆာများသည် ကျိယွမ်ကို ထူးဆန်းလှချည်လားဟူသော အမူအရာများဖြင့် ကြည့်နေကြသည်။
ထိုလူသား၏ စကားများသည် လုံးဝအဓိပ္ပာယ်မရှိဘဲ ရူးကြောင်ကြောင်နိုင်လွန်းသည်ဟု ထင်ရ၏။
ဆိတ်အိုကြီးက အခန်းထောင့်နားတွင် လျှာတစ်လစ်ထုတ်နေသော ခွေးမိစ္ဆာတစ်ကောင်ကို လှမ်းကြည့်ကာ မေးလိုက်သည်။
“မင်း သူ့ကို ကိုက်လိုက်လို့များ ရူးသွားတာလား”
သူတို့နားမလည်နိုင်အောင် လျှို့ဝှက်ဆန်းကြယ်သည့် မင်္ဂလာဆောင်ဝတ်စုံမိစ္ဆာမသာ မရှိလျှင် ဆိတ်အိုကြီးသည် ကျိယွမ်ကို တိုက်ခိုက်ပြီး အသားခြောက်အဖြစ် ပြုလုပ်ပြီးသည်မှာ ကြာပြီဖြစ်၏။
“ကျွန်တော့်ကို ဘာလို့ အဲဒီလို စွပ်စွဲတာလဲ”
ခွေးမိစ္ဆာက ကမန်းကတန်းခေါင်းခါကာ ကျိယွမ်ရူးကြောင်ကြောင်ဖြစ်နေခြင်းက သူ့အပြစ်မဟုတ်ကြောင်း ငြင်းလေသည်။
ဒီကောင်က ငါမကိုက်ခင်ကတည်းက ရူးနေတာ အသိသာကြီးကို ။
ကျိယွမ်ကလည်း ခေါင်းညိတ်၏။
“ဒီခွေးလေး ပြောတာ အချက်ကျတယ်၊ကျွန်တော် ထောက်ခံတယ် ၊ ဒီအရွယ်ထိ ဘယ်ခွေးမှ အကိုက်မခံရဖူးဘူး”
သူက အရူးလက်မှတ်ရှိသော်လည်း အရူးမဟုတ်ကြောင်း အားလုံးအသိပင်။ ဆိတ်အိုကြီးကသာ ဆိတ်ရူးနာ ထနေပြီး သူ့ကို အကြောင်းမဲ့ စွပ်စွဲနေခြင်း ဖြစ်၏။
ဒေါသထွက်နေသော အကြီးအကဲဟွမ်သည် ကျိယွမ်ကို လေးနက်စွာကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ငြိမ်ငြိမ်လေးထိုင်နေသော သတို့သမီးလေးအပေါ်သို့ အကြည့်ရောက်သွားသည်။
သူ၏အမြင်တွင် သတို့သမီးလေးသည် အစွမ်းထက်သောလျှို့ဝှက်မိစ္ဆာဖြစ်ပြီး ကျိယွမ်မှာမူ သူမ၏ ရုပ်သေးရုပ်မျှသာ ဖြစ်သည်။ အကယ်၍ ကျိယွမ်က ကိစ္စတစ်ခုခု အရေးဆိုလာလျှင် ၎င်းသည် မင်္ဂလာဆောင်ဝတ်စုံမိစ္ဆာမ၏ သဘောထားကို ကိုယ်စားပြုပေလိမ့်မည်။
သူမသည်လည်း ဝိညာဉ်သွေးသားတော်ကို မျက်စိကျနေပုံရ၏။
ကျိယွမ်ကိုတော့ အကြီးအကဲဟွမ်က လုံးဝ ဂရုမစိုက်ပေ။ သူသည် အားနည်းသော လူသားတစ်ဦးသာ ဖြစ်သည်။
အတန်ကြာစဥ်းစားပြီးနောက် သူဆုံးဖြတ်လိုက်သည်။
“ဒီကိစ္စကတော့… ခေါင်းဆောင်ကွန်နဲ့ တွေ့ပြီး ဆွေးနွေးရလိမ့်မယ် ထင်တယ်”
အကြီးအကဲဟွမ်က ကြမ်းတမ်းစွာပြောကာ ကိစ္စကို ခေါင်ဆောင်ကွန်ထံ လွှဲချလိုက်၏။
ခေါင်ဆောင်ကွန်လား။
ကျိယွမ်၏ စိတ်က လှုပ်ရှားလာသည်။
အစားထိုးမျှော်လင့်ခြင်းလမင်း အကြီးစားကြီးပေါ့ ။
"ခေါင်းဆောင်ကွန်က ဘယ်မှာလဲ”
ကျိယွမ်သည် သူ့ကို အမှန်တကယ် တွေ့ချင်နေသည်။
သို့သော် အခုချက်ချင်းတော့ မဟုတ်ပေ။ သူရရှိထားသော သတင်းများအရ ခေါင်းဆောင်ကွန်သည် ကျောက်စိမ်းသွေးအဆင့် မိစ္ဆာဖြစ်ပြီး အခြေတည်ခြင်းအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဉ်နိုင်လေ၏။
ကျိယွမ်က လက်ရှိ၌ ချီသန့်စင်ခြင်း အထွတ်အထိပ်နှင့် ညီမျှသော တိုက်ခိုက်ရေးစွမ်းအားသာ ရှိသေးသည်။ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်လျှင် အကျိုးနည်းသွားနိုင်၏။
“ငါတို့က ခေါင်းဆောင်ကွန်ရဲ့ တည်နေရာကို ဘယ်လိုလုပ် အလွယ်တကူ ထုတ်ပြောမလဲ”
အကြီးအကဲဟွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ခေါင်းဆောင်ကွန်သည် လောလောဆယ်တွင် ဝိညာဉ်သွေးသားတော်နှင့်အတူ ရှိနေပြီး ပုန်းအောင်းနေပြီး အလွယ်တကူ ထွက်လာမည် မဟုတ်ပါ။
“ဝိညာဉ်သွေးသားတော်အကြောင်း သတင်းတွေ မပေါက်ကြားစေဖို့အတွက် ဒီနေ့ ဒီမှာရှိတဲ့ မိစ္ဆာအားလုံး အကြောင်းပြချက်မရှိဘဲ ထွက်ခွာခွင့် မရှိဘူး။ မင်းတို့ အားလုံး ငါ့အမိန့်ကို နာခံရမယ်”
အကြီးအကဲဟွမ်က မိစ္ဆာများကို ကြည့်ကာ ကြမ်းတမ်းပြီး ဗိုလ်ကျစိုးမိုးသော လေသံဖြင့် အမိန့်ထုတ်လိုက်၏။
တစ်ပြိုင်နက်တည်းမှာပင် သွေးစွမ်းအင်အဆင့် အထွတ်အထိပ်၏ ဖိအားများက ခန်းမထဲတွင် ပြန့်နှံ့သွားခဲ့သည်။
သူက ပါဝါပြလိုက်ခြင်းပင်။
မိစ္ဆာများက တစ်ခုခုပြောချင်သော်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်ကြ၏။
ထိုအချိန်တွင် ဆိတ်အိုကြီးက အခွင့်အရေးကို အရယူကာ နေရာဝင်ယူသည်။
“အားလုံးပဲ ငါတို့ကို အပြစ်မတင်ပါနဲ့။ ဒီကိစ္စက အရမ်း အရေးကြီးတယ်၊ ငါတို့ အားလုံးရဲ့ ဘေးကင်းရေးနဲ့ ဆိုင်တယ်။ သတင်းပေါက်ကြားသွားရင် ဘယ်လိုအပြစ်ပေးမလဲ အားလုံးသိပါတယ် ၊ ငါ့တူ ရန်ဖန်ကိုသာ ကြည့်ကြပါ"
သူက စကားကို အဆုံးမသတ်သော်လည်း မိစ္ဆာများသည် ဆိတ်အိုကြီး ဘာကိုဆိုလိုသည်ကို နားလည်ကြလေသည်။
“သတင်းပေါက်ကြားသွားရင် မိစ္ဆာနှိမ်နင်းရေးဌာနက ယွင်ယန်ခရိုင်ကို ရောက်လာရုံတင်မကဘဲ ငါ့ရဲ့ အသုံးမကျတဲ့ ညီတောင် လူသားတွေလက်ထဲမှာ သေခဲ့ရတယ်”
အကြီးအကဲဟွမ်၏ ကြမ်းတမ်းသော အသံက ခန်းမထဲတွင် ဟိန်းထွက်သွားပြန်သည်။
သူပြောသော ညီမှာ အခြားသူမဟုတ်ပေ ။။စတုတ္ထအကြီးအကဲ ဟွမ်စစ်ဖြစ်၏။
“ဟမ့်... ရုံးတော်ကနေ ငါရတဲ့ သတင်းအရ ကျိအာလို့ခေါ်တဲ့ သားသတ်သမားက မိစ္ဆာနှိမ်နင်းရေးဌာနက လူတစ်ယောက်နဲ့ ပေါင်းပြီး ငါ့ညီကို သေအောင် လုပ်ခဲ့တာတဲ့။ အဲဒီ ခိုးကြောင်ခိုးဝှက် လူသားနဲ့သာ တွေ့ရင် ငါ့လက်ကိုင်တုတ်ကို သူ့ဖင်ထဲ တဆုံးထိုးထည့်လိုက်မယ်”
အကြီးအကဲဟွမ်က ရက်စက်စွာ ပြောရင်း လက်ထဲမှအရိုးတုတ်အား ဆောင့်ချလိုက်သည်။
သူ၏ညီသည် ကျိအာကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျိအာသည် မိစ္ဆာနှိမ်နင်းရေးဌာနနှင့် နီးကပ်သော ဆက်ဆံရေးရှိကြောင်း ရုံးတော်က အခိုင်အမာ ပြောထား၏။
အချက်အလက်များကို ဆက်စပ်ကြည့်လျှင် သူ၏ညီသည် မိစ္ဆာနှိမ်နင်းရေးဌာနကြောင့် အသတ်ခံရခြင်း ဖြစ်ပြီး ကျိအာက မွှေခဲ့ခြင်းပင်။
ထိုစကားကို ကြားသောအခါ ကျိယွမ်သည် ငြိမ်မနေနိုင်တော့ပါ။
“အဘိုးကြီး၊ ခင်ဗျားစကားတွေက ရွံစရာကောင်းလိုက်တာ။ ပြီးတော့ ကျိအာလို့ခေါ်တဲ့ အဲဒီသားသတ်သမားက မိစ္ဆာနှိမ်နင်းရေးဌာနနဲ့ ဘယ်တုန်းကမှ မပေါင်းခဲ့ဘူး”
“မင်းက ကျိအာကို သိလို့လား”
အကြီးအကဲဟွမ်၏ အကြည့်က စူးရှသွားသည်။
အကယ်၍ အဝတ်အစားမိစ္ဆာသာ မရှိလျှင် သူ၏ စိတ်ဓာတ်နှင့်ဆိုပါက ကျိယွမ်ကို စစ်ဆေးရန် ယခုပင် ဖမ်းဆီးပြီးသား ဖြစ်လိမ့်မည်။
“ဘာလို့လဲဆိုတော့… တစ်နည်းအားဖြင့် ကျိအာဆိုတာ ကျုပ်ပဲလေ”
အမြဲတမ်း ရိုးသားစွာ ပြောဆိုတတ်သောကြောင့် ကျိယွမ်က ဘယ်သောအခါမှ မုသားမဆိုခဲ့ပေ။
သူ ထိုသို့ပြောလိုက်သည်နှင့် လူတိုင်း တုန်လှုပ်သွားကြသည်။
“မင်းက ကျိအာလား”
အကြီးအကဲဟွမ်၏ မျက်နှာက ဒေါသကြောင့် ချက်ချင်းအရောင်ပြောင်းသွားသည်။
ဒီကောင် ရဲတင်းလှချည်လား။
ငါ့ညီကိုသေအောင်ကြံစည်ပြီး ငါ့ရှေ့ကို လာဝံ့တယ်ပေါ့ ။
သူသည် သတို့သမီးလေးကို ကြည့်လိုက်သော်လည်း နောက်မဆုတ်ဘဲ တိုက်ခိုက်ရန် ပြင်လိုက်သည်။
“ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြောပိုင်ခွင့် အရှိဆုံးပဲ။ ကျိအာ က မိစ္ဆာနှိမ်နင်းရေးဌာနနဲ့ ဘယ်တုန်းကမှ မပေါင်းခဲ့ဘူး”
ကျိယွမ်က တည်ငြိမ်စွာ ရှင်းပြသည်။
“တော်စမ်း...၊ မင်းက ငြင်းနေတုန်းလား။ ရုံးတော်ကလူတွေက ကျိအာဟာ မိစ္ဆာနှိမ်နင်းရေးဌာနက လူတွေနဲ့ အတူရှိနေတယ်လို့ ငါ့ကို ကိုယ်တိုင် ပြောခဲ့တာ။ အဲဒါကို မင်း ဘယ်လို ရှင်းပြမလဲ။ မင်းမှာ မိစ္ဆာမတစ်ကောင် ကျောထောက်နောက်ခံ ရှိနေရုံနဲ့ မင်း ကြိုက်တာလုပ်လို့ရမယ်လို့ မထင်နဲ့။ မိစ္ဆာနှိမ်နင်းရေးဌာနနဲ့ ပေါင်းတာက သစ္စာဖောက်ပဲ၊ သစ္စာဖောက်မှန်သမျှ သေရမယ်”
အကြီးအကဲဟွမ်သည် မင်္ဂလာဆောင်ဝတ်စုံမိစ္ဆာမက ကာကွယ်ထားလျှင်ပင် သူ့ကို နှိမ်နင်းရန် ဆုံးဖြတ်ထားပြီဖြစ်သည်။
“ရုံးတော်ကလူတွေက ကျွန်တော့်ထက် ပိုသိမှာလား။ ကျွန်တော် မိစ္ဆာနှိမ်နင်းရေးဌာနနဲ့ ဘယ်တုန်းကမှ မပေါင်းခဲ့ဘူး။ ခင်ဗျားညီကလည်း သူတို့လက်ချက်နဲ့ သေတာ မဟုတ်ဘူး”
“ဒါဆို ဘယ်သူ သတ်တာလဲ”
အကြီးအကဲဟွမ်က လှောင်ပြောင်လိုက်သည်။ညီဖြစ်သူ၏ စွမ်းအားအရ သာမန်လူများက သူ့အားမသတ်နိုင်ပါ။
“အဲဒါက… ကျွန်တော်ပေါ့”
ကျိယွမ်က ခပ်ပါးပါး ပြုံးကာ ရှေ့သို့ ထွက်လာသည်။
“ဟန်ဆောင်နေတာတွေ ရပ်လိုက်တော့မယ်။ ကျွန်တော်က လောကအားလုံးရဲ့ သွေးစုဆောင်းသူပဲ။ အဲဒီတော့... ခင်ဗျားတို့ရဲ့ သွေးအနှစ်သာရတွေကို မြန်မြန် ပေးလိုက်ရင်တော့ အေးအေးဆေးဆေး သေခွင့်ပေးမယ်”
ချီယွမ်သည် အစီအစဉ် (B ) ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။ အစီအစဉ် (A) သည် ဂလူးကို့စ်ဖိုး အလွန်အမင်း ဖြုန်းတီးရာကြ၏။
ထို့အပြင် သူသည် ဤလောက၌ ဂလူးကို့စ်ပုလင်းများကို သူ ဘယ်က ရှာရမည်နည်းဆိုသည်အား မသိပါ။
အလွန် ဒုက္ခများလှသည်။
မိစ္ဆာများကိုသာ ခုတ်ထည့်လိုက်ခြင်းက ပိုကောင်းသည် မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် သူလိုချင်သော သတင်းကို ရရှိပြီးပြီ ဖြစ်သဖြင့် ဆက်လက် ဟန်ဆောင်နေရန်လည်း မလိုတော့ပေ။
“ဘာကွ”
အကြီးအကဲဟွမ်၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်သွားပြီးနောက် ရယ်မောလိုက်ကာ ခေါင်းတဆတ်ဆတ်ညိတ်၏။
“ကောင်းတယ် ၊ အရမ်းကောင်းတယ် ၊ ဒါဆို မင်းက ငါ့အစီအစဉ်တွေကို ဖျက်ဆီးဖို့ ရောက်လာတာပေါ့”
အခြား မိစ္ဆာများသည်လည်း ကျိယွမ်ကို ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသောအငွေ့အသက်များ ပြည့်နှက်လာကြ၏။
လူသားတစ်ဦးက သူတို့ကို ခြိမ်းခြောက်ပြီး သွေးတောင်းရဲတယ်တဲ့။
သူ သေချင်နေတာလား။
“မင်္ဂလာဆောင်ဝတ်စုံမိစ္ဆာမကို ငါ ကိုင်တွယ်မယ်။ ကျန်တဲ့ကောင်တွေက ဒီလူသားကောင်လေးကို အပိုင်းပိုင်း ခုတ်ထည့်လိုက်ကြ”
အကြီးအကဲဟွမ်က အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများက ရက်စက်စွာ လင်းလက်သွားသည်။
အကြီးအကဲလော့ကတ်က ဘာမှ ထူးထူးခြားခြား သတိမပေးထားသောကြောင့် မင်္ဂလာဝတ်စုံမိစ္ဆာမသည် အလွန်ဆုံးရှိမှ သူနှင့် အစွမ်းတူရုံသာ ရှိပေလိမ့်မည်။ထူးထူးခြားခြား အစွမ်းထက်ပါက လော့ကတ်က အသိပေးမှာ သေချာ၏။
ငါတို့မှာ လူအင်အား အများကြီး ရှိတယ် ၊ ဘာကို ကြောက်နေရမှာလဲ။
မိစ္ဆာ အကောင် ၂၀ ခန့်သည် ကျိယွမ်ကို မျှော်လင့်တကြီး ကြည့်နေကြပြီး အချက်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ခုန်အုပ်ရန် စောင့်ဆိုင်းနေပုံရသည်။
သူတို့၏ အမူအယာများကို မြင်လိုက်ရသောအခါ ကျိယွမ် ဝမ်းသာသွားပြီး လက်ခုပ်တီး၏။
“ခင်ဗျားတို့ရဲ့ စိတ်အားထက်သန်တဲ့ မျက်လုံးတွေကို မြင်ရတော့ ကျွန်တော် တကယ် ပျော်ပါတယ်။ ကျွန်တော့်ရဲ့ အစားထိုးမျှော်လင့်ခြင်းလမင်းလေးတွေရေ၊ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရည်ရွယ်ချက်တွေရှိနေကြတာပဲ”
ခံစားချက်များနှင့် ပတ်သက်လာလျှင် ကျိယွမ်က ရိုးရှင်းသည်ကို ကြိုက်၏။ ထို့ကြောင့် သူက ဒရာမာချိုးသောအချစ်ဇာတ်လမ်းများကို မကြိုက်ခြင်း ဖြစ်သည်။
အချစ်ဇာတ်လမ်းထဲက ဇာတ်လိုက်များသည် အမြဲတမ်း နားလည်မှု လွဲနေကြပြီး မည်သူကမှလည်း ထုတ်မပြောကြပေ၊ ပါးစပ် မပါသလို မြုံနေတတ်ကြ၏။
ကံကောင်းထောက်မစွာဖြင့် သူနှင့် သူ၏လမင်းများသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် ရည်ရွယ်ချက်များရှိနေကြသည်။
သူတို့၏ တပ်မက်နေသော မျက်လုံးလေးများကို ကြည့်လိုက်သည်နှင့် သူ့ကို ခုန်အုပ်ချင်လွန်း၍ မအောင့်နိုင်တော့သလိုပင်။
ထိုအရာက ကျိယွမ်ကို အလွန် ကျေနပ်စေသည်။
“သတ်ကြ”
အကြီးအကဲဟွမ်က ဟိန်းဟောက်ပြီး သူကိုယ်တိုင်ကလည်း သတို့သမီးလေးကို တိုက်ခိုက်လိုက်သည်။
သူ၏လက်ထဲရှိ အရိုးဖြူလက်ကိုင်တုတ်မှ သွေးစွမ်းအင် လှိုင်းလုံးတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို တုန်ခါသွားစေ၏။
သွေးစွမ်းအင်ထဲတွင် ပြင်းထန်သော သွေးညှီနံ့များပင် ပါဝင်နေပြီး မသတီစရာကောင်းလှသည်။
တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် ကျိယွမ်ကလည်း သူ၏ သားလှီးဓားဖြင့် ခုတ်ပိုင်း၏။
အရိုးဖြူလက်ကိုင်တုတ်နှင့် သားလှီးဓားတို့ ထိမိသွားပြီး ကျိယွမ်၏ ဓားတွင် အက်ကြောင်းကြီးတစ်ခု ဖြစ်သွားသည်။
သူ၏ လက်များကလည်း တုန်ခါသွားသည်။ သူ၏ သွေးစွမ်းအင်အဆင့် နှင့် အကြီးအကဲဟွမ်၏ အစွမ်းကြားတွင် ကွာဟချက် အကြီးကြီး ရှိနေသည်မှာ ထင်ရှားလှ၏။
“မင်း ဒီလောက် ရဲတင်းနေတာ မဆန်းဘူး ကောင်လေး။ မင်းမှာ သွေးစွမ်းအင်အဆင့်အစွမ်း တကယ် ရှိနေတာပဲ”
အကြီးအကဲဟွမ်က ရက်စက်ကြမ်းကြုတ်မှုနှင့်အတူ အထင်အမြင်သေးမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် မှတ်ချက်ချ၏။
သို့သော် ခန်းမထဲရှိ မိစ္ဆာတိုင်းသည် သွေးစွမ်းအင်အဆင့် အစွမ်းရှိကြသဖြင့် စိတ်ပူစရာမရှိပါ။
“မင်းက ငါ့ဆီကို ရောက်အောင်လာနေမှတော့ ငါ မင်းကို အေးအေးဆေးဆေး အဆုံးသတ်ပေးလိုက်မယ်”
ထိုအချိန်တွင် ကျိယွမ်က လိမ်မာသော သတို့သမီးလေးကို လှည့်ကြည့်လိုက်သည်။
“သတို့သမီးလေး ၊ ပေါင်းစည်းကြရအောင်”
ယခုအခြေအနေတွင် သူသည် သတို့သမီးလေးနှင့် ပေါင်းစပ်ရန် ရွေးချယ်ရုံသာရှိ၏။
သူ၏ စကားအဆုံးတွင် လေထဲ၌ ကြက်သွေးရောင် အလင်းတစ်ခု လက်ခနဲ ဖြစ်သွား၏။
ဆွဲဆောင်မှုရှိပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင် သံချပ်ကာတစ်ခုက ကျိယွမ်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး ကြည်လင်ပြီး ပြတ်သားသော မျက်လုံးတစ်စုံသာ ပေါ်နေတော့သည်။
ကျိယွမ်၏ ခန္ဓာကိုယ်ကလည်း ပို၍ မြင့်မားလာပြီး ကြီးမားသော သတ္တဝါကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
သွေးကဲ့သို့ ချွန်ထက်ပြီး တောက်ပသော သွေးနီရောင် ဆူးချွန်များက သူ၏ပခုံးများမှ နီရဲစွာထွက်ပေါ်လာသည်။
သူ၏လက်ထဲရှိ သားလှီးဓားသည်လည်း သွေးများ စွန်းထင်နေသော သွေးဓားအဖြစ် ပြောင်းလဲသွားသည်။
ခန်းမထဲရှိ မိစ္ဆာများမှာ သူတို့၏ နှလုံးသားထဲတွင် အေးစိမ့်မှုကို ခံစားလိုက်ရ၏။
“ဒါ ဘယ်လို မိစ္ဆာမျိုးလဲ”
“ဒါ ဘာ မိစ္ဆာလဲ”
“ဒါက အတိအကျ ဘာကြီးလဲ”
မိစ္ဆာများ ထိတ်လန့်သွားကြကုန်၏။
သို့သော် သူတို့ သေသေချာချာ မစဉ်းစားနိုင်မီမှာပင် သူတို့ရှေ့ရှိ ကြီးမားသော ပုံရိပ်ကြီးသည် သူတို့ဆီသို့ လျှင်မြန်စွာ ပြေးဝင်လာလေသည်။
ဖိနှိပ်နိုင်သော စွမ်းအား။
ကောင်းကင်ပိုင်းဖြတ် ဓားချက်။
အစွမ်းထက်သော စွမ်းရည်နှစ်ခုကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ပြီး ကျိယွမ်၏ အငွေ့အသက်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။
သူသည် ရှေ့သို့ ခုန်တက်ကာ ဓားကို အောက်သို့ ကြမ်းတမ်းစွာ လွှဲခုတ်ချလိုက်၏။
“လာကြစမ်း ၊ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြည်ရေးမိတ်ဆက်ကြတာပေါ့ ”
တစ်ဖက်တွင် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းထဲမှ စက်ရုပ်ပုံစံမျိုးရှိသော ကြောက်မက်ဖွယ် ဘီလူးကြီး၊ အခြားတစ်ဖက်တွင်မူ မြွေပါနှင့် ဆိတ်အိုကြီးများကဲ့သို့ တရုတ်သရဲပုံပြင်ထဲမှ ထွက်လာသည့် မိစ္ဆာများ။
အင်အားစုနှစ်ခုသည် ခန်းမထဲတွင် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားလေသည်။
ကျိယွမ်ဆီသို့ ပထမဆုံး ပြေးလာသူမှာ သူ မျက်စိကျနေသည်မှာ ကြာပြီဖြစ်သော ကြက်ဖမိစ္ဆာဖြစ်၏။
သွေးဓားသည် ကြက်ဖမိစ္ဆာ၏ ခေါင်းကို ထိမှန်သွားပြီး ၎င်း၏ အမောက်ကို ဖြတ်ထုတ်လိုက်သည်။ ၎င်း၏ မျက်နှာတစ်ခုလုံး သွေးအိုင်ထဲ နစ်သွားပြီး ချက်ချင်း သေဆုံးသွားလေသည်။
သတို့သမီးလေး၏ ထောက်ပံ့မှုဖြင့် ကျိယွမ်သည် သိုင်းပညာတစ်ခုတည်းကိုသာ အားကိုးပြီး ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပြသခဲ့၏။
စွမ်းရည်နှစ်ခု၏ အားဖြည့်မှုဖြင့် သူသည် နောက်ထပ်ဓားချက် တစ်ချက်တည်းနှင့် အစားထိုးမျှော်လင့်ခြင်းလမင်းသုံးကောင်ကို သတ်ပစ်ပြန်သည်။
ကျန်ရှိသော မိစ္ဆာများမှာ ထိတ်လန့်လာကြသည်။
“မိစ္ဆာကြီး”
"ဒါက မိစ္ဆာကြီးပဲ "
“ညီအစ်ကိုတို့ သတ်ကြ”
တိုက်ပွဲက စတင်နေပြီ ဖြစ်သောကြောင့် ဆုတ်ခွာရန် နေရာမရှိပေ။
ကံမကောင်းစွာဖြင့် သူတို့သည် ဘီလူးတစ်ကောင်ထက်ဆိုးရွားသော အရာကြီးကို ရင်ဆိုင်နေရသည်ကို မသိကြပေ။
ကျိယွမ်တွင် သွေးစွမ်အင်သိုင်းစွမ်းရည်များ မရှိသော်လည်း သူ၏ တိုက်ခိုက်ရေး နည်းစနစ်များသည် ဤမိစ္ဆာများထက် အဆများစွာသာလွန်၏။
ထျန်းကျွဲ့တွင် ရှိနေစဉ်အတွင်း သူသည် သူ၏ စွမ်းရည်များကို ပြီးပြည့်စုံအောင် လေ့ကျင့်ခဲ့ပြီး သူ၏ တိုက်ခိုက်ရေး နည်းစနစ်များကို လေ့ကျင့် ပြုပြင်ရန်အတွက် အချိန်မည်မျှ ကုန်ဆုံးခဲ့သည်ကိုပင် သူကိုယ်တိုင်မမှတ်မိခဲ့ပါ။
သိုင်းစွမ်းရည်များ ကင်းမဲ့နေသဖြင့် သူ၏ သိင်းပညာကို အပြည့်အဝ မထုတ်ဖော်နိုင်သော်လည်း ဤအဆင့်နိမ့် မိစ္ဆာများကိုတော့ အလွယ်တကူ နှိမ်နင်းနိုင်သည်။
၎င်းသည် သာမန်လူသား ခန္ဓာကိုယ်ထဲတွင် ပြန်လည် မွေးဖွားလာသော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးက မည်သည့် မန္တာန်များကိုမှ မသုံးဘဲ အားအင်စုပ်ယူခြင်းဖြင့် သာမန်ကျင့်ကြံသူလေးများကို အလွယ်တကူ ချေမှုန်းနိုင်သကဲ့သို့ပင် ။
သွေးနီရောင်သားလှီးဓားသည် ကောင်းကင်ပိုင်းဖြတ်ဓားချက်၏ မို မြှင့်တင်မှုကြောင့် တားဆီး၍ မရနိုင်သောသေမင်းလက်နက် ဖြစ်သွားခဲ့သည်။
တစ်ချက် ခုတ်လိုက်တိုင်း မိစ္ဆာသုံးကောင် အသတ်ခံရ၏။
သွေးများ စွန်းထင်းနေပြီး မျက်လုံးများတွင် သတ်ဖြတ်လိုစိတ် ပြည့်နေသော ကျိယွမ်က အေးစက်စွာ အော်ဟစ်လ်ုက်သည်။
“သတ်”
ယခုအချိန်တွင် သူသည် အရိုင်းဆန်ပြီး အလွန်ကြမ်းတမ်းနေကာ ခုတ်ချက်တိုင်းသည် တားဆီး၍ မရနိုင်အောင် ရက်စက်ပြင်းထန်၏။
ရှိနေသော မိစ္ဆာများထဲတွင် မည်သူမျှ သူနှင့် မယှဉ်နိုင်ကြပါ။
အကြီးအကဲဟွမ်၏ မျက်လုံးများတွင်ပင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ ပေါ်လာသည်။
ထိုလူသားသည် သွေးစွမ်းအင်အဆင့် အစောပိုင်း ကျင့်ကြံမှုသာ ရှိသော်လည်း မင်္ဂလာဆောင်ဝတ်စုံမိစ္ဆာမနှင့် ပေါင်းစပ်ပြီး ဘီလူးကြီး ဖြစ်လာပြီးနောက်တွင်ပင် သွေးစွမ်းအင်အဆင့် အလယ်အလတ်တွင်သာ ရှိသည်ကိုတော့ သူသတိထားမ်၏။။
သို့သော် သူပြသခဲ့သော တိုက်ခိုက်ရေးစွမ်းအားမှာ အံ့သြဖွယ်ကောင်းပြီး သူ့ကိုပင် ဖိအားဖြစ်စေရန် လုံလောက်လေသည်။
သူ၏ဘေးတွင် မိစ္ဆာတစ်ကောင်ပြီးတစ်ကောင် လဲကျသွားသည်ကို မြင်လိုက်ရသဖြင့် အကြီးအကဲဟွမ်၏ မျက်နှာက ပို၍ တင်းမာလာ၏။
ငါကိုယ်တိုင်ရှင်းမှရတော့မယ်။
မဟုတ်လျှင် ခေါင်းဆောင်ကွန်၏ အစီအစဉ် ပျက်စီးသွားမည်ဖြစ်ပြီး ခေါင်းဆောင်ကွန်က သူ့ကို လွှတ်ပေးမည် မဟုတ်ပေ။
ထိုအခါ သူ သေရမည်မှာ သေချာသည်။
“ကောင်းတယ်၊ အရမ်းကောင်းတယ်။ မင်းက ငါ့ကို ဒီအဆင့်အထိ ရောက်အောင် တွန်းပို့တဲ့ ပထမဆုံးလူသားပဲ”
အကြီးအကဲဟွမ်က ကြမ်းတမ်းစွာဟိန်းဟောက်လိုက်ပြီး သူ၏လက်ထဲရှိ အရိုးဖြူလက်ကိုင်တုတ်သည် ရုတ်တရက် ကြီးမားလာ၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများကလည်း ဆူပွက်လာခဲ့သည်။
“ မိစ္ဆာသတ်ဖြတ် ရိုက်ချက်”
အကြီးအကဲဟွမ်သည် ခေါင်းဆောင်ကွန်ပေးထားသော အစွမ်းထက်သည့် သိုင်းပညာ စွမ်းရည်တစ်ခုကို ထုတ်ဖော်လိုက်၏။ ထို ကျောက်စိမ်းသွေးအဆင့်သိုင်းပညာ စွမ်းရည်ထဲသို့ သူ၏ အင်အားအားလုံးကို လောင်းထည့်လိုက်သည်။
ကျောက်စိမ်းသွေးအဆင့် သိုင်းပညာ စွမ်းရည်များသည် သွေးစွမ်းအင်အဆင့်ထက် များစွာ ပိုမို အစွမ်းထက်၏။
ခွန်အားမှာ လွှမ်းမိုးနိုင်လောက်အောင် အစွမ်းထက်ပြီး သွေးစွမ်းအင်အဆင့် တစ်ဦး ကိုင်တွယ်နိုင်သည်ထက် များစွာ ကျော်လွန်နေသည်။
ကျိယွမ်၏ မျက်လုံးများက အံ့အားသင့်မှုဖြင့် လက်ခနဲ ဖြစ်သွားသည်။
“ကျွန်တော် ခင်ဗျားတို့ NPC တွေကို အထင်သေးခဲ့မိပုံပဲ။ ဒီသိုင်းပညာ စွမ်းရည်က... တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်”
အကြီးအကဲဟွမ်၏ လှုပ်ရှားမှုက ကျိယွမ်ကို အန္တရာယ်ရှိသော အရိပ်အယောင်အား ချက်ချင်း ခံစားလာရစေသည်။
သူက သားလှီးဓားကို အမြန်မြှောက်ကာ ရှေ့သို့ တိုးဝင်ပြီး ခုတ်ပိုင်းလိုက်ရာ ဓားသည် အရိုးဖြူလက်ကိုင်တုတ်နှင့် ထိတွေ့သွား၏။
ချလွမ်...။
သားလှီးဓားမှာ ကွဲကြေသွားတော့သည်။
သို့သော် သွေးနီရောင် အလင်းတန်းကတော့ ကျန်ရှိနေပြီး အကြီးအကဲဟွမ်၏ ထိုးနှက်ချက်ကို ပိတ်ဆို့ထား၏။
ကျောက်စိမ်းသွေးအဆင့် သိုင်းပညာ စွမ်းရည်သည် ပြင်းထန်ပြီး အစွမ်းထက်ကာ မယုံနိုင်လောက်အောင် ဖျက်ဆီးနိုင်စွမ်း ရှိသည်မှာ သံသယရှိစရာ မလိုပေ။
ကျိယွမ်၏ သားလှီးဓားသည် ထိုအားကို မခံနိုင်ဘဲ အပိုင်းပိုင်း ကွဲသွားခဲ့သည်။
ကျိယွမ်၏ မျက်လုံးများထဲတွင် အမှတ်တရများ ပြည့်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။
“ဒီလှုပ်ရှားမှုက အရင်က အသိဟောင်းတစ်ယောက်နဲ့ အတူတူပဲ။ အဲဒီတုန်းက သူကလည်း ကျွန်တော့်ရဲ့ သွေးကြောတွေကို ပေါက်ထွက်စေခဲ့တာ”
သို့သော် သွေးကြောမျှင်လေးများသာ ဖြစ်သည်။
“ခင်ဗျားက ကျွန်တော့်ရဲ့ မျှော်လင့်ခြင်းလမင်းဖြစ်နေတာ မဆန်းပါဘူး။ ကျွန်တော့်ရဲ့ စံပြလမင်းတွေအားလုံးက ဆင်တူနေကြတာပဲ”
ထို့နောက် ကျိယွမ် တိတ်ဆိတ်သွားလေ၏။
ကျောက်စိမ်းသွေးအဆင့် သိုင်းပညာ စွမ်းရည်ဆိုလျှင်တောင် သူက ပိတ်ဆို့ထားနိုင်ပါသေးသည်။
ရန်သူတွင် သူ့ကို နှိမ်နင်းရန် အခြားနည်းလမ်း မရှိတော့ပေ။
ကြီးမားသော သေမင်းအဖြစ် ပြောင်းလဲသွားသော ကျိယွမ်သည် ခန်းမအတွင်းရှိ မိစ္ဆာများ၏ အသက်ကို ဆက်လက် ရိတ်သိမ်းလေတော့သည်။
ပြင်းထန်သော တိုက်ပွဲကြောင့် စားပွဲများ ကွဲကြေသွားပြီး လူသားအသားခြောက်များ လွင့်ပျံကုန်သည်။
ခန်းမကြီး၏အမိုးပင် ပွင့်ထွက်သွားကာ မိစ္ဆာများတစ်ကောင်ပြီးတစ်ကောင် လွင့်စင်ကုန်၏ ။လွင့်လာသော မိစ္ဆာများတွင် အချို့ကခေါင်းပြတ်များဖြစ်၏။အချို့က ခါးတစ်ပိုင်းများဖြစ်၏။
အချို့က အလောင်းများနှင့်ရောပါလာပြီး ခန်းမထဲမှ လွတ်ရန်ကြိုးစားကြသည်။
သို့သော် ကျိယွမ်သည် လူသူကင်းမဲ့သော ခြံဝင်းပျက်ကြီးထဲတွင် သရဲတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး ခုတ်ပိုင်း သတ်ဖြတ်နေသည်။
မည်သည့် မိစ္ဆာမျှ သူနှင့် မယှဉ်နိုင်ပါ။
အသက်ရှူအကြိမ် တစ်ရာခန့် ကြာပြီးနောက် ကျိယွမ်သည် အလောင်းများကြားတွင်ရပ်နေရင်း အသက်ကို ပြင်းပြင်းရှူကာ သတို့သမီးလေးနှင့် ခွဲထုတ်လိုက်သည်။
“ ငါ ဘာလို့ ဒီလောက် အားနည်းနေရတာလဲ။ ဒီလောက် တိုက်ပွဲလေးကိုတောင် ငါ့ရဲ့ သွေးစွမ်းအင်တွေ ကုန်သွားပြီ”
သွေးသိုင်းသမားများသည် တိုက်ပွဲအတွင်း သွေးစွမ်းအင်ကို သုံးစွဲကြသည်။မိစ္ဆာများနှင့် တိုက်ပွဲတွင် ကျိယွမ်၏ သွေးစွမ်းအင်များ ကုန်ခမ်းသွားလေ၏။
ယခုအချိန် သိုင်းပညာစွမ်းရည်တစ်ခုတည်းကိုသာ အားကိုးပါက နောက်ထပ် အကြီးအကဲဟွမ်တစ်ဦးကို ရင်ဆိုင်ရလျှင် သူ အဆုံးသတ်သွားမှာ သေချာသလောက်ပင်။
“ဒါပေမဲ့ အကျိုးအမြတ်တွေကတော့ အများကြီးပဲ။ငါ့ရဲ့ အစားထိုး လမင်းတွေက... တော်တော် ရက်ရောကြတာပဲ”
ကျိယွမ် အလွန် ကျေနပ်သွားသည်။
သူ၏ရှေ့တွင် မိစ္ဆာသွေးအနှစ်သာရ ၁၂၅ စက် ငွေ့ရည်ဖွဲ့လျက် ရှိနေ၏။
“ကံကောင်းလို့ သူတို့က ငါ့ရဲ့ အစီအစဉ် (A ) ကို မလိုက်နာခဲ့ကြတာ။ မဟုတ်ရင် ဂလူးကို့စ်တွေ နှမြောစရာကြီး”
ကျိယွမ်သည် အသက်ပြင်းပြင်းရှူကာ အနားယူရင်း အရာများစွာကို စဉ်းစားကြည့်နေသည်။
အကြီးအကဲဟွမ်၏ ကျောက်စိမ်းသွေးအဆင့် သိုင်းပညာ စွမ်းရည်က သူ့အပေါ် နက်ရှိုင်းသော အတွေးစများကို ချန်ထားခဲ့သည်။
အကယ်၍ ထိုစွမ်းရည်ကို သုံးနေသူမှာ ကျောက်စိမ်းသွေးအဆင့် မိစ္ဆာသာ ဖြစ်ပါက ဂိမ်းထဲတွင် သူ ကိုင်တွယ်ရခက်ပေလိမ့်မည်။
“ငါ အဆင့်တက်ဖို့ လိုနေပြီ ထင်တယ်”
“စနစ်၊ အသက်ဝင်စမ်း”
သို့သော် မည်သည့်ဖန်သားပြင်မှ မလင်းသလို ၊ မည်သည့်ဝိညာဥ်ကောင်မှလည်း ထွက်မလာခဲ့ပါ။ထို့အတူ မည်သည့် အချက်ပေးစကားသံမှလည်း မကြားရပေ။
အမှန်မှာ ကျိယွမ်တွင် စနစ် မရှိပါ။
သို့သော် သူဝမ်းမနည်းပါ ။ သူသည် သူကိုယ်တိုင် အသံသရုပ်ဆောင်ပြီး သူ၏ စနစ်အဖြစ် ဟန်ဆောင်နိုင်၏။
“သင်ဟာ မိစ္ဆာသွေးအနှစ်သာရ ၂၅ စက်ကို သုံးစွဲလိုက်ပြီ။ သင့်ရဲ့ သွေးစွမ်းအင်တွေ ပြန်ပြည့်လာပြီး တိုးပွားလာပါပြီ”
“‘ကောင်းကင်တုန်ဟည်းခြင်း’ သိုင်းကျင့်စဥ်က လျင်မြန်စွာ အလုပ်လုပ်နေပြီး သင့်ရဲ့အတွင်းမှာ သွေးစွမ်းအင်တွေကို အဆက်မပြတ် ငွေ့ရည်ဖွဲ့ပေးနေပါတယ်။ သင် သွေးစွမ်းအင်အဆင့် အလယ်အလတ်ကို ချိုးဖောက် တက်လှမ်းသွားပြီ”
“ရုတ်တရက် သင့်မှာ ဉာဏ်အလင်းတစ်ခု ပွင့်လာပြီး ‘ကောင်းကင်တုန်ဟည်းခြင်းအတတ်’ ရဲ့ အနှစ်သာရကို ဖမ်းဆုပ်နိုင်ပုံရတယ်။ ဒီသိရှိမှုက သင့်ရဲ့ သွေးအနှစ်သာရ အားလုံးကို သုံးစွဲသွားပါတယ်”
“သင် နောက်ထပ် မိစ္ဆာသွေးအနှစ်သာရ ၅၀ စက်ကို သုံးစွဲလိုက်ပြန်ပြီ။ ရုတ်တရက် ‘ကောင်းကင်တုန်ဟည်းခြင်း အတတ်’ ရဲ့ သော့ချက်ဟာ ‘တုန်ဟည်းခြင်း’ ဆိုတဲ့ စကားလုံးမှာ ရှိနေတာကို သင် သဘောပေါက်သွားတယ်။ တစ်ချက် တိုက်ခိုက်လိုက်တာက ရန်သူကို အံ့သြသွားစေပြီး သင့်ရဲ့ ကိုယ်ပိုင် သွေးစွမ်းအင်တွေကို ပြန်ဖြည့်တင်းနိုင်စေတယ်”
“သင်က ‘ကောင်းကင်တုန်ဟည်းခြင်း အတတ်’ ကို ပြုပြင်လိုက်ပြီး ၎င်းရဲ့ ပုံပန်းသဏ္ဍာန်ကို လုံးဝ ပြောင်းလဲလိုက်တယ်။ အများကြီး စဉ်းစားပြီးတဲ့နောက်မှာ မိစ္ဆာသွေးအနှစ်သာရ အားလုံးကို သုံးစွဲပြီး နောက်ဆုံးမှာ သွေးစွမ်းအင်အဆင့် အထွတ်အထိပ်ကို တက်လှမ်းသွားပြီ”
သူ၏ အသံသရုပ်ဆောင်မှုကို အဆုံးသတ်ပြီးနောက် ကျိယွမ်က သူ့ကိုယ်သူ ကျေနပ်စွာ ကြည့်လိုက်သည်။
“အခုဆို သတို့သမီးလေး မပါရင်တောင် ဒီလမင်းတွေအားလုံးကို ငါ အလွယ်တကူ သတ်ဖြတ်နိုင်ပြီ”
သူ၏ စကားများသည် တီဗီထဲမှ လုံယန် ဆိုသူနှင့် များစွာ တူနေ၏။
သူသည် မိစ္ဆာသွေးအနှစ်သာရ ငါးဆယ်ကိုတော့ သိမ်းဆည်းထားလိုက်၏။
၎င်းသည် သွေးစွမ်းအင်အဆင့်မှ ကျောက်စိမ်းသွေးအဆင့်သို့ တက်လှမ်းရန် မလုံလောက်သောကြောင့်ဖြစ်သည် ။ ထို့အပြင် သွေးစွမ်းအင်သိုင်းပညာရှင်များနှင့် ပတ်သက်သော သူ၏ နားလည်မှုမှာလည်း မလုံလောက်သေးပါ။
ထို့ကြောင့် သွေးအနှစ်သာရကို ယခု သုံးစွဲခြင်းက ထိရောက်မည် မဟုတ်ပေ။
ထိုအခိုက် ကျိယွမ်သည် အန္တရာယ်ရှိသော အရိပ်အယောင်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
မှောင်မိုက်သောညကောင်းကင်ယံတွင် ဖြူဖွေးသော ပုံရိပ်တစ်ခုက စွန့်ပစ်ခြံဝင်းဆီသို့ ချဉ်းကပ်လာနေ၏။
ဖြူဖွေးသော ပုံရိပ်သည် လူသားပုံသဏ္ဍာန်ဖြစ်ပြီး ရှုပ်ပွနေသော ဆံပင်များက သူ၏ မျက်နှာသွင်ပြင်ကို ဖုံးကွယ်ထားသည်။
ကံမကောင်းသည်မှာ ကျိယွမ်၏ မျက်လုံးများက အသုံးဝင်သော အချက်အလက်များကို မဖော်ပြခဲ့ပေ။
“ကျောက်စိမ်းသွေးအဆင့်”
ကျိယွမ်သည် ထိုသူမှာကျောက်စိမ်းသွေးအဆင့်သိုင်းသမားတစ်ဦးဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
ကျောက်စိမ်းသွေးအဆင့်သည် အခြေတည်ခြင်းအဆင့် ကျင့်ကြံသူနှင့် ညီမျှ၏။
လောလောဆယ်တွင် ကျိယွမ်မှာ ချီ အဆင့်၏ အထွတ်အထိပ်နှင့်သာ တန်းတူရှိသေးသည်။
ဖြူဖွေးသော ပုံရိပ်သည် လေထဲတွင် ရုတ်တရက် ရပ်တန့်သွား၏။
ခြံဝင်းအတွင်းရှိ ရက်ရက်စက်စက်အသတ်ခံထားရသော အလောင်းများကို မြင်လိုက်ရသောအခါ သူ၏ ရူးသွပ်နေသော မျက်လုံးများသည် ခဏတာ ကြည်လင်သွားသည်။
ရုတ်တရက် ဖြူဖွေးသော ပုံရိပ်က ရယ်မောလိုက်ပြီး သူ၏ အသံထဲတွင် ဝမ်းနည်းမှုများ ပြည့်နေခဲ့၏။
“အားလုံး သေပြီ၊ အားလုံး သေပြီ၊ ဟားဟားဟား”
ဖြူဖွေးသော ပုံရိပ်သည် ရယ်မောနေရင်းမှ သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာခဲ့သည်။
သူသည် ရူးသွပ်သွားပုံရပြီး ဟိုဟိုဒီဒီ ပြေးလွှားနေပြန်ကာ စွန့်ပစ်ခြံဝင်း၏ နံရံအချို့ကိုပင် ဝင်တိုက်မိရာ တဝုန်းဝုန်း ပြိုကျကုန်၏။
“ဟေး... ခင်ဗျားမှာ စိတ်ရောဂါ ရှိရင် အိမ်မှာပဲ နေပါ၊ အပြင်ထွက်ပြီး လူတွေကို ဒုက္ခမပေးပါနဲ့”
ကိုယ်ချင်းစာတတ်သောကျိယွမ်က အခြားသူများအတွက် စေတနာဖြင့် သတိပေးလိုက်သည်။
လူအချို့က စိတ်ရောဂါကို အကြောင်းပြပြီး မကောင်းမှုများ လုပ်ကာ ပြစ်ဒဏ်မှ လွတ်မြောက်ရန် ကြိုးစားခြင်းကို သူ မုန်းတီး၏။
သူသည်လည်း ပြစ်ဒဏ်မှ လွတ်မြောက်ရန် စိတ်ရောဂါ ထောက်ခံစာကို အားကိုးခဲ့သော်လည်း စည်းကမ်းမမဲ့ပါ။ ထို့အပြင် သူ၏ စိတ်ရောဂါမှာ အတု ဖြစ်သည်။
လျှောက်ပြေးနေသော အရူးသည် ရုတ်တရက် ရပ်တန့်သွားပြီး ကျိယွမ်ကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ယွင်ယန်ခရိုင်ကတော့ ပျက်စီးတော့မယ်။ မြန်မြန် ထွက်သွားကြ၊ မြန်မြန် ထွက်သွားကြ။ ပင်လယ်က မင်လို မည်းမှောင်နေပြီး သတ်ဖြတ်ခြင်းအငွေ့အသက်တွေနဲ့ ပြည့်နေတယ်။ ဘယ်သူမှ မရှင်သန်နိုင်ဘူး”
"ဘယ်သူမှ မရှင်နိုင်ဘူး ၊ ပြေးကြ ..."
ထိုသို့ ပြောပြီးနောက် အရူးသည် ယိုင်တိုင်တိုင်ဖြင့် ထွက်ခွာသွားသည်။
သူက ပြေးရုံသာ ပြေးခြင်း မဟုတ်ပေ။ တစ်စုံတစ်ခုသော သိုင်းပညာ စွမ်းရည်ကို အသုံးပြုကာ ပျောက်ကွယ်သွားလေသည်။
“အင်း ..၊ ဒီလူက သနားစရာကောင်းလိုက်တာ၊ သူ့ရဲ့ စိတ်ရောဂါက အရမ်း ပြင်းထန်နေတာပဲ”
ကျိယွမ်က စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။
သူ့၏ စိတ်ရောဂါ ထောက်ခံစာကသာ အစစ်ဖြစ်ပြီး သူကလည်း ထိုအရူးလို အမှန်တကယ်ရူးသွားလျှင် ဘာဖြစ်ကုန်မလဲဆိုသည်ကို သူ မတွေးရဲပါ။
ထို့နောက် အသက်ရှူကြိမ် ဒါဇင်ပေါင်းများစွာ ကြာပြီးသည်အထိ ကျိယွမ်သည် သူ၏ ခွန်အားများကို ပြန်လည် စုဆောင်းနေခဲ့သည်။
ဤအချိန်တွင် လေကို တိုးဖြတ်သံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
“ဟေး...ကျိယွမ်၊ နင်ဘာလို့ ဒီမှာ ရှိနေတာလဲ"
အန်ချောင်သည် ထုံးစံအတိုင်းအနံ့ခံခွေးကို ဆွဲထားပြီး အနက်ရောင် ဝတ်စုံဝတ်ထားသော လူနှင့်အတူ ခြံဝင်းထဲတွင် ပေါ်လာ၏။
သူတို့သည် ခြံဝင်းအတွင်းရှိ မိစ္ဆာအလောင်းများကိုမြင်သောအခါ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်သွားသည်။
မိစ္ဆာအားလုံးသည် သွေးစွမ်းအင်အဆင့်တွင် ရှိကြပြီး အထွတ်အထိပ်အဆင့် တစ်ကောင်ပင် ပါဝင်နေသောကြောင့် ဖြစ်၏။
အနက်ရောင်ဝတ်စုံလူသည် စိတ်မချသလို ဟိုကြည့်ဒီကြည့်လုပ်ပြီး ကြောက်ရွံ့မှုများ ပြည့်နေသော မျက်နှာဖြင့် ကျိယွမ်ကို ကြည့်လိုက်သည်။
“မင်း တော်တော် ကံကောင်းတာပဲ။ အဲဒီအရူးက သတိနည်းနည်းကျန်နေသေးလို့ ထင်တယ်၊ ဒါကြောင့် သူက ဒီမိစ္ဆာတွေကိုပဲ သတ်ပြီး မင်းကို မသတ်ခဲ့တာ”
အနက်ရောင်ဝတ်စုံလူနှင့် အန်ချောင်တို့သည် ဝတ်စုံဖြူဝတ်အရူးကို မထင်မှတ်ဘဲမြင်လိုက်သဖြင့် ခွေးကိုခေါ်ကာ အချိန်မှီ တိတ်တဆိတ် လိုက်လာကြခြင်း ဖြစ်သည်။
သို့သော် သူတို့ရောက်လာချိန်တွင် အရူးကပြန်ထွက်သွားသည်ကိုသာ မြင်လိုက်ရ၏။
ယခုအခါ ခြံဝင်းအတွင်း၌ နွေးထွေးနေဆဲဖြစ်သော မိစ္ဆာအလောင်းများစွာကို မြင်လိုက်ရသဖြင့် ထိုအရူးက သတ်ခဲ့ခြင်းမှာ ထင်ရှားသည်။
ကျောက်စိမ်းသွေးအဆင့်တစ်ဦးအတွက် သွေးစွမ်းအင်အဆင့် မိစ္ဆာများကို ရင်ဆိုင်ရခြင်းသည် ကိတ်မုန့်စားသလို လွယ်ကူ၏။
လူသစ်ဖြစ်သော ကျိယွမ်ကို မထင်မှတ်ဘဲတွေ့လိုက်ရသော်လည်း သူတို့က သဘာဝကျစွာပင် လုံးဝ ထည့်မစဉ်းစားခဲ့ကြပါ။
အန်ချောင်ကလည်း ပြုံးလိုက်ပြီး လူချောလေးအား ကြင်နာစွာနှစ်သိပ်၏။
“နင်း ဘယ်လောက် အားနည်းနေလဲ ကြည့်ပါဦး။ ဒါက နင့်ရဲ့ ပထမဆုံး မစ်ရှင်ပဲ ရှိသေးတယ်၊ ဒီလို မြင်ကွင်းကြီးကို တွေ့ခဲ့ရပြီ။ ကြောက်ပေမဲ့ စိတ်လည်း နည်းနည်းလှုပ်ရှားနေတယ် မဟုတ်လား”
သူမက ကျိယွမ်အား ပုခုံးပုတ်ပေးလိုက်သေးသည်။
“ခင်ဗျားတို့ ကျွန်တော့်ကို တစ်ခုလောက် ကူညီလို့ ရမလား”
“ဘာလဲ”
“ကျွန်တော် တွေနဲ့ ဒီမှာ မျှော်လင့်ခြင်းလမင်းတွေနဲ့ပျော်စရာပါတီလေးလုပ်နေရင်း မတော်တဆ အားလုံးကို သတ်မိသွားတယ်။ ကျွန်တော် တကယ် စိတ်မကောင်းဘူး။ သူတို့ကို မြှုပ်နှံဖို့ ခင်ဗျားတို့ ကူညီပေးနိုင်မလား။ မဟုတ်ရင် သူတို့ရဲ့ အလောင်းတွေက ဒီမှာ ပုပ်စော်နံပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေလိမ့်မယ်”
“ပတ်ဝန်းကျင်ကို ကာကွယ်ဖို့က လူတိုင်းရဲ့ တာဝန်ပဲလေ”
ကျိယွမ်၏ စကားများသည် ထူးဆန်းနေတတ်သဖြင့် သာမန်လူများ နားမလည်နိုင်ပါ။
ယခုလည်း အန်ချောင်သည် ခဏတာ ကြောင်သွားပြီး မျက်လုံးတွန့်၏။
“နင် ဘာပြောလိုက်တာလဲ၊ နင် မိစ္ဆာတွေကို သတ်လိုက်တယ် ဟုတ်လား”
“ဟာသပဲ”
အနက်ရောင်ဝတ်စုံလူကလည်း နားမလည်နိုင် ဖြစ်နေသည်။
ကျိယွမ်က ပခုံးတွန့်လိုက်ပြီး
ထိုစကားအား ချက်ချင်းကန့်ကွက်၏။
“သတ်တယ်လို့ ပြောတာက မယဉ်ကျေးဘူး။ အဲဒါကို အပြန်အလှန် အကျိုးပြုခြင်းလို့ ခေါ်တယ်။ ကြည့်ပါဦး၊ သူတို့က သေသွားတာတောင် ကျွန်တော် စုဆောင်းဖို့ သူတို့ရဲ့ သွေးအနှစ်သာရတွေကို ချန်ထားခဲ့ကြတယ်၊ တကယ်ကို ကိုယ်ကျိုးမငဲ့တဲ့ သူတွေပဲ”
ကျိယွမ် ပြောရင်းနှင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျန်နေသေးသော မိစ္ဆာသွေးအနှစ်သာရ ငါးဆယ်ကို ထုတ်ပြလိုက်သည်။
အန်ချောင်နှင့် အနက်ရောင်ဝတ်လူတို့သည် လုံးဝ ဆွံ့အသွားကြသည်။
"သောက်ခွေး ..ဘာတွေဖြစ်ကုန်တာလဲ "
***